Gorky Park (Moscow)

>> Friday, August 31, 2007

(Central Park of Culture and Rest) အပန်းဖြေဥယျာဉ်ကို ဆိုဗီယက်ခေတ် ရုရှားစာရေးဆရာ မက်စင် ဂိုး(ရ)ကီး(Maxim Gorky)အား ဂုဏ်ပြုကာ Gorky Park လို့ မှည့်ခေါ်ခဲ့တာဖြစ်ပြီး ၁၉၂၈ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာပါ။ မော်စကိုမြစ်ကမ်းတစ်လျှောက်မှာတည်ရှိပြီးတော့ ဧရိယာအကျယ်ကတော့ ၃၀၀ ဧကခန့်ရှိပါတယ်။ ပန်းခြံမှာ ကလေးတွေအတွက် ကစားကွင်းတွေ၊ ပျော်စရာ ရွှင်စရာ ကစားစရာတွေ၊ စီးစရာတွေ၊ ချားရဟတ်တွေအစုံရှိသလို ကလေးတွေ အာကာသနှင့်လည်း အကျွမ်းတ၀င်ရှိစေဖို့အတွက် ဘူရန် အာကာသလွန်းပြန်ယာဉ်(Test Unit)တစ်ခုလည်းထားရှိပါတယ်။ ဆောင်းရာသီမှာတော့ သွားလမ်းတွေမှာ နှင်းတွေခဲနေပြီးတော့ ပန်းခြံတခွင်ကို ရေခဲပြင်စကိတ်လည်း စီးလို့ရပါတယ်။အနီးဆုံး မြေအောက်ဘူတာကတော့ Park Kultury Metro Station ဖြစ်ပါတယ်။



ပန်းခြံအတွင်းသို့ အ၀င်ပေါက်ပါ။

ပန်းခြံအတွင်းမှ ကြည်နူးဖွယ်ရာ ပန်းခင်းတွေပါ။ ကျွန်တော်တို့သွားတာက သြဂုတ်လကုန်ခါနီးဆိုတော့ ပန်းတွေကလည်း အလှနည်းနေတယ်လို့ စိတ်ထဲမှာ ထင်မိတယ်။ နွေကုန်လို့ ဆောင်းဦးပေါက်တော့မှာဆိုတော့ အနည်းငယ်အေးလာလို့ ချမ်းစိမ့်စိမ့်လည်းဖြစ်လာပါတယ်။

ပန်းခြံထဲ ဟိုဟိုဒီဒီသွားလိုက်၊ ဟိုငေးဒီငေးနဲ့လျှောက်ကြည့်လိုက်၊ ညောင်းလာရင်ထိုင်စရာခုံတန်းရှာပြီး ထိုင်လိုက် နဲ့ မြင်သမျှတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ သူများတွေပျော်တာကြည့်ပြီး အပျော်တွေကလည်း ကိုယ့်ဆီကို ကူးစက်လာပါတယ်။

ပန်းခြံအတွင်း အတော်အတန်သွားပြီးတော့အခါ မော်စကိုမြစ်ကမ်းဖက်ကို ထွက်လာခဲ့ပါတယ်။ မြင်ရတဲ့ ရွှေရောင်အမိုးနဲ့ အဆောက်အအုံကတော့ (Cathedral of Christ the Saviour (Moscow)) ဘုရားကျောင်းဖြစ်ပါတယ်။ အဲဒီဘုရားကျောင်းကတော့ ၁၉၃၁ - ခုနှစ် ဒီဇင်ဘာ ၅ ရက်မှာ စတာလင်ရဲ့ ၀န်ကြီး ကာဂါနိုဗစိ(ခ်ျ)ရဲ့ အမိန့်နဲ့ ဖျက်ဆီးတာခံလိုက်ရပါတယ်။ ၁၉၉၀ မှာ ဘုရားကျောင်းကိုပြန်ဆောက်ဖို့ ခွင့်ပြုချက်ရပြီးတော့ ၂၀၀၀ခုနှစ်၊ သြဂုတ်လ ၁၉ ရက်မှာ ဘုရားကျောင်းအဖြစ်သမုတ်ပြီးပါတယ်။ ဘာသာရေးနဲ့ပတ်သတ်တဲ့အခမ်းအနားတွေကိုလည်း အဲဒီဘုရားကျောင်းမှာ ကျင်းပလေ့ရှိပါတယ်။

ပန်းခြံကနေထွက်လာပြီး မော်စကိုမြစ်ကမ်းတစ်လျှောက် လမ်းလျှောက်ခဲ့ပါတယ်။ လမ်းမှာ မြင်တာတွေကိုလည်း စိတ်မှာလှတယ်ထင်ရင် မှတ်တမ်းတင်မိပါသေးတယ်။ မော်စကိုမြစ်အတွင်းမှာလည်း ဟိုမှဒီ၊ ဒီမှဟို လှည်းပတ်ပြေးဆွဲနေတဲ့ သင်္ဘောတွေပါ။ သင်္ဘောစီးရင်း မြို့ရှုခင်းတွေကို ကြည့်ရှုခံစားလို့လည်းရပါတယ်။

မြစ်ကမ်းတစ်လျှောက် လမ်းလျှောက်လိုက်တာ မြစ်ပေါ်မှာတည်ဆောက်ထားပြီး မြစ်ကူးတံတားရဲ့ အောက်အလွှာမှာ တည်ဆောက်ထားတဲ့ မော်စကိုမြို့မှာပေါ်မှာတင်မကပါဘူး၊ တစ်ကမ္ဘာလုံးမှာမှ တစ်ခုတည်းလို့ပြောကြတဲ့ မြေအောက်ရထားဘူတာ(Vorobyovy Gory)ကို ရောက်ပါတယ်။ အဲဒီဘူတာကနေသွားရင် ရုရှားနိုင်ငံမှာ အကြီးဆုံးဆိုလည်းဟုတ်၊ အသက်အကြီးဆုံးဆိုလည်းဟုတ်တဲ့ (Moscow State University)ကို ရောက်ပါတယ်။ အဲဒီတက္ကသိုလ်ကို (၁၇၅၅) ခုနှစ်မှာ လာမာနိုစော့(ဗ်)က တည်ထောင်ခဲ့တာပါ။ အခုဆိုရင် သူ့ရဲ့ သက်တမ်းဟာ ၂၅၀နှစ် ကျော်ခဲ့ပါပြီ။ ၂၀၀၄ ခုနှစ်မှတ်တမ်းအရ ၀န်ထမ်း ၄၀၀၀ ခန့်ရှိပြီး၊ ကျောင်းသား ၃၁၀၀၀ ခန့်နှင့် ဘွဲ့လွန် ၇၀၀၀ ခန့်ကို သင်ကြားပေးနေပါတယ်။


ဓာတ်ပုံတွေကြည့်ပြီး ပျော်ရွှင်ကြည်နူးကြပါစေ။
ဇနိ


Read more...

အမှိုက်တွေ...... အမှိုက်တွေ.....လာပြီဗျို့

>> Tuesday, August 28, 2007


အခုပီဆာကျယ် စမ်းချောင်းမှာနေပါတယ်။ ပီဆာကျယ်တို့ စမ်းချောင်းမှာဆိုရင် မနက်မနက်ဆိုရင် အိပ်ရာက နိုးထဖို့ ညကထဲက နာရီနှိုးစက်ပေးအိပ်ဖို့ မလိုပါဘူး။ မနက်(၆)နာရီမှာ အသံသြရှရှနဲ့ “ပူပူလေးနော်..ပဲပြုတ်..ပဲပြုတ်” ဆိုတဲ့လမ်းလျှောက်တောင်းရွက်ဈေးသည်ရဲ့ အသံနဲ့စတင်မိတ်ဆက် လမ်းသူလမ်းသားတွေကို အိပ်ပျက်စေပါတော့တယ်။ မရှေးမနှောင်းမှာပဲ “အီကြာကွေး၊ စမူဆာကြော်”၊ “ထောပတ်ဘိန်းမုန့်”၊ “မုန့်လုံးရေပေါ်၊ ကောက်ညှင်းပေါင်း” အစရှိတဲ့ ဈေးသည်အေးကြွယ်တို့ရဲ့ စူးရှရှ၊ ခုနစ်သံချီ ပရိဒေ၀၀မ်းစာရေးဆွဲလည်းသံတွေဟာ အစီအရီ မရိုးရလေအောင် လေပေါ်မှာ ကြော်ငြာကြပါတော့တယ်။ အဲ... တဖြည်းဖြည်း မနက်(ရ) နာရီလောက် ရောက်ပြီ ဆိုရင်ဖြင့် “ဟင်းစား.......... အရီးရေ ကြက်သား ပါတယ်၊ ၀က်သား ပါတယ်၊ ပုဇွန်ပါတယ်၊ မာလာငါးပါတယ်၊ ကကတစ်ပါတယ်၊ ဘာချက်အုံးမှာလဲ” ဆိုတဲ့ အသံစာစာနဲ့ စူပါမားကက်တစ်ခုလုံး ခေါင်းပေါ်တင်လာတဲ့ ဈေးသည်မလေး လမ်းထဲရောက်လာပါတော့တယ်။ ဒီအချိန်မှာ ပီဆာကျယ်တို့ အိပ်ရာမှ မနှေးအမှန် လေးကန်စွာ ထလာရတဲ့အချိန်ရောက်ပါပြီ။ ဒီဈေးသည်တွေကြားထဲမှာ ထူးထူးခြားခြား ၀ယ်စားစရာလည်း မဟုတ်၊ ပုလင်းခွံ၊အိပ်ခွံလို ရောင်းပြီး ဘတ်ဂျက်ရှာလို့ရတာလည်းမဟုတ်တဲ့ အသည်ကတော့ “အမှိုက်တွေ...... အမှိုက်တွေ.....လာပြီဗျို့” ပါတဲ့။

Read more...

ပန်းသီးချဉ်ပုံပြင်

>> Monday, August 27, 2007

အချိန်အခါကာ သြဂုတ်လ လလည်ခန့်ဖြစ်လေသည်။


သူရိန်နေမင်းက ပူပူပြင်းနေပြီး၊
လူအများလည်း အလုပ်ပါးကာ၊
အားချင်တိုင်းအားပြီးသကာလ၊
အိမ်တွင်းမအောင်းဘဲ၊
အပေါင်းအသင်းစုကာ၊
ဟိုဟိုဒီဒီလည်ပတ်၍ ၊
အေးရာအေးကြောင်း ခိုအောင်းစရာ၊
နေရာပေါင်းစုံ လိုက်ရှာကြလေသတည်း။
အချိုရှာ သကာမှာတွေ့၊ အရိပ်ရှာ ပန်းခြံမှာတွေ့။ ပန်းခြံမှာရှာ အတွဲတွေတွေ့။ ဟာ... ဟုတ်သေးပါဘူး။ ပြောရင်း ပြောရင်း ဘယ်ရောက်သွားပါလိမ့်။ ဒီလို ဒီလို ပန်းခြံမှာ အရိပ်ရှာ၊ အေးအေးဆေးဆေးနားနားနေနေနဲ့ ရေဘူးကို ထုတ်သောက်၊ ဟိုငေး ဒီငေး။ တစ်ချို့ကလည်း ဆွေးမိ ဆွေးရာ ဆွေးနေသပေါ့လေ။ အသပြာငွေကလည်း ခြောက်ကပ်တော့ စိမ်းစိမ်းမြင်ရာ၊ စားစရာလို့မှတ်ဆိုပြီး ပြောတဲ့သူကပြော။ လူဆိုတာမျိုးကလည်း ကိုယ်ကသာကြိုက်မိပြီဆိုရင် ဘာမှာမတွေးဘူးရယ်၊ ပြောချင်ရာတွေ ပြောတတ်ကြတာပေါ့။ ဘာတဲ့ရယ် တစ်ယောက်က ပြောပါလေရော - " မင်းကွာ၊ မြေပဲဆံသာရှိမယ်ဆိုရင် မြက်တောင် သုတ်စားလို့ကောင်းမယ်ကွ" တဲ့။ သူလုပ်ပုံနဲ့ နွားတွေတောင် မျက်ခုံးလှုပ်သွားလောက်တယ်။

Read more...

ဆွေးမြေ့သူ့ည

>> Friday, August 17, 2007



ဟာနေတဲ့ ငါ့ရင်ထဲ
အိမ်မက်ဟောင်းတွေ ပြန်အသက်သွင်းတိုင်း
တိတ်ဆိတ်တဲ့ သူ့ရယ်သံကလွဲလို့
ဘယ်အရာကမှ အောင်ပွဲမခံခဲ့ဘူး။



ကြယ်တွေကို ကြိုးနဲ့သီပြီး
ချစ်သူရဲ့လည်မှာ
(စိတ်ကူးနဲ့) ဆင်ခဲ့ဖူးတယ်။
(လမင်းကတောင် မနာလိုဖြစ်သေးတယ်။)


ဒါပေမယ့်ကွာ
ပန်းတွေတအားပွင့်တဲ့ ရာသီမှာတောင်
ငါဆိုတဲ့ကောင်က
အဖူးအငုံလောက်တောင် ဖြစ်ခွင့်မရခဲ့ပါဘူး။


ဒီလိုနဲ့ပဲ
ယုံကြည်မှုမိုးတိမ်တွေ ပြိုကွဲပြီး
ဝမ်းနည်းမှုမြစ်ရေတွေပဲ
တ၀ုန်းဝုန်းစီးဆင်းခဲ့တာပေါ့။


ဘယ်လောက်ပဲ
မျက်ရည်မုန်းတိုင်းတွေ
ရင်ထဲမှာထန်ခဲ့ပေမယ့်
အချစ်သစ်ပင်ရဲ့အမြစ်ကို
မတွန်းလှန်နိုင်ခဲ့ပါဘူး။


နောက်ဆုံးတော့
ကြေကွဲမှုအပိုင်းအစတွေကို
တစ်စစီပြန်ဆက်လိုက်တိုင်း
ဆွေးမြေ့ညတွေပဲ
ငါ့အတွက် ကျန်ခဲ့တာပေါ့။


ဇနိ
(စာရိုက်၊စာသိမ်း ရွှေမြင်း)

အလွမ်းမပါတဲ့ ပြဇာတ်

>> Thursday, August 16, 2007


ကမ္ဘာကျော်စာရေးစရာကြီးကပြောဘူးတယ်။
ဘ၀ဆိုတာ (ဇာတ်ခုံတစ်ခု)လိုပါပဲတဲ့။
ကံဇာတ်ဆရာ အလိုကျ ကနေကြရတယ်တဲ့လေ။
ကျုပ်တို့အသိုင်းအ၀ိုင်းမှာလည်း ဒီဇာတ်တစ်ခုပဲအပ်ကြောင်းထပ်အောင် အပေါင်းအသင်းတစ်စုနဲ့ ကနေတုန်းပါပဲ။
အံ့စရာကောင်းတာက ဘယ်သူမှ အခုထိမျက်ရည်တစ်စက် မကျကြဘူး။
ပျော်လွန်းလို့တော့မထင်နဲ့။
နေရာပြောင်း၊ဒေသပြောင်း၊ဆရာပြောင်းနဲ့ တမေ့တမော ကတဲ့သူက က။
သူတို့ကြည့်ရတာ ရင်ခုံသံမပါတော့တဲ့ သံပါတ်ပေးစက်ရုပ်တွေနဲ့တူနေတာလား။ စက်ရုပ်တွေဖြစ်သွားကြလေသလားတော့ မသိ။
ကျုပ်လည်းဇာတ်ကောင်တစ်ကောင်ဆိုတော့ မျက်ရည်လည်းမကျမိတော့ပါဘူး။
ကဲမိတ်ဆွေတို့ရေ
လွမ်းလည်း မလွမ်းကြပါနဲ့။
ကသာဆက်ကကြပါတော့။


အလွမ်းမပါတဲ့ ပြဇာတ်

တွေဝေခြင်းပင်လယ်ထဲမှာ

မျောနေပြီးတော့
သတိလည်ခြင်းမေခဠာ
လာကယ်တာတောင်
ထမကြည့်တဲ့အကောင်။

ကိန်းမျဉ်းတစ်ခုလိုဘ၀မှာ
သုညကစပြီးရင်
အပေါင်းဖက်ပဲသွားမယ်လို့ထင်နေတဲ့
အနုတ်ကောင်။

သေမင်းကအတောင်ပံနဲ့
ရိုက်နှိုးမယ်ကြံကာမှ
ှနိုးလာတဲ့အကောင်၊
မိုက်မဲမှုခွေးတွေဟောင်နေတာ
မဆန်းဘူး။

ခမ်းနားကြီးကျယ်မှုမှန်သမျှ
အိပ်မက်ကစတယ်ဆိုတာ သိရက်နဲ့
တောက်!
အိပ်ရမှာတောင်ပျင်းသတဲ့။

တော်ပါတော့လေ…
ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ
ကိုယ့်လမ်းကိုယ်ဖောက်
ကိုယ်ရောက်ရာ ကိုယ့်ဘဝ
မျက်ရည်များတော့ ကျမနေပါနဲ့။ ။

ဇနိ
(စာရိုက်၊စာသိမ်း ရွှေမြင်း)

နားလည်ပေးပါ

နှုတ်ခမ်းပါးလေးတလှပ်လှပ်၊ မပြုံးတုံ့တုံ့ ပြုံးတုံ့တုံ့နဲ့ ငါ့ကိုဖမ်းစားသွားတဲ့မိန်းကလေးရေ၊ မင်းအသံတွေကိုပဲကြားချင်လွန်းလို့၊ ညနေများရောက်ပြီဆိုရင် ငါ့မှာမပျက်မကွက် ထိုနေရာကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ရတယ်။ နောက်တော့လဲ စက်ခေါင်းမဲ့ရထားတစ်စင်းလို၊ လိုရာခရီးဘယ်လိုများစက်ရပ။ ထားလိုက်ပါတော့လေ၊ တစ်ခုပဲပေးခဲ့ပါ။ အသံတွေမရှိတဲ့အရပ်ကိုပြမယ့် မြေပုံညွန်းတစ်ခုပဲဖြစ်ဖြစ်ပေါ့။
(ဆြာဖြူနိ)

************

နားလည်ပေးပါ

-ပလီပလာ တီတီတာတာလည်း
ရယ်ရယ်မောမော ခပ်သောသောနဲ့ပြောရဲ့။

-အတင်းအဖျင်း သတင်းစုံလည်း
အားရပါးရ တစ်တစ်ခွခွလည်းပြောရဲ့။

-လိမ်လည်လှည့်ဖြား ညာစကားလည်း
ရေကုန်ရေခမ်း မနားတမ်းလည်းပြောရဲ့။

-သူတို့ပြောသမျှ ပြန်အန်ချရပေမယ့်
တကယ်တမ်းကျ
ကျုပ်ဘ၀ကို သူတို့နားမလည်ကြဘူး။
တစ်ခါတစ်လေ အလုပ်များလို့
ခဏနားနေရင်
သူတို့ပဲ ၀ုန်းကနဲ ဖုန်းကနဲ
မညှာမတာပစ်ချ
တကယ်ဗျာဆုတောင်းတိုင်းသာ ပြည့်ဝမယ်ဆိုရင်
အများသုံးတဲ့
ကျောင်းတယ်လီဖုန်းရဲ့ဘဝ
နောက်များ မရပါရစေနဲ့။ ။

ဇနိ
(စာရိုက်၊ စာသိမ်း - ရွှေမြင်း)

ထွက်စာတင်သွားသောအလွမ်းများ



ကျွန်ုပ်ထံ၌
အချစ်၊ အကြမ်း၊ အလွမ်းရယ်လို့
ဝန်ထမ်းသုံးဦး ရှိခဲ့ဖူးတယ်။

တအားချစ်၊ တအားလွမ်း
တအားခံစားခဲ့တဲ့ အတွေးအခေါ်က
အလွမ်းကိုခေါ်ခန့်လို့
ကျုပ်ဝန်ထမ်း(အလိုလို)ဖြစ်သွားခဲ့တယ်။

၂၁-ရာစုအ၀င်မှာပဲ
အတွေးအခေါ်ဟောင်းတွေကို
ပင်စင်ပေးလိုက်တော့
အလွမ်းဟာ မဖြေသာ နေစရာမရှိတော့တဲ့အတွက်
(သူ့ဘာသာသူပဲ)ကျွန်ုပ်ထံ ထွက်စာတင်သွားခဲ့ပါတယ်။ ။

ဇနိ
(စာရိုက်၊ စာသိမ်း - ရွှေမြင်း)

တိုးတက်နေပြီ



BBC မှကြားလိုက်ရတဲ့ Golden Land အကြောင်းတစေ့တစောင်းပါ…
The Golden Land မှာတော့ တိုးတက်နေပြီတဲ့။ ဘယ်နေရာမှာလဲဆိုတာ့ …
ဘတ်စ်ကားမှတ်တိုင်မှာ လူတွေတိုးတက်နေကြတယ်…
ဈေးထဲမှာ ကုန်ဈေးးနှုန်းတွေတိုးတက်နေကြတယ်…


အင်း…ကြားရ နားဝမှာ မသက်သာပလားနော်။

ရယ်ရွှင်ဖွယ် (သို့မဟုတ်) ငိုရှက်ဖွယ်


ပေါင်းလဒ်ကသုည ကစားပွဲမှာ
အရှုံးအမြတ်ဆိုတာ
အားလုံးညီနေရမယ်…။။


အဆိပ်သင့်ပန်းတစ်ပွင့်ရဲ့
တင့်တယ်တဲ့လှပမှုမှာ
ဘယ်သူ့ကို တရားခံရှာမှာလဲ…။။


ညဆိုတာ မရှိတော့တဲ့
လတစ်စင်းမှာရော
ထည်ဝါမှုဆိုတာရှိပါ့မလား…။။


သံပတ်ပေးထားတဲ့
ငှက်တစ်ကောင်ရဲ့ သီချင်းသံမှာ
သူ့ရင်ခုန်သံ ပါပါ့မလား။။


ယိမ်းထိုးနေတဲ့ ပုံရိပ်တွေကြားမှာ
မညီမညာမတည်ငြိမ်နိုင်သေးတာ
ဘယ်သူ့အပြစ်လဲ…။။


ဒါပေမယ့်…
ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်
လမ်းထွက်မလျှောက်ရဘဲ
ခရီးအတော်ရောက်နေလိမ့်မယ်။။


ဇနိ
(ကဗျာစာအုပ်ကို သိမ်းထားပြီး၊ စာပြန်ရိုက်ပေးသော ရွှေမြင်း အားကျေးဇူးတင်ပါတယ်။)

"ကျား" ချော့တေး

ငါ့တူလူလေး မောင်ရွှေသွေး
တဂျီဂျီအော်ငို
ဘာကိုအလိုမကျ
ပြောပြစမ်းပါ့။


တီတီတာတာ မပီကလာနဲ့
လိုအင်ဆန္ဒ ဖော်ထုတ်ပြအောင်
နုနယ်ငယ်ရွယ် မင်းမှာလည်းကွယ်
စကားဆိုလဲ လေးလုံးမကွဲသေး။

လာရော့လဟယ်....
အငိုပြေးအဝေး
စိတ်ကလေးရွှင်လန်း အပြုံးသန်းစေဖို့
အဟုတ်တကယ် ကျားလိုကွယ်
ခုန်အုပ် ကစားပြပါ့မယ်။

ပုဆိုးကတောင်းကျိုက်
ကျားမိုက်ပုံဆင်
မာန်ဟုန်သွင်းထား
တ "ကျား" "ကျား" နဲ့။

ခဏတိုင်း ထခုန် အားတွေ ကုန်လို့
မောပန်းနွမ်းလျ ဦးမှာတော့ကွယ်။
ဒါပေမယ့်လည်း...
ရွှင်ပျော်ကြည်နူး မင်းမြူးထူးပုံက
"အဟတ်"ဆိုရုံ သာသာကလေး။

ဇနိ
15/8/2007

ဟင်းလျာစာရင်းစာရွက်ပေါ်က နွေဦးပေါက်ရာသီ

>> Wednesday, August 15, 2007

ဒီဇာတ်လမ်းက မတ်လရဲ့ နေ့တစ်နေ့မှာ ဖြစ်ခဲ့တာပါ ….
ကောင်မလေးတစ်ယောက် ဟင်းလျာစာရင်းစာရွက်ပေါ်မှာ မျက်နှာကိုအပ်လျက် ငိုနေခဲ့တယ်။ နယူးယောက်မြို့သူတစ်ယောက် ငိုနေရတာ ဘာကြောင့်လို့ထင်သလဲ။
သူစားတော့မယ့် ပန်းကန်ထဲက ပုဇွန်ထုပ်ကြီး ပျောက်သွားလို့လား၊ ဒါမှမဟုတ် ကြက်သွန်ဥနီတွေကို မှာယူစားသောက်နေလို့လား၊ ဒါမှမဟုတ် ၀မ်းနည်းစရာကောင်းသော ရုပ်ရှင်ကားကြည့်ပြီးစ ဖြစ်နေလို့လား …. အဲဒီခန့်မှန်းချက်တွေ တစ်ခုမှမဟုတ်ပါဘူး။
ကောင်မလေးက သူကိုယ်တိုင်လက်နှိပ်စက်ရိုက်ထားတဲ့ ဟင်းလျာစာရင်းစာရွက်ပေါ်မှာ မျက်နှာကိုအပ်လျက် ငိုနေခဲ့တယ်။ သူမရဲ့ အသက်မွေးဝမ်းကြောင်းက စာစီစာရိုက်လုပ်ငန်းပါ။ အဲဒီလုပ်ငန်းကို သူမရဲ့အိမ်မှာ လုပ်ပါတယ်။
သူမရဲ့နာမည် Sarah လို့ခေါ်ပါတယ်။ Sarah ရဲ့ ဘ၀တိုက်ပွဲမှာ အအောင်မြင်ဆုံးလုပ်ငန်းတစ်ခုကတော့ စားသောက်ဆိုင်ပိုင်ရှင်သဌေး Schulenberg နဲ့ သဘောတူညီမှု ရရှိခဲ့တဲ့လုပ်ငန်းပါ။ အဲဒါကတော့ စားသောက်ဆိုင်ရဲ့နေ့စဉ် ဟင်လျာစာရင်းကို စာစီစာရိုက်လုပ်ပေးပို့ပါ။ စားသောက်ဆိုင်က သူမနေတဲ့ အိမ်အိုကြီးရဲ့နောက်ဘက် ကပ်လျက်ရှိတာဆိုတော့ သူမအတွက် အဆင်ပြေတာပေါ့။ တနေ့သောညနေခင်းမှာ Sarah အဲဒီစားသောက်ဆိုင်မှာ ညစာစားပြီး ဟင်းလျာစာရင်းစာရွက်တွေကို သူမနဲ့အတူ ယူဆောင်ခဲ့ပါတယ်။ စာရွက်ပေါ်မှာရေးထားတဲ့ ဟင်းလျာစာရင်းတွေက အင်္ဂလိပ်ဘာသာလား၊ ဂျာမန်ဘာသာလား ခွဲခြားမရဘူး။ လှလှပပလက်ရေးမဟုတ်တော့ ဖတ်လို့မရအောင် ရှုပ်ထွေးနေတယ်။ တကယ်လို့ ခင်ဗျား စာရင်းကိုသေသေချာချာ မဖတ်ပဲ အစားသောက်မှာမယ်ဆိုရင် ခင်ဗျား ပထမ အချိုပွဲကို စားရလိမ့်မယ်၊ နောက်ဆုံးကြမှ ဟင်းချိုကိုသောက်ရလိမ့်မယ်။
နောက်တနေ့မှာ Sarah ဟာ သူမအလှပဆုံးစာရိုက်ထားတဲ့ ဟင်းလျာစာရင်းကို Schulenberg ကို ပြခဲ့တယ်။ ဒီဆိုင်းဆန်းပြီး လှပသောစာလုံးလေးများကိုမြင်တော့ အလွန်သဘောကျကျေနပ်ကာ သူမနဲ့ အလုပ်အတူတွဲလုပ်ဖို့ သဘောတူခဲ့တယ်။ သဘောတူညီချက်ထဲမှာ Sarah က နေ့စဉ် နံနက်စာ၊ နေ့လည်စာ၊ ညစာ စာရင်းကို စားပွဲနှစ်ဆယ့်တစ်ပွဲအတွက် စာရိုက်ပေးရပါမယ်။ အဲဒီအတွက် Schulenberg က နေ့စဉ်အစားအသောက်စာရင်းကို Sarah ဆီကို ပို့ပေးရပါတယ်။
ဒီသဘောတူညီချက်က နှစ်ဦးနှစ်ဖက်စလုံးကို အဆင်ပြေစေခဲ့ပါတယ်။ Schulenberg ရဲ့ဖောက်သည်တွေလည်း အခုတော့ သူတို့မှာယူစားသောက်နေတဲ့ အစားအစာတွေရဲ့နာမည်တွေကို သိခဲ့ရပြီလေ။ Sarah အတွက်တော့ အလွန်အေးမြပြီး အုံ့မှိုင်းနေတဲ့ ဆောင်းရာသီကာလမှာ စားဖို့အတွက် စားစရိတ် ရရှိခဲ့တယ်။ အဲဒါဟာ သူမအတွက်တော့ အရေးကြီးဆုံးပါပဲ။
တနေ့မှာတော့ ပြက္ခဒိန်လေးက ဟေး … Sarah “နွေဦးပေါက်ရာသီက ပြီးသွားပြီက”ွလို့ လိမ်ပြောခဲ့တယ်။ Sarah က “နွေဦးပေါက်ရာသီက မရောက်သေးပါဘူးကွာ၊ ဟိုးမှာကြည့်ပါလား နယူးယောက်မြို့ကြီးကတော့ အလွန်အေးမြတဲ့ ဆောင်းရာသီအောက်မှာ အိပ်ပျော်နေတုန်းပဲကွ၊ လမ်းမတွေပေါ်မှာ ဇန်န၀ါရီလရဲ့ ဆီးနှင်းခဲကြီးတွေ မလှုပ်မရှား ငြိမ်သက်လဲလျောင်းနေတုန်းပဲ” … လို့ ပြန်ပြောတာပေါ့။
ဆောင်းရာသီရဲ့ တနေ့သောနေ့လည်ခင်းမှာ Sarah တစ်ယောက် ခိုက်ခိုက်တုန်အောင်ချမ်းနေလို့ သူမရဲ့အိပ်ရာထဲမှာ ကွေးနေခဲ့တယ်။ သူမမှာ စာစီစာရိုက်လုပ်ငန်းကလွဲလို့ တခြားလုပ်ငန်း မရှိပါဘူး။ သူမ ပက်လက်ကုလားထိုင်ပေါ်မှာထိုင်ရင်း ပြတင်းပေါက်ကနေ အပြင်ဘက်ကို ငေးကြည့်နေမိတယ်။ အဲဒီအချိန်မှာပဲ နံရံပေါ်မှာချိတ်ထားတဲ့ ပြက္ခဒိန်လေးက ငိုပြီးတော့ပြောတယ်… “Sarah နွေဦးပေါက်ရာသီက ဒီမှာ … ငါ့ပုံစံက နွေဦးပေါက်ရာသီနဲ.တူတယ် … ငါ့ကိုကြည့်ပါကွာ … မင်းက လှပတဲ့ လက်ချောင်းလေးတွေကို ပိုင်ဆိုင်ထားသလို ငါကလည်း အလှပဆုံး နွေဦးပေါက်ရာသီပုံစံကို ပိုင်ဆိုင်ထားပါတယ် … ဘာကြောင့် ပြတင်းပေါက်ကနေ အပြင်ဘက်ကို အလွန်ဝမ်းနည်းကျေကွဲတဲ့ပုံစံနဲ့ ငေးကြည့်နေတာလဲ ”
သူမနေတဲ့အခန်းက အိမ်တစ်လုံးရဲ့နောက်ဖက်မှာပါ။ ပြတင်းပေါက်ကနေ အပြင်ဘက်ကိုကြည့်နေပေမယ့် လူသွားလမ်းတစ်ဖက်မှာရှိတဲ့ သေတ္တာစက်ရုံရဲ့ ပြတင်းပေါက်သေးသေးလေးတွေရှိတဲ့ အုတ်နံရံကို သူမ မြင်နိုင်ခဲ့တာပါ။ သူမအတွက်တော့ အဲဒီအုတ်နံရံတွေကိုကြည့်ရတာဟာ ချယ်ရီပင်များ၊ ရပ်စ်ဘယ်ရီပင်များ၊ နှင်းဆီပင်များနဲ့ ချယ်မှုန်းထားသော မြက်ခင်းထူထူရှိသော လမ်းကျဉ်းလေးကိုကြည့်ရတာနဲ့တူနေပါတယ်။
တဆက်တည်း သူမ သူ့ချစ်သူကို သတိရရင်း အတိတ်ကအကြောင်းတွေကို စဉ်းစားနေမိတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ သူမဒေါ်လေးရှိရာ တောရွာကျေးလက်ဒေသကို သွားခဲ့တယ်။ သူမ Sunnybrook လယ်ကွင်းကြီးမှာ နှစ်ပတ်ကြာနေခဲ့တယ်။ အဲဒီလယ်ကွင်းမှာ အလုပ်လုပ်နေတဲ့ လယ်သမားကြီး Franklin ရဲ့သား Walter နဲ့ မေတ္တာရှိခဲ့ကြတယ်။ ပြီးတော့ ချယ်ရီပင်များ၊ ရပ်စ်ဘယ်ရီပင်များ၊ နှင်းဆီပင်များနဲ့ ချယ်မှုန်းထားသော မြက်ခင်းထူထူရှိသော လမ်းကျဉ်းလေးမှာ Walter က သူမကို ချစ်ခွင့်ပန်ခဲ့တာ။ သူတို့နှစ်ယောက်အတူတူထိုင်ပြီး လွှသွားပုံအရွက်နှင့် အ၀ါရောင်ပန်းတွေပွင့်တဲ့ ဒုဇလီအပင်ကြီးက ပန်းပွင့်တွေကိုအတူကောက်ခဲ့ကြတယ်။ ပြီးတော့ Walter က အဲဒီပန်းပွင့်တွေကို သရဖူပုံစံလုပ်ပြီး သူမရဲ့ဆံပင်မှာ ပန်ပေးခဲ့တယ်။ Walter က သူမရဲ့အညိုရောင် ဆံပင်တွေနဲ့ ဆန့်ကျင်ဘက် အ၀ါရောင်ပန်းတွေရဲ့ နှစ်လို့ဖွယ်ရာအလှကို ချီးမွမ်းနေခဲ့တယ်။ သူမကတော့ ဒုဇလီပန်းပွင့်တွေကို အဲဒီနေရာမှာပဲထားခဲ့ပြီး ဂျုံဦးထုပ်ကိုလက်ကနေကိုင်က လှုပ်ရမ်းရင်း အိမ်ဘက်ကိုပြန်လာခဲ့တယ်။ သူတို့ နွေဦးပေါက်ရာသီမှာ လက်ထပ်ကြမယ်လို့ သဘောတူညီခဲ့ကြတယ်။ ပြီးတော့ Sarah သူမနေထိုင်ရာမြို့ကို ပြန်လာခဲ့တယ်။
အတိတ်ရဲ့အကြောင်းတွေပြန်သတိရနေခိုက် တံခါးခေါက်သံကြားလိုက်ရတော့ သူမရဲ့ပျော်ရွှင်ခဲ့ရသော နေ့တစ်နေ့ရဲ့ အိပ်မက်များဟာ အဝေးကိုလွင့်စင်ပျောက်ကွယ်ခဲ့ပါတော့တယ်။
စားပွဲထိုးတစ်ယောက် နောက်တစ်နေ့အတွက် အကြမ်းဖျင်းရေးထားတဲ့ အစားအသောက်စာရင်းမူကြမ်းကို သူမဆီကို ယူဆောင်လာခဲ့တယ်။
Sarah သူမရဲ့လက်နှိပ်စကရှေ့မှာ ထိုင်လိုက်တယ်။ ဒီနေ့ အစားအသောက်စာရင်းက အရင်နေ့တွေနဲ့နှိုင်းယှဉ်ရင် ထူးထူးခြားခြား ပြောင်းလဲနေတယ်၊ စာရင်းတစ်ခုလုံးမှာ နွေဦးပေါက်ရာသီရဲ့ ၀ိညာဉ်တွေ ပြည့်လို့နေပါတယ်။ Sarah ရဲ့ လက်ချောင်းလေးများက လက်နှိပ်စက်ခလုတ်တွေပေါ်မှာ လှလှပပ ကခုန်နေကြပါတယ်။ ဒီလိုနဲ့ အချိုပွဲစာရင်းရဲ့အထက်က ဟင်းသီးဟင်းရွက်စာရင်းကို စာရိုက်ပို့ရောက်လာတော့ … မုန်လာဥ၀ါနဲ့ရွှေပဲတောင့်၊ ပေါင်မုန့်မီးကင်နဲ့ကညွတ်ရွက်၊ ခရမ်းချဉ်သီးနဲ့ဂျုံ၊ ဂေါ်ဖီထုပ်…
သူမ အစားအသောက်စာရင်းကိုကြည့်ရင်း ရုတ်တရက် ငိုမိနေခဲ့တယ်။ အနက်ရှိုင်းဆုံး နှလုံးသားမှ ဖြစ်ပေါ်လာသောမျက်ရည်တွေဟာ သူမရဲ့မျက်ဝန်းအစုံမှာ စုစည်းလာတယ်။ သူမရဲ့ဦးခေါင်းက လက်နှိပ်စက်သေးသေးလေးပေါ်မှာ ငိုက်စိုက်ကျလျက်…ကီးဘုတ်ရိုက်သံက သူမရဲ့ငိုရှိုက်သံနဲ့အတူ ခြောက်သွေ့ပြင်းရိဖွယ်ကောင်းသောတီးမှုတ်ကခုန်သံကဲ့သို့ ဆက်မပြတ်အသံတွေမြည်လို့နေပါတယ်။
သူမ ချစ်သူဆီက စာရောက်မလာတာ နှစ်ပတ်တိတိကြာခဲ့ပြီ။ စာရင်းစာရွက်ပေါ်က နောက်ရိုက်ရမယ့် ဟင်းလျာအမြည်က ဒုဇလီပွင့် - ဒုဇလီပွင့်နဲ့ ကြက်ဥအချို့- ဒါပေမယ့် ကြက်ဥကအရေးမကြီးပါဘူး၊ ဒုဇလီပွင့်တွေက သူမရဲ့အပျော်ရွှင်ဆုံးနေ့ရက်များကို ပြန်လည်သတိရစေခဲ့တဲ့ သင်္ကေတ၊ နွေဦးပေါက်ရာသီရဲ့ တမန်တော်။ ပြီးတော့ Water က သူ့ရဲ့အလှဘုရင်မ၊ တနည်းအားဖြင့် သူ့ရဲ့ သတို့သမီးလောင်း Sarah ကို ရွှေဝါရောင်အဆင်းရှိတဲ့ ဒုဇလီပွင့်တွေနဲ့ အလှသရဖူဆောင်းပေးခဲ့တယ်။
အိုး စုန်းမကြီးနဲ့တူတဲ့ နွေဦးပေါက်ရာသီရယ်၊ ကျောက်တုံးကျောက်ခဲ သံချောင်း တွေနဲ့ဆောက်လုပ်ထားတဲ့ အလွန်တိတ်ဆိတ်သော မြို့ကြီးထဲကို တမန်တော်ကို ဘာကြောင့်များစေလွတ်ခဲ့တာလဲ၊ တမန်တော်ရဲ့အလှကို ခံစားတတ်သူ ဒီမှာတစ်ယောက်မှမရှိဘူး၊ ဒါပေမယ့် တမန်တော်ရှိရာ အစိမ်းရောက်လယ်ကွင်းထဲက လူတွေနည်းနည်းကပဲ တမန်တော်ရဲ့အလှကို ခံစားတတ်ကြတာပါ။
မကြာမီ Sarah မျက်ရည်တွေကို သုတ်လိုက်ပြီး ရိုက်လက်စစာရင်းတွေကိုပြီးအောင် လုပ်ဖို့တာဝန်ရှိသေးကြောင်း သတိရခဲ့တယ်။ ဒါပေမယ့် ဒုဇလီပန်းပွင့်အိပ်မက်ကနေဖြစ်ပေါ်လာတဲ့ ရွှေဝါရောင်အလင်းတန်းအချို့ သူမဆီသို့ တိတ်ဆိတ်စွာဝင်ရောက်လာတယ်။ အဲဒီအချိန်မှာပဲ တခဏကြာ သူမ ကီးခလုတ်တွေကို လွဲမှားစွာ ရိုက်နေမိတယ်။ သူမရဲ့စိတ်၊ သူမရဲ့နှလုံးသားဟာ ချစ်သူနဲ့အတူ မြက်ခင်းလမ်းကလေးမှာ ရောက်ရှိလို့နေတယ်။ ဒါပေမယ့် မကြာလိုက်ပါဘူး၊ အတွေးတွေဟာ သူမနေထိုင်ရာ ကျောက်ခင်းလမ်းဆီကို ပြန်ရောက်လာတော့၊ လက်နှိပ်စက်မှ ကီးခလုတ်များဟာ ကားတစ်စီးသွားသလို ဂျောက်ဂျောက်ဂျက်ဂျက်မြည်သံတွေနဲ့ ခုန်ပေါက်လို့နေပါတယ်။
ညနေခြောက်နာရီမှာ စားပွဲထိုးက သူမအတွက် ညစာလာပို့ရင်း စာရိုက်ပြီးသား စာရွက်တွေကို ပြန်ယူသွားခဲ့တယ်။ သူမ ညစာစားတဲ့အခါ သက်ပြင်းချရင်း ဒုဇလီပန်းပွင့်တွေပါတဲ့ ဟင်းပန်းကန်ကို ဘေးမှာချထားတယ်။ Shakespeare ပြောခဲ့သလို “အချစ်က အချစ်ကို စားနိုင်တယ်” ဒါပေမယ့် သူမဘ၀ရဲ့ အပျော်ရွှင်ဆုံးနေ့ရက်များကို သတိရစေတဲ့ ဒုဇလီပန်းပွင့်တွေကို စားနိုင်လောက်တဲ့ သတ္တိခွန်အား Sarah မှာမရှိခဲ့ဘူး။
ခုနစ်နာရီခွဲတော့ အခန်းချင်းကပ်လျက်က လင်မယား စတင်ရန်ဖြစ်ကြတယ်။ အပေါ်ထပ်အခန်းနေမှာနေတဲ့ လူက အေလိုင်းကလွင့်သော ပုလွေတေးဂီတအစီအစဉ်ကို ကြည့်နေတယ်။ နောက်ဘက်ခြံစည်းရိုးပေါ်က ကြောင်ကလေးများရဲ့ အော်သံကို ကြားနေရတယ်။ ဓာတ်ငွေ့မီးဖိုမှ အလင်းရောင်က တဖြည်းဖြည်းမှိန်လာတယ်။ ဒီအရိပ်လက္ခဏာများက သူမကို စာဖတ်ဖို့အချိန်ရောက်ပြီဖြစ်ကြောင်း သတိပေးသလိုဖြစ်နေတယ်။ သူမ စာအုပ်တစ်အုပ်ယူပြီး စာဖတ်နေခဲ့တယ်။
မကြာမီ အိမ်ရှေ့တံခါးမှ ခေါင်းလောင်းသံကို သူမကြားမိတယ်။ အိမ်ရှင်အမျိုးသမီးနဲ့ လူငယ်တစ်ဦး စကားပြောသံကို သူမနားထောင်နေခဲ့တယ်။ ပြီးတော့ အောက်ထပ်အခန်းက ကြည်လင်ပြတ်သားသောအသံကိုကြားလိုက်ရတော့ သူမ ဖတ်လက်စစာအုပ်ကို ကြမ်းပြင်ပေါ်ကိုပြစ်ချပြီး အခန်းတခါးဆီသို့ ပြေးထွက်သွားခဲ့တယ်။
သူမလှေကားထိပ်ကိုရောက်တော့ သူမရဲ့ချစ်သူလှေကားအတိုင်း တက်လာနေတာကို မြင်ရတော့ ရုတ်တရက် အံ့သြကာ ခန္ဓာကိုယ်ထဲကသွေးကြောများရပ်ဆိုင်းသလို ခံစားခဲ့ရတယ်။ သူမ သတိပြန်ဝင်လာတော့ ချစ်သူရဲ့နွေးထွေးစွာပွေ့ဖက်မှုကို ခံစားခဲ့ရတယ်။ အိပ်မက်လား တကယ်လား သူမ ဝေခွဲမရခဲ့ဘူး။ အိပ်မက်မဖြစ်ပါစေနဲ့လို့ စိတ်ထဲက ဆုတောင်းနေခဲ့မိတယ်။
Sarah ၀မ်းနည်းစွာ ငိုရှိုက်ရင်း ချစ်သူ Walter ကို “ မင်း ဘာကြောင့် … အို ဘာကြောင့် ငါ့ဆီကို စာမရေးတာလဲ … ငါ မင်းဆီကို စာတွေအများကြီး ရေးခဲ့တယ် … မင်း ဒီစာတွေကို မရဘူးလားကွာ … ဒါနဲ့ မင်း ငါရှိတဲ့နေရာကို ဘယ်လိုရှာတွေ့ခဲ့လဲ ”
ချစ်သူရဲ့မေးခွန်းတွေများတော့ Walter ဘယ်မေးခွန်းကိုစဖြေရမှန်း မသိဘူးဖြစ်သွားတယ်။ Walter က နွေဦးပေါက်ရာသီရဲ့အပြုံးဖြင့် ချစ်သူရှာပုံတော်အကြောင်း Sarah ကို ရှင်းပြခဲ့တယ်။ “ နယူးယောက်မြို့ကြီးက အရမ်းလှပတဲ့ မြို့ကြီးကွ … ငါ မင်းနေတဲ့ နေရာဟောင်းကို ပြီးခဲ့တဲ့နှစ်ပတ်အကြာက ရောက်ခဲ့တယ် … ဒီတစ်ပတ်ကြာသာပတေးနေ့ကမှ မင်း နေရာသစ်ကိုပြောင်းသွားတယ်လို့ သိခဲ့ရတယ် … ဒါနဲ့ပဲ ရဲတစ်ယောက်အကူအညီနဲ့ ငါ မင်းရှိနိုင်မယ့်နေရာကို နေ့တိုင်းရှာခဲ့တယ် … တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ညနေမှာ ဟောဒီအိမ်အိုကြီးရဲ့နောက်ဘက် ကပ်လျက်က စားသောက်ဆိုင်ထဲကို နောက်ဘေးပေါက်ကနေ ၀င်လာခဲ့မိတယ် … ငါဒီလိုဝင်လာတာကို ဘယ်သူတွေသိသိ ငါကဂရုမစိုက်ပါဘူး … ငါက နှစ်တိုင်း ဒီလိုအချိန်ရောက်ရင် အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက် အစားအစာကို စားရတာကြိုက်တယ်ကွ … ငါ စားပွဲပေါ်က အစားအသောက်စာရင်းကို ဖတ်လိုက်တော့ ငါ့စိတ်ထဲမှာ တစုံတခုကို သတိထားမိသလိုပဲ … ငါ အစဉ်လိုက် စာရင်းတွေကိုဖတ်လာရင်းက မုံလာထုပ်အောက်နားရောက်တော့ ငါ ဆိုင်ပိုင်ရှင်ဆီကိုသွားပြီး ဒီစာရိုက်တဲ့သူ ဘယ်မှာနေလဲ မေးလိုက်တယ် … သူက မင်းနေတဲ့နေရာကို ငါ့ကိုပြောပြတယ်လေ ”
Sarah က သက်ပျင်းချပြီး “ ငါ မင်းကို အရမ်းသတိရတာပဲ ” ပြီးတော့ ပျော်ရွှင်သောအမူအရာနဲ့ “မုံလာထုပ်ပြီးတော့ ဒုဇလီပန်းပွင့်” လို့ပြောလိုက်တယ်။
Walter က “ မဟုတ်ပါဘူး … ဒုဇလီပန်းပွင့် နေရာမှာ Walter လို့ရေးထားတယ် … ပြီးတော့ W စာလုံးက အပေါ်ဘက်ကို နည်းနည်းရောက်နေတယ် … ဒီစာလုံးကို ရေးတဲ့သူဟာ ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ ရှိမှာပဲဆိုတာ ငါသိနေတယ် ” လို့ပြောလိုက်တော့
Saran က တအံ့တသြနဲ့ “ ဒုဇလီပန်းပွင့်မှာ ဘာကြောင့် W စာလုံး ပါရမှာလဲ ” လို့ပြန်ပြောခဲ့တယ်။
လူငယ်က သူ့အိတ်ထဲက ဟင်းလျာစာရင်းစာရွက်ကို ထုတ်ပြပြီး မှားနေတဲ့စာကြောင်းကို ထောက်ပြတာပေါ့။
Sarah ဒီစာရင်းကတ်ပြားလေးကို ခုနေ့လည်ခင်းကမှ ရိုက်ခဲ့တာကို သတိရသွားတယ်။ ကတ်ပြားလေးရဲ့ ညာဘက်ထောင့်မှာ သူမရဲ့မျက်ရည်စတွေစွန်းထင်နေတဲ့ အမှတ်အသားလေးတွေ ရှိနေဆဲပါပဲ။ အဲဒီအချိန်တုန်းက ရွှေဝါရောင်ပန်းပွင့်လေးရဲ့အမည်ကို ဖတ်လိုက်ရတော့ သူမရင်ထဲမှာ တစုံတယောက်ကို သတိရခဲ့လို့ ၀မ်းနည်းကျေကွဲစွာ ခံစားခဲ့ရတယ်။ ဒီခံစားချက်က သူမရဲ့လက်ချောင်းလေးတွေ မှားရွင်းစွာ ကီးဘုတ်ခလုတ်တွေကို ရိုက်ခတ်စေပို့ ခွင့်ပြုခဲ့တာပဲ။
သူမ ရိုက်ခဲ့တာက မုံလာရွက်နီ နဲ့ ပန်းငရုတ်နီ ကြားမှာ “ အလွန်အရသာရှိသော ဒုဇလီပွင့်နဲ့ ကြက်ဥပြုတ်” လို့ရေးရမည့်အစား “ အလွန်အရသာရှိသော Walter နဲ့ ကြက်ဥပြုတ်” လို့ရေးထားခဲ့တယ်လေ။
(O. Henry ၏ Springtime on the Menu ကိုဘာသာပြန်ပါသည်။)


tmn

စင်ကြယ်သော စိတ်

>> Tuesday, August 14, 2007


Just as a man would tie to a post a calf that should be tamed, even so here should one tie one's own mind tight to the object of mildfulness.


နွားတစ်ကောင်ကို ယဉ်ကျေးရန်အလို့ငှာ ချည်ထားရသကဲ့သို့၊
ထို့အတူပင် အကြင်လူတစ်ယောက်သည် သူ၏စိတ်အား သတိရှိနေခြင်းနှင့် ချည်နှောင်ထားရမည်။

စာမျက်နှာ(၁၉)၊ ချင်းတွင်းမဂ္ဂဇင်း၊ အမှတ်(၃)၊ မတ်လ၊ ၂၀၀၆။

အထီးကျန်

>> Wednesday, August 8, 2007



သိပါတယ်
ခါးခါးသီးသီးဖြစ်လာမယ်ဆိုတာ
ဒီလိုသာ မင်းနဲ့စကားပြောရရင်။
ချစ်ခင်စိတ်ရှိနေတဲ့အချိန်မှာတောင်မှ
တို့လူသားအားလုံးက အထီးကျန်တွေချည်းပါပဲ။
အသက်ရှင်နေတုန်းပဲဖြစ်ဖြစ်၊ သေသွားရင်ပဲဖြစ်ဖြစ်ပါ
လူဆိုတာက အမြဲတမ်းတစ်ယောက်တည်းပါ။
တစ်နေရာရာမှာ ပိုပြီးလင်းလက်တောက်ပနေနိုင်သလို
တစ်နေရာရာမှာ ပိုပြီးသိပ်သည်းမှောင်မိုက်နေနိုင်တာပေါ့။

ဟို.. ကောင်းကင်မှာ နတ်သမီး၊
ပြတင်းတံခါးမှာ ဖယောင်းတိုင်ထွန်းညှိလို့
လူတွေရဲ့နှလုံးသားကို မျှားယူဖမ်းဆီးဖို့
ပိုက်ကွန်ပစ်ရအောင်။

များများရလေ ပိုချမ်းသာလေလေ
ပိုပြီး နာကျင်တဲ့မျက်လုံးတွေနဲ့ကြည့်ခံရ၊
ဘယ်လိုအဓိပ္ပါယ်မှ မရှိပါဘူး၊
အဲဒီမှာ ခဏလေးပဲ၊ ကလေးဘ၀မှာ မျက်ရည်ကျသလိုပေါ့။

ဒီနေ့မှာ မသိချင်ဘူး
မနက်ဖြန်မှာ ဘာဖြစ်မယ်ဆိုတာကို၊
ငါ့ကို အလင်းထွန်းညှိပေးဖို့
မေ့သွားရင်လည်း မေ့ပါစေတော့။

တို့တွေအားလုံးက အထီးကျန်တွေပါ
အိပ်မက်တွေမက်ပြီး ကိုယ့်ကိုယ်ကို မညာကြပါနဲ့။
သိပါတယ်
ခါးခါးသီးသီးဖြစ်လာမယ်ဆိုတာ
ဒီလိုသာ မင်းနဲ့စကားပြောရရင်။

(S. Mavrin, M. Pushkina)
မြန်မာပြန် - ဇနိ

လွတ်လပ်မှု

လွတ်လပ်မှု

ရေစီးကိုဆန်ပြီး အသည်းအသန်ကူးရတော့မှပဲ
လွတ်လပ်တဲ့အမြင်ကို တန်ဖိုးထားနားလည်လိမ့်မယ်။
ကွင်းဆက်တွေစုလိုက်မှ ရှည်လျားတဲ့သံကြိုးဖြစ်သလို
ဘ၀ဆိုတာကလည်း အစက်အပြောက်တွေစုထားတဲ့ မျဉ်းတစ်ကြောင်းပါ။
အပ်ရာအထပ်ထပ်နဲ့ နေ့ရက်တွေ၊ ချုပ်ရိုးပေါ် ချုပ်ရိုးတွေထပ်လို့
ခန္ဓာကို ၀ိညာဉ် နဲ့ မီးတောက် ရောသီယှက်။
အရှုတ်အယှက်တွေရဲ့ ကင်းလွတ်ရာ
ငါရဲ့လွတ်လပ်မှု အရှင်သခင် - ရေဒီယိုအသံဖမ်းစက်။

ကောင်းကင်မှာ ပျံသန်းတဲ့ ငှက်တစ်ကောင်လို ငါဟာလွတ်လပ်၊
ကြောက်စိတ်ဆိုတာ ဘာလဲဆိုတာကို ငါသတိမရတော့။

လူတစ်မျိုးဖြစ်ရင်ဖြစ်နေမယ်၊ အဲဒါကိုက ငါဖြစ်နေလို့ပဲ။
ရွေးချယ်ပါ၊ အိတ်ဖောင်းမှာကိုလား၊ ထောင်ထဲကိုလား။
လွတ်လပ်မှုကို ဘယ်သူမှ လွယ်လွယ်မရဘူး၊
အဲဒီကို အ၀င်မရှိသလို၊ အဲဒီကနေလည်းအထွက်လည်းမရှိဘူး။
အကျဉ်းခန်းငယ် - ရေနွေးဖန်ဝါတစ်ခွက်တောင် နက်မှောင်သွားမယ်။
နားလည်ရဲ့လား။ ဒီတော့ ကိုယ့်ဟာကို ဖြည့်တော့။
ထိုင်ရင်းပြေးတဲ့ မာရသွန်ပွဲ ငါဆင်နွှဲလို့
ကက်ဆက်လေးမှာ ရေဒီယိုပါတာ သိပ်ကောင်းတယ်။

လ္ဘက်ရေအဖန်တစ်ခွက်၊ စီးကရက်၊ မသိခြင်းရဲ့အဖြေတွေ၊
အစစ်အဆေးတွေ၊ ဟာ.. ဒါတွေပဲ။
ငါ့ရဲ့ရေဒီယို - တစ်လမ်းသွား ဆက်သွယ်ရေး
တုံးတို၊ အစက် - အာရပ်စာလုံးတွေ။
ငါမပြောနိုင်ဘူး၊ ဒါပေမယ့်ငါ ကြားနေရတယ်။
ငါမြင်တယ်၊ ကြွက်ကြီးက ကြွက်ကလေးဘယ်လိုပြောင်းသွားတယ်ဆိုတာ။
တစ်စုံတစ်ခုပေါ့ မပျက်ဆီးပဲ ကျန်တဲ့အရာတစ်ခု
ငါ့ရင်ထဲမှာတော့ လွတ်လပ်ခြင်းများပြည့်နှက်လျက်။
မြန်မာပြန် - ရွှေမြင်း၊ရွှေလုံး၊ဇနိ

လွဲချော်မှု

>> Friday, August 3, 2007


သူ့စကားမဟုတ်ဘဲ သူကပြောလို့၊

သူ့သီချင်းမဟုတ်ဘဲ သူကဆိုလို့၊

သူလည်းမဟုတ်ဘဲ သူပါတဲ့၊

ကောလဟာလဆိုရင်လည်း အကောင်းသား

ကိုင်း မခက်ပေဘူးလား။

ဇနိ

ရှို့မီး

>> Thursday, August 2, 2007


ရှို့မီး

မပြောဖြစ်ဘဲ
မြိုချလိုက်တာ
အခုတော့ တရားခံဖြစ်သွားပြီ။

ဇနိ

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP