အရက်သောက်ခြင်းနှင့် ကျနော်
>> Saturday, August 30, 2008

ကျနော် သေရည်သေရက်တွေနဲ့ ဘယ်အချိန်ကစပြီး ပတ်သတ်ခဲ့တာလဲဆိုတာကို မှတ်မိသလောက်စပြောပါဦးမယ်။ စပြီးရင်းနှီးချိန်ဟာ သိပ်လည်းမစောသလို အရမ်းလည်း နောက်မကျပါဘူး။ ၁၀ တန်းက စတာပါ။ ကျနော့်မှာ ကလေးကတည်းက အတူတူနေပြီး ရန်တခါမှ မဖြစ်ဘဲ ပေါင်းလာတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ၁၀-တန်းမှာ သူရဲ့ ဦးလေးအိမ်မှာ စာသွားကျက်တာက စတာပါ။ ကျနော်တို့မြို့က အရင်ကတည်းက လျှပ်စစ်မီးပြတ်တာကိုး။ မီးက ရက်ခြားမှလာတော့ ရက်မခြားနေ့တိုင်းလာအောင် လုပ်ထားတဲ့ သူငယ်ချင်းရဲ့ ဦးလေးအိမ်ကို သွားရတာပေါ့။ သူ့ဦးလေးက ကားဂိုထောင်ထဲမှာ စာကြည့်ကြဆိုပြီး နေရာပေးပါတယ်။ သူငယ်ချင်းနှစ်ယောက် စာကြည့်လိုက်၊ စကားပြောလိုက်၊ ပျင်းရင် ဂိုထောင်ထဲက ပစ္စည်းတွေ ဟိုရှာကြည့်လိုက်၊ ဒီနှိုက်လိုက်လုပ်ကြတာပေါ့။ အဲဒီမှာ သူ့ဦးလေး ခွက်ပုန်းချတဲ့ ရမ်ပုလင်းကြီးတွေ့တော့တာပဲ။ တွေ့တော့ နှစ်ယောက်သား ခွက်ပုန်းသူခိုးလုပ်ကြတာပေါ့။ ရမ်ပုလင်းအဖုံးခွံလေးနဲ့ တစ်ယောက်တမော့။ နည်းနည်းလျော့သွားတော့မှ သောက်ရေတွေကို ရောတောရှိလုပ်ရတာပေါ့။ ဘယ်သူကမှ အသောက်သင်မပေးသလို၊ သောက်ကြည့်စမ်း အရမ်းကောင်းတာပဲလို့လည်း ဘယ်သူကမှ မတိုက်တွန်းခဲ့ပါဘူး။ ပါရမီဓာတ်ခံရှိတော့ သူ့အလိုလို တတ်သွားတာပါ။ ဆယ်တန်းပြီး အားနေတဲ့အချိန်တွေမှာ မြို့အရှေ့ထိပ်အနောက်ထိပ်က ထန်းတောတွေထဲလည်း ကျနော်တို့သူငယ်ချင်းတစ်သိုက် ရောက်တော့တာပါပဲ။ ပဲကြီးလှော်နဲ့ အမြည်းလုပ်ရင်း ထန်းရည်သောက်လိုက်နဲ့ အသောက်ပညာကို ရင့်သန်စေခဲ့တာပါ။