Showing posts with label စာရေးဆရာများအကြောင်း. Show all posts
Showing posts with label စာရေးဆရာများအကြောင်း. Show all posts

Anton Pavlovich Chekhov

>> Wednesday, April 9, 2008



အန်တွန် ပါဗလိုဗိ(ခ်ျ) ချက်ဟော့(ဗ်)

အန်တွန် ပါဗလိုဗိ(ခ်ျ) ချက်ဟော့(ဗ်) (၁၈၆၀-၁၉၀၄) က အလွန့်ကို အောင်မြင်ကျော်ကြားတဲ့ ရုရှားစာရေးဆရာပါ။ ပြဇာတ်တွေလည်းရေးပါတယ်။ သူကတော့ နေ့စဉ်လူနေမှုဘ၀တွေကို သရုပ်ဖော်ပါတယ်။ ဟာသဥာဏ်အလွန်ရွှင်ပါတယ်။ သူ့ဝတ္ထုအတိုတွေမှာ ရီစရာမောစရာဖြစ်အောင်ရေးတတ်သလို စာဖတ်သူတွေအဖို့ကြေကွဲဖွယ်ရာတွေလည်း တပါတည်း ခံစားရအောင်ရေးနိုင်ပါတယ်။

ချက်ဟော့(ဗ်)ရဲ့သွင်ပြင်

ချက်ဟော့(ဗ်)ကို သူနဲ့ခေတ်ပြိုင်တွေက မြင်တာတွေကို ကျနော်အနည်းငယ် ပြောပြချင်ပါတယ်။ ပထမဆုံး ပန်းချီဆရာကြီး( ဘရာ့(ဇ) - Braz ) ရေးတဲ့ ချက်ဟော့(ဗ်)ရဲ့ပုံတူမှာ ချက်ဟော့(ဗ်)က ကုလားထိုင်ပေါ်မှာ ပိန်သေးပါးလှတဲ့မျက်နှာကို သွေးမရှိတဲ့လက်နဲ့ထောက်ပြီး ခန့်ညားတဲ့သွင်ပြင်နဲ့ ထိုင်နေပုံပါ။ ကိုင်းမပါနှာခေါင်းပေါ်ချိတ်မျက်မှန်ရဲ့နောက်မှာလည်း ခြောက်သွေ့ကျေကွဲနေတဲ့ မျက်လုံးတစုံလည်း ရှိနေတာပါ။ ချက်ဟော့(ဗ်)ကိုယ်တိုင် အဲဒီသူ့ပုံတူကို မနှစ်သက်ပါဘူး။ ချက်ဟော့(ဗ်)ပြောပါတယ် - ဒီပုံတူထဲက ကျနော့်မျက်နှာမှာ ကျနော်ပိုင်မဟုတ်တဲ့ အရာတချို့ရှိနေတယ်၊ ကျနော့်မှာရှိတာတွေတချို့ကျတော့လည်း ရှိမနေပြန်ဘူး။
- အကယ်၍ ကျနော်သာ အဆိုးမြင်တစ်ယောက်ဖြစ်ခဲ့ပြီး ကြေကွဲဖွယ်ဝတ္ထုတွေကိုပဲရေးတယ်ဆိုင်ရင်တော့ ဒီပုံတူမှားသွားတာ အဲဒီအချက်မှာပါပဲ။ - လို့ပြောခဲ့ပါတယ်။

ချက်ဟော့(ဗ်)ရဲ့သွင်ပြင်ကို လူတွေအတော်များများက အမျိုးမျိုးပြောကြပါတယ်။ အရပ်က ပုတယ်၊ တောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့ ကျန်းမာရေးမကောင်းလို့ ဖြစ်နေတဲ့ အသံခပ်တိုးတိုးနဲ့ဆိုတာတွေပါ။ တကယ်တော့ ချက်ဟော့(ဗ်) က အရပ် ၁၈၀ စင်တီမီတာကျော်(၅ပေ-၁၁လက်မ၀န်းကျင်) ရှည်ပါတယ်။ အသံကတော့ ဘယ်သံခပ်တိုးတိုးနဲ့ပါ။

သူနဲ့အတော်ခင်တဲ့ ဂိုး(ရ်)ကီး(Gorky) ကပြောတာတော့ ချက်ဟော့(ဗ်)ကို တွေ့လိုက်ရတိုင်း အမြဲတမ်းသေသေသပ်သပ်၊ သန့်သန့်ရှင်းရှင်း၊ ခန့်ခန့်ညားညား ၀တ်စားထားတာပါပဲ။ နှစ်လိုတဲ့မျက်နှာရှိတယ်။ သိပ်ကို နူးညံ့တဲ့သူပါ။ အသွားအလာပေါ့ပါးတယ်။ အရာတိုင်းကို သေသေသပ်သပ်နဲ့ စနစ်တကျ၊ အစီအစဉ်တကျဖြစ်နေတာကို နှစ်လိုတဲ့သူပါလို့ ပြောပါတယ်။

တော်(လ်)စတွိုင်း(Tolstoy)က တော့ ချက်ဟော(ဗ်) ကို ဒီလို ပုံဖော်ပါတယ် - တကယ့်ကိုနူးညံ့သိမ်မွေ့တဲ့ ပါရမီရှင်တယောက်ပါ၊ သူမျက်နှာက မ၀င့်မကြွားနဲ့ ဣနြေ္ဒအလွန်ရှိတဲ့သူပါ။ သွားတာလာတာများဆို မိန်းမပျိုလေးတစ်ယောက်လိုပါပဲ။

ပန်းချီဆရာကြီး ရယ်ပင်(Repin)ကတော့ ချက်ဟော(ဗ်)ဟာ ကျန်းမာတယ်၊ ရုပ်ပိုင်းဆိုင်ရာာခွန်အားတွေရှိပါတယ်လို့ပြောခဲ့သလို စဲရော့(ဗ်)(Serov)ကတော့ ချက်ဟော့(ဗ်)မျက်နှာပေါ်မှာ ရှင်းပြလို့မရတဲ့ နူးညံ့ပျော့ပြောင်းမှုတခုခုရှိနေတယ်လို့ ဆိုပါတယ်။

ဘယ်လိုတွေပဲ ချက်ဟော(ဗ်)ကို ချက်ဟော့(ဗ်)ရဲ့ ခေတ်ပြိုင်တွေက ပုံဖော်ဖော် သူတို့တွေ ချက်ဟော့ရဲ့သွင်ပြင်ကို နှောင်းလူတွေ သိစေဖို့တိတိကျကျ ပြောမသွားနိုင်ခဲ့ကြပါဘူး။

ချက်ဟော့(ဗ်)ရေး၊ ဆရာမောင်ထင်ဘာသာပြန်ထားသော၊ ဧရာဝတီအင်တာနက်မဂ္ဂဇင်း၊ရသလွင်ပြင်မှ လူ့ပုတ်သင်

ကျနော်တို့ ဘာသာပြန်ထားတဲ့ ချက်ဟော့(ဗ်) ၀တ္ထုတိုတချို့ရယ် သူပြောခဲ့တဲ့စကားတချို့ကို ပြန်ဖတ်နိုင်အောင် အောက်မှာလင့်တွေ ပြန်ထည့်လိုက်ပါတယ်။
ကိုလူဝနဲ့ကိုပိန်လှီ
ခွေးကလေးတစ်ကောင်နဲ့ အမျိုးသမီး
အလောင်းအစား
ချက်ဟော့(ဗ်)ပြောခဲ့သောစကားအချို့

Read more...

ရပ်စ်ပူတင် ဗာလန်ကျင် ဂရီဂိုရယ်ဗိခ်ျ

>> Sunday, April 29, 2007

ရပ်စ်ပူတင်ကို ၁၉၃၇ခုနှစ် မတ်လ၁၅ရက်နေ့တွင် ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားပြည်နယ်ရှိ အုစ်-အုဒါ ဟုအမည်ရသော ရွာလေးတစ်ရွာတွင်မွေးဖွားခဲ့သည်။ အလယ်တန်းပညာကို သင်ယူပြီးနောက် သမိုင်းဘာသာဗေဒဌာနအောက်တွင် ဆက်လက်သင်ယူခဲ့သည်။ ကျောင်းသားဘ၀ကပင် “ဆိုဗိယက်လူငယ်များ” သတင်းစာတိုက်တွင် အလုပ်လုပ်ရင်းဖြင့် ကျောင်းတက်ခဲ့သည်။ တက္ကသိုလ်မှဘွဲ့ရအပြီးတွင် ယင်းသတင်းစာတိုက်၌ပင် သတင်းထောက်အဖြစ် ဆက်လက်လုပ်ကိုင်ခဲ့သည်။ အာကတ်စ်က်မြို့နယ်ရုပ်မြင်သံကြားဌာန၊ ကရပ်စ်နာရပ်သတင်းစာတို့တွင် အယ်ဒီတာအဖြစ်အလုပ်ဝင်ခဲ့သည်။ စာရေးသူ၏ ပထမဆုံးစာမူမှာ “ကျွန်တော် လက်ရှ်ကီကို တောင်းပန်ဖို့မေ့သွားတယ် (၁၉၆၁)” ဆိုသော ၀တ္ထုတိုလေးဖြစ်သည်။ ၁၉၆၆ခုနှစ်မှစ၍ စာပေနယ်သို့ ဇောက်ချဝင်ရောက်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ဆိုဗိယက်ရုရှားနိုင်ငံစာရေးဆရာများအသင်းသို့ဝင်ခဲ့သည်။ ယခုအချိန်တွင် သူ၏နာမည်မှာ ကမ္ဘာတစ်ဝှန်းရှိ စာဖတ်ပရိသတ်တို့ကြားတွင် ကျော်ကြားနေလေပြီ။ ရပ်စ်ပူတင်သည် သူ့ဘ၀တစ်လျောက်လုံး ရုရှားဂန္တ၀င်ဝတ္ထုများကြားတွင် ပျော်မွေ့ခဲ့သည်။ သူ၏လက်ရာမွန်များမှာ အများအားဖြင့် လူ့ဘ၀၏အားမာန်နှင့်လေးနက်မှုများ၊ ရုန်းကန်လှုပ်ရှားရမှုများကို ဖော်ကျူးထားလေ့ရှိသည်။ ၆၀ခုနှစ်များနှောင်းပိုင်းတွင် ပေါ်ထွက်လာသော “မာရီယာအတွက်ငွေကြေးများ”၊ “နောက်ဆုံးနေ့” စသည့် လက်ရာမွန်များမှာလည်း ကျော်ကြားလှသည်။ ၁၉၇၀ နှစ်လယ်ပိုင်းများတွင် သူ၏စာများကို ပြဇာတ်များ၊ ရုပ်ရှင်များအသွင်သို့ ကူးပြောင်းရိုက်ကူးခဲ့သည်။ သူ၏စာအုပ်များမှာ ရုရှားနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝှန်းအထိကျော်ကြားခဲ့သည်။ စာရေးဆရာသည် နိုင်ငံတော်ကချီးမြှင့်သော ဆုတံဆိပ်ပေါင်းများစွာကို ရရှိခဲ့သည်။ ၁၉၈၀ခုနှစ်တွင် သူ၏ “မီး” ၀တ္ထုကို ထုတ်ဝေဖြန့်ချိခဲ့သည်။ သူ၏၀တ္ထုတိုများပေါင်းချုပ်ကို မော်စကိုမြို့တွင် “ရာစုနှစ်၏ရှင်သန်မှု - ရာစုနှစ်၏အချစ်” ဟူသောအမည်ဖြင့်ထုတ်ဝေခဲ့သည်။ သူ့၏ငယ်ဘ၀ကိုဖော်ကျူးထားသော “ပြင်သစ်ဘာသာစကားအချိန်များ” စာအုပ်မှာလည်း အောင်မြင်ခဲ့သည်။ ဖခင်သည်တိုက်ပွဲမှာကျဆုံးသွား၍ မိခင်မုဆိုးမနှင့်အတူ ရွာလေးတွင်နေထိုင်ရင်း အခက်အခဲများကြားမှ ပညာကိုဆည်းပူးခဲ့ရသော စစ်ပြီးခေတ် ကလေးငယ်တစ်ယောက်၏ဘ၀(သူ့ဘ၀)ကို ဖော်ကျူးထားခြင်းဖြစ်သည်။ စာရေးသူသည် ယခုအခါ မော်စကိုမြို့တွင်နေထိုင်လျက်ရှိသည်။

Read more...

အလက်ဇန်ဒါ စီဂေးယဲဗစ်(ခ်ျ) ပု(ရှ)ကင်

>> Friday, April 27, 2007



အလက်ဇန်ဒါ စီဂေးယဲဗစ်(ခ်ျ) ပု(ရှ)ကင်(၁၇၉၉-၁၈၃၇) ဟာ ခေတ်သစ်ရုရှစာပေကို ဦးဆောင်လမ်းထွင်ခဲ့တဲ့ ကဗျာစာဆိုကြီးဖြစ်တယ်။ မော်စကိုမြို့မှာမွေးဖွားခဲ့ပြီး အသက် ၁၄ နှစ်မှာ သူ့ရဲ့ကဗျာကို ပထမဆုံးထုတ်ဝေခဲ့တယ်။ သူ့ရဲ့ကဗျာ ကြေးနီမြင်းသည်တော်၊ ဒရာမာပြဇာတ် ကျောက်တုံးဧည့်သည်တွေကို ဂန္ထ၀င်လက်ရာတွေအဖြစ် စာပေဝေဖန်သူတို့က သတ်မှတ်ကြတယ်။ လင်းဝေမြိုင် ဘာသာပြန်ခဲ့တဲ့ ကုတ်အင်္ကျီ(ရှန်နယ်)ကိုရေးခဲ့သူ စာရေးဆရာကြီး နီကိုလိုင်အိဂိုဂို(လ်)နဲ့ ရင်းနီးစွာ ပေါင်းသင်း ဆက်ဆံခဲ့ပါတယ်။
ပု(ရှ)ကင်ရဲ့ ဗြဲ(လ်)ကင်ပြောသောပုံဝတ္ထုများဆိုတဲ့ ၀တ္ထုတိုအတွဲကို ဆရာကြီးမောင်ထင်က မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။
အဲဒီပုံဝတ္ထုတွေထဲက မင်းအတွက်ကျည်တစ်တောင့်ဆိုတဲ့ပုံဝတ္ထုကိုတော့ မြန်မာစာဖတ်သူများ စွဲငြိခဲ့ကြပါတယ်။ အဲဒီ ပုံဝတ္ထုကို အခြားစာရေးဆရာများလည်း မြန်မာဘာသာသို့ ပြန်ဆိုခဲ့တာတွေ့ရတယ်။ သူ့ခေတ်မှာ ခေတ်စားခဲ့ဟန်ရှိတဲ့ နှစ်ယောက်ခြင်း သေနတ်ယှဉ်ပစ်တဲ့ အကြောင်းအရာကို သူ့ဝတ္ထုတွေမှာ တွေ့ရလေ့ရှိတယ်။ ပု(ရှ)ကင်ကိုယ်တိုင်လည်း ဒွေးလို့ခေါ်တဲ့ နှစ်ယောက်ခြင်း သေနတ်ယှဉ်ပစ်ပြီး ပြဿနာရှင်းကြတဲ့ ပွဲမှာ ဒဏ်ရာရကာ ကွယ်လွန်ခဲ့ပါတယ်။

Read more...

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP