EURO 2008

>> Monday, June 30, 2008









Austria - Poland နဲ့ ပွဲနေ့
At Praterstern Underground (12.6.08)
Vienna

Read more...

Matryoshka doll

>> Sunday, June 29, 2008



ရပ်ရှားပြည်(မြန်မာဆရာတစ်ယောက်က အဲသလို အသံထွက်တာ သဘောကျလို့လိုက်ရေးတာ)က လက်ဆောင်ပစ္စည်းတခု အကြောင်းပြောပြချင်လို့ပါ။ Matryoshka(မာသရိုရှကာ) အရုပ်လေးတွေပါ။ မာသရိုရှကာ ဆိုတဲ့နာမည်ဘယ်ကရောက်လာပါလိမ့်။ ရုရှားမိန်းကလေးတွေအမှည့်များတဲ့ အမျိုးသမီးနာမည် Matrona(မာသရိုနာ)ကို ချစ်စဖွယ်ခေါ်လိုက်တော့ Matryoshka(မာသရိုရှကာ)လို့ဖြစ်သွားပါလေရော။


၁၈၉၀ ခုနှစ်တွေများက ရုရှားမှာ အရုပ်ထုဆစ်တဲ့သူ ဗာစီးလီ ဇဗျို့ဒေါချကင် က ပထမဆုံးသော မာသရိုရှကာရုပ်ကို ထုဆစ်ခဲ့ပါသတဲ့။ အဲဒီအရုပ်ယဉ်ကျေးမှုက ဂျပန်ကနေ ကူးစက်လာတယ်ပြောပါတယ်။ ကျနော်စပြီး မြင်ဖူးတုန်းကဆို တအံ့တသြနဲ့ပါ။ ဒီလိုလက်မှုပညာတွေလည်း ဒီမှာ ထွန်းကားတာပဲဆိုပြီး။ သစ်သားကိုထွင်းထုပြီး ပြီးတော့ အရုပ်ဆေးချယ်တာပါ။ အရုပ်ကလေးတွေကို ဆင်တူလေးတွေထုဆစ်ပါတယ်။ ကြီးစဉ်ငယ်လိုက်လေးတွေပါ။ အရုပ်အကြီးကြီးထဲကို အရုပ်သေးသေးလေးတွေထည့်ပါတယ်။ အဲဒီ အရုပ်ကြီးထဲထည့်ထားတဲ့ ပုံစံတူ အရုပ်သေးထဲကို နောက်ထပ် ပုံစံတူအရုပ်သေးလေးထပ်ထည့်ပါတယ်။ အဲသလို ပုံစံတူအသေးလေးတွေထပ်ထည့်ထပ်ထည့်နဲ့ နောက်ဆုံးအသေးဆုံးလေးထိဆိုရင် အရုပ်ကလေး ၆ခုကနေပြီး ဒီထက်မကရှိကြပါတယ်။ အရုပ်ပေါ်မှာလည်း ပုံတွေအမျိုးမျိုးဆွဲကြပါတယ်။ အကြီးဆုံးအရုပ်ကြီးကနေ အသေးဆုံးအရုပ်ကလေးအထိ မိန်းကလေးပုံဆို တစ်ပုံတည်းရေးဆွဲတတ်သလို၊ အခြားပုံအမျိုးမျိုးလည်း ရေးဆွဲတတ်ပါတယ်။ အဲ နိုင်ငံ့ခေါင်းဆောင်ပုံတွေလည်း ဆွဲတတ်ပါတယ်။ ဆေးတွေကလည်း အရောင်စုံရင် စုံသလောက် ဈေးတွေကလည်း အမျိုးမျိုးပါပဲ။ အရုပ်အရွယ်ကလေး အတော်သေးသေးလေးတွေရှိသလို တစ်တောင်လောက်ကြီးအောင်တွေ ဒီထက်ကြီးတာတွေလည်း ရှိပါတယ်။ လက်ဆောင်ပေးဖို့ဆိုတော့ တစ်မိုက်လောက် အရုပ်ကလေးတွေဆို အသင့်တော်ဆုံးပေါ့။ ပြီးတော့ မြန်မာပြည်က ယွန်းအစ်လိုဟာမျိုးတွေ၊ ယွန်းဗူးလိုဟာတွေ၊ ယွန်းပန်းချီခေါ်မလား အဲသလိုတွေလည်း အများကြီးပါ။ ကျနော်က အရင်က ဒီဘက်တွေမှာလည်း အဲသလို လက်မှုပညာတွေ ထွန်းကားတယ်ဆိုတာ မသိပါဘူး။ ကိုယ့်ဆီပဲ ရှိတယ်မှတ်နေတာကိုး။ သူတို့ဆီက လက်ရာတွေကပိုပြီး သပ်ရပ်၊ ပိုလှနေသလိုလိုပါ။ သပ်ရပ်တာတော့ ပိုတယ်ထင်ပါတယ်။ ဘာရယ်မဟုတ်ပါဘူး ဒီဘလော့ဂ်ဖတ်တဲ့သူတွေလည်း ရုရှားကလက်ဆောင်ပစ္စည်းအလှအပလေးတွေ မြင်ဖူးအောင်ရယ်၊ အခြားသူတွေကိုလည်း ကိုယ်ရောက်နေတဲ့ ဒေသမှာ အဲသလိုလေးတွေ ရှိရင်လည်း ပြန်လည်ဝေမျှပေးဖို့တောင်းဆိုချင်လို့ပါ။ ကျနော်ကတော့ အင်တာနက်မှာ ပုံတွေရှာတင်ပေးလိုက်ပါပြီ။ အလှကြည့်ကြရတာပေါ့ဗျာ။

မြန်မာပြည်က ယွန်းပစ္စည်းလိုမျိုးတွေ





သော့ချိတ်ကလေးတွေ

ကြက်ဥလုံးလေးတွေ အလှပေါ့


မာသရိုရှကာ အရုပ်ကလေးတွေ






အရုပ်ကလေးတွေကို ဒီလိုအတွင်းထဲ ငုံပြီးထည့်တာ
အထင်ကရ နိုင်ငံရေးသမားတွေ

Read more...

သူဆိုသောမိန်းကလေး

>> Saturday, June 28, 2008

တိုးတိုးလေး…
ဒါပေမယ့် ဟိုး..အနက်ရှိုင်းဆုံးထိ
အဲဒါသူ့အသံလေးပေါ့။
ဖွဖွလေး…
ဒါပေမယ့် အထိရောက်ဆုံးကျူးကျော်မှု
အဲဒါသူ့အနမ်းလေးပေါ့။
အညင်သာဆုံး…
ဒါပေမယ့် အားလုံးကိုသိမ်းကျုံးယူငင်သွားတယ်
အဲဒါသူ့အထိအတွေ့လေးပေါ့။
အနူးညံ့ဆုံး…
ဒါပေမယ့်အရာအားလုံးထက်သာတယ်
အဲဒါသူ့စကားလုံးတွေပေါ့။
အမြတ်နိုးဆုံး
အားလုံးနဲ့မလဲနိုင်တယ်
အဲဒါ ကျွန်တော့်ရဲ့ “သူ”ဆိုသောမိန်းကလေး။ ။

Read more...

ဘလော့ဂင်း၊ ဘလော့ဂင်း

>> Wednesday, June 25, 2008


အခုတလော ကျနော်နဲ့မဇနိ အဆင်မပြေကြပါဘူး။ မဇနိတယောက် ကျနော့်ကို တတွတ်တွတ်နဲ့ အပြစ်တွေတင်နေတာပါ။ သူမက “ရှင့်ကြောင့်လေ ရှင့်ကြောင့်”တဲ့။ ကျနော်ကလည်း “ဟာကွာ ငါ့ကြောင့်ချည်းပဲ မဟုတ်ပါဘူးဟ။ တခြားလူတွေလည်း ရှိတာပဲ။ သူတို့ကိုလည်း ပြောဦးမှပေါ့” ဆိုတာလည်း သူမက မရပါဘူး လူရင်းဆိုတော့ ကိုယ့်ပဲ နာနာနှက်နေတော့တာပေါ့။ ခက်တော့တာပဲ။ ကျနော်လည်း ဘယ်သူ့ပြန်နှက်ရမှန်းမသိတော့ အဲဒါကြောင့် ဒီ ဂူဂယ်ကို ခက်တယ်ပြောတာပေါ့။ ရှိရှိသမျှ အကုန်အလကားပေးနေ။ အလကားရတော့ လက်အငြိမ်မနေနိုင်။ အလကားရတဲ့ ဇော်ဂျီကို အင်စတောလုပ်ပြီး ဘလော့ဂင်းနေမိတာပေါ့။ (ကျေးဇူးရှင်တွေကို စိတ်ထဲက စော်ကားသေးတာ။) ဘလော့ဂင်းနေတော့ ဘလော့ဂ်ကို လာလည်တဲ့သူ နည်းရင် ဒီပြဿနာကပေါ်လာတာပဲ။


ဘလော့ဂ် လူလာနည်းလို့ အပြစ်ပြောမယ်ဆိုလည်း ပြောလောက်ပါတယ်။ အခုဖြစ်နေတာက ဘယ်အချိန်ရိုက်သတ်သတ်ရတယ်၊ အဲဒါ ကိုယ်ခြံထဲက ကြက်လို့ ယူဆထားတဲ့ ကိုမောင်ဖြူတို့၊ ကိုမောင်လုံးတို့ကတောင် ဒီဘလော့ဂ် ဘက်ကို ခြေမချ၊ ခြေဦးမလှည့်တော့ပါဘူး။ ရေးဖော်ရေးဖက် စစ်ကိုင်းသူနဲ့ မမေအောင်တို့ကလည်း ဘယ်နေရာမှာပျော်မွှေ့နေပြီလဲ။ ခြေရာတွေပျောက်နေပါရောလား။ သံယောဇဉ်များ ဖြတ်နိုင်လိုက်ကြတာ ကိုပီဆာကျယ်နဲ့ ကိုအန်အေဆိုတာ ယောင်လို့တောင် လှည့်ကြည့်ရဲ့လားမသိ။ စာရေးကောင်းလို့ ခေါ်ထားရတဲ့ ကိုလူအေးကလည်း ဘလော့ဂ်ကို အရှင်လတ်လတ်နဲ့ ဖြတ်ထားရစ်ခဲ့ပြန်တယ်။ သံယောဇဉ် ဖြတ်ပြီး ကွန်ထရီဗြူတာလစ်(စ)ကတောင် ထွက်နိုင်သေးတာ၊ အလည်လည်း ရောက်တော့မယ်မထင်ပါဘူး။ ကိုသောကြာကလည်း စီဘောက်မှာ တချက်တချက်ပေါ်တော်မူလာပြီး ခွေးလှည်းလေး စီးတဲ့အခါ စီးရဲ့။ သူလည်း ကြာကြာမနေပါဘူး။

ဘလော့ဂ်မှာ ကိုယ်ရေးထားတာလေးတွေ လာဖတ်သူတွေများတယ်ဟ၊ အဲ ကွန်မန့်တွေ တပုံကြီးရတယ်နဲ့ ပျော်ရွှင်ရတာက ဘလော့ဂင်းရဲ့ အရသာလေ။ စီဘောက်မှာ ရှည်ရှည်ဝေးဝေးရေးသွားတာ မဟုတ်တောင် လာလည်ပါတယ်ခင်ဗျ၊ လည်လည်လာပါတယ်ရှင့် ဆိုပြီး နှုတ်ဆက်သွားတယ်ဆိုရင်တောင် ပျော်နေရတာမဟုတ်လား။

နောက်တချက်ခက်တာက ကျနော်က မဇနိကို statcounter ဘယ်လို့ကြည့်ရတယ်ဆိုတာကို သင်ပေးထားတာဆိုတော့ သူမက ဘယ်လို အိုင်ပီ အဲဒရက်(စ)နဲ့လာရင် ကျော်ခွလာတာ၊ statcounter ထဲမှာ ပေါ်တဲ့ အိုင်ပီကို စီဘောက် အိုင်ပီနဲ့တွဲတိုက်ဆိုင်ပြီး ဘယ်သူလာတယ်ဆိုတာကို label ထိုးလို့ရတယ်ဆိုတာတွေပါ သင်ပေးထားတော့ ဒီနေ့ဆို ဘယ်သူတွေလာတယ်၊ Visit Length က ဘယ်လောက်ရှိတယ်၊ Returning Visits က ဘယ်လောက်၊ Page Loads တွေ၊ Unique Visitor တွေ၊ Returning Visitors လည်း အကုန်သိနေတာကိုး။ ဒီတော့ ဘားဂရပ်ကြီးထိုးကျနေရင် ကျနော့်ကို ပြောတော့ ဆိုတော့တာပဲ။ ရှင်ဘယ်လိုဖြစ်ရတာလဲ ဒီလို အလကားဖတ်ခွင့်ပေးထားတဲ့ ဘလော့ဂ်တောင် လူများများ လာအောင် မစည်းရုံးနိုင်ဘူး၊ အဲ နောင်အချိန် တူနှစ်ကိုယ်ဘ၀မှာ စီးပွားရှာ ဈေးဆိုင်တွေများ ဖွင့်ရင် ရှင်ဘယ်လိုလုပ်စားမလဲတဲ့။ အိမ်ဦးနတ်လောင်းကြီးကို သူမိုလို့ ပြောရက်လိုက်တာ။ ဒီကလည်း ဘယ်ခံနိုင်မလဲ။ ဟေ့ မင်းကလည်း ဒီဘလော့ဂ်က မင်းလည်း ဆိုင်တာပဲကွ။ မင်းလည်း နည်းလမ်းရှာကြံရမှာပေါ့။ မင်း အိမ်လည်များများထွက်ကွာ၊ ကွန့်မန့်တွေရေး၊ စီဘောက်တွေမှာ လိုက်နှုတ်ဆက်ဆိုတော့ ကျမလည်း သွားတာပဲ။ တခါတခါ အလုပ်ရှုပ်တော့ အမြဲကျလည်း မသွားနိုင်ဘူးပေါ့တဲ့။ ရှင့် ကိုဖြူတွေ၊ ကိုလုံးတွေကို ခိုင်းပါ့လားတဲ့။ ဟ မင်းကလည်း ဘယ်နတ်မိမယ်တွေက ဟိုကောင်တွေကို ဘယ်လိုထိန်းချုပ်ထားတယ်ဆိုတာ မင်းသိလို့လား။ တော်ကြာ သူများတွေ အကွဲကွဲ အပြဲပြဲဖြစ်နေဦးမယ်လို့ပြောရတယ်။

ဒီတော့ ဥာဏ်ကြီးရှင် မဇနိက သူတို့ဆီက ဈေးဆိုင်တွေမှာ ဈေးအရောင်းမြှင့်တင်ရေးလုပ်သလို ဘလော့ဂ်အရောင်းမြှင့်တင်ရေးလုပ်မယ်တဲ့၊ ဟာ မင်းကလည်း ဟုတ်သေးပါဘူး။ ဘလော့ဂ် လူလာမြှင့်တင်ရေးလုပ်မယ်လုပ်စမ်းပါဆိုပြီး လူလာများအောင် စပြီး စဉ်းစားလာကြရတယ်။ မင်းတို့ဆီက ဈေးဆိုင်တွေက ဘယ်လိုလုပ်တာလဲ ပြောစမ်းပါဦးဆိုတော့ သူမက သူမဆီမှာ ရှိတဲ့ point card လေးကို ထုတ်၊ ဓာတ်ပုံရိုက်ပြီး ပို့ပေးတယ်။ ပြီး ရှင်းပြလေရော။ အရောင်းမြှင့်တင်ရေး ၀န်းထမ်းလေသံနဲ့ သူမပြောနေတာကို ဆက်ဖတ်ကြည့်ပါဦး။

ဒီကဒ်မှာတော့ အကွက် ၅၀ ကွက်ပြည့်ရင် ၅၀၀ ယန်း ပြန်သုံးလို့ရတဲ့စနစ်လေးလုပ်ထားတယ်။ အကွက်အကုန်ပြည့်မှ ယန်း ၅၀၀ ရမှာဆိုတော့ အကွက် ၅၀ ပြည့်အောင်ဝယ်ရတာလေ။ ဒီတော့ နောက်တခါလည်း ဒီဆိုင်မှာလာဝယ်ချင်စိတ်ပေါ်တာပေါ့။



ဒီကဒ်က gold point card ဆိုတဲ့ နာမည်နဲ့လိုက်အောင် အဖိုးတန်တဲ့ကဒ်ပါ။ သူက အီလက်တရောနစ်ပစ္စည်းဝယ်ရတာဆိုတော့ ၂၀ % လောက် ပွိုင့်ထည့်လိုက်ရင် အများကြီးဝင်နေတဲ့အတွက် သူ့ကိုတော့ မပျောက်အောင်သိမ်းတယ်။ သူကလည်း ၂၀% discount ကို ပိုက်ဆံမပေးဘူး။ သူ့ဆိုင်မှာ ပြန်ဝယ်တဲ့အခါ သုံးရတယ်။

အဲဒါတွေ ပြလည်းပြီးရော သူမက ဆက်ပြောတယ်။ ဒီလိုလုပ်မယ်လေတဲ့ ဒီဘလော့ဂ်ကို ဘယ်နှခေါက်(Returning Visits) လာသလဲဆိုတာရယ် ၊ ဘလော့ဂ်မှာ ဘယ်လောက်ကြာကြာနေသလဲ (Visit Length) ဆိုတာရယ်၊ comment ဘယ်နှခုရေးသလဲ၊ စီဘောက်မှာ ဘယ်နှကြိမ်အော်သွားစလဲဆိုတာပေါ်မူတည်ပြီး အလည်လာသူတွေအတွက် point card လေးတွေလုပ်ကြမယ်တဲ့။ ဒါမှ အပြင်မှာ ဈေးဆိုင်တွေမှာ ဈေးဝယ်သလို point တွေပြည့်တော့မှာ သွားထားမှ ဆိုပြီး ခဏခဏအလည်လာကြမှာတဲ့။ ကျနော်လည်း မင်းကတော့ အိုက်ဒီယာ ကောင်းသိပ်ထွက်ပဲ၊ အဲဒါတွေကြောင့် အကြင်နာပိုရတာဆိုတော့ အရေးထဲ အသားယူနေတယ်ဆိုပြီး ကျနော့်ဗိုက်ခေါက် လိမ်ဆွဲဖို့ အကြိမ်ရေးမှတ်ထားတဲ့ စာရွက်မှာ တာလီတချောင်းတိုးလိုက်သေးသတဲ့။

အိုက်ဒီယာကောင်းတော့ရပြီဆိုပြီး နှစ်ယောက်သား ပြုံးပြုံးကြီးတွေ လုပ်နေကြတာပေါ့။ ဟဲ ဟဲ တို့တွေလည်း စဉ်းစားတတ်တာပဲကွဆိုပြီး မာန်တတ်နေတဲ့ အပြုံးကြီးတွေနဲ့လေ။ ကဲ ဟုတ်ပါပြီ၊ point card မှာ point တွေပြည့်တော့ တို့တွေက ဘာအခွင့်အရေးတွေပေးမှာတုန်းဆိုတော့ အရေးအကြီးဆုံး အိုက်ဒီယာ ကျမပေးပြီးပြီ၊ ကျန်တာတော့ ရှင်စဉ်းစားတဲ့။ ခက်တော့တာပဲ ဒီက ထူပါတယ်ဆိုမှ။ ကဲဟာ ဒါဆိုဒီလိုလုပ်မယ်။ point card ပြည့်သွားတဲ့ မိန်းကလေး visitor တွေဆိုရင် လူပျိုကြီး မောင်ဖြူရဲ့ဓာတ်ပုံပြမယ်၊ ဂျီတော့မှာ မောင်ဖြူနဲ့ ချက်ခွင့်ပေးမယ်။ ဟီးဟီး။ အဲ point card ပြည့်သွားတဲ့ ယောက်ျားလေး visitor တွေအတွက်ကတော့ ဒီဘလော့ဂ်က ကွန်ထရီဗြူတာ အပျိုကြီးတွေဖြစ်တဲ့ စစ်ကိုင်းသူရယ်၊ မမေအောင်ရယ်ရဲ့ ဓာတ်ပုံပြတွေပြမယ်၊ ဂျီတော့မှာ သူတို့နဲ့ စကားပြောခွင့်ပေးမယ်။ ဟီးဟီး သူတို့ဆီကို ခွင့်မတောင်းဘဲ လုပ်လိုက်တာ အကြံမပိုင်လားဗျာ။ သဘောတူရင် လက်ခုပ်တီးပါဗျို့။
(ပြောလို့သာ ပြောရတာ ဒီအခွင့်အရေးတွေ ရမှာကြောက်ပြီး ဒီဘလော့ဂ်ကို လုံးဝအလည်မလာမှာလည်း ကြောက်ရသေးတယ်။)

အပျော်ရေးထားတာဆိုတော့ အပျော်ပဲဖတ်နော်။ မမတွေ ချိတ်ချိုးကြနဲ့နော်။

Read more...

သစ်ပင်စိုက်ခြင်းနှင့် တွေးမိတဲ့အရာ

>> Tuesday, June 24, 2008



အိပ်ယာက နိုးလာရင် ကျောင်းသွားရဦးမယ် ဆိုတဲ့အတွေးတွေနဲ့ မပျော်မရွှင်ဖြစ်သွားမိတယ်။ ဘယ်သူမှမရှိတဲ့ မနက်ခင်းစာကို ၀တ်ကျေတန်းကျေစားရဦးမယ်။ ပြီးတာနဲ့ ရထားတိုးစီးရဦးမယ်။ လမ်းတွေလျှောက်ရဦးမယ်။ မျက်လုံးပိတ်ပြီး လမ်းလျှောက်ရင်းနဲ့ ကျောင်းကိုသွားခဲ့တဲ့နေ့တွေ မနည်းခဲ့ပါဘူးဆိုတာ သတိရမိတယ်။ အခုတော့ ပြန်တွေးပြီး နည်းနည်းပြုံးလာနိုင်ပြီ။ အဲဒီရက်တွေကို လွန်မြောက်လာခဲ့ပြီ။ ကျွန်မရဲ့ မနက်ခင်းအိပ်ယာနိုးလာရင် စိတ်ပျော်ရွှင်မှု ရလာခဲ့ပြီ။



မနက်နိုးလာရင် ကျွန်မစိုက်ပျိုးထားတဲ့ အပင်လေးတွေ ပေါက်နေပြီလား။ အရွက်လေးတွေ ထွက်နေပြီလားဆိုတာ စူးစမ်းချင်စိတ်က အိပ်ယာမြန်မြန်ထစေတဲ့ အကြောင်းတခုဖြစ်လာခဲ့ပြီ ဆိုတာ သတိရမိတော့ တယောက်ထဲပြုံးမိလာပါတယ်။ ငယ်ငယ်တုန်းကဆို အမေစိုက်ပေးတဲ့ အပင်လေးတွေကို အရွက်ထွက်လာပြီလား၊ ဘယ်လောက်ကြီးလာပြီလဲဆိုတာ မောင်နှမတွေ လုပြီး နေ့တိုင်းသွားသွားကြည့်ခဲ့ကြတာ သတိရမိပါတယ်။ ပြီးလျှင် ဘယ်အပင်က ဘယ်လိုဆိုတာ အမေ့ကို အလုအယက်ပြောကြမည်။ နောက်ပိုင်းကျတော့ မလုရအောင် အပင်ခွဲတန်းချ မဲနှိုက်တာဝန်ယူ စောင့်ကြည့်ကြမည်ဟု သဘောတူခဲ့တာတွေကိုလည်း မမေ့နိုင်ခဲ့ပါဘူး။ ကျွန်မကတော့ အမေစိုက်ထားတဲ့ ရှောက်ပင်၊ သံပုရာပင်လေးတွေကို သဘောအကျဆုံးဖြစ်ခဲ့တယ်။ အရွက်နုအသစ်ထွက်လာရင် ဘယ်လိုပျော်မှန်းမသိ ပျော်ရွှင်ခဲ့ဖူးတယ်။ မောင်လေးအကြီးကတော့ နေ့လည်အားလပ်ချိန်တွေဆို သူပိုင် သင်္ဘောပင်မှ သင်္ဘောသီး မမှည့်တမှည့် ခူးပြီး အတူစားဖို့ အမြဲစိတ်ကူးနေတတ်ပါတယ်။ မမှည့်တမှည့်ဆိုတာက သူ့အပင်ကို အမြဲကြည့်ပြီး နည်းနည်းဝင်းလာရင် ခူးတတ်လို့ ဘယ်တော့မှ အသီးမှည့်အောင် သူမစောင့်လို့ ပြောတာပါ။

အမေတို့က သူတို့မွေးဖွားခဲ့တဲ့ ကျွန်မတို့ကို သူတို့စိုက်ပျိုးလာတဲ့အပင်လေးတွေနဲ့တွဲပြီး မှတ်သားထားတတ်တယ်။ ကျွန်မကိုမွေးခဲ့တဲ့အချိန်က သားသမီးအဦးဆိုတော့ အဖေက သိပ်ပျော်ခဲ့တယ်တဲ့။ သမီးလေးမွေးပြီဆိုတာနဲ့ အိမ်ရှေ့မှာ အမှတ်တရ တမာပင်ပြေးစိုက်ခဲ့တယ်။ မောင်လေးအကြီးကို မွေးခဲ့တဲ့အချိန်မှာတော့ အိမ်နောက်မှာ မန်ကျည်းပင်စိုက်ခဲ့ပါတယ်။ မောင်လေးငယ်ငယ်ကဆို မန်ကျည်းပင်နားသွားပြီး “သားနဲ့သူနဲ့ သားက အရပ်ပိုရှည်နေပြီ“လို့ ပြောတာမှတ်မိနေပါတယ်။ မောင်လေးအငယ်မွေးတဲ့အချိန်ကတော့ အမြွာလေးမွေးလို့ အဖေက ဧကရာဇ်ပင် ၂ ပင်စိုက်ခဲ့တယ်။ အခုတော့ မောင်လေးနဲ့ရွယ်တူ မန်ကျည်းပင်က မန်ကျည်းသီးတွေတောင် သီးတဲ့အရွယ်ရောက်နေပါပြီ။ သူတို့စိုက်ခဲ့တဲ့အပင်လေးတွေကိုမြင်တိုင်း အဖေနဲ့အမေက သူတို့ပြုစုခဲ့ရတဲ့ သားသမီးတွေကို သတိရတတ်တယ်တဲ့။


အိမ်မှာ သစ်ပင်စိုက်တုန်းကတော့ မျိုးစေ့လေးချပြီးရင် အညှောင့်ထွက်လာမှ စိတ်ချမ်းသာရတာပါ။ မျိုးစေ့အောင်ပါ့မလား။ မြေကကောင်းရဲ့လားလို့ အမြဲစိတ်ပူခဲ့ရပါတယ်။ ကျွန်မတို့အိမ်က မြေတွေက နည်းနည်းမာတော့ စိတ်ပူရပါတယ်။ ဒီရောက်တော့လည်း ကျောင်းကပေးတဲ့ အဆောင်မှာ နေစဉ်က အပင်စိုက်ဖို့ သတိမရမိပါဘူး။ ဆိုင်တွေမှာ ပန်းအိုးတွေ တွေ့တော့လည်း စိတ်မ၀င်စားမိဘူး။ အခု ကိုယ်တိုင်ငှားနေတဲ့အိမ်မှာတော့ အေးအေးဆေးဆေး အပင်လေးတွေ စိုက်လို့ရတာရယ်၊ ကိုဇနိက သစ်ပင်လေးတွေစိုက်ရင် စိတ်ပျော်တယ်ဆိုတာရယ်နဲ့ စိတ်ထဲမှာ အပင်စိုက်ချင်တယ်ဆိုတဲ့အတွေး ရောက်လာခဲ့တယ်။ အဲလိုတွေးတတ်လာတာနဲ့ ကျောင်းသွားရင် မျက်လုံးပွင့်ပြီး သွားချင်လာတယ်။ ဟိုငေးဒီးငေးလေးတွေ လုပ်တတ်လာတယ်။ အိမ်နဲ့ကျောင်းကို စက်ဘီးတောင် မစီးချင်တော့ဘူး။ လမ်းလျှောက်ရင် အပင်တွေငေးသွားရင် ဘယ်လိုရောက်သွားမှန်းတောင် မသိအောင် ဖြစ်လာတယ်။

ပန်းအိုးတွေ ဈေးဘယ်လောက်ပေးရတယ်၊ ဘယ်မှာဝယ်ရတာလဲဆိုတာကို အမတယောက်ကို ဖုန်းဆက်မေးလိုက်တော့ သူ့စိုက်ခင်းလေးကိုပါ ဓါတ်ပုံပို့ပေးတယ်။ မျိုးစေ့လေးတွေပါ ၀ယ်လို့ရတဲ့အတွက် အဆင်ပြေသွားပါတယ်။ အခုတော့ ပိစိညှောင့်အပင်လေးတွေကို နေ့တိုင်းအရိပ်တကြည့်ကြည့်နေရတာ ပျော်စရာလို့ သတ်မှတ်လာတယ်။ အိမ်တိုင်းလည်း ပန်းပင်လေးတွေ တော်တော်များများစိုက်ကြတယ်။ လမ်းဘေးတွေမှာလည်း စိုက်ကြတယ်။ မြေကြီးထုပ်လေးတွေကလည်း ယန်း ၁၀၀ ပဲပေးရပါတယ်။ မြေသြဇာပါပြီးသားဆိုတော့ ငယ်ငယ်တုန်းကလို အပင်ပေါက်ပါ့မလားလို့ မစိုးရိမ်ရတော့ပါဘူး။ ရက်လည်းမကြာဘဲ အပင်တွေကလည်း ဖွင့်ဖြိုးလှပါတယ်။ အခုမှအပင်ပေါက်လေးတွေကို ကျွန်မက အတော်သံယောဇဉ်တွယ်နေပြီဆိုတော့ အဖေ၊အမေတို့လို နှစ်ရှည်လများ ပြုစုပျိုးထောင်လာတဲ့ မိဘတွေဆိုရင် ဘယ်လောက်သံယောဇဉ်ခိုင်မာမလဲဆိုတာ တွေးကြည့်မိနေတယ်။ သူတို့ပြုစုခဲ့တဲ့အပင်လေးတွေ သူတို့မျက်စိရှေ့ရှိမနေဘူးဆိုရင် အရာရာအတွက် စိတ်ပူနေမလား၊ လွမ်းဆွတ်နေမလား၊ ဒါမှမဟုတ် သူတို့ပြုစုခဲ့တာလေးတွေ ရှင်သန်လာလို့ ဂုဏ်ယူနေမလားဆိုတာ စိတ်မှန်းဖြင့် တွေးတောနေမိပါတော့တယ်။

မဇနိ

Read more...

မြန်မာပြည်တွင် ဆေးစစ်ခြင်း နှင့် သွားဝေဒနာ

>> Monday, June 23, 2008



ငယ်ငယ်တုန်းက ကြားဖူးတာလေးရှိပါတယ်။ သွားနာ၊သွားကိုက်များဖြစ်ရင် သံယောဇဉ်တွယ်မနေရဘူး၊ ဆေးခန်းသွားရတယ်။ နှုတ်ပစ်ရတယ်တဲ့။ ကြားဖူးတာပဲရှိတာပါ။ ကိုယ်တိုင်က သွားနာရင် ဘယ်လိုခံစားရတယ်ဆိုတာ အရင်ကနားမလည်ခဲ့ဘူး။


တခြားနိုင်ငံကို ကျောင်းသွားတက်မယ်ဆိုတော့ ကျွန်မ ဆေးမစစ်မနေရ စစ်ရပါတယ်။ ဆေးရုံတွေကို ပြေးရတာလည်း မောလို့။ ပေးရတဲ့ပိုက်ဆံကလည်း နေရာတိုင်း။ ရွာသာကြီးတောင် သွားလိုက်ရသေးတယ်။ အခုတော့လည်း နေပြည်တော်မှာ တနေ့တည်းပြီးတယ်ဆိုလား။ အဲလိုဆိုရင်တော့ ကံကောင်းကြတယ်မှတ်ရမယ်။ ဟောက်ဆာဂျင်မတွေကလည်း နာမည်နဲ့လိုက်အောင် ငေါက်တတ်ကြတယ်။ အမေပြောသလို စကားကို သာသာယာယာပြောကြပါ “သာသာပြောလည်း ဒီစကား၊ နာနာပြောလည်း ဒီစကား”တဲ့။ အဲလိုပါပဲ။ OG သွားစစ်တဲ့နေ့က အဆိုးဆုံးပါ။ ဒီကုတင်ပေါ်တက်ခိုင်းတာကို “တက် မြန်မြန်တက်၊ ဒီဖက်က မတက်နဲ့ လူထိုင်နေတာ မမြင်ဘူးလား၊ သွား ဟိုဖက်က တက်”လို့ ငေါက်ပြောပါတယ်။ ဒါတောင် စကော်လာနဲ့ ကျောင်းသွားတက်မည့်သူတွေ သူတို့တောင်းသလောက် အလှူငွေထည့်ထားတာ သူတို့သိပါတယ်။ လူကြည့်လိုက်တော့ ကျွန်မတို့နဲ့ ရွယ်တူတွေပါ။ ဒုတိယနှစ်လောက်က ကျွန်မတို့ကျောင်း လာလည်ဖူးတဲ့ တနှစ်တည်း ဆယ်တန်းအောင်တွေပါ။ ကျွန်မတို့အမေတို့လို နယ်ကလာတဲ့ လူကြီးတွေဆို ဘယ်လိုများဆက်ဆံမလဲ တွေးသာကြည့်ပါတော့လေ။

သွေးစစ်တဲ့နေရာမှာ လိုက်လုပ်ပေးတဲ့သူဆိုပြီး ပိုက်ဆံတောင်းတော့ ပေးလိုက်ရတာပါပဲ။ နောက်တစ်ယောက်က သူနဲ့လည်း ဆိုင်တယ်တဲ့။ result မြန်မြန်လိုချင်ရင် သူ့ကိုလည်း ပေးရမယ်တဲ့။ ဓါတ်မှန်ခန်းဝင်မယ်လုပ်တော့ သူတို့က မှာသေးတယ်။ ဖလင်ဆေးတဲ့လူက ပိုက်ဆံတောင်းရင် မပေးနဲ့ မြန်မြန်ထွက်ခဲ့ဆိုလို့ အဲဒီကုလားကို သစ်စိမ်းချိုး ချိုးခဲ့ရသေးတယ်။ သူငယ်ချင်းတွေတော့ ၁ ပတ် ၁၀ ရက် ဆေးစစ်ရတယ်ပြောပါတယ်။ ကျွန်မကတော့ စိတ်က မြန်တဲ့သူ မြန်မြန်ပြီးချင်တာနဲ့ ၃ ရက်နဲ့ အပြီးသွားတော့ ပင်ပန်းခဲ့ပါတယ်။ အတူလိုက်စစ်တဲ့ ညီမတစ်ယောက်ကတော့ ၁ ရက် ပြီး ဖျားတော့တာပဲ။ သူလည်း ကျွန်မလောတိုင်း လိုက်လောရတာ ပင်ပန်းတယ်နဲ့ တူပါတယ်။

စစချင်းနေ့မှာ သွေးစစ်၊ ECG ၀င်၊ သွား အဲဒီ ၃ ခု ဆက်တိုက်သွားပါတယ်။ နေ့လည် ၁၂ မထိုးခင် ၁၀ မိနစ်လောက်ကို ကျောက်ကပ်ဆီပြေးရပါတယ်။ ဒါနဲ့ တရက်ကုန်သွားပါတယ်။ တချို့ ဌာနက အချိန်ကန့်သတ်ပါတယ်။ တချို့ ဌာနက နေ့သတ်မှတ်ထားတယ်။ နောက်တရက်မှာ အရေပြား၊ ဦးနှောက်အာရုံကြောပြေးရပါတယ်။ နေလည် ၁၁ နာရီဝန်းကျင်မှာ အမျိုးသမီးဆေးရုံကို အပြေးသွားရပြန်ပါတယ်။ အမျိုးသမီးဆေးရုံမှာလည်း အထုထောင်းခံရပါတယ်။ သူငယ်ချင်းတွေ ဆေးစစ်တုန်းကတော့ အမျိုးသမီးဆေးရုံက ပြန်လာတဲ့နေ့ဆို မျက်နှာမကောင်းပါဘူး။ ဘာဖြစ်တာလဲ မေးလို့လည်း မရပါဘူး။ နောက်တနေ့မနက်မှာ မျက်စိ၊ နား၊ နှာခေါင်းကို အစောကြီးသွားရတယ်။ အဲဒီက မြန်ပါတယ်။ ပြီးတာနဲ့ ရွာသာကြီးကို သွားရတယ်။ လိုင်းကားနဲ့သွားရင် မှီမှာမဟုတ်တဲ့အတွက် တက္ကစီငှားရပါတယ်။ မိန်းကလေး၂ ယောက်တည်း သွားရမှာ ကြောက်တာနဲ့ သူငယ်ချင်းကို တနေကုန်ခေါ်သွားပြီး နှိပ်စက်ရသေးတယ်။ သူငယ်ချင်းပါတာလည်း ကောင်းပါတယ်။ ရောက်ရောက်ချင်း သူတို့ကို လက်ဖက်ရည်တိုက်ချိန်ဆိုတော့ သူတို့လမ်းတန်းတန်း မသွားဘဲ ကျွန်မတို့ဆီလာပြီး သူ့လာတွေ့တာလားလို့ မျက်လုံးကြီး ပြူးမေးလို့ သူငယ်ချင်းက အသံခပ်မာမာနဲ့ပြောခဲ့ရသေးတယ်။ တချို့လည်း သနားစရာမျက်လုံးတွေကို တွေ့ခဲ့ရတယ်။ ဆေးရုံအုပ်ကြီးက မိတ်ဆွေတယောက်နဲ့ အလာပ သလာပ စကားတွေပြောနေတာကို ၄ နာရီလောက် စောင့်ခဲ့ရပါတယ်။

လိုတာတွေ မနက်ခင်းမှာ စစ်ပြီးတော့ ညနေပိုင်းမှာ သွားဆေးခန်းကို ၃ ခါသွားရပါတယ်။ ငယ်ငယ်ကရှိတဲ့ သွားပိုးပေါက်ပိစိက ဘယ်တုန်းကမှ မနာ၊ မကိုက်ပါဘူး။ အဲဒါကို ခြစ်၊ ချဲ့လုပ်ရပါတယ်။ အငေါက်လည်း ခံရပါတယ်။ အသားလည်း နာ၊ အငေါက်လည်း ခံ၊ ပိုက်ဆံလည်း ၄ သောင်းကျော်ပေးရပါတယ်။ သွားဖာပေးလိုက်တာပါ။ အဲဒါတွေ လုပ်ပြီးမှာ နောက်နေ့မှာ ဆေးရုံက လက်မှတ်ရနိုင်တာဆိုတော့ မလုပ်လို့မဖြစ်ပါဘူး။ လက်မှတ်က အရေးကြီးနေတဲ့ အချိန်ဆိုတော့ သူပြုသမျှနုခဲ့ရပါတယ်။ အမတယောက် နိုင်ငံခြားသွားတော့လည်း အဲဒီဆရာလုပ်ပေးလိုက်တာ အကြောထိပြီး အခု နှုတ်ခမ်းမှာ တခုခုဆို မသိတော့ဘူတဲ့။

ကျွန်မသွားဖာပေးလိုက်တာကတော့ ဒီရောက်ပြီး ၂ လလောက်အကြာမှာ ကျွတ်ထွက်သွားပြီး အခေါင်းပေါက်အကျယ်ပဲ ကျန်တော့ပါတယ်။ ဆေးခန်းလည်း မပြရဲပါဘူး။ နိုင်ငံခြားမှာ ဈေးအရမ်းကြီးတယ်လို့ ကြားဖူးတော့ ဆေးခန်းပြဖို့ စိတ်မကူးတော့ဘူး။ ဒီတိုင်းနေရာကနေ တနေ့ကျတော့ ဘယ်လိုမှ မနေနိုင်အောင် နားထင်ကြောတွေပါ ကိုက်လာပါတယ်။ လူကလည်း အားတွေနည်းပြီး ခြေလှမ်းလှမ်းဖို့ကို မနည်းအားယူနေရပါတယ်။ မဖြစ်တော့ဘူးဆိုပြီး health insurance လည်း ရှိတာနဲ့ သွားလိုက်တော့တယ်။ ဆရာက ၆ ခါလာရမယ်ဆိုတော့ ကျောင်းပြန်ဖွင့်တော့မှာမို့ မြန်မြန်ပျောက်ချင်ပါတယ်ဆိုတော့ ၄ ခါနဲ့ သဘောတူခဲ့တယ်။ အပတ်စဉ် သွားခြစ်တယ်။ ဆေးထည့်တယ်။ treatment ပေးတယ်။ အင်မတန် စိတ်ရှည် ညင်သာတဲ့ ဆရာဝန်ကြီးပါ။ သွားခြစ်တော့လည်း မြန်မာမှာ သွေးတွေထွက်တယ်။ တံတွေးထွေးချင်ရင် အငေါက်ခံပြီးမှ ထွေးရတယ်။ ဒီမှာတော့ သူ့အလိုလိုစက်နဲ့ခြစ်ရင်း အညစ်အကြေးတွေပါ စုပ်သွားတာ။ ဘာမှတောင် မမြင်မသိရပါဘူး။ ဒါတောင် နည်းနည်းနာရင် ငိုချင်လာတော့ ဘေးက အကူနာ့စ်က နာလား၊ နာလား လို့ အမြဲမေးပေးနေပါတယ်။

ပြောချင်တာက ဆေးကုလည်း ဈေးသိပ်မကြီးပါဘူးဆိုတာပါ။ ၄ ခါသွားပြပြီး သွားဖာပေးလိုက်တာကို ယန် ၂၁၀၀၀ ကျပါတယ်။ အဲဒါကို ကျန်းမာရေးကဒ်ရှိတော့ ၃၅%လျော့လိုက်တော့ ဆေးခန်းမှာ ယန်း ၇၃၅၀ပေးရပါတယ်။ ကျောင်းရောက်တော့ ကျောင်းသားရေးရာကို သွားပြောတော့ ဆရာဝန်ဘောင်ချာကို မိတ္တူကူယူပြီး ၃၅% ထပ်ပြီး ဘဏ်မှာထည့်ပေးပါတယ်။ ယန်း ၂၅၇၃ ကို ၂ ပတ်လောက်အကြာမှာ ရပါတယ်။ ကျွန်မကျသင့်ငွေက ယန်း ၅၀၀၀ ကျော်ဆိုတော့ မြန်မာငွေ ၅ သောင်းလောက် ကုန်ပါတယ်။ အစစ အရာရာဈေးကွာလှတဲ့ ဒီနိုင်ငံမှာ သွားဆေးခန်းပြတာ အတော်သက်သာပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ခင်တဲ့သူများ နေမကောင်းလည်း ဆေးခန်းသွားခိုင်းတယ်။ သွားမကောင်းရင် သွားဆေးခန်းသွားလို့ ကျွန်မတော့ ပြောမိနေတော့တယ်။ သွားနာတဲ့ဝေဒနာကိုခံစားဖူးတော့ သွားဆေးခန်းကို အမြန်သွားတာ အကောင်းဆုံးလို့ မြင်မိနေတာပါ။ ဒီနေ့ ပိုက်ဆံသွားထုတ်တော့ အကောင့်ထဲမှာ အရင်လက တင်ထားတဲ့ ယန်း ၂ ထောင်ကျောင်ဝင်နေလို့ သတိရပြီး ပြောပြလိုက်ပါတယ်။

မဇနိ

Read more...

Million scarlet roses

>> Saturday, June 21, 2008



ဒီနေ့တော့ ရုရှားသီချင်းတပုဒ်ကို ဘလောဂ်မှာ တင်ပါ့မယ်။ နားထောင်ကြည့်စေချင်ပါတယ်။ အဲဒီသီချင်းကို ဂျပန်ဘာသာနဲ့လည်း ဆိုထားတာရှိပါတယ်။ သီချင်းလေးက နားဝင်ချိုပါတယ်။ မဇနိ ဂျပန်စာသင်တုန်းက အဲဒီသီချင်းလေးကို ကျောင်းမှာ သင်ခန်းစာအနေနဲ့ နားထောင်ရတယ်ဆိုတော့ ကျနော် အံ့သြသွားပါတယ်။ ကျနော် ရုရှားစာသင်တုန်းကလည်း အဲဒီသီချင်းလေးကို ဖွင့်ပြီး နောက်က လိုက်ဆိုရလို့ပါ။ ရုရှားစကားသင်ပေးခဲ့တဲ့ ပထမဆုံးဆရာမကြီး Елена Александровна Романова ကိုလည်းလွမ်းမိပါတယ်။


သီချင်းကို မြန်မာလို ဘာသာမပြန်တော့ပါဘူး။ အင်္ဂလိပ်လို ဘာသာပြန်ထားတာကိုပဲ ဖတ်ပြီးခံစားစေချင်ပါတယ်။

Million scarlet roses

Once upon a time there was an artist.
He had a cottage and canvasses.
But He loved an actress.
You, who loved flowers.
Therefore he sold his house,
Sold paintings and shelter.
And with all the money he bought
An entire sea of flowers.

Million, million, million scarlet roses
From the window, from the window, from the window you see,
Who is in love, in love, in love and serious.
Would turn his life into flowers for you.

In the morning you stand by the window,
Perhaps you've gone insane?
Like the continuation of a dream,
The square is full of flowers.
Your heart goes cold.

Why these miraculous riches?
But beneath the window, barely breathing.
Stands the poor artist.

A million, million, million scarlet roses
from the window, from the window, from the window you see,
Who is in love, in love, in love and serious,
Would turn his life into flowers for you.

The meeting was short,
That night her train left,
But in her life there was
A crazy song of roses.
The artist lived out his life alone,
He went through many tragedies,
But in his life there had been
A whole square full of flowers!

A million, million, million scarlet roses
from the window, from the window, from the window you see,
Who is in love, in love, in love and serious,
Would turn his life into flowers for you.

Million scarlet roses.mp3 - Alla Pugacheva

ရုရှားသီချင်းစာသားဖတ်ချင်တဲ့သူတွေ အတွက်လည်း ရုရှားလို စာသားတင်ပေးလိုက်ပါတယ်။

«Миллион алых роз»

Жил-был художник один,
Домик имел и холсты.
Но он актрису любил,
Ту, что любила цветы.
Он тогда продал свой дом,
Продал картины и кров
И на все деньги купил
Целое море цветов.

Миллион, миллион,
Миллион алых роз
Из окна, из окна,
Из окна видишь ты.
Кто влюблен, кто влюблен,
Кто влюблен, и всерьез,
Свою жизнь для тебя
Превратит в цветы.

Утром ты встанешь у окна,
Может, сошла ты с ума, -
Как продолжение сна,
Площадь цветами полна.
Похолодеет душа:
Что за богач здесь чудит?
А под окном, чуть дыша,
Бедный художник стоит.

Миллион, миллион,
Миллион алых роз
Из окна, из окна,
Из окна видишь ты.
Кто влюблен, кто влюблен,
Кто влюблен и всерьез,
Свою жизнь для тебя
Превратит в цветы.

Встреча была коротка,
В ночь ее поезд увез,
Но в ее жизни была
Песня безумия роз.
Прожил художник один,
Много он бед перенес,
Но в его жизни была
Целая площадь цветов.

Миллион, миллион,
Миллион алых роз
Из окна, из окна,
Из окна видишь ты.
Кто влюблен, кто влюблен,
Кто влюблен и всерьез,
Свою жизнь для тебя
Превратит в цветы



ဂျပန်လိုလည်း နားထောင်နိုင်ပါတယ်။ ဂျပန်လို စာသားတွေလည်းတင်ပေးပါတယ်။
Million_scarlet _roses(japan rmx) -

ひゃくまんぼんの ばら

ちいさい いえと きゃそばす ほかにわ なにも ない
chiisai ieto kyasobasu hokaniwa nanimo nai
まずしい えかきが じょゆうに こいをした
mazushii ekakiga jyoyuuni koiwoshita

だいすきな あのひとに ばらの はなを あげたい
daisukina anohitoni barano hanawo agetai
あるひ まちじゅうの ばらを かいました
aruhi machijyuuno barawo kaimashita

  * ひゃくまんばんの ばらの はなを
hyakumanbanno barano hanawo
    あなたに あなたに あなたに あげる
anatani anatani anatani ageru

    まどから まどから みえる ひろばを
madokara madokara mieru hirobawo
    まっかな ばらで うめつくして
makkana barade umetsukushite


ある あさ かのじょは まっかな ばらの うみを みて
aru asa kanojyo wa makkana barano umiwo mite
どこかの おかねもちが ふざけたのだと おもった
dokokano okanemochiga fuzaketanodato omotta
ちいさな いえと きゃそばす すべてを うって ばらの はな
chiisana ieto kyasobasu subetewo utta barano hana

かった まずしい えかきは まどの したで かのじょ を みてた
katta mazushii ekaki wa madono shitade kanojyo wo miteta

    ひゃくまんばんの ばらの はなを
hyakumanbanno barano hanawo

    あなたに あにたに あなたに あげる
anatani anatani anatani ageru

    まどから まどから みえる ひろばは
madokara madokara mieru hirobawa
    まっかな まっかな ばらの うみ
makkana makkana barano umi


であいは それで あわり じょゆうは べつの まちへ
deai wa sorede awari jyoyuu wa betsuno machihe
まっかな ばらの うみは はなやかな かのじょの じんせい
makkana barano umi wa hanayakana kanojyono jinsei
まずしい えかきは こどくな ひびを おくった
mazushii ekaki wa kodokuna hibiwo okutta
けれど ばらの おもいでは こころに きえなかった
keredo barano omoidewa kokoroni kienakatta

* ひゃくまんばんの ばらの はなを
hyakumanbanno barano hanawo
    あなたに あなたに あなたに あげる
anatani anatani anatani ageru

    まどから まどから みえる ひろばを
madokara madokara mieru hirobawo
    まっかな ばらで うめつくして
makkana barade umetsukushite


Youtube မှာလည်းရှာတွေ့လို့ ဗွီဒီယိုဖိုင်တင်လိုက်ပါတယ်...



ကျေးဇူးတင်ပါတယ်။

Read more...

ဂုဏ်ပြု မုန့်ဟင်းခါး

>> Wednesday, June 18, 2008


မနေ့ညက အိုးဝေမှာ ကေဖိုးနဲ့တွေ့တယ်။ သူက သူချက်ထားတာတွေကို သွားရည်ကျအောင် လာပြောတယ်လေ။ ပြီးတော့ တစ်ယောက်တစ်လှည့် စားချင်တဲ့၊ လွမ်းနေတဲ့ မြန်မာ အစားအသောက်တွေကို ထိုင်ပြောကြတော့တာပါပဲ။ လှည်းတန်းက ကြာဇံချက်၊ မင်းလမ်းက ရခိုင်မုန့်တီ၊ YKKO က ကြေးအိုး၊ ရွှေရည်က မြန်မာမုန့်မျိုးစုံ၊ လှည်းကလေးနဲ့ ဒိန်ချဉ်၊ စုံလို့ပါပဲ။ အဲဒါတွေ မပြောခင်က အိုးဝေမှာ ၃ ယောက်ရှိနေတယ်။ နောက်တစ်ယောက် ဘယ်သူလဲ မသိဘူးဆိုပြီး မေးကြသေးတယ်။ ထွက်တော်မူမလာဘူး။ အစားအသောက် အသံကြားမှပဲ သွားရည်တွေကျပြီး ထွက်လာတော့တယ်။ ဘယ်သူများမှတ်နေ။ Blog ပိုင်ရှင်ကြီးပေါ့။


သူလဲ စားချင်တယ်တဲ့။ အဲဒါနဲ့ စစ်ကိုင်းသူလဲ ဘာရမလဲ ဒီနေ့ မုန့်ဟင်းခါးချက်စားမယ်လို့ သူသွားရည်ပိုကျအောင် ပြောပစ်လိုက်တာပေါ့။ ချက်စားမယ်ဆိုပြန်တော့လဲ တစ်ယောက်တည်း ချက်စားရတာ ပျင်းစရာကြီး၊ အဖော်ကလဲ မရှိ။ နောက်မှ သွားသတိရတယ်။ အိုးဝေက သူငယ်ချင်းတွေနဲ့စားမှာပေါ့လို့။ လာလည်တဲ့သူတွေကိုလဲ ကျွေးမယ်လေ။

အဲဒါနဲ့ပဲ ညက အဆောင်ပြန်ရောက်တော့ မုန့်ဟင်းခါး ချက်ကျွေးတာတော့ ဟုတ်ပါပြီ။ ဘာအထိမ်းအမှတ်နဲ့ ကျွေးရပါ့လို့ စဉ်းစားပြန်တော့၊ ကိုယ့်မွေးနေ့ကလဲ ပြီးသွားတာ ကြာပေါ့။ ဇနိမောင်နှံတို့လို အပြန်အလှန် မွေးနေ့ပွဲကျင်းပပေးစရာလူကလဲ မရှိဆိုတော့ကာ၊ ဘယ်လိုလုပ်ရပါ့ပေါ့။ အို မုန့်ကျွေးတာပဲ ဘာလို့ကျွေးကျွေး စားတဲ့သူက စားမှာပဲ သူတို့ကို ကျွေးခိုင်းတာမှ မဟုတ်တာ။ ဘယ်သူမှ အကြောင်းပြချက် တောင်းမနေပါဘူး။ မနက်ဖြန် ချက်ဖြစ်အောင်ချက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမဲ့ အခုတော့ ကံအားလျော်စွာပဲ မုန့်ဟင်းခါးကို ဘယ်အထိမ်းအမှတ်နဲ့ ကျွေးတယ်လို့ ပြောစရာ ရသွားပေါ့။ မနေ့ညက တီဗွီဖွင့်ကြည့်လိုက်တော့ Star Sport နဲ့ ESPN ပြန်ရနေတာ တွေ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကန်မဲ့အသင်းက အီတလီ ဖြစ်နေပါပေါ့လား။ စစ်ကိုင်းသူကလဲ အီတလီအသင်းဆို အရမ်းသဘောကျပဲ။ ၁၉၉၄ ကမ္ဘာ့ဖလားပွဲ ကတည်းကပေါ့။ အသင်းစွဲဆိုတာထက် လူကစ စွဲတာလို့ ပြောရမလားမသိဘူး။ ရောဘတ်တို ဘက်ဂီယိုဘောလုံးကန်တာကို အရမ်းသဘောကျတာနဲ့ အီတလီအသင်းကို အားပေးလာတာ အခုအချိန်ထိဆိုပါတော့။

ကြားဖြတ်ပြီး ၉၄ ကမ္ဘာ့ဖလားပွဲအကြောင်းနည်းနည်းပြောမယ်နော။ ကမ္ဘာ့ဖလားပွဲဆိုတာ အဲဒီနှစ်ကမှ စကြားဖူး၊ ကြည့်ဖူးတာပါ။ 555 က sponsor လို့ထင်တာပဲ။ ပွဲတိုင်းကိုတော့ မပြပါဘူး။ အဲဒီတော့ ဘောလုံးပွဲကို ဘယ်လိုကြည့်ရလဲဆိုတာ ပြောရဦးမယ်။ တီဗွီကလာတဲ့ပွဲတွေတော့ တစ်ဝန်းထဲနေတဲ့ ဦးလေးအိမ်မှာ ကြည့်လို့ရတယ်။ ကျန်တဲ့ပွဲတွေကျ ဘေးအိမ်က ဗွီဒီယိုရုံမှာ ကြည့်တယ်။ အဲဒီကို သွားကြည့်တာတော့ မဟုတ်ပါဘူး။ ဗွီဒီယိုရုံပိုင်ရှင်က ကြည့်တဲ့သူ အရမ်းများတော့ ရုံထဲမှာ မပြဘဲ အပြင်မှာ ထုတ်ပြပါတယ်။ အဲဒါကို စစ်ကိုင်းသူတို့ မောင်နှမတစ်တွေက ဒီဖက်ကနေ အဖေ့ကျူရှင်ခန်းထဲက ခုံတွေကိုထုတ် အဲဒီအပေါ်မှာ ကုလားထိုင်တင်ပြီး၊ ဝန်းထရံ ကျော်ကြည့်ကြတာပါ။

အီတလီပွဲကြည့်တိုင်း ခံစားရတဲ့ခံစားချက်ကို ပြောပြဦးမယ်။ ရင်ဘတ်ထဲ ဘင်ခရာတီးဝိုင်းကြီး ရောက်နေလားမှတ်ရ။ စိတ်ထဲမှာသာ အဲလိုဖြစ်နေတာ။ လူက တခြားပွဲတွေကြည့်သလို အသံလုံးဝမထွက်နိုင်ဘူး။ ဘုရားစာ ရွတ်နေရလို့လေ။ ဘောလုံးက အီတလီခြေထဲမှာ ရှိရင် ဂါထာတစ်ခုရွတ်၊ တစ်ဖက်အသင်းခြေထဲရောက်သွားရင် နောက်တစ်ခု ပြောင်းရွတ်နဲ့ မအားနိုင်ရအောင်ပါပဲ။ အရင် အီတလီပွဲတွေတုန်းက ပွဲတိုင်းကြည့်တယ်။ Final ပွဲကျတော့ လာတာက ည ၂ နာရီလောက်ကြီး။ ကြည့်လို့ ဘယ်လိုမှ အဆင်မပြေ။ ရုံကလဲ အဲဒီအချိန်ကျ လူက ညဦးပိုင်းလောက် မများတော့ ရုံထဲမှာပဲ ပြပါတယ်။ ဒါပေမဲ့ ဗွီဒီယိုရုံနဲ့ စစ်ကိုင်းသူ အိပ်တဲ့ အခန်းနဲ့က ကြားထဲမှာ အသား ဝန်းထရံရယ်၊ ၄၊ ၅ ပေလောက် ကွက်လပ်လေးရယ်ပဲ ခြားတော့၊ အသံတွေက အကုန်ကြားနေရပါတယ်။ အသံပဲ ကြားရပြီး မမြင်ရတော့ ပိုပြီး အသည်းယားပါတယ်။ အားလုံးသိကြတဲ့အတိုင်း အဲဒီနှစ်က Penalty နဲ့ အီတလီလေး ရှုံးသွားပါရောလား။ စစ်ကိုင်းသူရဲ့ ဘက်ဂီယို Penalty ကန်တာ မဝင်တာပါတဲ့။ သူ့အတွက်လဲ စိတ်မကောင်း၊ အသင်းအတွက်လဲ စိတ်မကောင်းပေါ့။ နောက်တစ်နေ့ တီဗွီက အဲဒီပွဲကို ပြန်ပြတော့ လုံးဝကို မကြည့်တော့ပါဘူး။ ကြည့်နိုင်တဲ့အင်အားကို မရှိတော့လို့ပါ။ စစ်ကိုင်းသူက Unlucky လား မသိပါဘူး။ စစ်ကိုင်းသူ အားပေးတဲ့ အသင်းဆို နိုင်ခဲတယ်။ (ကိုဇနိတို့ အသင်းရှုံးတာလဲ အဲဒါကြောင့်များလားမသိ။)

ကဲကဲ မုန့်ဟင်းခါးကိစ္စပြန်ဆက်မယ်။ တော်ကြာ ကေဖိုးတို့၊ ကိုဇနိတို့က ဒီ စစ်ကိုင်းသူနှယ် မုန့်ဟင်းခါးကျွေးမဲ့ အရေး မကျွေးဘဲ ပေရှည်နေတယ်ဆိုပြီး မေတ္တာပို့နေလို့ ဒီဘဝတင်မကဘဲ နောက်ဘဝပါ မစွံ ဖြစ်နေမှာ ကြောက်ရသေးတယ်။

ဒီနေ့ အိုးဝေက သူငယ်ချင်းများနှင့်တကွ အလည်ရောက်လာကြသော မိတ်ဆွေအပေါင်းကို မုန့်ဟင်းခါးကျွေးရခြင်း အကြောင်းကတော့ မနေ့က အီတလီအသင်းရဲ့ အောင်ပွဲကို ဂုဏ်ပြုခြင်း ဖြစ်ပါကြောင်းနှင့်တကွ အောက်တွင် တည်ခင်း ဧည့်ခံထားသော မုန့်ဟင်းခါးကို အဝ စားသောက်သွားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ခင်ဗျား။



သြော် တစ်ခုပြောဖို့ မေ့သွားတယ်။ စစ်ကိုင်းသူရဲ့ လက်ရာကို သိနေတဲ့ သူငယ်ချင်းတွေက မစားကြမှာမို့၊ စစ်ကိုင်းသူ လက်ရာမဟုတ်ဘဲ မြောင်းမြဒေါ်ချို့လက်ရာသာ ဖြစ်သည့်အတွက် စိတ်ချလက်ချ စားသုံးနိုင်ကြောင်း အသိပေးအပ်ပါသည်။

မုန့်ဖတ်မရှိလို့ ခေါက်ဆွဲနဲ့ပဲ ကျွေးရတာရယ်၊ အဂါင်္မစုံလင် (နံနံပင်၊ ငှက်ပျောအူ၊ ကြက်သွန်ဥမပါ)တာရယ်အတွက်လဲ ခွင့်လွှတ်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း။

Read more...

စနေ၊ တနင်္ဂနွေ ပျော်ရွှင်ကြပါစေ...

>> Saturday, June 14, 2008


မနေ့က ပါတီအပြန် သူငယ်ချင်းက စနေ၊တနင်္ဂနွေဘာလုပ်မယ် စိတ်ကူးထားလဲလို့ စကားစလာတော့ ဈေးဝယ်သွားမယ်လို့ ပြန်ပြောခဲ့တယ်။ ဒီမှာတော့ အဲဒီ weekend ကို shuumatsu (しゅうまつ) လို့ခေါ်ကြတယ်။ သောကြာနေ့ရောက်ရင် shuumatsu မှာ ဘာလုပ်မယ်စိတ်ကူးသလဲဆိုတဲ့မေးခွန်းက အမြဲလိုလိုပြောဖြစ်ကြတယ်။ အိမ်ပြန်လာတော့လည်း ဘလော့ဂ် လိုက်လည်ရင် မိတ်ဆွေသူငယ်ချင်းတွေလည်း စနေ၊ တနင်္ဂနွေကို ပျော်နေကြတာတွေ့ရပြန်တယ်။ မခင်ဦးမေဆီမှာဆို ချစ်စရာပုံလေးတွေတွေ့ရပြီး ညီမမေမိုးဆိုရင် သူ့စီဘောက်မှာ ပျော်နေတာတွေ့ရတတ်တယ်။ ကျောင်းတက်ရတဲ့သူ၊ ရုံးတက်ရတဲ့သူတွေအတွက် တပတ်စာပင်ပန်းသမျှတွေကို စနေ၊တနင်္ဂနွေရောက်မှ အပန်းဖြေနိုင်တာကိုး။


ကိုယ်ပိုင်အချိန်အပြည့်အ၀ရတဲ့ ဒီ ၂ ရက်မှာတော့ အချိန်တွေကို ကုန်ဆုံးမှာ ကြောက်ကြတာ မထူးဆန်းတော့ပါဘူးလေ။ ဒီရက်လေးမှာပဲ တပတ်စာ အ၀တ်လျှော်၊ ဈေးဝယ်၊ မီးပူတိုက်ရတယ်။ မိသားစုရှိတဲ့သူဆိုရင် ထမင်းလက်ဆုံစားနိုင်တဲ့နေ့လေးတွေပါ။ ကျွန်မက သောကြာနေ့ညနေဆို သိပ်ပျော်ပါတယ်။ တနင်္ဂနွေညရောက်လာရင် ငိုချင်တယ်။ ဒီနေ့လည်း တပတ်စာ ဈေးဝယ်သွားမယ်စိတ်ကူးပြီး အိမ်သန့်ရှင်းရေးလုပ်၊ အ၀တ်လျှော် ဘာညာနဲ့ နေ့လည်မှ ဈေးဝယ်သွားနိုင်ပါတယ်။ ဒီပိတ်ရက်လေးမှာ ဟင်းလည်း ဂရုတစိုက်ချက်စားဖြစ်ပါတယ်။ အချိန်ပေးချက်ရမည့် ဟင်းမျိုးကို ဒီနေ့တွေမှာချက်တယ်။ တပတ်စာ အသားကြော်ထားချင်တယ်ဆိုလည်း ဒီနေ့မှာပဲ ကြော်ထားလိုက်ပါတယ်။

ဒီနေ့လိုတာလေးတွေ ၀ယ်ပြီး ဘလော့ဂ်မှာ ဓါတ်ပုံလေးတွေ တင်လိုက်ပါတယ်။


ဒီလိုအဆင်သင့် ထမင်းဗူးလေးတွေလည်း ၀ယ်လို့ရတယ်။


Onigiri အတုံးလေးတွေလည်း ၀ယ်စားလို့ရတယ်။


Tempura မျိုးစုံလည်း ၀ယ်ပြီး တစ်ခါတည်း တန်းစားလို့ရပါတယ်။


ပုဇွန် Tempura ကတော့ ကျမအကြိုက်ဆုံးပေါ့။


အာလူးတွေ၊ကြက်သွန်တွေလည်း ၀ယ်ခဲ့တယ်။




အသားမျိုးစုံပါ။


အိုအိရှိ sushi လည်း ၀ယ်လို့ရပါတယ်။

DAISO, 100 yen shop

အသီးအရွက်မျိုးစေ့လေးတွေ လိုချင်တာရယ်၊ တိုလီမိုလီလေးတွေပါ ၀ယ်ချင်တော့ ယန်း ၁၀၀ ဆိုင်ကိုပါ ၀င်ခဲ့ပါတယ်။ ယန်း၁၀၀ ဆိုင်က ပစ္စည်းစုံလင်လှပါတယ်။ တချို့ပစ္စည်းက ယန်း ၁၀၀ ထက်ဈေးကြီးတာရှိတယ်။ တချို့ပစ္စည်းက ယန်း ၁၀၀ ထက်ဈေးနည်းတာရယ်ရှိပါတယ်။ အားလုံးကို ပျမ်းမျှထားလိုက်ပြီး ဘာပစ္စည်းယူယူ ယန်း၁၀၀ နဲ့ရောင်းလို့ ဂျပန်မှာ ယန်း ၁၀၀ဆိုင်က စိတ်ဝင်စားဖွယ်နေရာတခုပါ။ အပ်ချည်လုံး၊ အပ်၊ စာရေးကိရိယာ၊ ဆပ်ပြာမျိုးစုံကအစ ဂျပန်လက်ဆောင်ပစ္စည်းသေးသေးလေးတွေပါ အမှတ်တရ ၀ယ်လို့ရပါတယ်။ အိမ်ရှင်မတွေအတွက် မီးဖိုချောင်ပစ္စည်းလည်း စုံလင်လှတာမို့ သေးသေးမွှားမွှားလိုတာရှိရင် မသွားမနေသွားရတဲ့ ယန်း ၁၀၀ ဆိုင်တွေပါ။

တိုလီမိုလီထည့်စရာလေးတွေ။


ပန်းအိုး၊မြေနဲ့ မျိုးစေ့တွေ။


တိတ်၊စတစ်ကာမျိုးစုံတွေ။


ပလက်စတစ်အသုံးအဆောင်ခွက်တွေ။


စာရေးကိရိယာတွေ။


ဈေးဝယ်ပြီး အမောပြေ အအေးလေးသောက်သွားပါဦး။

အပျင်းပြေ ပို့စ်ဖတ်ရင်း ဘလော့ဂ်ဈေးလည်း ၀ယ်ရင်းနဲ့ ပျော်ရွှင်သော စနေ၊ တနင်္ဂနွေလေးတွေ ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မဇနိ

Read more...

လွမ်းမိတဲ့အရာ

>> Thursday, June 12, 2008


လွမ်းမိတဲ့အရာ
မဇနိ
4 June 2008

မမေအောင်ရဲ့ ခါဝဿန်ကဗျာကို ဖတ်လိုက်ရတော့ မဆီမဆိုင် အိမ်က ထမင်းဝိုင်းကို သတိရမိတယ်။ သာမန်မဟုတ်တဲ့ မိုးလေးတဖြောက်ဖြောက်ကြားက ထမင်းဝိုင်းပါ။ “မိုးကလေးညိုညို၊ လွမ်းမျက်ရည်လေးလည်၊ ငယ်ငယ်တုန်းက သူငယ်ချင်းကို သတိရပါတယ်….“ ဒီလိုလေး သီချင်းဆိုရရင် အလွမ်းများပြေမလား စိတ်ကူးကြည့်မိတယ်။ တကယ်တော့ ရောက်တဲ့အရပ်မှာ မိုးရွာတိုင်း လွမ်းမိတာက ငယ်ငယ်က သူငယ်ချင်းတွေပါသလို မိသားစု ထမင်းဝိုင်းလေးလည်း ပါပါတယ်။


အိမ်မှာနေတုန်းက မိုးရွာရင် အဖေက အလုပ်မသွားရတော့ သိပ်ပျော်ပါတယ်။ မနက်လင်းလို့ မိုးသံတဖြောက်ဖြောက်ကြားရရင် “ဒီနေ့တော့ ဇိမ်ကျတော့မယ်ဟေ့“လို့ အဖေက ပြောလေ့ရှိပါတယ်။ တချိန်တည်းမှာပဲ အမေရဲ့ ကြေးစည်ထုအမျှဝေသံပါ ကြားလိုက်ရပါတယ်။ အမေက ထကြတော့ဆိုရင် စားတော်ပဲပြုတ်၊ ငါးပိထောင်းနဲ့ သရက်ချဉ်သုပ်ပါတဲ့ ထမင်းပူပူလေးက အဆင်သင့်ဖြစ်နေပါပြီ။ ရေနွေးကြမ်းနဲ့ ထမင်းပူပူလေး စားပြီးရင် အဖေက အိမ်မှာ ပြုပြင်စရာလေးတွေ ပြင်တယ်။ ဘုရားစင်ကို ရှင်းလင်းတယ်။ ကျွန်မနဲ့ အငယ်တွေကတော့ ဆူးပုပ်ညွန့်၊ သြဇာညွန့်၊ ကင်ပွန်းညွန့်စတာတွေကို ခမောက်လေးတွေဆောင်းပြီး ခူးကြတယ်။ အမေ့ကို ကူချင်ကြတာ ပြာယာခတ်နေအောင်ပါပဲ။ အမေကတော့ နေ့လည်စာချက်ဖို့ ပြင်ဆင်နေပါပြီ။ ရွာကအဒေါ်တွေ လက်ဆောင်ပေးထားတဲ့ မြေပဲအစိုတွေကို သန့်စင်ပြီး မြေပဲပြုတ်အိုးလည်း အမေက ပြင်ပြီးပါပြီ။

အိမ်မှာအဖေဆီကပ်နေဖို့ မောင်နှမတွေ နေရာလုရပါတယ်။ အဖေက မျက်မှန်ကြီးတပ်ပြီး ဘုရားဟောဇာတ်တော်တွေကို ဖတ်ပြမှာမလို့ပါ။ ပြီးအဖေ့နားမှာ အတင်းတိုးဝှေ့အိပ်ရတာ အတော်ပျော်စရာကောင်းပါတယ်။ များသောအားဖြင့်တော့ မောင်နှစ်ယောက်က အဖေ့ဘေးမှာ နေရာရပါတယ်။ အဲဒီခါကျတော့ အဖေက ငါးစပ်စောင်လို့ခေါ်တဲ့ အညာစောင်အကြီးကြီးကို ကျွန်မတို့အားလုံးလုံအောင် ခြုံပေးပြီး စာဖတ်ပြတယ်။ ပုံပြင်တွေပြောပြပါတယ်။ ခဏနေရင် မောင်ငယ်တွေက အိပ်ပျော်သွားကြတယ်။ အဖေလည်း မျက်မှန်ကြီးတပ်လျက်နဲ့ အိပ်ချင်အိပ်သွားတတ်တယ်။

ကျမယခုနေတဲ့မြို့မှာ စိုက်ခင်းတခုတွေ့လို့အမှတ်တရ ရိုက်ထားတာလေးပါ။

ကျွန်မတို့အိမ်မှာ စားပင်တော်တော်များများ ရှိပါတယ်။ အိမ်ရှေ့မှာ ခါးတက်ပင်ဆိုတာ ရှိတယ်။ သူကတော့ အရွက်နုကိုခူး ရေဆေးပြီး စဥ့်အိုးသန့်သန့်မှာ ဆန်ဆေးရည်နဲ့ စိမ်ရပါတယ်။ ပြီးရင် နေပူမှာထားရပါတယ်။ ၃ ညအိပ်ပြီးလောက်ဆိုရင် စားလို့ရပါပြီ။ ခါးတက်ချဉ်လို့ခေါ်ပေမယ့် အချဉ်အရသာမဟုတ်ပါဘူး။ ငါးပိချက်နဲ့ အတို့အမြုပ်လုပ်နိုင်သလို သုပ်စားလည်း စိမ့်တဲ့အရသာ ရှိပါတယ်။ ခါးတက်ရွက်သုပ်မယ်ဆိုရင်တော့ မြေပဲဆန်လှော်ကို ထောင်းရပါတယ်။ ကြက်သွန်ဖြူလေးဆီချက်ပြီး ပုဇွန်ခြောက်၊ ခရမ်းချဉ်သီးတလုံးနဲ့ ခါးတက်ရွက်ကို ကတ်ကြေးနဲ့ နုတ်နုတ်ကိုက်ပြီး သုပ်ရပါတယ်။ အတော်စားကောင်းလှပါတယ်။ မောင်လေးတွေက မနက်စောစော ၅ နာရီလောက်နိုးတဲ့နေ့ဆို အပင်ပေါ်တက်ပြီး အရွက်နုတွေ ခူးပါတယ်။ ကျွန်မက သူတို့ခူးလာတဲ့အရွက်တွေ သန့်စင်ပြီး အမေကို ပေးရပါတယ်။ စားလို့ရတဲ့အနေအထားရောက်လာပြီဆိုရင် အိမ်နားနီးချင်းမိတ်ဆွေများကို လိုက်ဝေငှပေးပါတယ်။ ရင်းနှီးသူတချို့ကလည်း ခါးတက်ချဉ်ရှိရင် ပေးပါလို့ လာတောင်းတတ်ပါတယ်။ ရှိတော့လည်း ပေးလိုက်တာပေါ့နော်။ ဒါလည်း ဘာအစပ်အဟပ်တည့်တယ်တော့ မပြောတတ်ဘူး။ အမေလုပ်တဲ့ ခါးတက်ချဉ်က ပိုအရသာရှိတယ်လို့ ပြောကြပါတယ်။ ကျွန်မကျောင်းသွားတက်တော့မယ်ဆို ခါးတက်ချဉ်က တပုလင်းအမြဲပါတတ်တယ်။ သူငယ်ချင်းတွေကလည်း ကြိုက်တော့ ယူသွားရပါတယ်။ ခါးတက်ချဉ်ကတော့ အိမ်မှာ မပြတ်ရှိတတ်ပါတယ်။ အခုတော့ မောင်လေးတွေလည်း ခူးကြသေးရဲ့လား မမေးမိတော့ဘူး။

ကျမယခုနေတဲ့မြို့မှာ စိုက်ခင်းတခုတွေ့လို့အမှတ်တရ ရိုက်ထားတာလေးပါ။

သြဇာပင်၊ ဆူးပုပ်လေးပင်၊ ကင်မွန်းချဉ်ပင်၊ ပင်စိမ်းပင်နဲ့ ရှောက်ပင်စတာလေးတွေ အမေက စိုက်ထားတတ်တယ်။ သြဇာပင်က စစချင်းဆို ၃ လုံးသီးတယ်တဲ့။ သြဇာပင် ၃ လုံးစသီးပြီဆိုရင် ကျွန်မကျောင်းက ပြန်လာတတ်တယ်တဲ့ အမေကတော့ အဲလို မှတ်ထားတတ်တယ်။ ဆူးပုပ်လေးပင်ဆိုတာ အရွက်အသေးလေးတွေနဲ့ ဟင်းချိုချက်သောက်ရတယ်။ ကြက်ဥနဲ့ကြော်စားရတယ်။ တပင်ရှိရင် ခူးစားလို့ မနိုင်ပါဘူး။ ဆူးပုပ်ရွက်ခူးတဲ့နေရာမှာလည်း မောင်လေးက တော်ပါတယ်။ ကျွန်မခူးရင် အရွက်လည်းမရဘူး။ ဆူးစူးလို့လည်း ငိုရပါတယ်။ ကင်မွန်းရွက်လည်း မောင်လေးပဲ ခူးပေးတတ်ပါတယ်။ ပြီးတော့ အမေက နှမ်းဖတ်ချဉ်လည်း ထည့်တတ်တယ်။ နှမ်းစေ့၊ မြေပဲစေ့ကနေ ဆီထုတ်ပြီး ကျန်နေတဲ့ အဖတ်ကို နှမ်းဖတ်လို့ခေါ်ပါတယ်။ စက်ကနေထွက်လာတာကို မသုံးပါဘူး။ နွားဆုံနဲ့နယ်ပြီးထွက်လာ တဲ့ အဖတ်ကိုမှ အချဉ်ထည့်ပါတယ်။ နှမ်းဖတ်ချဉ်ပေါ့နော်။ နှမ်းဖတ်ချဉ်ကို ရှောက်ရွက်လေးနဲ့သုပ်စားရင် အတော်အရသာရှိပါတယ်။ နှမ်းဖတ်ချဉ်ကို ၀က်သားနဲ့စပ်စပ်လေးလည်း ချက်စားလို့ကောင်းပါတယ်။


ဓာတ်ပုံကိုဒီနေရာကယူပါတယ်။

ကျွန်မတို့ အညာဖက်တွေက ဟင်းသီးဟင်းရွက်တွေ ဈေးပေါပေါလည်းရတယ်။ လတ်လတ်ဆတ်ဆတ်လည်း ရပါတယ်။ မြို့ဈေးမှာ မနက်ဝေလီဝေလင်းဆိုရင် အနီးအနားကရွာတွေက လာရောက်ရောင်းချတဲ့ ဟင်းသီးဟင်းရွက်သည်တွေနဲ့ စည်ကားလှပါတယ်။ ဧရာဝတီမြစ်ကမ်းတလျှောက်ရှိ ရွာတွေက လာရောက်ရောင်းချကြပါတယ်။ တချို့လည်း စက်လှေနဲ့လာကြတယ်။ တချို့လည်း ခြေလျင်လာကြတယ်။ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ သခွါးသီး၊ ငရုတ်သီးအစို၊ အခြောက်၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်စသည်ဖြင့် မျိုးစုံဝယ်လို့ကောင်းလှတယ်။ ခရမ်းချဉ်သီးဆို ၅၀ သား၊ ၁ပိသာ အနည်းဆုံးထား ၀ယ်ရတယ်။ ခရမ်းချဉ်သီး ခပ်စိမ်းစိမ်းတွေကလည်း သုပ်စားလို့အနေတော်တွေပေါလှတယ်။ ခရမ်းသီးဆိုတာ အစိမ်းရောင် အကြီးကြီးတွေပါ။ တလုံးကို ၅၀ ကျပ်သားလောက်ရှိတတ်ပါတယ်။ အဲလိုအရွယ်ခပ်ကြီးကြီးခရမ်းသီးကို မီးဖုတ်ပြီး နံနံပင်လေးနဲ့ ပဲဆီမွှေးမွှေးလေးနဲ့သာ သုတ်စားလိုက်ရရင် ထမင်းစားမြိန်ပြီပဲ။ ၀က်သားနဲ့ ခရမ်းသီးနှပ်မယ်ဆိုလည်း စားလို့ကောင်းလှပါတယ်။ ဒီမှာတော့ ခရမ်းသီး အညိုရောင်တွေ အတွေ့ရများပါတယ်။ ငရုပ်သီးစိမ်းပုံတွေက ကြီးလွန်းလို့ ဈေးသည်ကိုတောင် ကွယ်လုနီးနီးဖြစ်နေတတ်တယ်။ စားစရာ အသီးတွေကလည်း မျိုးစုံပေါလှပါတယ်။ အမေနဲ့ဈေးလိုက်ရင် အပြန်မှာ မနည်းသယ်ရတယ်။



ဓာတ်ပုံကိုဒီနေရာကယူပါတယ်။


ကျွန်မတို့မြို့မှာ အိမ်ရှေ့ကိုလည်း ခေါင်းရွက်ဈေးသည်တွေ လာရောင်းတတ်ပါတယ်။ သူတို့ကတော့ မြို့ဈေးကို မနက်အစောထသွား ဖောက်သည်ယူလာပြီး တောင်းနဲ့ခေါင်းပေါ်ရွက် တအိမ်ဆင်းတအိမ်တက် လည်ရောင်းပါတယ်။ ဈေးနှုန်းကအတော်လေးကွာတော့ အမေကတော့ အရေးကြီးလှမှ ၀ယ်ပါတယ်။ ချဉ်ပေါင်ရွက်တစည်းကို ၂ ကျပ်လောက်အိမ်ရှေ့မှာပေးဝယ်ရရင် ဈေးမှာဆို ၁၀ဖိုး ၁၅ စည်းလောက်ရပါတယ်။ အပိုဆိုတာ ၂စည်း ၃စည်းပေးလိုက်သေးတယ်။ ငရုပ်သီးစီမ်း၂ကျပ်ဖိုးဆို လက်တဆုပ်စာလောက်ရတဲ့ဟာက ဈေးမှာဆို ၅ကျပ်ဖိုးလောက်ဝယ်ရင် သုံးပေတော့။ သံပုရာသီး၊ ဒညင်းသီးဆို တောင်ပုံရာပုံပေါလှတယ်။ ဒါပေမယ့်လည်း ဟင်းအိုးတည်နေရင် လိုလာတာမျိုးဆိုရင်တော့ ခေါင်းရွက်ဈေးသည်ဆီမှာ ၀ယ်ရပါတယ်။ တချို့ကတော့ ဈေးသွားမည့်သူမရှိတာ၊ သွားမ၀ယ်ချင်တဲ့အိမ်တွေကတော့ ခေါင်းရွက်ဈေးသည်တွေကို ကန်ထရိုက်ဆွဲထားတတ်ပါတယ်။ သူတို့ဖောက်သည်အိမ်ဆို ဈေးသည်တွေက ပါလာတဲ့ ထမင်းထုပ်ဖြေစားရင်း၊ ဖက်ဆေးလိပ်လေးသောက်ရင်း တမေ့တမော ဈေးရောင်းတတ်ပါတယ်။ အဲဒီဈေးသည်တွေကလည်း ဧရာဝတီမြစ်တလျှောက်ရွာတွေကနေ လှေနဲ့လိုက်လာကြပါတယ်။ သူတို့မှာ တောင်းအခွံနဲ့ ထမင်းထုပ်လေးတွေပဲ ပါတတ်ပါတယ်။ အဲဒီကနေမှ ဈေးကို ဖောက်သည်သွားယူပြီး မြို့ထဲမှာ လှည့်လည်ရောင်းချပါတယ်။ နေအတော်မြင့်ရင်တော့ သူတို့လိုတာလေးတွေ မြို့ကနေ၀ယ်ပြီး သူတို့ရွာလေးဆီ ပြန်သွားကြရင်း တနေ့စာ ၀မ်းရေးကို ဖြေရှင်းကြပါတယ်။ မနက် ၃နာရီ ပတ်ဝန်းကျင်ဆို ကျွန်မတို့မြို့လေးဆီလာနေတဲ့ စက်ဘီးသံ၊ ဆိုက်ကားသံတွေကို တောလမ်းဖက်ဆီမှာ ကြားနိုင်ပါတယ်။ တချို့ဆိုရင် ခပ်မှောင်မှောင်လရောင်အောက်မှာ ရှေ့နောက်အထုပ်ကြီး၊ အထုပ်ငယ်အသွယ်သွယ်တင်ပြီး သီချင်းလေးတောင်ညည်းလာတာတွေ တွေ့ရပါတယ်။


ဓာတ်ပုံကိုဒီနေရာကယူပါတယ်။


အမေကတော့ ငရုပ်သီးပေါ်ချိန်၊ သရက်သီးပေါ်ချိန်ဆို အဲဒီဈေးသည်တွေနဲ့ သူတို့ရွာကမှာလိုက်တယ်။ ဈေးလည်း အတော်ချိုတယ်လေ။ ပင်ရင်းကရသလိုဆိုတော့ များများဝယ်ပြီး တနှစ်စာအခြောက်လှမ်းထားတတ်တယ်။ ငယ်ငယ်ကဆို ငရုတ်သီးထောင်းစားချင်ရင် အမေလှမ်းတဲ့ ငရုတ်သီးမှည့် နီနီရဲရဲတွေထဲက ပြေးယူပြီး ထောင်းစားရတာ အတော်ကောင်းပါတယ်။ သူတို့ရွာတွေက လက်ပံကောင်းခြောက်လည်း မှာလို့ရပါတယ်။ လက်ပံပွင့်ကို အခြောက်လှမ်းထားပြီး ၁၆ ပြည်ဆန့်တဲ့တစ်တင်းမှ ၄၀ ကျပ်လောက်ပေးရတာပါ။ လက်ပံခေါင်းခြောက်ကို ပုန်းရည်ကြီး၊ ၀က်သား၊ မျှစ်ခြောက်၊ ပဲပင်ချဉ်လေးနဲ့ရောပြီးချက်ရင်တော့ ထမင်းစားလို့ကောင်းပြီပေါ့နော်။ အဲဒီဈေးသည်တွေဆီကနေ ပျားရည်စစ်စစ်လည်း မှာလို့ရသဗျ။ သရက်သီးခြောက်၊ မျှစ်ခြောက်၊ လက်ပံပွင့်ခြောက်တွေကို များများဝယ်ထားတာက မိုးရာသီဆို အတော်အသုံးဝင်တာကိုး။

နောက်တမျိုးက နေ့လည်ခင်းဆိုရင် ရွာတွေက လာရောင်းတဲ့ဈေးသည်တွေပါ။ သူတို့ကလည်း ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ သမုန်းရွက်၊ သမုန်းဖူး၊ ကင်းမုံရွက်၊ ကင်းမုံသီး၊ ကင်းမုန်ချဉ်၊ ငှက်ပျော်ဖူး၊ အဝေရာရွက်၊ မြင်းခွာရွက်စတာတွေ ရောင်းပါတယ်။ တောကန်းစွန်းခေါ်တဲ့ အညိုရောင်အရိုးနဲ့ ကန်းစွန်းရွက်ညွန့်လေးတွေက ချဉ်ဟင်းချက်ရင် ပိုကောင်းတယ်လို့ အမေကပြောပါတယ်။ သူတို့ဆီက စကောတချပ်နဲ့ ချဉ်ဟင်းချက်ဖို့ အရွက်စုံထည့်ပါဆိုရင် ၁၀ ဖိုးဆို တအိမ်လုံးစားပေတော့။ မြင်းခွာရွက်တွေက ပြောင်းခင်းတောမှာ အတော်ပေါဆိုပဲ။ မြင်းခွာရွက်သုပ်လေးလည်း စားရရင်သိပ်ကောင်းလှပါတယ်။ ကင်းမုန်ရွက်၊ ကင်းမုန်သီး၊ မန်ကျည်းရွက်လေးနဲ့သိပ်ထားတဲ့ ကင်းမုန်းချဉ်ကိုလည်း ငါးပိနဲ့ကြော်လိုက်ရင် စားလို့မြိန်တဲ့ ဟင်းတခွက်ရပါတယ်။


ကျမယခုနေတဲ့မြို့မှာ စိုက်ခင်းတခုတွေ့လို့အမှတ်တရ ရိုက်ထားတာလေးပါ။

ရွာကို အလည်သွားရင်တော့ အဒေါ်က မျှစ်စိမ်းဆန်ဟင်းအိုး တည်ထားတယ်။ အိမ်နားက ကလေးတွေနဲ့ တောထဲလိုက်သွားမယ်ဆိုပြီး အဒေါ့်ဟင်းအိုးအတွက် ဟင်းရွက်ခူးပေးခဲ့ဖူးတယ်။ အတင်းလိုက်ချင်နေလိုက်သွားဆိုပြီး ခွင့်ပြုချက်ရလို့ကတော့ ပျော်လိုက်တာ ပြောမနေနဲ့တော့။ ခြင်းတောင်းတလုံးဆွဲပြီး လိုက်သွား။ ဟိုရောက်ရင် အရွက်တွေပေါလိုက်တာ။ ကုလားပဲရွက်၊ ရေနဒေါင်းရွက်၊ ပီလောရွက်၊ ကန်းစွန်းရွက်၊ ပဲရွက်၊ ပဲသီးနုနု။ ဖရုံရွက်၊ ဖရုံသီးနု၊ ခရဲသီးနုစတာတွေပေါ့။ ရွာကန်သင်းက ဆူးပုပ်ရွက်လေးရယ်၊ ပီလောရွက်၊ ကန်စွန်းညွန့်လေးကို ရေဆေးပြီး မျှစ်စိမ်းဆန်ဟင်းအိုးထဲထည့်လိုက်လို့ကတော့ ဟင်းချိုအတွက် ပြောစရာမလိုတော့ဘူး။ ချဉ်ပေါင်သီးကို မြေပဲဆန်လေးနဲ့ထောင်း၊ ငါးပိကောင်ကြော်လေးနဲ့ ဟင်းချိုသာရောပြီး လွေးလိုက်ရရင် ဆွေမျိုးမေ့သွားမလားနော်။ အဒေါ်တို့အိမ်ဝန်းထဲက တမာရွက်ကလည်း သိပ်မခါးလှဘူး။ တရွာလုံးက အဲဒီအပင်ကို စားတမာပင်လို့ သတ်မှတ်ပြီး စားကြတယ်။ တခါတလေ တမာရွက်တို့လေးနဲ့ ငပိရည်ဖျော်လေးလည်း လွမ်းမိပါတယ်။ ပဲပိစပ်ကနေလုပ်ထားတဲ့ ပဲပုပ်ပြားကလည်း အဒေါ်တို့ရွာဖက်က အများဆုံးထွက်တာပါ။ ကြက်သွန်ဖြူတောင့်တွေနဲ့ရောလုပ်ထားတဲ့ ပဲပုပ်ပြားကို ကြော်စား၊ မီးကင်စား ကြိုက်သလိုစားလို့ကောင်းပါတယ်။ ကျောင်းသွားတက်ရင် ပဲပုပ်ပြားတွေကို ငရုပ်သီးနဲ့ကြွပ်နေအောင်ကြော်ပြီး လာပို့ပေးတဲ့အဒေါ်ကိုလည်း သတိမိပါတယ်။ မျှစ်စိမ်း၊ မျှစ်ဆူးထိုးဆိုတာတွေကလည်း ကျွန်မတို့မြို့ကို အနယ်နယ်ကတင်သွင်းတဲ့အထဲမှာ အဒေါ်တို့ဆီကလာတဲ့မျှစ်ကမှ အရသာလေးလေးပင်ပင်ရှိတယ်တဲ့။

ပဲရှည်သီးလို့ခေါ်တဲ့ ပဲလင်းမြွေသီး၊ ခ၀ဲသီး၊ ကဆစ်သီးဆိုတာတွေကလည်း ရွာမှာတော့ အတော်ပေါပါတယ်။ ကားလမ်းဘေးရွာတွေမှာဆိုရင် ပန်းမုံလာပွင့်တွေရောင်းနေတာ အလကားပေးနေသလိုပါပဲ။ မြို့ဖက်ကလူတွေဖြတ်သွားကြရင် ကားတွေရပ်ပြီး ၀ယ်ကြတာ အလုအယက်ပါ။ ကျွန်မတို့အိမ်ကတော့ ၀ယ်မစားရတာများပါတယ်။ လူကြုံတိုင်းထည့်ပေးတတ်တဲ့ အဒေါ်လက်ဆောင်တွေနဲ့တင် အိမ်နားနီးချင်းတွေပါ ပေးလို့ရပါတယ်။ တခါတလေ တနဲရည်လို့ခေါ်တဲ့ ထန်းလျက်မလုပ်ခင် သကာရည်ကိုလည်း ပို့ပေးလို့စားရပါတယ်။ ပေါက်ပေါက်ခပ်ထားတဲ့ ပေါက်ပေါက်ထန်းလျက်၊ ဇီးထန်းလျက်ကလည်း အိမ်မှာမပြတ်ပါဘူး။ ပြတ်ရင်လည်း အမေမှာ ၀ယ်ရတာပါ။ အိမ်က မောင်လေးက ထန်းလျက်ကို ဟိုဖက်ပါးစောင် ဒီဖက်ပါးစောင်အပြည့်စားတတ်တယ်။ သူက ထန်းလျက်မရှိရင် အမေ့ကို ဂျီကျတတ်လို့ အမြဲမပြတ်ဆောင်ထားရပါတယ်။


ဓာတ်ပုံကိုဒီနေရာကယူပါတယ်။

ကျွန်မတို့မြို့ကို နောက်လွမ်းစရာတခုကတော့ မွှေးကြိုင်လှတဲ့ သနပ်ခါးပါ။ သနပ်ခါးဆိုရင် အစွဲကြီးတယ်ပြောပြော မြို့ကသနပ်ခါးမှလိမ်းတတ်ပါတယ်။ အပွေးကောင်းမှ အဖြူမျိုးမှဆိုပြီးလည်း ကျွန်မက ရှာဖွေဝယ်တတ်ပါတယ်။ သနပ်ခါးကိုတော့ ကြည့်လိုက်တာနဲ့ ကောင်းမကောင်းတန်းသိပါတယ်။ မြို့လယ်မှာ အရင်က ဘုန်းကြီးကျောင်းဝိုင်းအဟောင်းတခုရှိတယ်။ ခုတော့ သနပ်ခါးပွဲရုံဝိုင်းဖြစ်သွားပါပြီ။ အလည်လာတဲ့ဧည့်သည်တွေ၊ တခြားမြို့ကို လက်ဆောင်ပေးမယ်ဆိုရင် အဲဒီမှာ သွားဝယ်လို့ရပါတယ်။ မွှေးလားဆိုတာ ကျောက်ပျဉ်လေးတွေနဲ့သွေးပြတတ်တယ်။ သနပ်ခါးအ၀ါမျိုးကို တချို့ကတော့ ကြိုက်ပါတယ်။ ကျွန်မကတော့ လိမ်းပြီးနည်းနည်းကြာရင် အရောင်မဲသွားလို့ အ၀ါမျိုးကို မကြိုက်ပါဘူး။ အိမ်ရှေ့ကိုလာရောင်းတဲ့တောသည်တွေဆီကနေ ကျောက်ကုန်းသနပ်ခါးဆိုတာလေးတွေ ၀ယ်လို့ရပါတယ်။ သူတို့ရွာတွေမှာ ယာခင်းကျောက်ကုန်းမြေတွေမှာ အလေ့ကျပေါက်တဲ့ ကုန်းသနပ်ခါးကျစ်ကျစ်လေးတွေက သိပ်မွှေးတာ။ ပိုင်ရှင်မရှိပဲ အလေ့ကျပေါက်တာဆိုတော့ လိုက်ရှာတူးပြီး ရောင်းချပါတယ်။ များသောအားဖြင့်မြေတွင်းက တူးယူရပါတယ်။ အဲဒီသနပ်ခါးတုံးအကျစ်တွေ ပိုမွှေးတော့ အမေက တောသည်တွေဆီက ၀ယ်ဝယ်ထားပါတယ်။ အမေက ၀ယ်ထားလိုက်၊ ကျွန်မက ကျောင်းကိုသယ်သွားလိုက်ပေါ့နော်။ ကျွန်မဒီကိုသွားမယ်ဆိုတော့ “အမေတို့လာရင် သနပ်ခါးတုံးယူခဲ့ပါ။ ယူသွားချင်လို့“ လို့ပြောမိပါတယ်။ အစ်ကိုတွေဝယ်ပေးလိုက်တာဆိုပြီး တတောင်ထွာလောက်ရှိတဲ့ သနပ်ခါး၁၀တုံးသယ်ချလာလို့ ရန်ကုန်က ဆရာမတွေဆီ ပြေးကန်တော့ခဲ့ရပါတယ်။ “အကုန်သယ်သွားပါအေ“ လုပ်နေလို့ အမေ့ကို မနည်းပြောခဲ့ရတာမှတ်မိပါတယ်။

နေ့လည်စာကို ဆူးပုပ်ရွက်ပဲလေးဟင်းချို၊ ငါးပိကောင်ချက်၊ မျှစ်ထောင်းလေးနဲ့ မန်းကျည်းချဉ်သုပ်နဲ့ အမေက ပြင်ဆင်ပြီးရင် တခါလွေးကြပါတော့တယ်။ နေ့လည်စာပြီးရင်တော့ အမေပြုတ်ထားတဲ့ မြေပဲပြုတ်ပူပူလေးစားရတယ်။ ညနေ ၄ နာရီလောက်ဆို အမေက ညစာချက်ပြုတ်နေပြီ။ စောင်ခြုံထဲကနေ ဟင်းနံ့တွေရလို့ ဗိုက်ဆာလှပါပြီ။ ညနေဆိုရင်တော့ မျှစ်နဲ့ချဉ်ပေါင်ကို ငရုတ်သီးစိမ်းစပ်စပ်လေးချက်ရင်ချက်တယ်။ သရက်သီးခြောက်နဲ့ ၀က်သားလေးဖြစ်ဖြစ်။ မိုးတွေရွာနေတုန်း ဟိုအိမ်က ငါးပိကြော်နံ့၊ ဒီအိမ်က ချဉ်ပေါင်ချက်နံ့နဲ့ ကလေးတွေကတော့ ဗိုက်ဆာလို့ အမေ့နားသွားသွားချောင်းနေရပါတယ်။ တအိမ်နဲ့တအိမ်ကလည်း ဘာဟင်းချက်ကြလဲ၊ ဒို့တော့ ကျက်ပြီဆိုတာတဲ့ မေးကြ၊ ဖြေကြ၊ ဟင်းတွေဝေမျှစားကြတာတွေကို မိုးအေးအေးမှာ သတိရမိရင်း အညာဒေသရဲ့ နွေးထွေးလှိုက်လှဲမှုက ဘယ်နေရာနဲ့မှ တူနိုင်မယ်မထင်ဘူးလို့ တွေးမိပါတော့တယ်။

မဇနိ

Read more...

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP