မော်စကိုသို့ပေးစာ
>> Tuesday, February 19, 2008
ပီဆာကျယ်တို့ မအားရပုံများ ယားတဲ့နေရာတောင် နောက်အားမှကုတ်ရအောင် ထုံးတို့ထားရလိမ့်မယ်။ မနက်ဖယ်ရီမှီဖို့ အစောကြီးထပြေးရ၊ ညမိုးချုပ်မှအိမ်ပြန်၊ နောက်နေ့အတွက် သင်ခန်းစာပြင်ဆင်ရနဲ့ လေဒီပီဆာကျယ်ဆီတောင် အခစားမှန်မှန်မ၀င်အားဘူး။ ဘလော့မှာ ရေးမယ်ရေးမယ်နဲ့ မရေးအားခဲ့ဘူး။ ဟိုပြေး ဒီပြေး ရွာဆော်ကြီးခွေးလို ကျောင်းနှစ် ကျောင်းကူးပြီးစာသင်နေရတယ်။ ညီဆရာတွေရဲ့ စူးရှပြောင်မြောက်တဲ့ ပို့ (စ)လေးတွေဖတ်ပြီး ကျေနပ်နေရတယ်။ ရန်ကုန်မှာ ပူနေပေမဲ့ မြို့တော်မော်စကိုမှာ အေးကောင်းတုန်းနေမှာပေါ့။ ညီဆရာတို့ရဲ့သုတေသနပြုလုပ်ချက်တွေကို ကွန်ဖရန့်(စ)တွေမှာ အောင်မြင်စွာ တင်ပြနိုင်ခဲ့ကြတာလည်း အဝေးကနေ ဂုဏ်ယူကျေနပ် အားပေးနေမိပါတယ်။ အမိမြေကဝေးကွာပြီး ဘယ်လိုမှအံဝင်ဂွင်ကျ မဖြစ်နိုင်တဲ့ ရာသီဥတု၊ လူမှုအဖွဲ့အစည်း ကြားမှာ ကျားကုတ်ကျားခဲ ပညာသင်ကြားနေရတာကို ကိုယ်ချင်းစာမိပါတယ်။ သင်ကြားတတ်မြောက်လာတဲ့ ပညာရပ်တွေကို အမိမြေက ပညာငတ်မွတ်နေတဲ့ ကလေးတွေကို ပညာဆီမီး ထွန်းညှိပေးနိုင်ဖို့ ပြင်ဆင်လာခဲ့ကြနော်။ ပညာမြင့်မှလူမျိုးမြင့်မယ်၊ ဘာညာ စကားလုံးအကြီးကြီးတွေ မပြောချင်ပေမဲ့ တတ်ထားတဲ့ပညာ ဖြန့်ဖြူးပေးနိုင်တဲ့ ဆရာကောင်း၊သမာားကောင်းတွေ အများကြီး တို့ဆီမှာလိုနေသေးတယ်ဆိုတာ ညီဆရာတို့ကို ပြောချင်တယ်။
ပီဆာကျယ်
