ဒါချာတစ်လုံးအလိုရှိသည်

>> Monday, July 16, 2007

ဒါချာဆိုတာ ကျေးလက်က အနားယူစရာအိမ်လေးလို့ အဓိပ္ပါယ်ရတဲ့ ရုရှားစကားလုံးတစ်ခုပါ။ အဲဒီဒါချာဆိုတဲ့အိမ်ကလေးမှာ နွေရာသီအလုပ်အားတဲ့အချိန်မှာ သွားနားကြတာပါ။ တချို့ကလဲ ကိုယ်ပိုင်ဒါချာရှိသလို၊ တချို့ကလဲ အချိန်ပိုင်းအနေနဲ့ငှားနေကြပါတယ်။ ရုရှားမှာ ဒါချာဆိုတာပေါ်လာရတာတော့ ပီတာ-၁ (၁၆၇၂-၁၇၂၅) လက်ထက်မှာပါ။ ပီတာစဗက်မြို့မှာဆိုရင် ပီတာရဲ့ နွေရာသီဒါချာကို တခမ်းတနားဆောက်လုပ်ထားတာတွေ့မြင်နိုင်ပါတယ်။

Peter's Summer Palace (Dacha)

အစပိုင်းမှာတော့ ဒါချာတွေက ကျေးလက်ဒေသတွေမှာ လယ်ယာမြေသေးသေးလေးတွေအဖြစ်တည်ရှိနေခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ လူချမ်းသာတွေက ဒါချာတွေကို သူတို့ရဲ့ ပန်းချီကားတွေ၊ အနုပညာပစ္စည်းတွေစုဆောင်းရာနေရာအဖြစ်အသုံးပြုလာကြပါတယ်။ ၁၉၁၇ ဘော်လ်ရှီဗစ် တော်လှန်ရေးနောက်ပိုင်းမှာတော့ ဒါချာတွေကို သာမာန်ပြည်သူတွေလဲ ပိုင်ဆိုင်လာကြပါတယ်။ စတာလင်ရဲ့ အနှစ်သက်ဆုံးဒါချာကတော့ ပင်လယ်နက်ရဲ့မြောက်ဖက်ကမ်းရိုးတန်းကနေ ငါးကီလိုမီတာအကွာမှာတည်ရှိတဲ့ ဂါဂရာဆိုတဲ့မြို့လေးမှာ တည်ရှိပါတယ်။
Stalin’s Gagra
၁၉၄၀ မတိုင်ခင်အထိ ဒါချာတွေဆောက်လုပ်ရမယ့် အိမ်ပုံစံတွေကို ကန့်သတ်ချုပ်ခြယ်မှုတွေရှိခဲ့ပါတယ်။ ဒါချာတစ်ခုဆောက်ချင်တယ်ဆိုရင်လဲ ကွန်မြူနစ်ပါတီကနေ ထောက်ခံစာယူခဲ့ရပါတယ်။ ခုနောက်ပိုင်းမှာတော့ မိမိစိတ်ကြိုက်ဆောက်ခွင့်ရှိနေပါပြီ။ ဒါချာတွေက မြို့နဲ့အတန်ငယ်ဝေးပြီး တိတ်ဆိတ်အေးချမ်းတဲ့၊ တောနဲ့လဲနီးတဲ့နေရာတွေမှာ ရှိကြပါတယ်။ကျွန်တော်လဲ လွန်ခဲ့တဲ့ နှစ်ရက်က ရုရှားဒါချာတစ်ခုကို သုံးရက်ကြာအလည်အပတ်ရောက်ရှိခဲ့ပါတယ်။ အဲဒီဒါချာက ကျွန်တော်တို့ရဲ့ ရုရှားစာသင်တဲ့ ဆရာမတစ်ယောက်ပိုင်ဆိုင်တဲ့ဒါချာတစ်ခုပါ။ နေရောင်အောက်ကမြို့လေးလို့အမည်ရတဲ့ မြို့သေးသေးလေးမှာတည်ရှိပါတယ်။ ကျွန်တော်နေထိုင်တဲ့မြို့ကနေ လျှပ်စစ်ရထားနဲ့ ခြောက်မှတ်တိုင်စီးရပါတယ်။ ကြာချိန်ကတော့ ၂၇-မိနစ်တိတိကြာပါတယ်။ မှတ်တိုင်တိုင်းမှာရပ်တဲ့ရထားဆိုရင်တော့ ၄၅-မိနစ်ကြာပါတယ်။ ဟိုရောက်တော့ ဘူတာကနေ ၂၀-မိနစ်လောက် ဘတ်စ်ကားထပ်စီးရပါတယ်။ ဘတ်စ်ကားပေါ်ကနေဆင်းလိုက်တယ်ဆိုရင်ပဲ ဘေးဘီဝဲယာမှာ အထက်ကိုချွန်ထွက်နေတဲ့ အိမ်သေးသေးလေးတွေကို ဟိုတစ်စုဒီတစ်စုလှမ်းမြင်နေရပါတယ်။အဲဒီကမှတစ်ဆင့် ဒါချာရှိရာဆီကို ၂၀-မိနစ်လောက်လမ်းဆက်လျှောက်ရပါတယ်။ အဲဒီနေ့ကတော့ ဆရာမယောကျာင်္းက ကားဂိတ်မှာ သူ့ကားနဲ့လာကြိုလို့ ၂၀-မိနစ်လမ်းလျှောက်ဖို့ သက်သာသွားပါတယ်။ ခြံဝိုင်းအ၀န်းလေးထဲမှာ အိမ်လေးတွေဟိုတစ်စု ဒီတစ်စုဆောက်ထားတာတွေ့ရပါတယ်။ အိမ်မြေကွက်လပ်မှာတော့ နေရာလပ်မရှိအောင် သီးပင်စားပင်တွေ စိုက်ပျိုးထားပါတယ်။ ပန်းသီးပင်အိုကြီးတွေ၊ ပန်းသီးပင်ငယ်တွေကလဲ အရွက်ဖားဖား အသီးလှိုင်လှိုင်နဲ့ နေရာအနှံ့ရှိနေပြန်ပါတယ်။ ခရမ်းချဉ်ပင်လို၊ သခွားပင်လိုအပင်မျိုးတွေကိုတော့ ဖန်လုံအိမ်လေးတွေနဲ့စိုက်ပျိုးထားတာတွေ့ရပါတယ်။ ကြားသာကြားဖူးပြီး ကျွန်တော်မမြင်ဖူးတဲ့ ဘယ်ရီသီးပင်တွေကလဲ အစုံအလင်ပါ။ (blackberry, raspberry, strawberry) စသဖြင့်အစုံစိုက်ထားတာတွေ့ရပါတယ်။ ဂေါ်ဖီထုပ်တွေ၊ ပန်းဂေါ်ဖီတွေကလဲ အရွက်ဖားဖားနဲ့ ဂရုတစိုက်ပြုစုထားတယ်ဆိုတာထင်ရှားလှပါတယ်။ နှင်းဆီပန်းပင်တွေကလဲ အနံ့ရှိတဲ့ နှင်းဆီပွင့်ကြီးတွေတွေ့ရသလို၊ အနံ့မဲ့တဲ့ နှင်းဆီနီ၊ နှင်းဆီဖြူလို နှင်းဆီရိုင်းပင်တွေလဲ တွေ့ရပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆလပ်ရွက်၊ နံနံပင်အပြင် ကျွန်တော်မသိတဲ့ ဆလတ်လုပ်တဲ့နေရာမှာသုံးတဲ့ အသီးအနှံတွေကလဲ အစုံအလင်ပါပဲ။ ဆရာမတို့ဒါချာက ခြံထဲဝင်ဝင်ချင်းမှာ အိမ်တစ်လုံးရှိတယ်။ နှစ်ထပ်အိမ်လေးပါ။ အခန်းကတော့ အပေါ်ထပ်မှာ သုံးခန်း၊ အောက်ထပ်မှာ နှစ်ခန်း။ အိမ်လေးသေးပေမယ့် အခန်းဖွဲ့စည်းပုံတွေ စနစ်ကျလို့ ကျွန်တော်တို့ကတောင် ချီးကျူးစကားပြောကြသေးတယ်။ အိမ်အလယ်တည့်တည့်လောက်မှာတော့ ဆောင်းရာသီသုံး မီးဖိုကြီးရှိတယ်။ အောက်ထပ်ဧည့်ခန်းကလဲ အတော်ကျယ်တယ်။
---------Blackcurrant -----------------------------Redcurrant--------------------------Strawberry---

Raspberry

အိမ်ရဲ့အနောက်ဖက်မှာတော့ အိမ်အသေးလေးတစ်လုံးရှိသေးတယ်။ အဲဒီမှာက ထမင်းစားခန်းနဲ့ သူ့ယောကျာင်္းရဲ့ အလုပ်ခန်းနဲ့အိပ်ခန်းတွဲထားတဲ့ အခန်းရယ်၊ မျက်နှာသစ်ရေချိုးခန်းအပြင်၊ ဘာညာလို့ခေါ်တဲ့ အပူခန်းရှိတယ်။ အဲဒီအပူခန်းက ခြောက်ဆယ်ဒီဂရီလောက်အထိတောင်ပူတယ်။ ရေနွေးငွေ့နဲ့ပူအောင်လုပ်ထားတာ။ အခန်းထဲမှာ သံရေနွေးပိုက်ကြီးရှိတယ်။ အဲဒီပိုက်ကြီးကို ကျောက်တုန်းတွေနဲ့ ပတ်ပတ်လည်ကနေစီထားတယ်။ ကျောက်တုန်းတွေကို ရေလောင်းလိုက်ရင် ရေငွေ့ပျံပြီး အပူချိန်တက်လာရော။ လူတစ်ကိုယ်လုံးချွေးတွေနဲ့စိုရွှဲနေပြီဆိုမှ အခန်းထဲကခုံတန်းလျားပေါ်မှာမှောက်ပြီး အပေါ်ကနေ တစ်ယောက်က သစ်ခက်ခြောက်တွေနဲ့ရိုက်ပေးတယ်။ (သစ်ခက်ခြောက်တွေက ရုရှားမှာ ပေါက်လေ့ရှိတဲ့အပင်တစ်မျိုးက အကိုင်းတွေကို အခြောက်ခံပြီး အစီးစည်းထားတာပါ) ဘာညာကထွက်လာရင်တော့ အကြောအချင်တွေလျော့သွားပြီး တော်တော်နေလို့ကောင်းတယ်။ ဘာညာထဲဝင်ပြီးရင်တော့ ဗော့ဒ်ကာ မဖြစ်မနေသောက်ရပါတယ်။ (အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ရှိနေရင်တောင် ဘာညာကထွက်လာရင် အ၀တ်ပေါင်ပြီး ဗော့ဒ်ကာသောက်ဖြစ်အောင်သောက်ပါလို့ ဆိုကြပါတယ်) အိမ်ခေါင်မိုးပေါ်တွေမှာတော့ နွယ်ပင်တွေက တွယ်တက်နေလေရဲ့။ ကျွန်တော်တို့က ဒါတွေကိုရှင်းမပစ်ဘူးလားလို့မေးတော့၊ အလှထားထားတာတဲ့။ ပန်းပင်တွေဆိုလဲ ဘုရားတင်ဘာတင်လဲမရှိတော့ ဒီတိုင်းပဲ ကြွေကျသွားတဲ့အထိ အလှကြည့်ကြတယ်တဲ့။ သီးပင်စားပင်တွေကလဲ ရောင်းဖို့စိုက်တာလို့ထင်ရလောက်အောင်အများကြီး။ သခွားသီးပင်တွေက ကျွန်တော်တို့ဆီကလို အသီးအကြီးမျိုးတော့မဟုတ်ဘူး။ အသေးလေးတွေ။ ဒီတိုင်းလဲစားကြ၊ ဆလတ်လုပ်ကြတဲ့အပြင်၊ ကြာရှည်စားလို့ရအောင် ဆားစိမ်ထားကြတယ်။ သခွားသီးဆားစိမ်နဲ့ ဗော့ဒ်ကာနဲ့ဆိုရင် အတော်လိုက်တယ်။ (ကျွန်တော်တောင် ဆရာဇနိတို့ဆီသွားသွားလည်လို့ ဒါတွေသိလာတာ။ စတာနော် :D)
ဒါချာမှာ နွေရာသီအပန်းဖြေနားကြတာဆိုပေမယ့်၊ အလုပ်နဲ့လက်နဲ့ကတော့ မပြတ်ပါဘူး။ ခြံထဲမှာပေါက်နေတဲ့မြက်ပင်တွေကို မြက်ရိတ်စက်နဲ့ ညီနေအောင် လိုက်ရိတ်ရတယ်။ မိုးမရွာတဲ့နေ့တွေဆို အပင်တွေရေလောင်းရတယ်။ ပေါင်းသင်ရတယ်။ ဘာညာအတွက်လိုအပ်တဲ့ထင်းတွေပေါက်ရတယ်။ ဖန်လုံအိမ်တွေကို နေရောင်ရအောင်ဖွင့်ပေးရတယ်။ နေအရမ်းပူတဲ့အချိန်တွေမှာပြန်ပိတ်ပေးရတယ် စသဖြင့် အလုပ်နဲ့လက်နဲ့မပြတ်ကြပါဘူး။ သူတို့နှစ်သက်ကြတာတော့ မြို့နဲ့ဝေးတဲ့အတွက် အေးချမ်းတိတ်ဆိတ်တယ်။ တောနဲ့နီးတဲ့အတွက် လေကောင်းလေသန့်ရတယ်။ ဆယ်လတာပင်ပန်းလာသမျှကို နှစ်လလောက်အနားယူခြင်းနဲ့ နောက်ဆယ်လအတွက်အားဖြည့်ကြတာပါ။ ကိုယ်တိုင်စိုက်ပျိုးပြုစုထားတဲ့အပင်ကနေ ခူးဆွတ်စားသုံးရတဲ့အရသာကလဲ ဘယ်အရသာနဲ့မှမတူနိုင်ပါဘူး။ လတ်လတ်ဆတ်ဆတ်လဲစားရတော့ ကျန်းမာရေးအတွက်လဲ ကောင်းပါတယ်။ ကျွန်တော်တို့ဆရာမဆိုရင် သီးပင်စားပင်တွေကြားမှာ အလုပ်လုပ်နေလိုက်တာ၊ တက္ကသိုလ်မှာစာသင်နေတဲ့ ဆရာမကြီးတစ်ယောက်နဲ့မတူပဲ၊ စာမတတ်ပေမတတ်တောသူမကြီးတစ်ယောက်အတိုင်းပါပဲ။ သူတို့တွေကိုကြည့်ပြီး ကျွန်တော်လဲ မြန်မာပြည်မှာ ဒါချာတစ်လုံးပိုင်ဆိုင်ချင်စိတ်တွေ ပြင်းထန်နေကြောင်းပါခင်ဗျာ။ ။

Cucumber


Rose
Wild roses

Tomatoes


House

Read more...

အလှည့်

>> Sunday, July 8, 2007

အလက်ဇန်ဒါ စီဂေးယဲဗစ်(ခ်ျ) ပု(ရှ)ကင်
ဇနိမြန်မာပြန်သည်။

ကျွန်ုပ်တို့ တစ်ဦးကို တစ်ဦး အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။
ဗာရာတင်းစကီး

ကျွန်တော်သည် ဒွေး(တစ်ဦးချင်းစိန်ခေါ်ပွဲ)စည်းမျည်းအရ သူအားပစ်ခတ်ရန် အဓိဌာန်ပြုခဲ့သည်။
(သူ့အားပစ်ခတ်ရန်အလှည့် ကျွန်တော်၏ထံတွင် ကျန်နေခဲ့သည်။)
စခန်း ညနေခင်းပွဲတော်



ကျွန်တော်တို့ မြို့ငယ်လေးတစ်ခုမှာ အခြေချခဲ့ပါတယ်။ စစ်တပ်က အရာရှိတွေရဲ့ ဘ၀ကတော့ သိကြတဲ့အတိုင်းပါပဲ။ နံနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်မယ်၊ မြင်းစီးသင်မယ်၊နံနက်စာကို တပ်ရင်းမှုးကြီးဆီမှာပဲဖြစ်ဖြစ်၊ ရေဗရီတွေရဲ့ စားသောက်ဆိုင်မှာပဲဖြစ်ဖြစ် စားကြမယ်။ ညနေခင်းရောက်ရင်တော့ ဖဲကစားကြတော့တာပါပဲ။ အဲဒီမြို့လေးမှာက ရင်းနှီးဖော်ရွေတဲ့အိမ်ကမရှိ၊ မိန်းမပျိုကလည်းမရှိဆိုတော့ ကျွန်တော်တို့တွေက တစ်ယောက်ဆီတစ်ယောက် အချင်းချင်းသွားစုမိကြတော့ စစ်ဝတ်စုံတွေကလွဲပြီး တခြားဘာကိုမှ မတွေ့မမြင်ရသလောက်ပါပဲ။

ကျွန်တော်တို့ အသိုင်းအ၀ိုင်းထဲမှာ စစ်တပ်ကမဟုတ်တဲ့ လူတစ်ယောက်တော့ရှိလေရဲ့။ သူရဲ့အသက်က သုံးဆယ့်ငါးနှစ်ဝန်းကျင် ရှိပြီးဆိုတော့ ကျွန်တော်တို့က သူကို လူကြီးတစ်ယောက်လို့ပဲ ယူဆထားကြတယ်။ ကျွန်တော်တို့ အထင်ကြီးစရာ အတွေ့အကြုံတွေ သူ့မှာ အများကြီးရှိတယ်။ သူ့ရဲ့ ပင်ကိုယ်စရိုက်အတိုင်း သုန်သုန်မှုန်မှုန်နေတတ်တာ၊ စိတ်ဆတ်တာ၊ စကားခပ်ကြမ်းကြမ်းပြောတတ်တာတွေက ကျွန်တော်တို့ အရာရှိငယ်တွေရဲ့ခေါင်းထဲမှာ အတော်ကို လွှမ်းမိုးတာပါ။ လျှို့ဝှက်ချက်တစ်ခုခုကများ သူ့ရဲ့ ကံကြမ္မာကိုလွှမ်းမိုးထားလေသလား။ လူကတော့ ရုရှားလူမျိုးလို့ ယူဆရပြီး၊ နာမည်ကတော့ နိုင်ငံခြားနာမည်ဖြစ်နေလေရဲ့။ တချိန်တခါတုန်းကတော့ သူက မြင်းတပ်တစ်ခုမှာ ပျော်ပျော်ကြီး တာဝန်ထမ်းဖူးသတဲ့။ သူ စစ်တပ်က ဘာ့ကြောင့် အနားယူရသလဲဆိုရယ်၊ ဒီလို ခြောက်ကပ်ကပ်မြို့လေးမှာ ဘာ့ကြောင့်အခြေချနေရသလဲဆိုတာရယ်ကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ မသိပါဘူး။ အဲဒီမြို့လေးမှာ သူက ဆင်းဆင်းရဲရဲနဲ့၊ အသုံးအဖြုန်းကြီးကြီးနေပါတယ်။ ပြဲနေတဲ့ကုတ်အင်္ကျီကြီးကို ၀တ်ပြီး ခြေကျင်သွားတတ်လာတတ်ပေမယ့် တပ်ရင်းက စစ်ဗိုလ်တွေအတွက်တော့ ရက်ရက်ရောရော ကျွေးမွေးတတ်ပါတယ်။ တကယ်ပါ၊ ညစာအတွက် ဟင်းလျာကတော့ တပ်ထွက်စစ်သားကြီးတွေက ချက်ပြုတ်ပေးတဲ့ ဟင်း နှစ်ခွက်၊ သုံးခွက်တည်းပေမယ့် ရှန်ပိန်ကတော့မြစ်ရေစီးသလိုပါ။ သူ့ရဲ့အခြေအနေ နဲ့ ၀င်ငွေကို ဘယ်သူကမှ မသိသလို၊ ဘယ်သူကမှလည်း အဲဒီအကြောင်းတွေ သူကိုမမေးရဲပါဘူး။ သူဆီမှာ များသောအားဖြင့် စစ်ဘက်ဆိုင်ရာ စာအုပ်တွေနဲ့ဝတ္ထုစာအုပ်တွေ ပေါများပါတယ်။ သူက သူများဖတ်ဖို့ ၀မ်းမြောက်ဝမ်းသာ ငှားတတ်ပြီး၊ ဘယ်တော့မှလည်း ပြန်မတောင်းတတ်ပါဘူး။ အခြားလူရဲ့စာအုပ်တွေကိုလည်း ဖတ်မပြီးသေးဘူးဆိုပြီး ပြန်မပေးတတ်ပါဘူး။ ပစ္စတိုသေနတ်ပစ်လေ့ကျင့်တာကတော့ သူ့ရဲ့အဓိကအလုပ်ပါပဲ။ သူရဲ့ အခန်းနံရံတွေဆိုရင်လည်း ကျည်ဆံရာတွေနဲ့ ပြည့်နေပြီးတော့ ပျားအုံကြီးရဲ့ ပျားလပို့ကြီးလိုဖြစ်နေတာပါပဲ။ ပစ္စတိုသေနတ်တွေ အများအပြားစုဆောင်းထားတာကတော့ သူနေတဲ့အိမ်အအိုကလေးမှာ တစ်ခုတည်းသော ခံ့ညားထည်ဝါမှုတစ်ခုပါပဲ။ မယုံကြည်နိုင်လောက်အောင် သေနတ်ပစ်ကျွမ်းကျင်တဲ့အတွက် တကယ်လို့သူက ခေါင်းမှာဆောင်းထားတဲ့ဦးထုပ်ပေါ်မှာ သစ်တော်သီးတင်ပြီး သေနတ်နဲ့ပစ်ဖို့ တစ်ယောက်ယောက်ကို ခေါ်တယ်ဆိုရင် ကျွန်တော်တို့တပ်ရင်းမှာ ကိုယ့်ခေါင်းကို ထိုးမပေးရဲတဲ့သူလို့ မရှိပါဘူး။ ကျွန်တော်တို့ကတော့ နှစ်ယောက်ခြင်းသေနတ်ယှဉ်ပစ်တဲ့ အကြောင်းပဲ အပြောများတာပါ။ စီ(လ်)ဗီအို(သူ့ကို အဲဒီလိုခေါ်တယ်။) အဲဒီအကြောင်းဆိုရင် ဘယ်တော့မှ ၀င်မပြောဘူး။ သေနတ်ယှဉ်ပစ်ဖို့အကြောင်းပေါ်လာမဲ့ မေးခွန်းမျိုးဆိုရင်လည်း ခပ်မာမာပဲဖြေတယ်။ ဘာဖြစ်တယ်၊ ဘယ်လိုဆိုတာကိုလည်း အသေအချာ ရှင်းမပြဘူးဆိုတော့ သူက အဲဒီလိုမေးခွန်းမျိုးတွေကို မကြိုက်ဘူးဆိုတာ ကျွန်တော်တို့က သိတယ်လေ။ အလွန်ကြောက်စရာကောင်းလောက်အောင် သူတတ်ကျွမ်းတဲ့ပညာရဲ့ စိတ်မချမ်းမြေ့ဘွယ်ရာ ပေးဆပ်ခြင်းတစ်ခုခုက သူ့ရဲ့ လိပ်ပြာကို လွှမ်းမိုးထားတယ်လို့ ကျွန်တော်တို့က ယူဆထားတယ်။ ဒါပေမယ့် သူကြောက်တတ်ပါ့လားဆိုတဲ့ သံသယဖြစ်စရာအတွေးတောင် ကျွန်တော့်တို့ ခေါင်းထဲရောက်မလာပါဘူး။ အပြင်ပန်း သွင်ပြင်ကိုမြင်ရုံနဲ့တင် အဲဒီလိုသံသယမျိုးတွေကို ကင်းဝေးစေတယ်ဆိုတဲ့ လူမျိုးတွေရှိတယ်လေ။ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုက ကျွန်တော်တို့ကို အံ့အားသင့်စေခဲ့ပါတယ်။

တစ်နေ့မှာ ကျွန်တော်တို့ စစ်ဗိုလ်ဆယ်ယောက်လောက်က စီ(လ်)ဗီအိုဆီမှာ ညစာ စားကြတယ်။ ထုံးစံအတိုင်း သောက်ကြပြီဆိုတော့ များတော့ များတာပေါ့။ စားသောက်ပြီးတော့ အိမ်ရှင်ကို ဖဲရိုက်ဖို့ရာ ပြောကြတာပေါ့။ သူက ဖဲကို တစ်ခါမှလို့ပြောလို့ရလောက်အောင် မကစားတာဆိုတော့ အကြာကြီး ငြင်းပါတယ်။ နောက်ဆုံးကြတော့လည်း ဖဲထုပ်ကိုယူခဲ့ဖို့ အမိန့်ပေးလိုက်ပြီး ပိုက်ဆံငါးဆယ်ကို စားပွဲပေါ်တင်ပြီး ဖဲရိုက်ဖို့ထိုင်ပါတော့တယ်။ ကျွန်တော်တို့ကလည်း သူကိုဝိုင်းထိုင်ပြီးတော့ ဖဲစရိုက်တော့တာပါပဲ။ ဖဲကစားနေတုန်းဆိုရင် ဘာမှကိုမပြောဘဲ လုံးဝပါးစပ်ပိတ်ပြီးနေတတ်တဲ့အလေ့အကျင့်က စီ(လ်)ဗီအိုမှာရှိတယ်။ ဘယ်တော့မှလည်း အငြင်းမပွားသလို ဘယ်တော့မှလည်း သူက ရှင်းပြလေ့မရှိပါဘူး။ ကစားနေတုန်းတစ်ယောက်ယောက်က မှားပြီးတွက်တာဖြစ်တယ်ဆိုရင် သူက လိုတဲ့ပိုက်ဆံကိုချက်ခြင်းထုတ်ပေးတယ်၊ အဲသလိုမှ မဟုတ်ရင်လည်း ရေးမှတ်စရာရှိတာကိုရေးမှတ်တယ်။ ကျွန်တော်တို့က သိပြီးသားဆိုတော့လည်း ဘာမှ အနှောက်အယှက်မပေးပါဘူး။ အဲ ဒါပေမယ့် ကျွန်တော်တို့ကစားဝိုင်းထဲမှာ မကြာခင်ကမှကျွန်တော်တို့ဆီကို ပြောင်းလာတဲ့ စစ်ဗိုလ်အသစ်တစ်ယောက်ရှိတယ်။ သူက ကစားနေရင်း ရှုံးလွန်းလို့ သတိလက်လွတ်နဲ့ ဖဲချပ်ရဲ့ထောင့်တစ်နေရာကို အမှတ်တမဲ့ ချိုးခေါက်မိတယ်။ စီ(လ်)ဗီအိုကလည်း သူ့ထုံးစံအတိုင်း မြေဖြူကိုယူပြီး စားရင်းကိုပြင်တယ်။ စစ်ဗိုလ်လေးက သူ့ကို မှားပြီးစာရင်းမှတ်တယ်ထင်ပြီး စရှင်းပြပါတော့တယ်။ စီ(လ်)ဗီအိုကတော့ ဘာမှမပြောဘဲ ဆက်ပြီးဖဲရိုက်ပါတယ်။ စစ်ဗိုလ်လေးက ဒေါသတွေထွက်ပြီး ဂရုမစိုက်ဘူးဆိုတဲ့ပုံစံနဲ့ ရေးမှတ်ထားတာတွေကို ဖျက်ပါလေရော။ စီ(လ်)ဗီအိုကလည်း မြေဖြူကိုယူပြီး ထပ်ရေးတာပေါ့။ ၀ိုင်သောက်ထားတဲ့အရှိန်ရယ်၊ ဖဲရှိန်ရယ်၊ အပေါင်းအသင်းတွေရဲ့ ရယ်သံတွေနဲ့ ကိုယ်ဟာကို အတော်ကိုပက်ပက်စက်စက်မှားနေတဲ့ကောင်လို့ ထင်ပြီး၊ ဒေါသတကြီးနဲ့ စားပွဲပေါ်က ဖယောင်းတိုင်တင်ထွန်းတဲ့ ကြေးတိုင်ကြီးကို ဆွဲပြီး၊ စီ(လ်)ဗီအိုဆီကို ပစ်လွှတ်လိုက်တယ်။ စီ(လ်)ဗီအိုလည်း မနည်းရှောင်လိုက်ရတယ်။ ကျွန်တော်တို့လည်း အတော်ကို ကသိကရောက်ဖြစ်သွားတယ်။ စီ(လ်)ဗီအိုကလည်း ဒေါသကြောင့် မျက်နှာကြီးက ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး မျက်လုံးက အရောင်တဖျတ်ဖျတ်ထွက်လာပြီး ထပြီးပြောတယ်။ - လူကြီးမင်း ကျေးဇူးပြုပြီးထွက်သွားပါ။ ဒီကိစ္စ ကျုပ်အိမ်ထဲမှာ ဖြစ်သွားတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။

ကျွန်တော်တို့က အကျိုးဆက်အနေနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို သံသယမရှိဘဲ အပေါင်းအသင်းအသစ်ကိုလည်း သေလူအဖြစ် ယူဆထားပြီးသားပါ။ စစ်ဗိုလ်လေးကလည်း အိမ်ရှင်အဆင်ပြေမယ့်အချိန်မှာ သူ့အမှားအတွက်ရင်ဆိုင်ရန်အသင့်ရှိကြောင်းပြောပြီး ထွက်သွားလေရဲ့။ ကစားပွဲကို မိနစ်အနည်းငယ် ဆက်ကစားကြပေမယ့် အိမ်ရှင်က အဆုံးအထိဆက်မကစားချင်ဘူးလို့ ခံစားရလို့ ကျွန်တော်တို့လည်း တစ်ယောက်ပြီးတစ်ယောက် လူစုခွဲပြီး ကိုယ့်အခန်းကို ကိုယ်စီပြန်သွားကြတော့တာပေါ့။

နောက်နေ့ မြင်းစီးကွင်းမှာ သနားစရာစစ်ဗိုလ်လေး အသက်ရှိသေးရဲ့လားလို့ အချင်းချင်းမေးနေတုန်းပဲ အဲဒီစစ်ဗိုလ်လည်း ရောက်လာတော့ သူကိုလည်း အဲဒီမေးခွန်းကိုပဲ မေးကြတယ်။ သူကလည်း စီ(လ်)ဗီအို ဆီက ဘာကိုမှ အကြောင်းမကြားကြောင်း ပြောတယ်။ အဲသလိုဖြစ်နေတာကိုက ကျွန်တော်တို့ကို အံ့အားသင့်စေတာပါ။ ကျွန်တော်တို့လည်း စီ(လ်)ဗီအိုဆီကိုသွားတော့ ခြံတံခါးမှာ ကပ်ထားတဲ့ စပိတ်ဖဲပွင့်ပေါ်အတည့်ကိုကျည်ဆံတွေတစ်တောင့်ပြီးတစ်တောင့်ထပ်နေအောင် ပစ်နေတဲ့ သူကို အိမ်ဝိုင်းထဲမှာ တွေ့ပါတယ်။ မနေ့ကဖြစ်သွားတဲ့အကြောင်းအရာကို တစ်ခွန်းမှ မဟဘဲ သူက ကျွန်တော်တို့ကို ခါတိုင်းလိုပဲ ဆီးကြိုနှုတ်ဆက်ပါတယ်။ သုံးရက်လောက်ကြာပေမယ့်လည်း ဟိုစစ်ဗိုလ်လေးကတော့ အသက်ရှင်ရက်ပါပဲ။ စီ(လ်)ဗီအိုက သေနတ်ချင်းယှဉ်ပစ်ဖို့ တကယ့်ကိုပဲ မခေါ်တော့ဘူးလားလို့ ကျွန်တော်တို့ တအံ့အသြနဲ့မေးမိတယ်။ စီ(လ်)ဗီအိုက သေနတ်ချင်းယှဉ်ပစ်ဖို့ မခေါ်ပါဘူး။ သူကတော့ နည်းနည်းပါးပါးရှင်းပြတာကို ကျေနပ်ပြီးတော့ ပြန်ပေါင်းထုပ်သွားပါတယ်။

အဲသလိုလုပ်သွားတာက ကျွန်တော်တို့ လူငယ်တွေရဲ့ အမြင်မှာ သူ့ကိုအထင်အမြင်သေးစေပါတယ်။ သတ္တိရှိတယ်ဆိုတာကို လူတစ်ယောက်အတွက် အမြင့်ဆုံးစံလို့ အမြဲမြင်တတ်တဲ့၊ ခွင့်လွှတ်တယ်ဆိုတာကို ဖြစ်နိုင်ချေရှိတဲ့ အပြစ်အနာအဆာလို့ ယူဆတဲ့ ကျွန်တော်တို့ လူငယ်တွေက သူသတ္တိသိပ်မရှိတာကို ခွင့်လွှတ်ကြပါတယ်။ ဒါပေမယ့်လည်း တဖြည်းဖြည်းနဲ့ပဲ အားလုံးကမေ့သွားကြတာပါ။ ပြီးတော့လည်း စီ(လ်)ဗီအိုက အရင်ကအတိုင်း သူ့ရဲ့လွှမ်းမိုးမှုကတော့ ပြန်ရှိတာပါပဲ။

ကျွန်တော်တစ်ယောက်တည်းကသာ သူ့နားကိုပြန်မကပ်နိုင်တာပါ။ ကျွန်တော့်မှာ ကြည်နူးဖွယ်ရာစိတ်ကူးယဉ်တတ်တဲ့ အလေ့အထကရှိတော့ ပဟေဠိဆန်ဆန်ဘ၀ရှိတဲ့၊ ကျွန်တော်အတွက် လျှို့ဝှက်ဆန်းကြယ် ၀တ္ထုတစ်ခုခုက သူရဲကောင်းတစ်ယောက်လို ဖြစ်နေတဲ့ သူနဲ့ ပိုပြီး ရင်းရင်းနှီးနှီးရှိခဲ့တာပေါ့။ သူကလည်း ကျွန်တော့်ကို ခင်ပါတယ်။ သူက ကျွန်တော့်ကိုဆို သူ့ထုံးစံအတိုင်း စကားကို ခပ်ထန်ထန်၊ ခပ်ရိုင်းရိုင်းမပြောဘဲ၊ အကြောင်းအရာအစုံကို ပြောနေကြမဟုတ်တဲ့ ချိုချိုသာသာလေသံနဲ့ ပွင့်ပွင့်လင်းလင်းပြောပါတယ်။ ဒါပေမယ့် စိတ်ညစ်စရာကောင်းတဲ့ ညနေခင်းအပြီးမှာတော့ သူ့အပေါ်ထားတဲ့ လေးစားမှုတွေက သူ့ရဲ့ အမှားကြောင့်ပဲ ပျောက်ဆုံးသွားပါတယ်။ အဲဒီအတွေးက စိတ်ထဲမှာပျောက်မသွားဘဲ အရင်ပုံစံလို သူနဲ့ပြန်မဆက်ဆံနိုင်လောက်အောင်၊ သူကိုမကြည့်ချင်လောက်အောင်ကိုပဲ ဖြစ်ရပါတယ်။ စီ(လ်)ဗီအိုက သိပ်ကိုအတွေ့အကြုံကရှိ၊ ဥာဏ်ကလည်းကောင်းဆိုတော့ ဘာလို့ကျွန်တော်အဲဒီလိုဖြစ်နေတယ်ဆိုတာကို သတိထားမိ၊ ခန့်မှန်းမိမှာပါ။ သူလည်း စိတ်အနှောက်အယှက်တော့ဖြစ်ပုံပေါ်ပါတယ်။ သူက ကျွန်တော့်ကို ရှင်းပြဖို့ နှစ်ခါလောက်ကျိုးစားတာကို ကျွန်တော်က ရှောင်ပြေးနေတော့ သူလည်း လက်တော့လျှော့သွားတယ်။ အဲဒီအချိန်ကစပြီးတော့ အပေါင်းအသင်းတွေနဲ့ အတူပဲ တွေ့တော့တာဆိုတော့ အရင်လို ပွင့်ပွင့်လင်းလင်းပြောတာတွေလည်း မရှိတော့ဘူးပေါ့။

ကိုယ်ကိစ္စနဲ့ကိုယ်အလုပ်ရှုပ်နေတဲ့ မြို့တော်ကလူတွေကတော့ မြို့ငယ်တွေ၊ ရွာတွေကလူတွေရဲ့ ကိစ္စတစ်ချို့ကို နားမလည်လောက်ဘူး။ ဥပမာ - စာတိုက်ဖွင့်တဲ့ရက်ကို စောင့်ရတာမျိုးကိုပေါ့။ အင်္ဂါနဲ့ သောကြာနေ့တွေဆို ကျွန်တော်တို့ တပ်ရင်းရုံးမှာ စစ်ဗိုလ်တွေအပြည့်ပဲ။ ငွေကို စောင့်တဲ့သူက စောင့်၊ စာ၊ သတင်းစာ မျှော်တဲ့သူက မျှော်ပေါ့လေ။ စာအိတ်တွေကိုတော့ အဲဒီမှာပဲ ဖွင့်ပြီးတော့ ဖတ်ကြ၊ သတင်းတွေ ဖလှယ်ကြနဲ့ ရုံးလေးက တကယ့်ကို အသက်ဝင်နေတာပဲ။ စီ(လ်)ဗီအိုလည်း အမြဲရှိနေတတ်ပြီးတော့ ကျွန်တော်တို့ တပ်ရင်းကို လိပ်မူပြီးထားတဲ့ သူ့စာတွေလည်း ရောက်တတ်ပါတယ်။ တစ်နေ့ သူ့ဆီကို စာရောက်တော့ ချက်ချင်းပဲ စာအိတ်ကို အလွန်စိတ်မရှည်တဲ့ပုံစံနဲ့ ဖွင့်ပါတော့တယ်။ စာကို အမြန်အပြေးအလွှား ဖတ်နေရင်း မျက်လုံးက အရောင်တွေကို ထွက်လို့ပေါ့။ စစ်ဗိုလ်တွေကလည်း ကိုယ့်စာတွေနဲ့ကိုယ်ရှုပ်နေတာဆိုတော့ သူ့ကို ဘယ်သူကမှ သတိမထားမိပါဘူး။ - လူကြီးမင်းတို့- စီ(လ်)ဗီအိုက သူတို့ကိုပြောတယ်။ - အခြေအနေတစ်ခုကြောင့် ကျွန်တော် ဒီကနေအမြန်ထွက်ခွာရပါတော့မယ်။ ဒီနေ့ညပဲ သွားမှာဖြစ်လို့ ကျွန်တော့်အိမ်မှာ နောက်ဆုံးအနေနဲ့ ညစားစာဖို့ ဖိတ်ခေါ်တာကို မငြင်းကြစေလိုပါဘူး။ ကျွန်တော်စောင့်နေပါ့မယ်။ - သူက ကျွန်တော့်ဖက်ကိုလှည့်ပြီးတော့ ဆက်ပြောပါတယ်။- အသေအချာကို စောင့်နေပါ့မယ်။ ပြောရင်းဆိုရင်း သူထွက်သွားတော့ ကျွန်တော်တို့လည်း သူ့ အိမ်မှာ ဆုံကြဖို့ ပြောပြီးတော့ အသီးသီး လမ်းခွဲကြပါတယ်။

ကျွန်တော် စီ(လ်)ဗီအိုဆီကို ချိန်းထားတဲ့ အချိန်မှာရောက်တော့ တပ်ကလူတွေ အကုန်နီးပါးရောက်နေပါပြီ။ သူ့ပစ္စည်းတွေက အကုန်ထုပ်ပိုးပြီးပြီဆိုတော့ ကျည်ဆံရာတွေနဲ့ နံရံပဲကျန်နေတော့ပါတယ်။ ကျွန်တော်တို့လည်း စားပွဲခုံရှေ့မှာ ထိုင်နေကြပြီး၊ အိမ်ရှင်ကလည်း အလွန်ကိုပဲ စိတ်လောနေတဲ့ ပုံစံရှိနေပါတယ်။ ခဏနေတော့ စကားပြောရင်းဆိုရင်း သူလည်းပျော်ရွှင်လာပါတော့တယ်။ ပုလင်းဖေါက်သံတွေဆက်တိုက်ကြားလာရပြီးတော့ ခွက်ချင်းတိုက်သံတွေ စကားပြောသံတွေလည်း အဆက်မပြတ်ကြားလာရပါတယ်။ ကျွန်တော်တို့ကလည်း အဆင်ပြေချောမွှေ့သော ခရီးဖြစ်ပါစေလို့ အူလိုက်သည်းလိုက် ဆုတောင်းပေးကြပါတယ်။ ညနေလည်း အတော်စောင်းတော့ အားလုံးလည်း စားပွဲကနေထကြပါတော့တယ်။ စီ(လ်)ဗီအိုရဲ့ ဦးထုပ်ကို စူးစမ်းရင်း အားလုံးက နှုတ်ဆက်နေတုန်း ကျွန်တော်ထွက်ခါနီးမှာပဲ ကျွန်တော့်လက်ကို သူကလှမ်းဆွဲပြီး တားပါတော့တယ်။- ငါမင်းနဲ့ စကားပြောစရာရှိတယ်။- သူက တိုးတိုးလေးပြောပါတယ်။ ကျွန်တော်လည်း ကျန်နေခဲ့ပါတယ်။
ဆက်ရန်။

Read more...

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP