နှစ်သစ်

>> Sunday, December 30, 2007



နှင်းမှုန်နှင်းမွှား ပါးလျလျလိမ်းကျံ
ချမ်းလှ၊အေးလှတဲ့ဟော..ဒီဇင်ဘာ
သူ့တံခါးဝမှာ မတ်မတ်ရပ်
နှစ်ဟောင်းကို လက်ပြနှုတ်ဆက်
နှစ်သစ်ကို ကြိုဆို။

ကဲ...ချစ်သူ
အပြုံးနုတချက်...အားဆေးတခွက်ပဲ
ဖေးမမဲ့လက်နှစ်ဖက်..တစ်သက်တာအတွက်ပေါ့..
အချစ်ဆီ ခြေလှမ်း ..လက်တစ်ကမ်းတောင် မဝေးနေချင်ဘူး။

ပျံသန်းမယ် အဝေးနှစ်....
ဒီနှစ်ကုန်ရင် နောက်နှစ်
ဆက်ပြီးတံတားခင်းမယ်...
မဝေးဘူး နှစ်ယောက်ပန်းတိုင်...
မယိုင်မလဲ ရောက်အောင်သွားကြမယ်။

31-12-07
Monday


Read more...

အမှတ်တရ

>> Wednesday, December 19, 2007

ကိုမောင်လုံး




ကိုမောင်ဖြူ





ကိုဇနိ

အခု ဒီBlogက Contributor ၃ ယောက်ရဲ့ ပုံတွေကို တင်လိုက်ပါတယ်။
ဒီBlog က လာဖတ်တဲ့သူနည်းပါတယ်။
Contributors တွေပဲ အချင်းချင်း ဖတ်ရှုအားပေးကြ၊ comments တွေဆိုလည်း အချင်းချင်းရေးကြတာများပါတယ်။ ရှားရှားပါးပါးလာလည်ကြတဲ့ မိတ်တွေတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ဆိုပါရစေ။
- ဒီတော့ ဓာတ်ပုံ Sketchတွေ ဘာလို့တင်သလဲလို့ မေးစရာရှိလာပါတယ်။
မောင်ဖြူကပြန်ဖြေပါတယ်။
" ရှားရှားပါးပါးလာလည်တဲ့သူတွေက ဒီပုံလေးတွေမြင်ပြီး အပြင်မှာတွေ့တယ်ဆိုရင် အိမ်ခေါ် ထမင်းလေးဘာလေးကျွေးချင်ရင် ကျွေးနိုင်အောင်လို့ပါ။ "
Blogကို လာရောက်လည်ပတ် ကြည့်ရှုသူအပေါင်းကို ကျေးဇူးတင်ပါတယ်။

Read more...

ညီမလေးရေ…..

ညီမလေးရေ
သူတို့ နဲ့ ဒို့ အကြား
တံခါးလေးတစ်ချပ်သာ
အမှတ်သညာမပါလဲ
မှော်ဆရာတံခါးဟာ
မှော်ဆရာတံခါးပါပဲ
ဖွေးသလားဖြူသလားသိပေမဲ့ 
မွှေးသလား ကြူသလားမသိ
…… .မသိ
………မသိ
မသိတာတွေကို
ညှိရအောင်လဲ
အထဲကိုဘယ်လိုဝင်
အပြင်ကိုဘယ်လိုထွက်
ခဲခက်ခြင်းရဲ့ သံသရာ..။
ဒီတော့
အဆိပ်လူးတဲ့ပန်းတွေ
ရနံ့ မသင်းတဲ့ပန်းတွေ
မာယာများတဲ့ပန်းတွေ
ပန်းမဟုတ်ပဲ
ပန်းယောင်ဆောင်တဲ့ပန်းတွေကို
ချန်ပစ်ပြီး
ပန်းခင်းသစ်ဆီသွားရအောင်
ညီမလေးရေ ငေးမနေပါနဲ့ ညီမလေးရေငေးမနေပါနဲ့ ကွယ်။

မေအောင်

Read more...

တူလေး မောင်ရွှေသွေး

>> Thursday, December 13, 2007


ကျနော်တူလေး မောင်ရွှေသွေး
အသားလေးက ဖွေး
အသားဖွေးတဲ့ ရွှေသွေးငယ်
နဖူးလေးက ကျယ်
နဖူးကျယ်တော့ ဥာဏ်ထက်မြက်
ပညာရှိလို့မှတ်။

azo ရေးသည်။

Read more...

မှတ်ဥာဏ်မကောင်းပုံ

>> Sunday, December 9, 2007


အမျိုးသမီးတစ်ယောက် ပစ္စည်းတစ်ခုခုကို အသုံးပြုပြီးလျှင် ဘယ်နေရာကိုထားရှိမိမှန်းမသိသဖြင့် မိမိ၏မှတ်ဥာဏ် ပြဿနာနှင့်ပတ်သက်လို့ ဆရာဝန်နှင့်တိုင်ပင်ရန် ဆေးခန်းသို့သွားလေ၏။
အမျိုးသမီး။ ။ ဒေါက်တာ ကျွန်မမှာ မှတ်ဥာဏ်နှင့်ပတ်သက်လို့ အခက်အခဲရှိနေပါတယ်။ ဥပမာ ဒေါက်တာရယ်… ကျွန်မ ကားယူလာတဲ့အခါ ကားကိုတစ်နေရာရာမှာရပ်ထားခဲ့တယ်၊ ပြီးတော့ ကျွန်မ ကားကိုပြန်ရှာတော့ ဘယ်ကားဟာ ကျွန်မရဲ့ကားဆိုတာ မမှတ်မိဘူး။ နောက်တစ်ခုက ကျွန်မ မျက်မှန်ကို တစ်နေရာရာမှာထားပြီးရင် ဘယ်နေရာမှာထားမိမှန်း မမှတ်မိလို့ ရှာမတွေ့ဘူး။ နောက်တစ်မျိုးက ကျွန်မရဲ့ကလေးကို တစ်နေရာရာမှာ ထားခဲ့တယ်… နောက်မိနစ်အနည်းငယ်ကြာတော့ ပြန်ရှာတော့ ဘယ်နေရာမှာ ထားခဲ့မိမှန်း မသိတော့ဘူး။
ဒေါက်တာ။ ။ အင်း… ရှင်ရဲ့ရောဂါက တော်တော်ဆိုးနေပြီပဲ။ ဒီသုံးမျိုးတည်းပဲလား… နောက်ထပ်ပြဿနာတွေရှိရင်ပြောပအုံး… မှတ်ဥာဏ်မကောင်းတာနဲ့ပတ်သက်လို့ပေါ့။
အမျိုးသမီး။ ။ မှတ်ဥာဏ်မကောင်းတာနဲ့ပတ်သက်တဲ့ပြဿနာ… ဟုတ်လားဒေါက်တာ… ကျွန်မ စောစာက ဘယ်လိုပြဿနာတွေကို ပြောခဲ့မိလို့လဲ ဒေါက်တာ။

Read more...

မိုးသေနတ်တွေ...

>> Sunday, December 2, 2007


ရုရှားသီချင်းပါ။ အဆိုတော်နာမည်ကတော့ ဇဗျဲရီပါ။ နာမည်ကျော်တစ်ယောက်ပါပဲ။
ကျနော်ကတော့ နားထောင်ရတာ အတော်ကိုကြိုက်ပါတယ်။
ကြိုးစားပြီး ဘာသာပြန်လိုက်ပါတယ်။
ဝေးနေခဲ့ရင် ဘာသာပြန်အားနည်းတာဖြစ်ပါလိမ့်မယ်။
နားထောင်သွားကြပါဦး။
ကျေးဇူးတင်ပါတယ်။

Дожди-пистолеты
မိုးသေနတ်တွေ...

Не заплачу, не грузи,
Не утонет в речке мячик.
От Версаче эксклюзив
Больше ничего не значит

မငိုကြွေးဘူး၊ မပူဆွေးဘူး။
ဘောလုံးလေး ရေထဲမှာ နှစ်မြုတ်မသွားဘူး။
အံ့သြစရာကောင်းတာကလွဲပြီး ဘာအဓိပ္ပါယ်မှ ပိုမရှိပါဘူး။

Тук-тук здравствуй это я
Потерялся ключ в кармане
Губы тают на губах
Не обманет не обманет

ဒေါက် .... ဒေါက်
ပြန်လာပါပြီ
ငါပါ
အိတ်ကပ်ထဲက သော့ကျပျောက်သွားလို့
နှုတ်ခမ်းတွေက နှုတ်ခမ်းတွေကိုလွမ်းလို့ အရည်ပျော်ကျ
မလိမ်ပါဘူး၊ မညာပါဘူး။

Любовь зарядила дожди-пистолеты
Любовь зарядила холодное лето
Не жалко не жалко летит твоё лето
Щелчок зажигалки дожди-пистолеты

အချစ်မှာ မိုးသေနတ်ကျည်တွေဖြည့်ထားတယ်။
အချစ်မှာ ချမ်းစိမ့်တဲ့နွေကျည်တွေဖြည့်ထားတယ်။
မင့်ရဲ့နွေရာသီပျောက်ဆုံးသွားလည်း ၀မ်းမနည်းဘူး။
ဂျောက်ကနဲ မီးခြစ်ခြစ်သံ - မိုးသေနတ်တွေပေါ့။

Нам с тобой грустить нельзя
Паровоз мой на верёвках
Здравствуй лето без тебя
На стеклянных остановках

မင်းနဲ့ငါလည်း ပူဆွေးနေလို့ မဖြစ်သေးပါဘူး
ငါ့အချစ်စက်က ဒီသံယောဇဉ်ကြိုးနဲ့ချိတ်ဆက်။
မင်းမရှိဘဲ နွေရာသီကို နှုတ်ဆက်ရဦးမယ်
တလက်လက်ထ ဒီမှတ်တိုင်တွေကနေပြီးတော့။

Разлетаются звеня
Мимо сердца мимо мимо
Капли летнего дождя
По витринам, по витринам

ခေါင်းလောင်းသံတွေ ပျံ့လွင့်လာတယ်
ငါ့အသည်းနားကကို ဖြတ်သွားတာ
နွေမိုးစက်တွေ ရွာချ
ပြတင်းပေါက်လေးအတိုင်းကနေပြီးတော့လေ၊ ပြတင်းပေါက်လေးအတိုင်းကပေါ့။

Любовь зарядила дожди-пистолеты
Любовь зарядила холодное лето
Не жалко не жалко летит твоё лето
Щелчок зажигалки дожди-пистолеты

အချစ်မှာ မိုးသေနတ်ကျည်တွေဖြည့်ထားတယ်။
အချစ်မှာ ချမ်းစိမ့်တဲ့နွေကျည်တွေဖြည့်ထားတယ်။
မင့်ရဲ့နွေရာသီပျောက်ဆုံးသွားလည်း ၀မ်းမနည်းဘူး။
ဂျောက်ကနဲ မီးခြစ်ခြစ်သံ - မိုးသေနတ်တွေပေါ့။




Read more...

ဆောင်းဦးပေါက်အသွေးစုံအရောင်များကို ခံစားခြင်း (၂)

>> Saturday, December 1, 2007


ကမကုရဘုရားကို ရောက်သွားတော့ ဆောင်းဦးပေါက် အရောင်အကြောင်းကို ရေးပြီးသားဖြစ်ပေမယ့် ထပ်ပြီးရေးချင်စိတ်တွေ၊ ဝေမျှချင်တဲ့စိတ်တွေ ပေါ်လာပါတယ်။ ဒီနေ့ကတော့ အနီရောင်မေပယ်(လ်)ပင်တွေအပြင်၊ Ginkgo-ပင်တွေကလည်း အ၀ါရောင်တွေ ပြောင်းပြီးတော့ ဆောင်းဦးပေါက်ကို အလှတစ်မျိုးဆင်ထားပြန်တယ်။ ပထမဆုံးကျောင်းထဲကိုသွားတော့ အ၀ါရောင်လမ်းတွေအပေါ်မှာ လျှောက်ခဲ့ရတယ်။ ခြေထောက်နဲ့မြေကြီး တကယ့်ကို မထိခဲ့ဘူး။ အ၀ါရောင်လမ်းလေးအပေါ်မှာ အလွမ်းစိတ်တွေနဲ့အတူ အချိန်အကြာကြီးမျောပါခဲ့ရတယ်။ ဘယ်ဆီကို လွမ်းမှန်းတော့မသိဘူး။ လွမ်းလို့တော့ အရသာက အရှိသား။ အလွမ်းဓာတ်ခံရှိ၊ မရှိကတော့ အဓိကဟုတ်မယ် မထင်ဘူး။ ပိုကဲလှတဲ့ ဆောင်းဦးပေါက်သဘာဝတရားက ဆွဲဆောင်သွားတာဖြစ်မယ်လို့ ထင်မိတယ်။ အ၀ါရောင်လမ်းကလေးက လွန်လာတဲ့အခါမှာ မေပယ်(လ်)နီနီတွေကိုလည်း သံယောဇဉ်မပြတ်တော့ တစ်ချက်ကြည့်မိတယ်။
ကမကုရဘုရားကို ရောက်သွားတဲ့အခါမှာလည်း အ၀ါရောင်၊ အနီရောင်အရွက်စုံ၊ အရောင်စုံကြားမှာ ကြည်ညိုစရာကောင်းလှတဲ့ ရုပ်ထုတော်ကို ဖူးတွေ့ရပြန်ပါတယ်။
ကမကုရဘုရားကိုဖူးမြော်ရင် ဂျပန်ကိုလာရတတ်တယ်လို့ဆိုကြပါတယ်။ ဂျပန်ကို အရောက်လာချင်ကြရင်တော့ ဒီကဝေမျှထားတဲ့ဓာတ်ပုံကို ဖူးမျှော်ကြပါလို့။













Read more...

Akashi-KaiKyo Bridge

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဆရာရယ်၊ သူငယ်ချင်းတွေနဲ့အတူ တကမဆု(Takamatsu) နဲ့ မဆုရာမ(Masuyama)မြို့ တွေမှာနေပြီး အကရှိကိုင်ကျို တံတား(Akashi-KaiKyo Bridge)ကို လေ့လာရေးရောက်ခဲ့ပါတယ်။ တကမဆုလေဆိပ်ကနေ ကားနဲ့တစ်နာရီကြာ စီးရပါတယ်။ တစ်နာရီကြာလောက်ကားစီးပြီးတာနဲ့ တံတားအောက်ခြေက ဆောက်လုပ်ရေးရုံးကို ရောက်ပါတယ်။ ကားပေါ်က ဆင်းတာနဲ့ မြေပြင်ကနေ တံတားကို မြင်တော့ တအံ့တသြဖြစ်သွားရပါတယ်။ ဓာတ်ပုံတွေလည်း ရိုက်ပါတယ်။ တိုင်ထိပ်ကိုတပ်ရမယ်ဆို ဂရုစိုက်ရပါတယ်။ Safetyအတွက် လက်အိပ်တွေစွပ်၊ ဦးထုပ်တွေဆောင်းလုပ်ရပါတယ်။ ပြီးတာနဲ့ တံတားတိုင်ထိပ်ကိုတက်ဖို့ ပြင်ဆင်ကြပါတယ်။ လူတိုင်းတက်ခွင့်မရပါဘူး။ တာဝန်ရှိသူတွေရယ်၊ ခွင့်ပြုချက်ရထားတဲ့သူတွေပဲ တိုင်ထိပ်ကို တက်ခွင့်ရတာပါ။ စက်သီးတွေနဲ့ဆွဲထားတဲ့ စက်လှေကားကနေတက်ရတာ အသည်းယားစရာ ကောင်းလှပါတယ်။ ပြီးတော့လည်း လူအများကြီးမတက်ရပါဘူး။ ငါးယောက်တစ်အုပ်စုပဲတက်ရပါတယ်။ အင်ဂျင်နီယာတွေက တံတားတိုင်ထိပ်ကို ခေါ်သွားတော့ မြေပြင်ကနေမြင်ပြီး အံ့သြတာတွေထက်ကို ပိုပြီး မြင်ရ၊ကြည့်ရတာတွေက အံ့သြစရာကောင်းနေပါတယ်။ ကြိုးတံတားနဲ့ပတ်သတ်တဲ့ သီအိုရီတွေအားလုံး Safetyအတွက် စဉ်းစားပြီး ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ကြိုးတံတားနည်းပညာကို လေ့လာချင်တယ်ဆိုရင် ဒီတံတားတစ်ခုကိုလာပြီး လေ့လာလိုက်ရင်ကို ပြောစုံပါတယ်လို့ ရှင်းပြပါတယ်။ ကြိုးတံတားကိုစိတ်ဝင်းစားတဲ့ သူတွေအတွက်ကတော့ ဒီတံတားကို ရောက်ရ၊ မြင်ရ၊ ရှင်းပြတာတွေကို နားထောင်ရတာကိုက တန်ဖိုးကြီးလှပါတယ်။ ဓာတ်ပုံတွေကို ဝေမျှလိုက်ပါတယ်။ နိုဝင်ဘာလကသွားခဲ့တဲ့ လေ့လာရေးခရီးတစ်ခုကို ဒီဇင်ဘာတစ်ရက်မှပဲ အမှတ်တယ ရေးဖြစ်ပါတော့တယ်။

Akashi-KaiKyo Bridge ကို Pearl Bridge လို့လည်းခေါ်ပါတယ်။ ကမ္ဘာအရှည်ဆုံး ကြိုးတံတား(suspension bridge)ပါ။ ပင်မအလျားကတော့ ၁၉၉၁မီတာ(၆၅၃၂ပေ) ရှိပါတယ်။ အကရှိ ရေလက်ကြား(Akashi Strait)ကို ဖြတ်ပြီး ဟွန်းရှုး ကျွန်းပေါ်(Honshu)က ကိုဘေး(Kobe) နဲ့ အ၀ါဂျိကျွန်းပေါ်(Awaji Island)က အိဝရ(Iwaya)မြို့တို့ကို ဆက်ထားတာပါ။

အဲဒီတံတားကြီး မဆောက်ခင်ကဆို ဒီရေလက်ကြားကို ဖယ်ရီသင်္ဘောတွေတွေနဲ့ပဲ ခရီးသွားကြတာပါ။ အန္တရာယ်ကြီးလှပါတယ်။ ၁၉၅၅ ခုနှစ်တုန်းက ဖယ်ရီသင်္ဘောနှစ်စီး မုန်တိုင်းမိလို့ နှစ်မြုတ်သွားတာ ကလေး ၁၆၈ယောက်သေဆုံးခဲ့ပါတယ်။ ဒီလိုဒီလို အဖြစ်အပျက်တွေကပဲ ဂျပန်အစိုးရကို ဒီတံတားဆောက်ဖြစ်စေတာပါ။ တံတားကို ၁၉၉၈၊ ဧပြီ ၅-ရက်မှာ ခြောက်လမ်းသွားပါတဲ့၊ ၁၀နှစ်ကြာဆောက်ခဲ့တဲ့ အဲဒီတံတားကို ဖွင့်လှစ်ခဲ့ပါတယ်။ ကုန်ကျငွေကတော့ ယန်း ၅၀၀ ဘီလီယံ( ~US$ 5 Billion) လောက်ရှိပါတယ်။




Read more...

Happy Birthday!

>> Thursday, November 29, 2007


Happy Birthday!

ဒီနေ့ကတော့ ကျွန်တော်တို့ သူငယ်ချင်းကြီး MHZ ရဲ့ မွေးနေ့မင်္ဂလာပါ။
ကျွန်တော်ကတော့ အဝေးကနေပြီးတော့ သူရဲ့မွေးနေ့မှာ ကျွေးမွေးဧည့်ခံတာကို မစားရပေမယ့် မွေးနေ့အကြိုဒါန်ပေါက်ဓာတ်ပုံစားရတာကိုဝမ်းသာလှပါပြီ။
သူငယ်ချင်းMHZ တစ်ယောက် ယနေ့မွေးနေ့မင်္ဂလာမှသည် နောင်နှစ်ပေါင်းများစွာထိ အသက်ရှည်ပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ။ လက်တွေ့နဲ့ ဆန္ဒတစ်ထပ်တည်းကျပါစေ။

ဇနိနှင့်ဇနိ၏သူမ


မစ္စတာမြင်းတစ်ကောင် (အဲလေတစ်ယောက်) အဝေးဆုံးကို ပြေးနိုင်ပါစေဗျာ။ ဒီနေ့ဒံပေါက်လိုပဲ ဘဝမှာ စုံစုံလင်လင် (လိုအပ်နေတာလေးတွေပေါ့) နဲ့ ပျော်ရွှင်နိုင်ပါစေဗျာ။
မောင်ဖြူနှင့်မောင်ဖြူ၏မောင်ဖြူ (အဟီး)

သူငယ်ချင်းကြီး MHZ ယခုမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ကျန်းမာ ချမ်းသာ ပျော်ရွှင်နိုင်ပါစေ လို့ဆုတောင်းပေးပါတယ်...
သူငယ်ချင်း MHZ မွေးနေ့က ဒံပေါက်ထမင်းကို ဝေမျှလိုက်ပါတယ်ခင်ဗျား...




မောင်လုံး

Read more...

ဆောင်းဦးပေါက်အသွေးစုံအရောင်များကို ခံစားခြင်း

>> Wednesday, November 28, 2007

ဆောင်းဦးပေါက်ပြီ။

အရောင်အသွေးစုံစုံလင်လင် အလှသွေးကြွယ်နေတဲ့ သစ်ပင်တွေက ဂျပန်နိုင်ငံရဲ့ လမ်းတော်တော်များများမှာ အသက်ဝင်စပြုလာပါပြီ။ မေပယ်(လ်)ပင်တွေက အနီရောင်ကို ပြောင်းလာပြီဆိုရင် ဂျပန်လူမျိုးတွေက တစိမ့်စိမ့်ကြည့်ပြီး ကြည်နူးနေကြတာကို တွေ့ရတယ်။ ဆောင်းဦးပေါက်မှာ အပင်တွေအရောင်ပြောင်းတာက တစ်နိုင်ငံလုံး တစ်ချိန်တည်း မဟုတ်ပါဘူး။ မြောက်ပိုင်းဟော့ကိုင်းဒိုးကျွန်းကနေစပြီး တောင်ပိုင်းကျွန်းတွေအထိ တစ်ဖြည်းဖြည်း အရောင်ပြောင်းချိန်တွေ မတူတာပါ။ မေပယ်(လ်)ရွက်တွေရဲ့ အလှဆုံးအရောင်ကတော့ အနီရောင်ဖြစ်ပြီး ဆောင်းဦးပေါက်နှောင်းပိုင်းမှာ အဲဒီအရောင်ကို ပြောင်းလဲသွားပါတယ်။ စက်တင်ဘာလကနေ အောက်တိုဘာလအတွင်းဆို ဟော့ကိုင်းဒိုးဒေသ၊ အောက်တိုဘာကနေ နိုဝင်ဘာလအထိဆို တို့ဟိုးကူး(Tohoku)၊ နိုဝင်ဘာကနေ ဒီဇင်ဘာအထိကတော့ တောင်ပိုင်းဒေသတွေမှာ မေပယ်(လ်)ရွက်တွေအပါအ၀င် သစ်ပင်အစုံက အရောင်ပြောင်းကြပါတယ်။ အခုဆောင်းဦးပေါက်ကို ရောက်လာတော့ သစ်ရွက်တွေ အရောင်ပြောင်းလာတာက အရမ်းလှတော့ မကြည့်ဘဲမနေနိုင်၊ ဓာတ်ပုံမရိုက်ဘဲမနေနိုင်ဖြစ်လို့ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ အခု ဓာတ်ပုံတွေကို ဝေမျှလိုက်ပါတယ်။ ပျော်ရွှင်ကြည်နူးကြပါစေ။

နွေရာသီတုန်းကလည်း ဒီလိုစိမ်းစိမ်းလန်းလန်းနဲ့လှပြီး နေတာပါပဲ။လွမ်းစရာတွေကိုလွမ်းတဲ့အခါ ဒီခုံလေးပေါ်မှာထိုင်ပြီး သစ်ရွက်လှလှလေးတွေကို ငေးကြည့်တတ်ပါတယ်။ ခင်ဗျားတို့လည်း ဒီမှာထိုင်ပြီးလွမ်းလိုက လွမ်းသွားကြပါဦး။

Read more...

လေထီးသမား

>> Tuesday, November 27, 2007


လူငယ်တစ်ယောက်က သည်းထိတ်ရင်ဖိုအားကစားနည်းတစ်မျိုးကို ကစားချင်နေတဲ့ ဆန္ဒရှိနေတယ်။ ပြီးတော့ တစ်နေ့ကျရင်တော့ အောင်မြင်ကျော်ကြားတဲ့ လေထီးခုန်သမားတစ်ယောက်ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားတယ်။ ဒါကြောင့် လေထီးအရောင်းဆိုင်ကို သွားပြီး လေထီးတစ်ခုဝယ်ခဲ့တယ်။ နောက်တစ်နေ့ သူငယ်ချင်းတွေနဲ့ဆုံတော့
လူငယ်။ ။ငါ အောင်မြင်တဲ့ လေထီးခုန်သမားတစ်ယောက်ဖြစ်ပို့ ကြိုးစားနေတယ်ကွ…
သူငယ်ချင်းများ။ ။ ဟေ့ကောင်… လူကြီးတွေကို စိတ်ပူအောင် မလုပ်ပါနဲ့ကွာ… လေထီးခုန်တယ်ဆိုတာ အရမ်းအန္တရာယ်များတယ်ကွ… တကယ်လို့ လေထီးကမပွင့်ဘူးဆိုရင် မင်းဘယ်လိုလုပ်မလဲကွ…

လူငယ်။ ။ ဟာကွာ… မင်းတို့ကလည်းညံ့ပကွာ… လေထီးမပွင့်ဖူးဆိုရင် အဲဒီလေထီးကို ဆိုင်ကိုပြန်ပေးမယ်… ဟဲဟဲ… ပြီးတော့ ငါ့ပိုက်ဆံကိုပြန်တောင်းမှာပေါ့ကွ။

Read more...

မွေးနေ့လက်ဆောင်

>> Monday, November 26, 2007


ချမ်းသာတဲ့ မိန်းမကြီးတစ်ယေက် ကော်ဖီသောက်ရင်း သူ့အမေအကြောင်းကို စဉ်းစားနေတယ်။ ဒီနေ့က မိခင်ကြီးရဲ့မွေးနေ့ပဲ။ ဒီတော့ မွေးနေ့လက်ဆောင်ကောင်းကောင်းလေးပို့ရဦးမယ်ပေါ့။ ဒါနဲ့ပဲ အိမ်မွေး တိရစ္ဆာန်ရောင်းတဲ့ဆိုင်ကို သွားခဲ့တယ်။ ဘယ်လိုတိရစ္ဆာန်လေးတွေကို ၀ယ်ပေးရရင်ကောင်းမလဲဆိုပြီး ဆိုင်အနှံ့လိုက်ကြည့်နေရင်း အလွန်လှပတဲ့ ငှက်ကလေးတစ်ကောင်ကို တွေ့ခဲ့တယ်။ အဲဒီငှက်ကလေးက သီချင်းဆိုတတ်တယ်၊ ဘာသာစကား ခုနှစ်မျိုးပြောနိုင်တယ်။ ဒီတော့ သူ့အမေအတွက် အကောင်းဆုံးလက်ဆောင်ပဲဆိုပြီး ငှက်ကလေးကို ဒေါ်လာငါးထောင်နဲ့ ၀ယ်ခဲ့တာပေါ့။ အိမ်ကိုပြန်ရောက်တော့ ငှက်ကလေးကို ရေချိုးပေးတယ်၊ ပြီးတော့ မိခင်ဆီကို ပို့လိုက်တယ်။ နောက်တစ်နေ့ကြတော့ မိခင်ဆီကို တယ်လီဖုန်းဆက်တာပေါ့…
သမီး။ ။ မေမေ သမီးပို့လိုက်တဲ့ ငှက်ကလေးကို သဘောကျရဲ့လား။
မိခင်။ ။ အင်း… သဘောကျတယ်… ငါအခု ဒီငှက်ကိုကြော်စားနေတာ… ငှက်ကလေးရဲ့အသားက တော်တော်ကောင်းတယ်တဲ့။

Read more...

အညာဒေသက ကထိန်ပွဲ အလွမ်းပြေ

>> Friday, November 23, 2007



ပုံများကို ထိုနေရာမှ ကူးယူသည်။

အညာဒေသက ကထိန်ပွဲ အလွမ်းပြေ
ဆယ်တန်းအောင်ပြီးကတည်းက အိမ်နဲ့ခွဲနေလိုက်ရတာ၊ တက္ကသိုလ်တွေ ပြောင်းပြောင်းတတ် အိမ်ကို အတော်အတန်ကို ပြန်ဖို့ခက်ရတော့တာပေါ့။ မွေးကတည်းကနေလာတဲ့ အိမ်၊ မခင်တွယ်ဘဲ ရှိပါ့မလားဗျာ။ ကျွန်တော် အိမ်နဲ့ ခွဲနေရတာက ကြာတော့ အမေ့ကို ပြောသတဲ့၊ သူ့ အကိုကြီး ကျုပ်ဦးလေးကြီးက ဟေ့ ငါ့ညီမ မင်းမွေးထားတဲ့သားတွေ၊ သမီးတွေကတော့ မင်းကိုစခွဲနေပြီ။ နောက်ကြာလာလေလေ မင်းတို့တော့ နှစ်ယောက်တည်းပဲ နေရတော့မယ်ဆိုပြီး ပြောတော့ အမေက မျက်ရည်တွေကျပြီး ငိုသတဲ့။ အခုမနက်ခင်းတော့ ကျောင်းကလည်း မသွားဖြစ်ဘူး။ အိမ်ကိုလည်း သတိကလည်းရနေတာဆိုတော့ အိမ်ကိုဖုန်းဆက်ဖြစ်တယ်။ အမေတို့ကဗျာ ကျွန်တော့်ကို စကားကြာကြာ မပြောဘူး။ အလုပ်ရှုပ်နေလို့တဲ့။ ညကျမှ ဖုန်းပြန်ဆက်တဲ့။ အရင်ကဆို ဖုန်းများဆက်မိပြီဆို အမေကဖုန်းချဖို့ မနည်းပြောရတာ။ ဘာတွေများရှုပ်နေပါလိမ့်ဆိုပြီး မေးမိတော့ ပဒေသာပင်ကိစ္စတဲ့။ အဲဒီတော့ကျမှပဲ ကျွန်တော်လည်း တန်ဆောင်မုန်းလတောင်ရောက်ပါပေါ့ပဲဆိုပြီး စိတ်ထဲတွေးမိလိုက်သေးတယ်။ ဘယ်လောက်ပဲ နှစ်တွေကြာကြာ ငယ်ငယ်ကတည်းက တွေ့ကြုံဆင်နွှဲခဲ့ရတဲ့ အညာဓလေ့ ရာသီပွဲနဲ့ အဖြစ်အပျက်လေးတွေကတော့ ရင်ထဲမှာ ရင်နှီးနေဆဲပါပဲ။

ဒီနေ့ အိမ်က မိသားစုက ပဒေသာပင် သီးကြတယ်တဲ့။ ပဒေသာပင်ကိုညနေ လေးနာရီ အမှီသွားပို့ချင်လို့ အလုပ်များနေကြတာတဲ့။ အခုလို တန်ဆောင်မုန်းလမှာ လပြည့်နေ့ထိ ရပ်ကွက်စုပေါင်းဘုံကထိန်၊ ဈေးစုပေါင်းဘုံကထိန်၊ ကုန်သည်ကြီးများ အသင်း စုပေါင်းဘုံကထိန် စသည်ဖြင့် အသင်းအဖွဲ့ အမျိုးမျိုးက စုပေါင်းဘုံကထိန်တွေလုပ်ကြပြီး လှူဒါန်းကြတယ်။ ပဒေသာပင်ဆိုတာက ၀ါး၊ ဒါမှ မဟုတ် သစ်သားပြားတွေနဲ့ ထိပ်ချွန်ယပ်တောင် အကြီးကြီးပုံစံလုပ်၊ ပြီး အဲဒီ ဖရိမ် ပေါ်မှာမှ ကိုယ်တတ်နိုင်တဲ့ ငွေကြေးပမာဏအလျောက် လှူဖွယ်ပစ္စည်းမျိုးစုံကို ချိတ်ဆွဲပြီး ရပ်ကွက်က သတ်မှတ်ထားတဲ့နေရာမှာ ရပ်ကွက်ဓမ္မာရုံဘေးပတ်ပတ်လည်မှာ ပဒေသာပင်တွေစီချပြီး နှစ်ရက်လောက် ပြထားသေးတယ်။ ဒီလိုပြထားတာက အလှကြည့်ရုံတင်မဟုတ်ပဲ လှူဒါန်းတဲ့သူတွေရော၊ လာကြည့်ကြတဲ့သူတွေပါ ကြည်ညိုသဒ္ဓါပွားနိုင်အောင်လို့တဲ့။ ပိုက်ဆံချမ်းသာတဲ့ အိမ်က ပဒေသာပင်တွေကတော့ အောက်ခံ ပဒေသာပင်အချပ်ကြီးမှာ နေရာလပ်မကျန်အောင် လှူဖွယ်ပစ္စည်းတွေပြည့်နေတာတွေ့ရတတ်တယ်။ ငွေကြေးအဆင်သိပ်မပြေတဲ့ အိမ်တွေကတော့ သူတို့တတ်နိုင်သလောက် ပမာဏနဲ့ လှလှပပဖြစ်အောင်တော့ တန်ဆာဆင်ထားကြပါတယ်။ ပဒေသာပင်တိုင်းမှာတော့ သင်္ကန်းတစ်စုံတော့ ပါပါတယ်။ တော်တော်လေးကို စီးပွားရေးအဆင်မပြေကြတဲ့ အိမ်ထောင်စုတွေကတော့ နှစ်အိမ်ပေါင်းတစ်ခုတို့၊ သုံးအိမ်ပေါင်းတစ်ခုတို့ လှူကြတယ်ဗျ။ ပဒေသာပင်လုံးဝကို မလုပ်နိုင်တဲ့ အိမ်က ကလေးတွေကတော့ ကျောင်းသားလေးတွေကလည်းဖြစ်ဆိုတော့ သူတို့မုန့်ဖိုးထဲက စုဆောင်းပြီးဝယ်ထားတဲ့ ဗလာစာအုပ်လေးတွေလာပေးကြတယ်။ ငွေကြေးချို့တဲ့ပေမယ့် စေတနာ သဒ္ဓါတရာမချို့တဲ့ကြပါဘူး။ ဒီရက်ပိုင်းတော့ ကျွန်တော်တို့မြို့က လူတွေလည်း လူတစုစုနဲ့ ဈေးတွေ အတူတူသွားဝယ်ကြနဲ့ မအားနိုင်ဖြစ်နေတတ်ကြတာပေါ့လေ။ ရပ်ကွက် ကထိန်ပွဲနေ့ဆိုရင်တော့ ရပ်ကွက်ထဲကအိမ်တွေက မုန့်ဟင်းခါးလုပ်တဲ့သူကလုပ်၊ ဂျင်းသုပ်တဲ့အိမ်ကသုတ်၊ မုန့်လုံးရေပေါ်လုပ်တဲ့ အိမ်ကလုပ်ပေါ့ဗျာ။ ရပ်ကွက်ကထိန်ပွဲ လာတဲ့ တစ်ခြားရပ်ကွက်ကဧည့်သည်တွေကို ကျွေးမွေဧည့်ခံဖို့ပေါ့။

ညနေမှောင်ရီပျိုးလာပြီဆိုရင် ရပ်ကွက်ဓမ္မာရုံဘေးပတ်ပတ်လည်မှာ လှလှပပ စီစီရီရီချထားတဲ့ ပဒေသာပင်တွေဘေးမှာ အစီအရီချိတ်ဆွဲထားတဲ့ လျှပ်စစ်မီးရောင်စုံတွေကိုထွန်းလိုက်တော့ နတ်ပြည်က ပဒေသာပင်တွေလား ထင်ရလောက်တယ်။ လှလိုက်ကြတာ အပြိုင်အဆိုင်ပါပဲ။ ပဒေသာပင်မှာလည်း လှူဒါန်းတဲ့သူတွေရဲ့ နာမည်ကဒ်ပြားတွေ ချိတ်ထားတော့ လှည့်လည်ကြည့်တဲ့သူတွေကလည်း ဟေး ဘယ်သူ့ ပဒေသာပင်ကတော့ ဘယ်လိုလှတယ်၊ ဘယ်အိမ်ကတော့ ဘယ်လိုပဲဟဆိုပြီး ပြောဆိုသံတွေလည်းရပ်ကွက်ထဲမှာညံနေတော့တာပေါ့။ ပဒေသာပင်တွေကိုလှည့်ကြည့်ရတာမောလို့ ခြေညောင်းလို့ကတော့ အသိတစ်အိမ်အိမ်သာ ၀င်လိုက်။ စားစရာ သောက်စရာ အစုံအလင်နဲ့ ဧည့်ခံပြီးသားပဲ။ တစ်ခြားရပ်ကွက်က လူပျိုကောင်လေးတွေကလည်း ဒီရပ်ကွက်က သူတို့ သဘောကျနေတဲ့ကောင်မလေးရှိလို့ကတော့၊ ဒီလိုအချိန်က ကောင်မလေးအိမ်ကိုသွားဖို့ မဟာ အခွင့်အရေးပေါ့။ ကောင်မလေးက နှင်မထုတ်ဘဲ တပြုံးပြုံးနဲ့ ချပြီးဧည့်ခံတာတွေကို စား၊ ပြီးတော့ ရိသဲ့သဲ့ပြော၊ ပျော်စရာပါပဲဗျာ။

ပဒေသာပင်ကို နှစ်ရက်ဖြစ်ဖြစ်၊ သုံးရက်ဖြစ်ဖြစ် ခင်းကျင်းပြသပြီးရင် သွားလှူမယ့်ကျောင်းကို ပို့ရတော့မှာကိုး။ အဲဒီတော့ကာ သွားလှူရမယ့်ကျောင်းက နီးရင်လည်း ပဒေသာပင်တွေကို ဆိုင်ရာအိမ်ကမပြီးပို့ပေါ့။ လှူရမယ့်ကျောင်းက ဝေးတော့လည်း ကားတွေဘာတွေနဲ့ ပို့ကျပေါ့။ ပဒေသာပင်တွေကိုသယ်ပြီးစီတန်းလှည့်နေတုန်းကတော့ အိုးစည်၊ဒိုးပတ်တွေနဲ့ တီးကြ၊ မောင်ရွှေရိုး၊ဒေါ်မိုးကတဲ့သူက ကကြပေါ့။ ပျော်စရာပါပဲ။ ရပ်ကွက်တည်းက ကာလသားတွေကလည်း ကိုယ်သဘောကျတဲ့ ကောင်မလေးအိမ်က ပဒေသာပင်ကို မှတ်ထား။ ပြီး လှည့်ပြီးပြတဲ့အချိန်ကြတော့ ဇွတ်ရော၊ အတင်းရော သွားပြီး ပဒေသာပင်ကိုမပြီးသယ်ပေါ့လေ။ သူ့အိမ်က ပဒေသာပင်လိုလိုနဲ့ပေါ့။ တကယ့်ကိုပါပဲ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ ကိုသိုလ်လည်းရ၊ နောက်လည်းပိုးပေါ့။ ဘုန်းကြီးကျောင်းကို ရောက်ပြီဆိုရင်လည်း ဂျင်းသုပ်ဖြစ်ရင်လည်း ဂျင်းသုပ်ပေါ့၊ စားစရာတွေနဲ့ ဧည့်ခံကျွေးမွေးတတ်ကြပါတယ်။ မောကလည်းမော၊ ဗိုက်ကလည်း ဆာဆိုတော့ တိုးဝှေ့စားသောက်ကြပေါ့။ ပြီးဘုန်းကြီးတွေကို လှူဖွယ်ပစ္စည်းတွေဆက်ကပ်လှူဒါန်းပြီး ရေစက်ချ သာဓုခေါ်လိုက်ရင်ဖြင့် ရပ်ကွက်အလှူကြီး အောင်မြင်ပြီးမြောက်သွားပါတော့တယ်။

သြော် ပြောရဦးမယ်ဗျာ။ သီတင်းကျွတ်တုန်းက မင်္ဂလာဆောင်ထားတဲ့ စုံတွဲတွေကလည်း သူတို့လည်း အိမ်ထောင်တစ်စုဖြစ်ပြီဆိုတော့ ပဒေသာပင်ကိုသီးသန့်သီး၊ မောင်ဘယ်သူ၊ မဘယ်ဝါ တို့ကောင်းမှုပေါ့၊ စာလုံးအကြီးကြီးရေးပြီးမဏ္ဍပ်တိုင်လည်းတက်ရပေါ့လေ။ ကျွန်တော်တို့လည်း ဘယ်အချိန်ရောက်ခါမှ အမေ့ရင်ခွင်ကိုပြန်၊ ဘယ်သောဘယ်အခါမှ ရပ်ကွက်ကထိန်ပွဲကိုဆင်နွှဲရ၊ မဏ္ဍပ်တိုင်တက်ရမလဲမသိပါဘူးဗျာ။

ဇနိနဲ့သူ၏သူမ

Read more...

မုန့်ဟင်းခါး စားကြမယ် လာအတူတူစားစို့လား

မုန့်ဟင်းခါး စားမယ်ဆိုရင်တော့ စချက်တော့မယ်။
ဒါတွေ၊ဒါတွေရှိရင် မုန့်ဟင်းခါးကောင်းကောင်းစားလို့ရပါပြီ။
ငါး၊ ကုလားပဲ၊ ကြက်သား၊ ကြက်ဥ၊ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ သံပုရာသီး၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ငံပြာရည်၊ ငရုတ်သီးမှုန့် တွေရှိရင် ချက်လို့ရပြီပေါ့ဗျာ။
မုန့်ဟင်းခါးဖတ် မရနိုင်တဲ့နိုင်ငံတွေမှာဆိုရင်တော့ မုန့်ဟင်းခါးဖတ်အဖြစ် ဆန်ခေါက်ဆွဲကို စားရတာပေါ့။
မြန်မာနိုင်ငံကနေပြီး မုန့်ဖတ်အခြောက်တွေသယ်လာရင်တော့ ပိုအဆင်ပြေပါတယ်။

ဟင်းရည်ချက်နည်းပြုတ်နည်းလေးကတော့ ကိုယ်ပိုင်နည်းလေးပါပဲ။ကိုယ်ပိုင်နည်းလေးဆိုတော့လည်း ကောင်းချင်မှလည်း ကောင်းမယ်ပေါ့ဗျာ။ ချက်ကြည့်ပြီး၊ စားကြည့်လိုက်တော့ ကောင်းတယ်ဗျ။ ၂-ကြော့ပြန်တောင် စားပြီးပြီ။ နည်းကောင်းလေးတွေ၊ လိုအပ်တာလေးတွေ ရှိတယ်ဆိုရင်လည်း အကြံပေးသွားကြပါဦးဗျာ။ ချက်နည်းပြုတ်နည်း စပြောပြီဗျာ။
- ဟင်းရည် မချက်ခင် ၂ နာရီလောက်မှာ ကုလားပဲကို ရေစိမ်ထားတယ်။
- ရေနွေးဆူအောင်တည်ထားလိုက်မယ်။ ရေနွေးဆူလာရင် မုန့်ဖတ်ကို ရေနွေးထဲမှာ ပြုတ်မယ်။ အနေတော်လေး ပျော့လားရင် ဇကာနဲ့ ရေစစ်ပြီး အအေးခံထားလိုက်မယ်။
- ဂျင်း၊ကြက်သွန်ဖြူကို ထောင်းပါတယ်။
- ကြက်ဥလည်း ပြုတ်ထားမယ်။
- ငါးကို ဆား၊ဆနွင်း၊ဂျင်းထည့်နယ်ပြီးရေနည်းနည်းနဲ့ ပြုတ်မယ်။ ရေခမ်းပြီဆိုရင် အသားနဲ့ အရိုးနဲ့ ခွဲလိုက်မယ်။
- ဒယ်အိုးထဲ ဆီထည့်၊ ကြက်သွန်ဖြူဆီသပ်ပြီး၊ စောစောက ငါးအသားကို ထည့်ကြော်လိုက်မယ်။ အကြာကြီး မဟုတ်ဘူးဗျ။ လိမ့်တယ်ပြောယုံ အနံ့လေးမွှေးယုံပဲ။
- ရေစိမ်ထားတဲ့ ကုလားပဲကို ပြုတ်မယ်။ ဂျင်း၊ကြက်သွန်ဖြူထောင်းထားတာကိုထည့်မယ်။ကြက်သွန်နီလည်းထည့်မယ်။ ဆား၊ငန်ပြာရည် သင့်အောင်ကြည့်ထည့်လိုက်တယ်။
- ကုလားပဲ အတော်အတန်အိပြီဆိုရင်၊ ဇွန်းနဲ့ မွှေရင်း နည်းနည်းချေပေးရတယ်။ လှိမ့်ထားတဲ့ငါးကို ဟင်းရည်ထဲကိုထည့်မွှေပေးရမယ်။
- ဟင်းရည်အိုးကို မီးပေါ် ထားလိုက်ဦးမယ်။ အဲဒီအချိန်မှာ နံနံပင်၊ကြက်သွန်မြိတ်၊ သံပုရာသီးတွေကို ရေဆေးပြီး၊ လှီးထားမယ်။ ငရုတ်သီး အကြမ်းမှုန့်လေးလည်း လှော်ထားလိုက်ဦးမယ်။
ဒါတွေလည်း ပြင်ဆင်ပြီး၊ ဟင်းရည်အိုးလည်းကျက် ဗိုက်ကလည်း ဆာ၊ အနံ့တွေကလည်း မွှေးနေပြီပေါ့ဗျာ။ စားလို့ရပြီဆိုတော့ စားလိုက်ဦးမယ်ဗျို့။
စားချင်သူတွေ ဒီမှာ ဓာတ်ပုံတွေပဲ သုံးဆောင်သွားကြပါဗျာ။

Read more...

ရာဟူးမှ ကူးယူထားသော ဓာတ်ပုံများ
















Read more...

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP