သင်ခန်းစာ

>> Thursday, July 31, 2008


ကျနော် အရင်ရက်က ဘာသာပြန်ခဲ့တဲ့ မီးပွိုင့် အတိုလေးရဲ့စာရေးဆရာ Фазиль Искандер (ဖာဇီ(လ်) အီစကန်ဂျယ်) ရဲ့ Урок (သင်ခန်းစာ) ဆိုတဲ့ စာတိုတပုဒ်ကို ကျောင်းသင်ခန်းစာတုန်းက သင်ခဲ့ဖူးတာ နှစ်အတော်ကြာပါပြီ။ အခုအပုဒ်ကို ဖတ်ဖူးကြမဲ့ ကျနော့်ဘော်ဘော်တွေ များပါတယ်။ ရုရှားစာ သင်တုန်းက အလယ်အလတ်အဆင့်လောက်မှာ ဖတ်ခဲ့ရတဲ့စာဆိုတော့ အခုပြန်ဖတ်တော့ ဖတ်ရတာ သိပ်မခက်လှပါဘူး။ စာဖတ်ရ မခက်အောင်လည်း ပြင်ထားလို့ပါ။ မူရင်းအတိုင်းဆို ဖတ်ရတာ အနည်းငယ် ပိုခက်ပါလိမ့်မယ်။ မူရင်းတွေ့ချင်လို့ အင်တာနက်မှာ ရှာတာ မတွေ့ပါဘူး။ ဘာပဲပြောပြော ကိုယ်ဖတ်ဖူးတာလေးတခုကို အမှတ်တယအဖြစ် သိမ်းထားတယ်လည်း ဖြစ်အောင်ရယ် သူငယ်ချင်းတွေကိုလည်း ဝေမျှချင်တာရယ်ကြောင့် ဘာသာပြန်ပြီး ဒီဘလော့ဂ်မှာ တင်လိုက်ပါတယ်။


သင်ခန်းစာ

ဓလေ့ထုံးတမ်းတွေအရ ကျနော်တို့ မူဆလင်မိသားစု ဝက်သားကို ဘယ်တုန်းကမှ မစားကြပါဘူး။ လူကြီးတွေက မစားကြသလို၊ ကလေးတွေကို စာဖို့ခွင့်မပြုပါဘူး။ ကလေးတွေအနေနဲ့ကတော့ ဝက်သားကို မြည်းစမ်းဖို့ အခွင့်အလမ်းတွေရှိပါတယ်၊ ဥပမာ၊ မူကြိုကျောင်းမှာစားဖြစ်နိုင်သလို၊ ဧည့်သည်အနေနဲ့လည်း ဝက်သားကို စားဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော့်အကို၊ ကျနော့်မမရယ် ကျနော်ကတော့ ဘယ်အခါတုန်းကမှ ဝက်သားကို မစားခဲ့ပါဘူး။ ဝက်သားကို မြည်းစမ်းစာချင်တဲ့စိတ်လည်း တခါမှ မပေါ်ခဲ့ပါဘူး။

အခုနှစ်ပိုင်း ကျနော်တို့အိမ်မှာ သူနာပြုဆရာမ အန်တီ ဆိုညာ နေတတ်ပါတယ်။ ကျနော်တို့မိသားစုတွေ အဆင်ပြေတဲ့ ဆက်ဆံရေးရှိပါတယ်။ ညနေပိုင်းတွေမှာ အန်တီဆိုညာ ကအိမ်ကိုရောက်လာပြီး သူ့ဘဝဇာတ်ကြောင်းပုံပြင်တွေ ပြောတတ်ပါတယ်။ လက်ဖက်ရည်အတူသောက်ကြ၊ ညစာတွေစားပြီးတဲ့အခါ သူမ သူမအိမ်ကို ပြန်သွားတတ်ပါတယ်။ အဲဒီအချိန်က သူ့အမျိုးသား ဦးလေးရှုရာ အလုပ်ကနေပြန်လာတဲ့အချိန်လေ။

ဦးလေးရှုရာက အလုပ်ကနေပြန်လာတယ်ဆိုရင်ပဲ တခုခုကို ပြင်ဆင်တော့တာပါပဲ။ စားပွဲတင်မီးအိမ်၊ နာရီ၊ ရေဒီယိုစသည်တွေကို ပြင်ပါတယ်။ ကျနော်က သူလုပ်ကိုင်နေတာကို ကြည့်ရတာပျော်သလို၊ သူ့ကို ကူညီညာလုပ်ပေးရတာကိုလည်း သဘောကျပါတယ်။ ဒီတော့ ညနေတွေမှာ သူတို့ အိမ်ကို မကြာခဏ ရောက်တတ်ပါတယ်။ ပစ္စည်းတခုခုကို မပြင်ခင်မှာ ဦးလေးရှုရာက အသေအချာကြည့်တယ်၊ ပြီးတော့ ဘယ်လိုပြင်ရင် ရမယ်ဆိုတာ ကျနော့်ကို ရှင်းပြလေ့ရှိပါတယ်။ ကျနော်တို့ အလုပ်လုပ်နေချိန်မှာ အန်တီဆိုညာ ညစာချက်ပြုတ်လေ့ရှိပါတယ်။

တစ်နေ့ ကျနော်ရယ်၊ မမရယ် အန်တီဆိုညာတို့အိမ်ကိုရောက်သွားတော့ ညစာစားဖို့ အန်တီဆိုညာက ကျနော်တို့ကို ဖိတ်ခေါ်ပါတယ်။ ညစာ ဝက်သားချက်ပါတယ်။ အန်တီနဲ့ ဦးလေးက ဝက်သားကို မကြာခဏ ချက်စားတတ်သလို၊ ကျနော့်ကိုလည်း စားဖို့ခေါ်လေ့ရှိပါတယ်။ ကျနော်ကလည်း မစားဘူးလို့ အမြဲငြင်းလေ့ရှိပါတယ်။ အခုတခါလည်း ကျနော်က မစားဘူးလို့ ငြင်းပါတယ်။ အဲဒီတော့ အန်တီဆိုညာက ဝက်သားအချပ်လေးတွေကို ပေါင်မုန့်မှာ ညှပ်ပြီး မမကိုပေးလိုက်ပါတယ်။ မမက အစပိုင်း နည်းနည်းလက်တွန့်နေပေမယ့် နောက်ကျ ယူပြီး စားပါတော့တယ်။ - " မင်းကတော့ကွာ ဘုန်းကြီးကျနေတာပဲ"လို့ ဦးလေးရှုရာက ကျနော့်ကိုပြောပါတယ်။

မမက အရသာရှိရှိကို စားနေတာလို့ ကျနော်ခံစားရပါတယ်။ သူမက ကလေးတွေ လုပ်နေကြအတိုင်းပါပဲ အရသာရှိမဲ့အပိုင်းအကြီးကို မစားဘဲ ဘေးမှာ ခဏချထားပါတယ်။ ပြီးတော့ ကျနော့်အကိုအကြောင်းကို ပြောပါတော့တယ်။ သူကျောင်းမှာ ဘယ်လောက်ညံ့တဲ့အကြောင်းပေါ့။ ကျနော်က ကျောင်းမှာ စာတော်တာ အားလုံးက သိကြတော့ သူမက ကျနော့်ကို ချီးကျူးချင်လို့ အဲဒါတွေပြောနေတာပါ။ အဲဒီအကြောင်းတွေ ပြောနေတုန်းမှာလဲ ကျနော် သူပြောနေတာကို နားထောင်နေသလား၊ နားမထောင်ဘူးလား၊ သူမဝက်သားစားတာကို ကျနော်မေ့သွားပြီးလား၊ မမေ့သေးဘူးလားဆိုတာကို ခန့်မှန်းချင်လို့ ကျနော့်ဘက်ကို မကြာခဏဆိုသလို မမက ကြည့်ပါတယ်။

ကျနော့်မျက်နှာပေါ်မှာတော့ သူမလုပ်တာကို မကြိုက်ဘူးဆိုတာကတော့ ပေါ်လွင်နေမှာပါ။ မမက ဘေးဝန်းကျင်ကို မျက်လုံးလေးဝေ့ကြည့်ပြီး ကျနော်က နားမလည်နိုင်တဲ့ အကောင်အဖြစ် ပြောနေတဲ့ပုံစံလုပ်ပါတယ်။

ပြီးတော့ သူမက အသားညှပ်မုန့်ကို အကုန်စားပြီး ဘာမှ မလုပ်ခဲ့သလို ဘာမှ မဖြစ်ခဲ့သလို ပုံစံနဲ့ လက်ဘက်ရည်သောက်ပါတယ်။ သူလက်ဘက်ရည်သောက်မယ်လုပ်ရင် ကျနော်က အသောက်ရပ်ပါတယ်။ သူ့ကို သဘောမကျဘူးဆိုတာ ပေါ်လွှင်အောင်လို့ပါ။ ကျနော့်စိတ်ထဲမှာလည်း မကြည်လင်ပါဘူး။ ညစာလည်း စားပြီးရော ကျနော်အိမ်ကို ပြန်ဖို့လုပ်ပါတယ်။ - " ကျနော်အိမ်စာတွေလုပ်စရာရှိလို့ ပြန်ဦးမယ်" ဆိုပြီး ဘဝမှာ ဘာအရေးအကြီးဆုံးလဲဆိုတာ နားလည်တဲ့ပုံစံရယ်၊ ကိုင်းတခြားလူတွေတော့ ကိုယ်စိတ်ဝင်စားတာ လုပ်ချင်ရာလုပ်ဆိုတဲ့ လူကြီးတစ်ယောက်ပုံစံနဲ့ ပြောလိုက်ပါတယ်။

အိမ်ကိုရောက်တော့ ကိုယ့်အခန်းကို သွားတယ်။ ခဏနေတော့ မမပြန်ရောက်လားပြီး၊ ကျနော်ဘယ်မှာလဲလို့ မေးပါတယ်။ " သူအိပ်မယ်ဆိုပြီး သူ့အခန်းထဲဝင်သွားတယ်၊ သူ့ကြည့်ရတာ သုန်သုန်မှုန်မှုန်နဲ့ ဒီနေ့ဘာတွေ ဖြစ်လာတာလဲ။" မေမေက မေးပါတယ်။ " ဘာမှ မဖြစ်ပါဘူး"လို့ မမက ပြန်ဖြေပါတယ်။ ကျနော်သူမကို နည်းနည်းသနားသွားပါတယ်။ ကျနော်က မိဘတွေကို အကြောင်းစုံပြန်ပြောမှာကို သူမသိပ်ကြောက်နေမယ်၊ ရှက်နေမယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် ကျနော်ထင်တာ မှားသွားပါတယ်။ ခဏနေတော့ မမက မေမေ့ကို တခုခုပြောပြီး သူတို့နှစ်ယောက်ရဲ့ ခပ်အုပ်အုပ်ရီသံကို ကြားရပါတယ်။ အခုညနေခင်းမှာ သူမသိပ်ကိုပျော်နေတယ်ဆိုတာ ထင်ရှားနေပြီပေါ့လေ။ ဝက်သားကို စားခဲ့တယ်၊ ကျနော်က ဘာမှမပြောတော့ သူမက မေမေ့ကို အပျော်တွေပြောနေပြီပေါ့လေ။ " နေနှင့်ပါဦးလေ၊ ငါ့အချိန်လည်း ရောက်လာဦးမှာပါ" လို့ ကျနော် စိတ်ထဲမှာ တေးထားလိုက်တယ်။ နောက်နေ့ညနေခင်းမှာ မိသားစုဝင်တွေအားလုံး ထမင်းစားဖို့ ဖေဖေ့ကို စောင့်နေကြပါတယ်။ ကျနော်က မမဘာတွေလုပ်ထားတယ်တယ်ဆိုတာကို တိုင်မယ်လို့ ဆုံးဖြတ်ထားပေမယ့်၊ အလုပ်ကပြန်လာတဲ့ ဖေဖေ့မျက်နှာက ပင်ပန်းပုံပေါက်နေလို့ တိုင်ချိန်မကျသေးဘူးဆိုတာ သဘောပေါက်လို့ ကျနော် ဘာမှ မတိုင်ဖြစ်ခဲ့ပါဘူး။ ထမင်းစားပြီးတော့ ကျနော် မမကို မကြာခဏလှမ်းလှမ်းကြည့်ပြီး သူမအပြစ်တွေကို တိုင်းတော့မယ့်ဟန်လုပ်ပြပါတယ်။ မမက ကျနော်ပြန်တိုင်မှာကို ကြောက်နေတဲ့ပုံကို မြင်ရတာက ကျနော်မိဘတွေကို ပြန်တိုင်လိုက်ရတာထက် ပိုပျော်ပါတယ်။

စားသောက်ပြီးတော့ ကျနော်တို့ လက်ဘက်ရည်ထိုင်သောက်ကြပါတယ်။ ဖေဖေကနည်းနည်း ရွှင်ပြုံးလာတာနဲ့ မိသားစုဝင်တွေအားလုံးလည်း စကားတွေပြောရင်း ပျော်ရွှင်လာကြပါတယ်။ အထူးသဖြင့် မမပေါ့။ မမက ကျောင်းက ပျော်စရာတွေအကြောင်းပြောနေတော့ ကျနော်က သဘောမကျပါဘူး။ အပြစ်လုပ်ထားတဲ့သူက သုန်သုန်မှုန်မှုန်လေးဖြစ်နေရမှာ မဟုတ်လား။

ခဏနေတော့ ဖေဖေက သူ့အိတ်ထဲကနေ ဗလာစာအုပ်အသစ်တွေ ဆွဲထုတ်လိုက်ပါတယ်။ နွားနို့လို ဖြူဖွေးနေတဲ့ စာရွက်ထူထူ အဖုံးလှလှနဲ့စာအုပ်တွေပါ။ (၉)အုပ်ဆိုတော့ ကျနော်တို့တစ်ယောက်ကို (၃)အုပ်စီပေးပါတယ်။ ဒီလိုခွဲဝေတာ လုံးဝကိုမတရားဘူးလို့ ကျနော်ထင်ပါတယ်။

ပြောခဲ့တဲ့အတိုင်းပါပဲ ကျနော်က စာတော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တခါတလေဆို ကျနော် အဆင့်(၁)ရပါတယ်။ ကျနော့်အကိုဆိုရင် လူဆိုး စာညံ့တစ်ယောက်ပါ။ ကျနော့်လို စာတော်တဲ့သူတစ်ယောက်နဲ့ စာအုပ်အရေအတွက်အတူရတာ မတရားပါဘူး။ မနေ့က ဝက်သားစားထားတဲ့ မမကလည်း ကျနော့်လိုပဲ စာအုပ်အရေအတွက်အတူရပါတယ်။

-" ငါ့စာအုပ်တွေက အကောင်းစားတွေ" လို့ စာအုပ်တွေကို ကြည့်ရင်းမမက အော်လိုက်ပါတယ်။

ကျနော်ဘယ်လိုမှ သည်းမခံနိုင်လို့ နောက်ဆုံးထပြီး အော်ပြောလိုက်ပါတယ်။
- " သူ မနေ့က ဝက်သားစားတယ်"

အခန်းထဲမှာ တိတ်ဆိတ်သွားပါတယ်။ အဲသလိုဖြစ်သွားရမှာမဟုတ်ဘူးဆိုတာ ကျနော်နားလည်ပါတယ်။ ကျနော့်ကိုကြည့်နေတဲ့ ဖေဖေ့မျက်နှာကလည်း မသာမယာနဲ့ပါ။ ကျနော်ပြောလိုက်တာကများ နားမရှင်းလို့လား။ - " သူ မနေ့က အန်တီ ဆိုညာတို့အိမ်မှာ ဝက်သားစားခဲ့တယ်။" လို့ ကျနော့်စကားမှ မဆုံးခင် အဖေက ကျနော့်နားရွက်ကို ဆွဲပြီး ကြမ်းပြင်ပေါ် ပစ်ချလိုက်ပါတယ်။ " တို့အိမ်မှာ ဘယ်တော့မှ သစ္စာဖောက်မရှိရဘူးကွ" လို့ အဖေက အကျယ်ကြီးအော်လိုက်ပါတယ်။

ကျနော်လည်း ကြမ်းပြင်ပေါ်မှာ မှောက်ရက်ကြီးနဲ့ ဘာတွေဖြစ်သွားတယ်ဆိုတာကို နားမလည်နိုင်ပါဘူး။ ကျနော် ဖေဖေ့ကို အရမ်းချစ်ပါတယ်၊ အဲဒီနေ့အထိ ဖေဖေ ကျနော့်ကို အဲသလို အပြစ်တခါမှ မပေးဖူးပါဘူး။
အခုဆိုရင် နှစ်တွေလည်း ကြာခဲ့ပါပြီ။ ကျနော် ဝက်သားကို စားရရင် ပျော်တာမဟုတ်ပေမယ့်လည်း ဝက်သားကို စားခဲ့တာလည်း ကြာပါပြီ။ ဖေဖေပေးလိုက်တဲ့ သင်ခန်းစာကိုလည်း မမေ့ပါဘူး။ မည်သို့သော မြင့်မားတဲ့ အတွေးအကြံကမှ သစ္စာဖောက်မှုကို ခွင့်ပြုလိုက်တာ မဟုတ်ဘဲ၊ သစ္စာဖောက်မှုရဲ့အခြေခံဟာ အလွန်ကိုသေးငယ်တဲ့ မနာလိုဝန်တိုမှုဖြစ်နေတယ်ဆိုတာ ကျနော် တဘဝလုံး နားလည်ပြီး သဘောပေါက်ခဲ့ပါတယ်။

Read more...

ဘွန္တော နဲ့ နံနက်ခင်းအလှ

>> Monday, July 28, 2008


ကျွန်မတို့ အညာဒေသမြို့လေးမှာ မြို့ကျက်သရေဆောင် တန်ခိုးကြီး ဘုရား ၃ ဆူနဲ့ တခြားရပ်ကွက်တိုင်းမှာလည်း ဘုရားစေတီများ တည်ထားကိုးကွယ်ကြပါတယ်။ ကျွန်မတို့မြို့မှာ ဘုန်းတော်ကြီးတွေ ပညာ ဆည်းပူးနိုင်တဲ့ စာသင်တိုက်ကြီးတွေ ရှိပါတယ်။ ဘုန်းတော်ကြီးတွေက ကျွန်မတို့မြို့မှာ စာမသင်ဖူးရင် ကျောင်းထိုင်လုပ်လည်း စာမတတ်သေးဘူးလို့ စာဆိုတွေရှိခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်က စာသင်သားတွေ စာပေလေ့လာသင်ယူနေကြတော့ သံဃာတော်များပြားလှတဲ့ အညာမြို့လေးပါ။ မြို့အလယ်မှာရှိတဲ့ စာသင်တိုက်ကြီးကို အလယ်တိုက်၊ မြို့အရှေ့ဖျားမှာ ရှိတဲ့ စာသင်တိုက်ကို အရှေ့တိုက်နဲ့ မြို့အနောက်ဖျားမှာ ရှိတဲ့ စာသင်တိုက်ကို အနောက်တိုက်ရယ်လို့ မြို့သူမြို့သားတွေ ခေါ်ဆိုကြပါတယ်။


မနက်ဝေလီဝေလင်းအချိန်ဆိုရင် မြို့လေးက ရွှေဝါရောင်သင်္ကန်းတွေ ခြုံလွှမ်းနေပါတော့တယ်။ ကြည်နူးစရာကောင်းလှတဲ့ မြင်ကွင်းလေးပါ။ ဒီလောက်များပြားလှတဲ့ သံဃာတော်တွေရဲ့ နေ့တဓူဝဆွမ်းကိစ္စကိုလည်း မြို့သူမြို့သားတွေ စဉ်ဆက်မပြတ်လှူဒါန်းလာကြတာ နှစ်ကာလတွေ ကြာခဲ့ပါပြီ။ ဆွမ်းခံတဲ့ ကိုယ်တော်တွေမှာ ရပ်ကိုယ်တော် (အိမ်ရှေ့တိုင်းမှာ ရပ်တော်မူ ဆွမ်းခံပါတယ်) နဲ့ ထိုင်ကိုယ်တော် (အိမ်အတွင်းဝင်ပြီး ဆွမ်းခံရတယ်) ဆိုပြီးရှိပါတယ်။ ရပ်ကိုယ်တော်တွေကတော့ အိမ်တိုင်းမှာ ဆွမ်းလောင်းသည်ဖြစ်စေ၊ မလောင်းသည်ဖြစ်စေ ရပ်ပြီး အလှူခံပါတယ်။ ထိုင်ကိုယ်တော်ကတော့ အိမ်တိုင်းကို ဝင်အလှူခံလို့ မရပါဘူး။ အိမ်တွေကိုလိုက်ပြီး “ဆွမ်းခံကြွချင်ပါတယ် ဒကာမကြီး"ဆိုပြီး လိုက်ပြောရပါတယ်။ လက်ခံမည့်အိမ်က လက်ခံပါတယ်ဘုရားဆိုရင် ဒီအိမ်က မြို့လေးမှာ သီတင်းသုံးနေထိုင်သရွေ့ ဒကာ၊ ဒကာမဖြစ်သွားပါပြီ။ အဲဒီတာဝန်ယူတဲ့အိမ်က ခရီးထွက်မယ်ဆိုရင်လည်း မတိုင်ခင်က ကြိုတင်လျှောက်ထားရပါတယ်။ ဆွမ်းခံကိုယ်တော်တွေခရီသွားမယ်ဆိုရင်လည်း “ ဒကာမကြီးရေ ဦးဇင်းတော့ ဘယ်ကို ဘယ်နှစ်ရက် ကြွအုံးမယ်" ဆိုပြီး ပြောသွားပါတယ်။ တချို့ ဆွမ်းခံတာ ကြာလာတဲ့ ကိုယ်တော်တွေ ခရီးသွားမယ်ဆိုရင် အိမ်တွေက ဝတ္ထုငွေလည်း လှူကြတာတွေရှိပါတယ်။ လမ်းခရီးမှာ အသုံးပြုနိုင်ဖို့အတွက်ပါ။ ဆွမ်းခံတာကြာနေပြီး ခင်မင်နေတဲ့ ဘုန်းဘုန်းတွေဆိုရင် ခရီးက ပြန်လာရင် ဆွမ်းခံအိမ်က ဒကာ၊ ဒကာမတွေအတွက်ဆိုပြီး လက်ဆောင်တွေ ပါလာတတ်သေးတယ်။

လမ်းတလျှောက်မှာ အိမ်တိုင်းအိမ်တိုင်းက မနက်အစော အမှိုက်လှဲကြ၊ ရေဖျန်းကြလုပ်ပါတယ်။ သံဃာတော်တွေ ဆွမ်းခံကြွရင် အမှိုက်မရှိစေချင်လို့ ကုသိုလ်ယူကြတာပါ။ မနက်မှာ ဆွမ်းခူးဖို့ ဆွမ်းဟင်းခူးခပ်ထားဖို့ ပန်းကန်တွေ ဆွမ်းအုပ်တွေကို ညကတည်းက ဆေးကြောသန့်စင်ရေစစ်ထားရပါတယ်။ မနက်မှာ ဘာဟင်းလောင်းလှူမလဲဆိုတာ အိမ်ရှင်မတွေ အမြဲစဉ်းစားနေတတ်တယ်။ ကျွန်မတို့အဖေက “ဆွမ်းထက် ဟင်းကို ဂရုစိုက်ချက်ပြီး များများလောင်းပါ"လို့ အမေ့ကို မှာတတ်ပါတယ်။ အိမ်တိုင်းက နေ့စဉ်ဆိုတော့ ဟင်းမကျက်တဲ့နေ့တွေမှာ ဆွမ်းပဲလောင်းလှူကြတာတွေ ရှိပါတယ်။ တချို့နေ့တွေဆိုရင် သပိတ်ထဲမှာ ဆွမ်းတွေပြည့်မောက်နေပြီး ဟင်းလျာမပါပါဘူး။ တချို့အိမ်ကျတော့လည်း ဟင်းလျာကို တဇွန်းလောက်လေး လောင်းလိုက်တာလည်း ရှိပါတယ်။ တခါတရံကျတော့ တို့ဟူးသုပ်လေး တဇွန်းလောက် လောင်းလှူလိုက်တာလည်း ရှိပါတယ်။ ဒါကြောင့်အဖေက ဘာဖြစ်ဖြစ် ပေါပေါများများချက်ပါ။ ဟင်းကို အလေးထားပါလို့မှာတာပါ။ ကျွန်မတို့မြို့ကအိမ်ရှင်မတွေ ဈေးဝယ်ရင်တောင် “မနက်ဆွမ်းဟင်းအတွက်လေ"၊ “မနက်ဆွမ်းဟင်းဘာများချက်ရပါ့" လို့ ပြောပြီး ဈေးဝယ်နေကြတာ မကြာခဏကြားရပါတယ်။ သရက်သီးပေါ်ချိန် သရက်ချဉ်ကို မပြတ်သိပ်ထားပါတယ်။ ဟင်းမချက်နိုင်တဲ့နေ့တွေမှာ သရက်ချဉ်လေးကို ကြက်သွန်နီပါးပါးလှီးပြီး ကဗျာကယာသုပ် ကပ်လှူနိုင်ပါတယ်။ ကျွန်မတို့မြို့လေးရဲ့ မနက်ခင်းဟာ ပဲပြုတ်၊ တို့ဟူး၊ ပဲပင်ပေါက်၊ အပေါင်းကြော်ဆိုတဲ့အသံတွေနဲ့ နိုးထကြပါတယ်။ ဒါမှလည်း ညက ဟင်းမစီစဉ်မိတဲ့အိမ်၊ မစီစဉ်နိုင်တဲ့အိမ်တွေအတွက် ဆွမ်းလေးချက်ပြီး ပဲပြုတ်သုပ်လေးနဲ့ သံဃာတော်တွေကြွလာတဲ့အခါ အရံသင့်လောင်းလှူနိုင်မှာပါ။ အမေက မြင်းခွာရွက်သုပ်ဆိုလည်း အများကြီး သုပ်ထားတယ်။ တခါတလေ ထူးထူးဆန်းဆန်း အသုပ်လည်း စီစဉ်လှူဒါန်းကြပါတယ်။ တချို့နေ့တွေများဆိုရင် ရှေ့က ဆွမ်းခံအိမ်တွေ အများကြီး ပြီးလာတဲ့သံဃာတော်ရဲ့ သပိတ်ဆိုရင် ဘယ်နားကိုဟင်းခပ်ထည့်ရမလဲ အတော်စဉ်းစားယူရတယ်။ ဆွမ်းကတော့ လောင်းတယ်ပြောရုံ နည်းနည်းလေးလောင်းလိုက်ရတယ်။

သာသနာထွန်းကားလှတဲ့ မြို့လေးမှာ ဘုရားပွဲတွေလည်း နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ ဘုရားပွဲရောက်ရင် ဆွမ်းသပိတ်လုံး ဆက်ကပ်လှူဒါန်းတာက မပါမဖြစ်အလှူဒါန တစ်ခုပါ။ ဘုရားပွဲတော်တွေများလှပေမယ့် ရွှေကူဘုရားဆွမ်းသပိတ်ပွဲတော်ကိုတော့ တမြို့လုံးက ပါဝင်လှူဒါန်းကြပါတယ်။ ရပ်ကွက်ဘုရားပွဲတော်တွေအတွက်က သက်ဆိုင်ရာ ရပ်ကွက်အိမ်တွေက ပါဝင်ကြတာဖြစ်ပါတယ်။ ဆွမ်းသပိတ်လောင်းလှူပွဲမတိုင်ခင်မှာ စေတနာ့ဝန်ထမ်းတွေက တမြို့လုံးလှည့်လည်ပြီး ဆွမ်းသပိတ်လောင်းလှူမည့် စာရင်းကောက်ခံပါတယ်။ စာရင်းပေးလိုက်တဲ့အိမ်တွေကတော့ မပျက်မကွက်သွားရပေမယ့် စာရင်းမပေးလည်း ဘုရားပွဲရက်မှ အကြောင်းတိုက်ဆိုင်လာလို့ လှူမယ်ဆိုရင် လှူလို့ရပါတယ်။ လောင်းလှူမည့်အိမ်အရေအတွက်ရပြီးရင် တိုက်ကြီး ၃ တိုက်အပါအဝင် တခြားဘုန်ကြီးကျောင်းတွေပါ သင့်တင့်မျှတအောင် သံသာတော်တွေကို ပင့်ဖိတ်ပါတယ်။ သက်ဆိုင်ရာ ကျောင်းထိုင်ဘုန်းကြီးကမှာ အလှည့်ကျတဲ့ သံဃာတော်ကို မနက်အာရုံဆွမ်းသပိတ် အလှူခံသွားဖို့ ရွေးချယ်ပါတယ်။ ပင့်ဖိတ်ခံရတဲ့ သံသာတော်က ဆွမ်းလောင်းပွဲမနက်မှာ ဖိတ်စာလက်မှတ်လေး ကိုင်ဆောင်လာရပါတယ်။

ကျွန်မတို့အမေက နှစ်စဉ်သပိတ်လက်ခံတယ်။ လက်ခံပြီးရင် အိမ်နားနီးချင်းတွေကိုလည်း “သပိတ်လက်ခံလား" ဆိုတာ မေးကြမြန်းကြ အဖော်စပ်ကြပါတယ်။ ရွှေကူဘုရားဆွမ်းသပိတ်ကို ချမ်းအေးလှတဲ့ ဆောင်းလတစ်လရဲ့ လပြည့်နေ့မှာ ပို့ဆောင်ရတယ်။ လဆန်း (၁၄)ရက်ဆိုရင် အမေတို့ ဈေးဝယ်၊ ချက်ပြုတ် ပြင်ဆင်ရတာနဲ့ အလုပ်တွေ ရှုပ်နေပါပြီ။ ဆွမ်းသပိတ်လုံးပို့ချိန်ကို ကျွန်မဘာလို့ သတိရသလဲဆိုရင် ကျွန်မတို့လမ်းလေးမှာ ကျွန်မက အဓိကဇာတ်ဆောင်လုပ်ခဲ့ရလို့ပါ။ ဆွမ်းသပိတ်အတွင်းမှာ ဆွမ်းရယ်၊ ဟင်းလျာခွက် အနည်းဆုံး (၅)ခွက်ပါပါတယ်။ ဆွမ်းသပိတ်ကိုတော့ မြို့ဈေးမှာ ဝယ်လို့ရသလို ဘုန်းဘုန်းတွေဆီကလည်း ပြန်စွန့်တတ်ပါတယ်။ ဘုန်းဘုန်းတွေဆီသွားရင် လှူစရာတွေ ယူသွားလှူပြီး သပိတ်ပြန်စွန့်တာ ယူလာရပါတယ်။ ကိုယ်နဲ့ခင်မင်ရာ၊ ကိုယ့်အိမ်ဆွမ်းခံကြွနေတဲ့ကိုယ်တော်တွေဆီက သပိတ်ကို ယူကြပါတယ်။ ဘာလို့လဲဆိုတော့ ကျောင်းတိုက်တွေမှာ သပိတ်က ပုံအောနေတဲ့အတွက် သပိတ်ပြန်စွန့်လိုက်တာက ကိုယ်တော်တွေလည်း အလှူပစ္စည်းရပါတယ်။ ရလာတဲ့သပိတ်ကို သန့်စင်ပြီး ရေစစ်ထားရပါတယ်။ သပိတ်အသစ်ဆိုရင်တော့ ရေစိမ်ထားရပါတယ်။ သပိတ်အသစ်နံ့ ပျောက်ချင်လို့ပါ။ ဘယ်လောက်သပိတ်တွေပေါပေါ ရွှေကူဘုရားဆွမ်းသပိတ်လောင်းပွဲဆိုရင် ဘုန်းကြီးကျောင်းတွေမှာ သပိတ်အကုန်ကုန်ပါတယ်။ နောက်ကျမှ ရောက်ရင် သပိတ်မရတော့ပါဘူး။ မြို့ဈေးကို သွားဝယ်ရင်လည်း အသစ်တွေပါ ကုန်ပြီဆိုတာနဲ့ တိုးနိုင်ပါတယ်။ ကျွန်မတို့အမေကတော့ အိမ်ကို ဆွမ်းခံကြွလာတဲ့ ဘုန်းဘုန်တွေဆီ အရင်နေ့ကတည်းက “ဘုန်းဘုန်း ၁၄ ရက်နေ့ ညနေ သပိတ်လာယူပါ့မယ်ဘုရား" ဆိုပြီး စရံရိုက်ထားပါတယ်။ ဒါမှလည်း နောက်နေ့ စိတ်မပူရမှာကိုး။

သပိတ်အတွင်းက ဟင်းလျာခွက်ကို ကျွန်မတို့ငယ်ငယ်က ဗာဒံရွက်နဲ့ ဖက်ခွက်လုပ်ပါတယ်။ တချို့အိမ်တွေက ဆွမ်းဟင်းခွက်ကို ပလပ်စတစ်၊ ဒန် စတာတွေနဲ့လုပ်ထားတဲ့ ခွက်တွေကို ဝယ်ထည့်ပါတယ်။ ကျွန်မတို့ငယ်ငယ်ကတော့ အဲလိုခွက်ဝယ်ထည့်တာ ရှားပါတယ်။ ဗာဒံခွက်နဲ့လုပ်တဲ့ ဆွမ်းဟင်းကမှ အနံ့အရသာပိုမွှေးဆိုပဲ။ လဆန်း (၁၄)ရက်နေ့ မနက်ဆိုရင် တခြားအိမ်တွေက ဗာဒံရွက်တွေခူးပြီး အိမ်ကို လာပို့ကြပါတယ်။ ကျွန်မတို့အိမ်မှာ ဗာဒံပင်မရှိပါဘူး။ လာပို့တဲ့အရွက်တွေကို ရေကန်ထဲမှာ စိမ်ထားလိုက်ပါတယ်။ ညနေခင်းရောက်ရင် အရွက်တွေကို ရေစစ်ပြီး အကြောတွေ သင်လိုက်ပါတယ်။ အဖေက ဝါးအစိမ်းကို ပါးပါးခုတ်လှီးပြီး (၁)လက်မအရှည်လေးတွေ ဖြတ်ထားပေးပါတယ်။ အနာအဆာမပါတဲ့ အရွက်ခပ်ကြီးကြီးတွေကို ရွေးထုတ်ပြီး သုံးမှာပါ။ အရွက်ရဲ့လေးပုံတစ်ပုံအဖျားပိုင်းကို ကပ်ကြေးနဲ့ ခပ်ဝိုင်းဝိုင်းညှပ်ရပါတယ်။ အရွက် (၂)ရွက်ကို အချောဖက်ကို အပေါ်မှာထားပြီး ကြက်ခြေခတ်ပုံ ထပ်လိုက်ပါတယ်။ ထောင့်(၄)ထောင့်ကို လိုက်ထပ်ပြီး ခွက်ပုံလေး ပေါ်လာအောင်ချိုးလိုက်ပါတယ်။ ချိုးလိုက်တဲ့နေရာမှာ ဖြတ်ထားတဲ့နှီးချောင်းလေးတွေနဲ့ တွယ်လိုက်ပါတယ်။ အဲဒီအခါ လိုချင်တဲ့ ဗာဒံခွက်ကိုရပါပြီ။

ဆွမ်းဟင်း (၅)ခွက် အနည်းဆုံးလုပ်တာဖြစ်လို့ လိုချင်တဲ့အိမ်ကို ရေတွက်ပြီး လုပ်ရပါတယ်။ ပဲဟင်းနဲ့ အသားဟင်းလို အဓိက ဟင်းတွေအတွက် ခွက်ကို ကြီးလုပ်ရပါတယ်။ အိမ်တအိမ်ကို ခွက်ကြီး (၂)ခွက် နဲ့ ခွက်အသေး (၃)ခွက်စီ အနည်းဆုံးလုပ်ပေးရတယ်။ ကျွန်မလုပ်တဲ့ ဗာဒံခွက်ကမှ လှတယ်လို့ သူတို့တွေ ပြောကြတာပါပဲ။ တခြားလူတွေလုပ်ရင် မလှလို့ဆိုတဲ့ အစွဲလေးတွေနဲ့ ကျွန်မဆီကမှ ရချင်ကြတယ်ဆိုတော့ အများကြီးလုပ်ရတော့တာပေါ့။ ဗာဒံခွက်လုပ်ရင်းစားဖို့ လက်ဖက်သုပ်ယူလာတဲ့သူလည်း ရှိတယ်။ မုန့်ယူလာပေးတဲ့အိမ်လည်း ရှိပါတယ်။ ကျွန်မငယ်ငယ်က လုပ်အားဒါနပါဝင်ခွင့်ရလို့ သိပ်ပျော်ခဲ့ပါတယ်။ ၁၄ ရက်နေ့ ညနေ ၄ နာရီလောက်ဆို ဗာဒံခွက်ထိုးဖို့ ပြင်ဆင်နေပါပြီ။ လာကူလုပ်ပေးချင်တဲ့သူတွေကလည်း ပေါများလှပါတယ်။ ခွက်တွေလုပ်ပြီးသွားရင် တခြားအိမ်တွေက လာယူသွားကြပါတယ်။ ကျွန်မအမေကတော့ ညနေစောင်းရင် အသားဟင်းအိုးချက်ပြုတ်ပြီး မီးဖိုပေါ်မှာ နှပ်ထားတယ်။ ပဲကြီးဆံကို သန့်စင်ထားတယ်။ ငါးရံ့ခြောက်ကို တုံးတစ်၊ ကြက်သွန်နီကို ပါးပါးလှီးဖြန့်ထားရတယ်။ ငရုတ်သီးနဲ့ ကြက်သွန်ဖြူကိုလည်း အဆင်သင့်ထောင်းထားရပါတယ်။ ပေါ်ဆန်းမွှေးဆန်ကိုလည်း အဆင်သင့် သန့်စင်ထားပါတယ်။ ဟင်းလျာထည့်မည့် ခွက်တွေကိုတော့ ပဝါသန့်သန့်နဲ့ရေသုတ်ပြီး လင်ဗန်းမှာ မှောက်ထားရတယ်။ ညပိုင်းမှာ အားလုံးပြင်ဆင်ထားမှ မနက်မှာ စိတ်မလောရမှာပါ။ ပြင်ဆင်မထားဘူးဆိုရင် မနက်ကျတော့ ကသီကုန်တော့တာပါပဲ။ အားလုံးပြင်ပြီးရင်တော့ အမေတို့တွေ အိပ်ယာစောစောဝင်ကြပါတယ်။ ကျွန်မကတော့ မနက်သွားရင် ဝတ်မည့်အဝတ်အစားတွေ အဆင်သင့်ထုတ်၊ အိမ်နားနီးချင်းအမတွေကို အိပ်ယာလှမ်းနှိုးဖို့ မှာပြီးမှ အိပ်ယာဝင်ပါတယ်။

မနက် (၂) နာရီလောက်ဆိုရင် အဖေက ဆွမ်းချက်ထဖို့ အိပ်ယာက နှိုးသံကြားရပါတယ်။ အမေက ဘွန္တောလှည့်တဲ့သူတွေ မလာသေးဘူး ပြန်အိပ်မယ်လို့လည်း ပြောပါတယ်။ (၂) နာရီ ၁၅ မိနစ်လောက်မှ “ဆွမ်းချက်ရန်ထတော်မူကြပါ၊ ဘွန္တော သပ္ပုရိသ အပေါင်း သူတော်ကောင်းတို့" ဆိုပြီး ဘွန္တောလှည့်တဲ့အဖွဲ့ လာပါတယ်။ ကျွန်မငယ်ငယ်က အဲဒီအသံကို အိပ်မက်လိုလိုကြားပြီး ပြန်အိပ်အိပ်ပျော်သွားတတ်တယ်။ ဘယ်လိုလှည့်တာလဲ သိချင်တော့ “ အဖေ မနက်ကျ သမီးကို ဘွန္တောလာရင် နှိုးနော်"လို့ အဖေကို မှာပြီး အိပ်တယ်။ အဖေက နှိုးပေမယ့် ကျွန်မ ဘယ်တော့မှ အိပ်ယာမထပါဘူး။ မနက်လင်းရင်တော့ “ ဟင် အဖေကလည်း နှိုးပါဆို အခု မမြင်လိုက်ရတော့ဘူး" ဆိုပြီး အဖေကို စိတ်ဆိုးတတ်တယ်။ အဖေက တဟားဟားရယ်ပြီး “အဖေနှိုးတာ အခေါက်ပေါင်း မနည်းဘူး၊ သမီးမှ အိပ်ယာမထတာ" လို့ ဆိုမှ ကိုယ့်အပြစ်ဖြစ်နေတော့ သာသာလေးနေပြီး “ နောက်တခါဆိုရင် သေချာနှိုးနော်၊ သမီး တကယ် အိပ်ယာထမှာနော်" လို့ ပြောပြန်ပါတယ်။ မှတ်မှတ်ရရ တခါတည်း အိပ်ယာထဖူးပါတယ်။ ဘွန္တောကြည့်ချင်လွန်းလို့ အိပ်ယာကထပြီး အသာလေးချောင်းကြည့်လိုက်တာ အံ့သြရတယ်။ ကျွန်မတို့အတန်းဖော်သူငယ်ချင်းတွေ ဖြစ်နေတယ်။ အဲဒီကောင်လေးတွေက ဖိုးသူတော်လို အဖြူရောင်ဝတ်စုံလေးတွေဝတ်ပြီး ကြေးစည်ထမ်းထားတယ်။ အားလုံးက မနက်အိပ်ချင်မူးတူးပုံမဟုတ်ဘဲ လန်းလန်းဆန်းဆန်း နှိုးဆော်ရေး ဟစ်အော်နေပါတယ်။ ရပ်ကွက်တိုင်းလှည့်တာဆိုတော့ စေတနာအလျောက် ကူညီကုသိုလ်ယူကြတာလို့ အဖေက ပြောဖူးပါတယ်။ ဘွန္တောသံကြားရင် အမေက မျက်နှာသစ်နေပါပြီ။

အမေက ညကတည်းက နှပ်ထားတဲ့ အသားအိုးတွေ ပြန်နွှေး၊ နောက်မီးဖိုတခုမှာ ပဲဟင်းအိုးတည်ထားပါတယ်။ ကြက်သွန်နီ၊ ငါးရံ့ခြောက်၊ ငရုတ်သီးရောပြီး ဘလချောင်ကြော်ကြော်ပါတယ်။ ငါးသေးသေးလေးတွေကို အိုးကပ်ချက်ထားတာက ဟင်းတခွက်ပါ။ အသားဟင်း၊ ပဲဟင်းနဲ့ အချဉ်တခုခု သုပ်တာရယ် အားလုံးပေါင်း ဟင်း (၅)မျိုးဖြစ်သွားပါတယ်။ ဆွမ်းကို သပိတ်တဝက်နီးပါး ထည့်ပြီး အပေါ်က ဟင်းလျာခွက်တွေ စီထည့်ရပါတယ်။ ငှက်ပျောသီး ဖီးကြမ်းလှလှကြီးတွေကို သပိတ်ပေါ်မှာ တင်ပါတယ်။ တချို့အိမ်တွေက ချည်လက်သုပ်ပဝါအုပ်ပါတယ်။ တချို့တော့လည်း စက္ကူယပ်တောင်ပေါ်မှာ ဝတ္ထုငွေကို ကော်လေးနဲ့ကပ်ပြီး သပိတ်ပေါ်တင်ပါတယ်။ အမေကတော့ ခပ်စိမ်းစိမ်း ငှက်ပျောသီးလှလှကြီးတွေကို (၄) (၅) ရက် ကြိုဝယ်ထားလိုက်တာ လပြည့်နေ့ သပိတ်ပို့အတွက် အတော်ဖြစ်သွားပါတယ်။ အမေတို့ အားလုံးပြင်ဆင်နေချိန်မှာ ကျွန်မက အလှပြင်ရပါတယ်။ တခါတရံ မနက် (၂)နာရီလောက် မီးပျက်တတ်တော့ ဖယောင်းတိုင်မီးနဲ့ အလှပြင်ရပါတယ်။ အိပ်ယာက မထချင်ပေမယ့် သနပ်ခါးအေးအေးလေး လိမ်းလိုက်ရင် လန်းဆန်းသွားပါတယ်။ အိမ်နားက အမတွေအားလုံးလည်း အလှပြင်နေကြပါပြီ။ အမေတို့ လူကြီးတွေက လက်နှိပ်ဓါတ်မီးလေးကိုင်ပြီး သူ့အိမ်က ဆွမ်းသပိတ်၊ ကိုယ့်အိမ်က ဆွမ်းသပိတ် လှည့်လည်ကြည့်ရှုနေကြပါတယ်။ “ဟယ် အသားချက်က အရောင်လေးလည်း လှလိုက်တာ၊ သပိတ်အုပ်ထားတဲ့ ငှက်ပျောဖီးက ဘယ်ချိန်က ဝယ်ထားတာလဲ၊ ငါးအိုးကပ်ဟင်းက ဆီပြန်လေးတော့" ဆိုပြီး ပီတိကုသိုလ်ယူကြပါတယ်။

အားလုံးအဆင်သင့်ဖြစ်လို့ မနက် (၃) နာရီခွဲလောက်ဆို အိမ်နားက အမတွေစုပြီး သပိတ်ပို့သွားကြတယ်။ မိနစ်(၂ဝ) ခန့် လမ်းလျှောက်ရတာမလို့ (၄)နာရီ မရှိတရှိမှာ ဘုရားကို ရောက်သွားပါတယ်။ မြို့လယ်လမ်းမကို ရောက်ရင် ရပ်ကွက်တိုင်းက သပိတ်ပို့လာသူတွေနဲ့ ဆုံကြပါတယ်။ ကောင်လေးတွေကလည်း သူတို့အမေကို ဆိုင်ကယ်နောက်ကထားပြီး သပိတ်ပို့ ကောင်မလေးတွေကို ကြည့်ကြတာလည်း ပျော်စရာကောင်းလှပါတယ်။ သပိတ်ပို့လာသူတွေကို ဘုရားအဝင်မှာ ဂေါပက လူကြီးများနဲ့ ရပ်ကွက်ထဲက လုပ်အားလာပေးတဲ့ လူကြီးတွေက ဆီးကြိုသပိတ်ယူပါတယ်။ ချိုချဉ်၊ မုန့်ဖက်ထုပ်၊ ဇီးတော်ဖီ စတာတွေကို စေတနာ့အလှူရှင်တွေက “သပိတ်ပြန်အကမ်း" ဆိုပြီး လက်ဆောင်တွေ ပြန်ပေးပါတယ်။ ပါလာတဲ့ ပုဝါတွေနဲ့ ထည့်လို့ မနိုင်လောက်အောင် လက်ဆောင်တွေ ရတတ်ပါတယ်။ နောက်ထူးခြားတဲ့ လက်ဆောင်က ဆားရည်စိမ်ဇီးဖြူသီး အကြီးကြီးတွေကို တင်းတောင်းကြီးတွေနဲ့ ထည့်ပြီး လက်ဆောင်ကမ်းနေတာပါ။ ကိုယ်ကြိုက်သလောက် ထည့်ယူသွားလို့ ရပါတယ်။ သပိတ်ကို ဂရုတစိုက်ရွက်လာရတော့ အေးချမ်းလှတဲ့ ဆောင်းရာသီတောင် ချွေးပြန်ချင်သလိုလို မောပါတယ်။ ရောက်တာနဲ့ ဇီးဖြူသီးဆားရည်စိမ်လေး စားပြီး ရေအေးအေးသောက်လိုက်ရင် မောလာသမျှ ပြေပျောက်စေပါတယ်။ အမောပြေတဲ့အခါ ဘုရားကို အာရုံပြုကြပါတယ်။ ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ စံပယ်ပန်း၊ နှင်းပန်း၊ သစ်သီးစုံတွေ ကပ်လှူထားတာလည်း တပုံတပင်ဆိုတော့ ဘုရားဝတ်ပြုရတာ ကြည်နူးစရာကောင်းလှပါတယ်။

မနက် (၄)နာရီ (၁၅) မိနစ်ဆိုရင် အလှူခံမည့် သံဃာတော်များကို ဆွမ်းသပိတ် စတင်ဆက်ကပ်နေပါပြီ။ သံဃာတွေက များပြားလှတာကြောင့် (၅)နာရီထိုးခါနီးမှ ဆက်ကပ်လို့ ပြီးပါတယ်။ ကျွန်မတို့က ကိုယ့်ဆွမ်းသပိတ်ကို မှတ်ထားပြီး ဘယ်သံဃာတော်ဆီ ရောက်မလဲဆိုတာ စောင့်ကြည့် ကြည်ညိုသဒ္ဒါပွားပါတယ်။ မစောင့်နိုင်တဲ့သူတွေက ဆွမ်းသပိတ်လုံးပို့ပြီး ပြန်လို့ရပါပြီ။ “ ဟယ် ငါတို့အိမ်က သပိတ်ကို ကပ်လှူနေပြီ" ၊ “ ဒါတော့ အမတို့အိမ်ကနော်" လို့ စောင့်ကြည့်ပြီးရင် အချင်းချင်းလက်တို့ပြီး ဘုရားအနောက်ဘက်မှာ နှစ်ပါးသွားကနေတဲ့ ဇာတ်ပွဲကို ငေးမောဖို့ နေရာရွှေ့ကြပါတယ်။ ခဏတဖြုတ်ငေးမောပြီးရင် အိမ်ပြန်တယ်။ အမေက ထမင်းပွဲနဲ့ စောင့်နေတော့ မောမောနဲ့ ထမင်းလွေးပြီး မနက်က မဝတဲ့ အိပ်ရေးကို ဆက်လက်အတိုးချမိပါတော့တယ်။ အခုတော့ မြို့လေးမှာ ဗာဒံဆွမ်းဟင်းခွက်တွေအစား ပလပ်စတစ်အိတ်တွေ အစားထိုးနေပြီ၊ စီးပွားရေးမပြေလည်တာက တမျိုး၊ အလုပ်တွေများနေတာက တဖုံ၊ အကြောင်းကြောင်းတွေကြောင့် ဆွမ်းသပိတ်လုံးအတွက် ဝီရိယလည်း မစိုက်ထုတ်နိုင်ကြတော့ဘူးလို့ အမေက ပြောပြတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ငယ်ငယ်က အညာမြို့လေးမှာ ခံစားခဲ့ရတာတွေ နောင်တချိန်မှာ ပြန်ရနိုင်ပါအုံးမလားလို့လည်း တွေးမိနေပါတော့တယ်။

မဖနိ

Read more...

မီးပွိုင့်

>> Friday, July 25, 2008


အခုစာရေးဆရာ Фазиль Искандер(ဖာဇီ(လ်) အီစကန်ဂျယ်) က Abkhazia တွင် ၆၊မတ်လ၊၁၉၂၉ မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့စာတပုဒ်ကို ကျောင်းသင်ခန်းစာမှ သင်ခဲ့ဖူးလို့ အင်တာနက်မှာ လိုက်ရှာလိုက်တော့ အခုဘာသာပြန်လိုက်တဲ့ အတိုတပုဒ်နဲ့အတူ သူရဲ့အခြားစာတွေလည်းကိုပါ တွေ့ပါတယ်။ အခြားစာတွေကိုလည်း နောက်အလျင်းသင့်ရင်လည်း ဘာသာပြန်ပါဦးမယ်။ သူဟာ စာပေဆုများစွာရတဲ့ သူတစ်ယောက်ဖြစ်တာ တွေ့ရပါတယ်။ အခုအချိန်မှာ မော်စကိုမှာ နေထိုင်လျက်ရှိပါတယ်။



မီးပွိုင့်
ဖာဇီ(လ်) အီစကန်ဂျယ်


အရုပ်ကလေးတစ်ရုပ်လို ချစ်စရာကောင်းလှတဲ့ ဂျာမန်ရှေးဟောင်းမြို့လေးတစ်မြို့။ ကျနော်တို့ အဖွဲ့ဝင်အနည်းငယ်ပါတဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့ တည်းခိုတဲ့ ဟိုတယ်ကလေးကို ညမိုးချုပ်နောက်ကျပြီး ပြန်လာကြတယ်။ လမ်းမကို ဖြတ်ကူးမယ်ဆိုတော့ မီးပွိုင့်က အနီရောင်ပြနေပါတယ်။ ဒါပေမယ့်လည်း လမ်းမပေါ်မှာ မောင်းနေတဲ့ကားမှ မရှိတော့ လမ်းကို ဖြတ်ကူးကြမယ်ပေါ့။ ကျနော်တို့တွေက လမ်းကူးဖို့လုပ်တော့ ဂျာမန်တချို့ဆီက လမ်းကူးမှာကို မကြိုက်တဲ့အသံတွေ ထွက်လာပါတယ်။ သူတို့တွေကတော့ လူသွားလမ်းပေါ်မှာ မီးစိမ်းကို ရပ်စောင့်နေပါတယ်။ ကားတစီးမှမရှိဘဲ မတ်တပ်ရပ်ပြီး စောင့်နေပါတယ်။

အဲဒါက ဘာကိုဆိုလိုသလဲဆိုတာ ကျနော်စဉ်းစားမိတယ်၊ ဒီမိုကရေစီဆိုတာ ဟိုးအနိမ့်ဆုံးမှာရှိနေတာလား၊ ဒါမှမဟုတ် အရေးကြီးအဆင့်အတန်းမှာ ရှိနေတာလား။ ဒါက နိုင်ငံတော်နဲ့ ပြည်သူတွေကြားက ဖွင့်ပြောမထားတဲ့ အများဆိုင်ရာ သဘောတူစာချုပ်လိုမျိုး မဟုတ်ပေဘူးလား။

ပြည်သူတွေက မလိုက်နာပေမယ့် နိုင်ငံတော်က လိုက်ပြီးဖြည့်စည်းပေးရမဲ့ ကိစ္စတွေရှိတယ်။ နိုင်ငံတော်က စောင့်မကြည့်ပေမယ့်လည်း ပြည်သူတွေက လိုက်နာဖြည့်စည်းရမယ့် ကိစ္စတွေလည်းရှိပါတယ်။

ပြည်ကြီးသားပီသတယ်ဆိုတာက ကိုယ့်ဆေးလိပ်အစီခံကို ပြာခံအမှိုက်ပုံးဆီကို သယ်သွားတာပါ။ နိုင်ငံတော့်အလုပ်ကတော့ သိပ်မကွာဝေးလှတဲ့ နေရာတိုင်းမှာ ပြာခံအမှိုက်ပုံးတွေ ထားပေးရမှာ မဟုတ်လား။

ဒီမိုကရေစီနိုင်ငံတော်မှ ပြည်သူတစ်ယောက်က သူ့ပုဂ္ဂလိက အကျိုးအတွက် ရဲတွေစောင့်မနေတောင် ကိုယ့်ရဲ့သောက်ပြီးသား စီးကရက် ဖင်စီခံကို ပြာခံအမှိုက်ပုံးဆီကို သယ်သွားတတ်တယ်လို့ အဓိပ္ပါယ်ရောက်ပါတယ်။ ဒီမိုကရေစီနိုင်ငံတော်ဆိုတာကတော့ လမ်းမပေါ်ရဲတွေ ချထားတာထက် ပြာခံအမှိုက်ပုံးတွေ ပိုပြီးချထားပေးမယ်လို့ သဘောရပါတယ်။ အဲဒါမှသာ အကျိုးများစေတဲ့ ဒီမိုကရေစီစနစ်ရဲ့ လက်တွေ့အလုပ်ပါ။

အဲဒါက ဘယ်လို စဖြစ်လာမှာလဲဆိုရင် အထက်ကနေ အောက်ကို၊ အောက်ကနေ အထက်ကို ဆိုသလို တချိန်တည်းမှာဖြစ်နေတဲ့ ဖြစ်စဉ်တခုအဖြစ် စဉ်းစားနိုင်ပါတယ်။ သိပ်တော့ မသေချာပါဘူး။ မြင်သာထင်သာရှိတဲ့ ဥပမာတခုပြောကြည့်မယ်။ နိုင်ငံတော်မှာ အားလုံးအတွက် မြင်သာထင်သာအရှိဆုံးတခုကတော့ (ဂရုတစိုက်ပဲဖြစ်ဖြစ်၊ ပေါ့ပျက်ပျက်ပဲဖြစ်ဖြစ် သူ့ကို ရှုမြင်ကြလိမ့်မယ်။) နိုင်ငံတော် အာဏာပါပဲ။ ပြည်သူတွေက အာဏာကိုရှုမြင်တဲ့အခါ ကိုယ့်ကိုကို ဘာတွေပြန်ပြောဖြစ်သလဲဆိုတော့ - "ဟေ့ ကြည့်စမ်း မခိုးကြဘူး။ ဟေ့ ကြည့်စမ်း မလိမ်ညာကြဘူး။ ကြည့်စမ်း မနေ့က မှားခဲ့တယ်၊ ဒီနေ့မှာ (နောက်နှစ်မှ မဟုတ်ဘူး) မနေ့က မှားခဲ့တယ်ဆိုတာကို ဝန်ခံမယ်။ ကိုယ့်ဆေးလိပ်ဖင်စီခံကို ပြာခံအမှိုက်ပုံဆီကို သယ်သွားကြရော။"

မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

Read more...

ဘေကျင်း အိုလံပစ်

>> Thursday, July 24, 2008


ကျနော် ဒီဘလော့ရဲ့ ကွန်ထရီဗြူတာ အသစ်ပါ။ ဒီမှာ သူငယ်ချင်းတွေရှိနေတော့ ဒီဘလော့ဂ်ကို လာပြီးလည်း ဖတ်ဖြစ်ပါတယ်။ အခု ကျနော်ရောက်နေတဲ့ တရုတ်နိုင်ငံမှာ အိုလံပစ်ပွဲ ကျင်းပတော့မယ်ဆိုတော့ လူအများသိပြီးသား အကြောင်းအရာဖြစ်နေပေမယ့်၊ သူငယ်ချင်းများအားလုံး အမှတ်တရဓာတ်ပုံလေးတွေ ကြည့်ရအောင် ကိုယ်တိုင်ရိုက်ထားတဲ့ ပုံတချို့ရယ်၊ အင်တာနက်ထဲက ပုံတချို့ရယ် ရှာဖွေပြီး ဝေမျှလိုက်ပါတယ်။


သြဂုတ်လ၊ (၈) ရက်နေ့ ရောက်ရင် ဘေကျင်း အိုလံပစ် စတော့မှာပါ။ ပြေးခုံပစ်တို့၊ ဘောလုံးတို့ ပြိုင်မယ့် အားကစားကွင်းကြီးတွေ အပြင် ဘေကျင်းမြို့မှာ ရှိတဲ့ တက္ကသိုလ် ကျောင်းတွေရဲ့ အားကစားရုံတွေကိုလည်း ပြိုင်ပွဲကွင်းတွေ အဖြစ် အသုံးပြုမှာပါ။ ဘေကျင်းမြို့က တက္ကသိုလ်ကျောင်းတွေရဲ့ အားကစားရုံတွေတိုင်းမှာ ပြိုင်ပွဲ အားကစားနည်း တစ်ခုစီ ကျင်းပပါတယ်။ ကျနော် တက်ရတဲ့ကျောင်းမှာတော့ အလေးမပြိုင်ပွဲ ရှိပါတယ်။ ကျောင်းရဲ့ ရေကူးကန်ကိုလည်း Training အတွက် အသုံးပြု မှာပါ။ အောက်က ပုံကတော့ ကျနော်တို့ကျောင်းထဲက အလေးမပြိုင်ပွဲကျင်းပမယ့် အားကစားရုံပါ။ အခုပုံကတော့ ကိုယ်တိုင် ရိုက်လာတာပါ။

ဖွင့်ပွဲ ကျင်းပမယ့်ကွင်းသစ်

(တခြားကွင်းပုံတွေ ကြည့်ချင်ရင်တော့ ဒီမှာ သွားကြည့်ပါ။)

ပြိုင်ပွဲ နေရာတွေဆီ သွားမယ့် ကားတွေ အတွက် လမ်းတွေကိုလည်းသီးသန့်ခွဲထားပါ သေးတယ်။


ကားတွေမှာ အိုလံပစ်ပွဲလာမယ့် နိုင်ငံခြားသားများ အဆင်ပြေစေဖို့ ကားစပယ်ယာတွေ ကိုလည်း အင်္ဂလိပ်လို ပြောတတ်အောင် နှစ်အတော်ကြာ စောစောစီးစီး လေ့ကျင့်သင်ပေးထားပါတယ်။ ဘတ်(စ)ကားပေါ်မှာလည်း ထိုင်ခုံတွေကို အရောင်ခွဲထားပါတယ်။ အဝါရောင်ထိုင်ခုံတွေက ကလေး၊ ကိုယ်ဝန်သည်၊ လူကြီး၊ မသန်စွမ်းတဲ့သူတွေ အတွက်ပါ။ သူတို့တွေကို ဦးစားပေးဖို့ တီဗွီတွေမှာလည်း မကြာခဏ လွှင့်ပြီး အသိပေး၊ပညာပေးပါတယ်။ taxi တွေ၊ bus တွေကိုလည်း တသုတ်ပြီးတသုတ် အသစ်လဲလဲသွားပြီး၊ အခုဆိုရင် မြင်သမျှကားတွေ၊ တက်ကစီတွေဟာ အသစ်တွေဖြစ်လို့နေပါပြီ။ အိုလံပစ် မှာသုံးမယ့် ဘတ်စ်ကားတွေပါ။


အိုလံပစ် အတွက် အသစ်ဆောက်ထားတဲ့ Beijing Airport Terminal ပါ။ ကမ္ဘာ့အကြီဆုံးလို့ ပြောတာပဲ။




July 19 ရက်နေ့က ဖွင့်လိုက်တဲ့ Subway လိုင်းသစ်ပါ။
အိုလံပစ် အားကစားပြိုင်ပွဲကျင်းပမယ့် နေရာတွေကို သွားလာဖို့ လွယ်ကူအောင် အဓိကထား ဆောက်တာပါတဲ့။


၂၀၀၇ ဖေဖေါ်ဝါရီလောက်ကတည်းက လမ်းဆုံ၊လမ်းမ အထင်ကရနေရာတွေမှာ အိုလံပစ်အထိမ်းအမှတ်Board တွေ ထောင်ထားပါတယ်။


Volunteers က (၅၀၀၀၀၀)


ကိုယ်စားပြု အမှတ်တရ အရုပ် (၅) ရုပ်


လက်မှတ် (၅) မျိုး


ဂုဏ်ပြုမယ့် ဆုတံဆိပ် တွေက

(မြန်မာ့ ကျောက်စိမ်း၊ ကမ္ဘာကို လွှမ်းစေ ရမည်။)

ဆုတံဆိပ်တွေကိုလိုချင်ရင်တော့ ၀င်ပြိုင်ကြပါနော်။
ကျနော် ကတော့ တီဗွီကနေ အားပေးမယ်...

ဓာတ်ပုံတွေကို အင်တာနက်မှ ရှာဖွေထားတာဖြစ်ပါတယ်။

Read more...

ဤသို့ခေါ်ဆိုကြလေသည်…

>> Monday, July 21, 2008


ကျနော် သူငယ်ချင်းတွေနဲ့ ပြောဖြစ်တာတွေကို အပျော်ရေးချင်လို့ပါ။ အခုပြောချင်တာက အခေါ်အဝေါ် ကိစ္စ။ ဘယ်သူနဲ့ ဘယ်သူကြားက အခေါ်အဝေါ်တွေလည်း ဆိုတော့ ချစ်သူရည်းစားတွေကြားက အခေါ်အဝေါ်တွေရယ်၊ ကျနော်တို့ လေ့လာမိသလောက် ဘယ်သူတွေက ဘယ်လိုတွေခေါ်ဝေါ်ကြသလဲ၊ ဘယ်လိုတွေ ခေါ်ရင် ဘာတွေ ဖြစ်တတ်သလဲဆိုတာကို ပြောချင်လို့ပါ။ သူငယ်ချင်းတွေက ဖွတယ်ထင်လည်း ဖွတယ်ပေါ့။ ပျော်စေ ရွှင်စေ ရေးထားတာဆိုတော့ စိတ်ဆိုးသွားတောင် ပြုံးပြုံးလေး စိတ်ဆိုးပေါ့နော။


ချစ်သူရည်စားရယ် ဖြစ်လာကြရင် အခေါ်အဝေါ်ကိစ္စက ပေါ်လာပြီ။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုတွေ ခေါ်ဝေါ် သုံးနှုန်းကြမှာတုန်း။ အရင်က သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဘဝတုန်းက "ဟေ့ကောင်၊ ဒါကဘယ်လိုလဲကွ"ဆိုတာတွေတောင် "မောင်ရေ ဒါလေးက ဘယ်လိုလေးလဲဟင်"တွေ ဖြစ်ကုန်ကြတာမဟုတ်လား။ "ချစ်ရေ ဒါလေးက ဒီလိုလေ" ဆိုတဲ့ "ချစ်"ဆိုတဲ့ နေရာမှာတောင် ကလေးကတည်းက ခေါ်နေကြ နာမည်အရင်းကြီးသုံးရင် အချစ်ပါဝါ လျော့တယ်ထင်ပြီး မသုံးရက် မခေါ်ရက်ကြပါဘူး။

နောက်တဆက်တည်း ပြောချင်တာက အသက်တွေကြီးလာမှပဲ ချစ်သူရည်းစားရတော့ စကားတွေတောင် မပီတော့တဲ့ ကိစ္စ။ ဒီကိစ္စက ရီလည်းရီရတယ်။ စာတွေရိုက်ပြောရင်းနဲ့ တကယ်ပြောတော့ ပါးစပ်တွေကပါ အကျင့်ပါလာပြီး ပြောကုန်ကြတာ။ " တုဂိုလေ ဒီဂ ချိတ်ချိုးနေတာ တိရဲ့ရား" လို့ မိန်းကလေးက ပြောရင် ယောက်ကျားလေးလုပ်သူကလည်း ပြန်ပြောလိုက်ပုံက "တိတယ်ရေ ချိတ်ချိုးနဲ့နော် အချိုးလေး" တဲ့။ မွေးလာမယ့်ကလေး ဂျကားဘယ်လိုလုပ် ပီတော့မှာလဲ နောဗျာ။

နောက်ဖြစ်လေ့ရှိတာတခုက ဒီလို၊ သမီးရည်းစား ဖုန်းပြောတာက အိမ်နဲ့ ဖုန်းပြောတာထက်က ပိုများတယ်။ ဖုန်းပြောတော့လည်း "ငါက ဒီလိုဆိုလိုတာလေ" လို့ အူတွေ အသည်းတွေတုန်အောင် ချစ်ရတဲ့သူကို ဘယ်ပြောရက်ပါ့မလဲ။ "ချစ်ရဲ့ မောင်က ဒီလိုဆိုလိုတာလေ" လို့ပြောတာပေါ့။ အဲ ဖုန်းချကာနီးရင် "မွမ်း..မွမ်း..မွမ်း" ဆိုပြီး အနမ်းပန်းတွေက ဝေကြသေးတာကလား။ ပြဿနာက ဘယ်မှာသွားတက်ကြတာလဲဆိုတော့ အိမ်က မိဘနဲ့ဖုန်းပြောရင် တက်တော့တာပဲ။ ယောက်ကျားလေးတွေဆိုရင် "အမေရေ ကျနော်ကလေ" အစား "အမေရေ မောင်ကလေ.." တွေဖြစ်လို့ဖြစ်၊ " မေမေရေ ကိုကလေ" ဖြစ်လို့ဖြစ်၊ မိန်းကလေးဆိုရင်လည်း "ဖေဖေရေ သမီးကလေ" အစား "ဖေဖေရေ ချစ်ကလေ" တွေဖြစ်လို့ဖြစ်နဲ့ ကမောက်ကမတွေဖြစ်ကုန်ပါရောလား။ ပြီးတော့မှ သတိထားမိပြီး ဘုရား ဘုရား မေမေ၊ဖေဖေ နားလျှံပြီး မကြားကြပါစေနဲ့ စိတ်ထဲက ကျိတ်ပြီး ဆုတောင်းကြရတတ်တယ်။ ဒါတင်ဘယ်ကဦးမလဲ ဖုန်းချကာနီးရင် "မွမ်း..မွမ်း..မွမ်း" ဆိုတဲ့ အနမ်းပေးသံကြီး ပါးစပ်က မထွက်အောင် ထိန်းရတာက တစ်ဒုက္ခ။

သူငယ်ချင်းတစ်ယောက် တခါက ပြောဖူးတာပါ။ သူ့ရဲ့ သူငယ်ချင်း ရည်းစားကောင်မလေး ရပြီးကာစ။ အခေါ်အဝေါ်က မပြောင်းရသေးတဲ့ စပ်ကူးမက်ကူးကာလ။ ဒီတော့ ကောင်မလေးကို ပေးဖို့ စာထဲမှာ အခေါ်အဝေါ်ကိစ္စတွေ ရေးထားတာ။ တို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြပြီဆိုတော့ တစ်ယောက်ကို တစ်ယောက် အခေါ်အဝေါ်လေးတွေက စပြီး ဆွေးနွေးရအောင်ဆိုပြီး အစချီပြီး စာကိုရေးထားသတဲ့။ ဒါကို စာရေးထားတဲ့ သူငယ်ချင်း အပြင်သွားတုန်း ကျနော့်ကို ပြောပြတဲ့ သူငယ်ချင်းနဲ့ အပေါင်းအသင်းတစုက ခိုးဖတ်၊ သူငယ်ချင်းပြန်လာတော့ သူ့ကိုလှည့်လည်း မကြည့်ဘူး။ အချင်ချင်းတွေ ပြောနေကြတာ၊ အေး သူငယ်ချင်းတို့ တို့တွေလည်း ပေါင်းသင်းလာတာကြာပြီဆိုတော့ အခေါ်အဝေါ်လေးတွေ ဆွေးနွေးကြရအောင်လို့လည်း ပြောလိုက်ရော၊ ဟိုကောင်က သူ့စာတော့ ခိုးဖတ်ခံရပြီ၊ စောင်းအပြောခံရပြီဆိုတာ သိပြီး၊ ဒေါသတွေထွက် ဆဲဆိုပြီး နောက်ကလုပ်လိုက်လို့ ထွက်ပြေးကြရသတဲ့။

အခုကျနော်တို့ လေ့လာသိရှိထားတဲ့ အခေါ်အဝေါ်အသုံးအနှုန်းတွေ စာရင်းပြစုကြည့်ရအောင်။

အသက်ငယ်တဲ့ကောင်မလေးကို ကြိုက်မိတော့ အသက်ငယ်ကောင်မလေးက အသက်ကြီးကောင်လေးများအား ခေါ်ဆိုကြပုံများ
၁။ ကို
(မွေးတဲ့နှစ်က အတူလောက်ကို လပိုင်းလောက်ငယ်တဲ့ ကောင်မလေးက ကောင်လေးအား အများအားဖြင့် ခေါ်ဝေါ်တတ်သည်။)
၂။ ကိုကို
(၁-နှစ် ၂-နှစ်လောက် ငယ်သောမိန်းကလေးမှ ယောက်ကျားလေးကိုခေါ်တတ်သည်။)
၃။ ကိုကြီး
(သိသိသာသာ အသက်ကြီးသူ ယောက်ကျားလေးအား အသက်ငယ်သူ မိန်းကလေးမှ ခေါ်ဆိုတတ်သည်။)

မိမိကောင်လေးနဲ့ ယှဉ်လျှင် အသက်အနည်းငယ်ကြီးသော မိန်းကလေးမှ ကောင်လေးအားခေါ်တွင်ပုံများ
၁။ မောင်အတို
("မောင်" လို့ခေါ်တာပါပဲ၊ အင်္ဂလိပ်လို စာရိုက်ရင် mg လို့ ရေးတတ်လို့ မောင်အတိုဟု သတ်မှတ်သည်။)
၂။ မောင်အရှည်
("မောင်"ကို maung ဟုရေးသားသုံနှုန်းတတ်၍ မောင်အရှည်ဟု သတ်မှတ်သည်။)
(မောင်အတို၊ မောင်အရှည်တွေ ဘယ်လိုသိတာတုန်းဟု ဆိုလျှင် သုသေသနပြုခံ တစ်ယောက် ချက်တင်တက်နေလျှင် သူ့နောက်မှ မသိမသာ ယောင်ပေပေဖြင့် စာခိုးဖတ်ခြင်း၊ သူ့ဖုန်းမက်ဆေ့များအား ခိုးဖတ်ခြင်းဖြင့် သူငယ်ချင်းတစ်ယောက် သုသေသနပြုထားခြင်းဖြစ်သည်။)

"မောင်"၊"ကို" ဆိုသည်များကိုလည်း အသက်အရွယ်နဲ့ မဆိုင်ဘဲ ကလေးကတည်းက ဝတ္ထုများဖတ်ရင်း၊ ငါချစ်သူရရင်တော့ ဒီလိုကို ခေါ်လိုက်မယ်ဟဲ့ဆိုပြီး ငယ်စဉ်က သဘောကျခဲ့သည့်အတိုင်း၊ ဆုံးဖြတ်ထားသည့်အတိုင်း ခေါ်ဝေါ်ကြသည်များလည်း ရှိပါတယ်။ ယင်းသို့ခေါ်ဆိုကြသည်များကလည်း ကျနော်တို့ လေ့လာ သုသေသနပြုထားသည့်အထဲတွင် အကျုံးဝင်ပါတယ်။

ဒီအခေါ်အဝေါ်တွေက အဘယ်သို့သော ရလဒ်များရစေသနည်း။ ကျနော့်တို့ သူငယ်ချင်းအဝန်းအဝိုင်းထဲမှ တွေ့ရှိရသော သုသေသနပြုချက်များကို တင်ပြလိုက်လျှင် သင်သည်လည်း ချစ်သူရည်စားရလျှင် ဘယ်သို့ခေါ်တွင်ပါက မည်သို့ဖြစ်တတ်ပုံကို အနည်းငယ် ရိပ်စားမိသွားပေမယ်။
(သတိပေးချက် - ဥပါဒါန်ကြောင့် ဥပဒ်မရောက်ရာ။)

ဇယား(၁)- သုသေသနပြုလုပ်ရာမှ ရရှိလာသော အချက်အလက်များ

(ဤဇယားကိုကြည့်လျှင် ပြတ်သွားသည့်ကိစ္စများတွင် မိန်းကလေးက စဖြတ်သည်ကများနေသည်မှာ ထင်ရှားလှပေသည်။ သူငယ်ချင်းများ ရှက်နေမည်စိုးရိမ်သဖြင့် နာမည်ရင်းများ မေးခြင်းသည်းခံစေလိုပါသည်။)

နောက်ဆုံပိတ် သူငယ်ချင်း(၁၀)သည် အလွန်မှ လည်ဝယ်သောသူဖြစ်လေသည်။ သူသည် ရှေ့မှ သူငယ်ချင်းများအား အလွန်ရှည်ကြာစွာ လေ့လာပြီးမှသာ ချစ်သူရည်းစားထားလေသည်။ မိန်ကလေးထက် အသက်အရွယ်အားဖြင့် (၃)နှစ်ခန့်ကြီးသော်လည်း နောင်ရေးစိတ်အေးစေရန်အတွက် ကောင်မလေးအား သူ့ကို မောင်အရှည် အခေါ်ခိုင်းသော်လည်း၊ သူက မိန်းကလေးအား အနည်းငယ်ကြောက်ရပေသည်။ ရည်းစားနှင့်ပြတ်သွားသော ကျန်သူငယ်ချင်းများသည် နောက်ထပ်ချစ်သူအသစ်တွေ့သောအခါတွင် မောင်အရှည်သာခေါ်တွင်စေရမည်ဟု ကျုံးဝါးထားလေသည်။ ချစ်သူရှာချိန်၊ ကြိုးစားနေချိန်တွင်မှာပင် ရည်စားစာရေးရာ၌ မောင်အရှည်ခေါ်စေချင်သည့် အရိပ်အရောင်များသန်းနေစေရန် ချစ်သဝဏ်လွှာစာကို ကြိုးစားရေးမည်ဟု သူငယ်ချင်းတချို့က ပါးစပ်မှ ထုတ်ဖော် ပြောသံကိုလည်း ကြားဖူးသည်။ မောင့်(maung)ကို ပြန်ချစ်ပါနော် ဆိုသော ချည်ပြီး တုတ်ပြီးသား အဖြေတောင်းနည်းကိုလည်း သုံးမည်ဟု စိတ်ကူးသူက စိတ်ကူးထားပြီးဖြစ်လေသည်။

ကျနော့်သည်လည်း ယင်းသုသေသနစာတမ်းကို တင်ပြရသည်မှာ ကြောက်တောက်တောက်နှင့်သာ တင်ပြရခြင်းဖြစ်သည်။ စာရင်းတွင် ကျနော်၏နာမည်၊ မောင်အရှည်၊ မိန်ကလေးကို နိုင်သည်ဟု ထည့်ချင်သော်လည်း မဇနိအားကြောက်သဖြင့် စာရင်းတွင် ကျနော့်နာမည်အား ချန်လှပ်ထားခဲ့သည်ကို ခွင့်လွှတ်စေချင်ပါသည်။ နောက်တချက် ကျနော် စိုးရိမ်မိသည်မှာ ရည်းစားထားရာတွင် ငါနိုင်အောင်၊ ငါဖြတ်ချင်ရင်ဖြတ်ထားလို့ရအောင် ဒီလိုခေါ်လိုက်မယ်ဆိုပြီးလည်း အခုစာတမ်းအား ကိုးကား၍ အသုံးမချော်စေချင်ပါ။ ဤသုသေသနစာတမ်းအား ပိုမိုပြည့်စုံအောင် ပံ့ပိုးလိုလျှင် ငါတို့ကဘယ်လိုခေါ်တာ နိုင်ရတယ်၊ ကြောက်ရတယ် စသည်ဖြင့် ကွန်မန့်တွင် ရေးသား၍ ကူညီစေလိုပါသည်။

ပြုံးပျော်နိုင်ကြပါစေ။

Read more...

လူဆိုးကလေး


အန်တွန် ချက်ဟော(ဗ်)ရဲ့ အတိုနောက်တပုဒ်ကို ဘာသာပြန်လိုက်ပါတယ်။ Злой мальчик မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။ ချက်ဟော(ဗ်)က စာတွေကို အစုံရေးပါတယ်။ လေးလေးနက်နက် ဘဝအမြင်တွေကို ရေးသလို၊ ဖတ်လိုက်ရင် ပြုံးပျော်သွားစေတဲ့ စာမျိုးတွေလည်း ရေးပါတယ်။ တခါတလေကြလည်း ဆရာ ဦးအောင်သင်းပြောတဲ့ ရယ်စရာ မောစရာ ဆိုသလို၊ ရယ်စရာ ပြုံးစရာတွေနောက်က ရင်မောစရာတွေလည်း ပါအောင် ရေးတတ်ပါတယ်။ သူ ၁၈၆၀ မှာမွေးပြီး ၁၉၀၄ မှာ ဆုံးသွားပါတယ်။ အခုအပုဒ်က ၁၈၈၃ မှာရေးထားတာပါ။ အခု ၂၀၀၈ ဆိုရင် ဒီစာရေးခဲ့တာ နှစ်ပေါင်း ၁၂၅နှစ် ရှိနေပါပြီ။ နှစ်တွေ ကြာလှပြီ ဆိုပေမယ့် သူ့စာတွေက အခုခေတ်ဖတ်လည်း ရှေးက စာလို့ မထင်ရပါဘူး။

အခုအပုဒ်မှာတော့ ကိုဖြူနဲ့ ကိုလုံးကို နေရာ ပြောင်းပေးထားပါတယ်။ မတရားရာ ရောက်မှာ စိုးလို့ပါ။



လူဆိုးကလေး


ရုပ်ရည်ပြေပြစ်ချောမောတဲ့ လူငယ်လူရွယ် မောင်လုံးနဲ့ အပျိုကလေး မဖြူ နှစ်ယောက်သား မြစ်ဘေးကို ဆင်းလာခဲ့ပြီး ထိုင်ခုံရှည်ပေါ်မှာထိုင်ကြပါတယ်။ ခုံတန်းရှည်က မြစ်ဘက်ကမ်းမှာရှိပြီးတော့ ဘေးတဝိုက်က သစ်ပင်ခြုံတွေနဲ့ ကွယ်နေပါတယ်။ အဲဒီနေရာလေးက တိတ်ဆိတ်ငြိမ်သက်ပြီး သူတို့ကို ငါးတွေက လွဲပြီး ဘယ်သူက မှ မမြင်နိုင်ပါဘူး။

- နောက်ဆုံးတော့လည်း တို့နှစ်ယောက်တည်းပဲ ရှိနေတာ ဝမ်းသာတယ်ကွာ။
ကိုလုံးက ဘေးဝန်းကျင်ကို ကြည့်ငေးရင်းနဲ့ ပြောလိုက်တယ်။
- မင်းလေးကို ပြောစရာတွေ အများကြီးကို ရှိနေပါတယ် မဖြူရယ်။
- မင်းကလေးကို စပြီး မြင်လိုက်တယ်ဆိုကတည်းက ငါ ဘာအတွက် အသက်ရှင်နေတယ်၊ ရိုးသားကြိုးစားတဲ့ ငါ့ဘဝတခုလုံးကို ပေးအပ်ရမယ့်သူ၊ ငါ့ဘဝရဲ့ ထိပ်ထားဟာ မင်းပဲ ဆိုတာကို သဘောပေါက်လိုက်ပါတယ်။ မြင်မြင်းချင်းကို နှစ်နှစ်ကာကာ ချစ်မိတာပါ။ ငါ့မှာ မေတ္တာရောင်ပြန် မျှော်လင့်ချက်ကလေးများ ရှိနိုင်မလားဆိုတာကို ပြောပြပါကွယ်။

အဲဒီ ပျော်ရွှင်ဖွယ်အချိန်ကလေးမှာ ကိုမောင်လုံးက မဖြူလက်ကလေးကို ဆွဲယူပြီး၊ ပွေ့ဖက်အနမ်းတွေ ဝေနေကြပါတယ်။
အဲသလောက် ပျော်ရွှင်ခဲ့ရတာ တစ်ဘဝလုံးမှာ မရှိခဲ့ပါဘူး။ သူတို့နှစ်ယောက် အနမ်းပန်းတွေဝေနေတုန်းမှာပဲ ရယ်သံတချက် ကြားလိုက်ရတယ်။ မြစ်ဘက်ကို ကြည့်လိုက်လော့ ဘုရားရေ… သူတို့နဲ့ သိပ်မဝေးလှတဲ့နေရာ ရေထဲမှာ ကောင်လေးတစ်ယောက် မတ်တပ်ရပ်နေပါတယ်။ သူက မောင်လူအေးပါ။ မဖြူရဲ့ မောင် အငယ်ဆုံးလေး။ သူက မဖြူတို့နှစ်ယောက်ကို ညစ်ကျယ်ကျယ်အပြုံးနဲ့ ကြည့်ပြီးနေတာပါ။

- ဟဲ ဟဲ မွှေးမွှေးတွေ ပေးနေကြတာပေါ့လေ။ သိပ်ပျော်စရာ ကောင်းတယ်လား၊ ပြောတာတွေလည်း အကုန်ကြားတယ်၊ အားလုံးကို အမေ့ကို ပြန်ပြောမယ်။

- ငါက မင်းကို လူရိုးလူကောင်းလေးလို့ ထင်နေတာ။ သူများကို ချောင်းကြည့်တာ၊ ကိုယ့်ကို ပြောတာ မဟုတ်တာတွေကို ခိုးနားထောင်ပြီး ပြန်ပြောတာတွေက မကောင်းဘူးကွ။ မင်းကို လူကောင်းလေးလို့ထင်ထားတာ..
ကိုမောင်လုံးက စိတ်လှုပ်ရှားပြီး မျက်နှာနီကြီးနဲ့ ပြောလိုက်တယ်။

- ဒါဆို ပိုက်ဆံပေးလေ..ပြန်မတိုင်ဘူး။ မဟုတ်ရင်တော့ ပြန်ကိုတိုင်မှာ။

ကိုမောင်လုံးတစ်ယောက်လည်း အိတ်ကပ်ထဲက ပိုက်ဆံကို ထုတ်ပြီး မောင်လူအေးကိုပေးရရှာပါတယ်။ မောင်လူအေးက ပိုက်ဆံကို စွတ်ကနဲ့ယူ၊ မြစ်ထဲကို ဝုန်းကနဲ့ ခုန်၊ ရေကူးပြီး ထွက်သွားလေရဲ့။ မဖြူတို့ နှစ်ယောက်လည်း အဲဒီနေ့မှာ အနမ်းပန်းတွေ ထပ်မဝေနိုင်ရှာဘူးပေါ့။

နောက်နေ့ကျတော့ ကိုမောင်လုံးက မောင်လူအေးဖို့ မြို့ထဲကနေ ရောင်စုံခဲတံတွေ၊ ဘောလုံးတွေ ဝယ်လာပေးရသလို၊ အမကြီး မဖြူကလည်း သူ့ကျောင်းလွယ်အိပ်ကလေး မောင်လူအေးကို ပေးရတယ်။ နောက်ပိုင်းလည်း အဲဒီကလေးဆိုးကလေးကို လက်ဆောင်ကလေးတွေနဲ့
မကြာမကြာဖို့ရတယ်။ လူဆိုးကလေး မောင်လူအေးက ရမှန်းသိတော့ ပိုလိုချင်၊ ခဏခဏချောင်းလုပ်လာပါတယ်။ သူတို့နှစ်ယောက် ဘယ်နေရာသွားသွား အဲဒီကောင်က ရောက်နှင့်နေတတ်တယ်။ ဘယ်တော့မှ ကို လွတ်လွတ်လပ်လပ်နေရတယ် မရှိတော့ဘူး။ တနွေလုံးနောက်က လိုက်ချောင်းလိုက်၊ အမေ့ကို တိုင်ပြောမယ်ပြောလိုက်၊ လိုချင်တာတွေ တောင်းလိုက်လုပ်နေတော့တာပေါ့။ နောက်ဆုံး နာရီဝယ်ပေးဖို့တောင်းဆိုလို့ ချစ်လျှက်နဲ့ ကံဆိုးနေသူ နှစ်ယောက်မှာ ဝယ်ပေးရတာပေါ့။

တစ်ခါ ညနေစာစားနေတုန်း မောင်လူအေးက အကျယ်ကြီးထရီပြီး ကိုမောင်လုံးဘက်လှည့်ပြီး
- ဟဲ ဟဲ ပြောလိုက်ရမလား။ ဘယ်လိုလဲ..

ကိုမောင်လုံးခမျာ မျက်နာကြီး ရဲခနဲဖြစ်သွားသလို၊ မဖြူလည်း ရှက်လို့ ထမင်းစာပွဲကထပြီး အခန်းထဲ အမြန် ပြေးဝင်သွားလေရဲ့။

မဖြူတို့နှစ်ယောက်မှာ သြဂတ်(စ)လကုန်အထိ ကိုမောင်လုံးက မဖြူကို လက်ထပ်ခွင့် မတောင်းမခြင်း ဒီလိုအနေအထားကြီးနဲ့ နေကြရပါတယ်။ အပျော်ရွှင်ရဆုံးနေ့တစ်နေ့ရောက်လာပါပြီ။ မောင်လုံးက မဖြူ့မိဘတွေနဲ့ စကားပြောပြီး လက်ထပ်ဖို့ သဘောတူခွင့်ရတာနဲ့ မောင်လူအေးကို ရှာဖို့ ပန်းခြံထဲ ဆင်းပြေးသွားတယ်။ မောင်လူအေးကို တွေ့လည်းတွေ့ရော ကိုမောင်လုံး ပျော်လွန်းလို့ အသံကျယ်ကြီးနဲ့ အော်ပြီး မောင်လူအေးလေး နားရွက်ကို ဆွဲလာတယ်၊ မဖြူကလည်း အပျော်နဲ့ ပြေးလာ မောင်လူအေးလေးရဲ့ ကျန်တဲ့ နားတစ်ဖက်ကို ဆွဲလိုက်ပါတယ်။ ချစ်သူနှစ်ယောက်က ပျော်လွန်းလို့ မျက်နှာပေါ် ပီတိတွေ ဖြာနေသလို၊ မောင်လူအေးလေးခမျာ နာလွန်းလို အော်ငိုပြီး တောင်းပန်ရှာတယ်။
- အကို အမတို့ရယ်၊ နောက်နောင်ကျ မလုပ်တော့ပါဘူး၊ တောင်းပန်ပါတယ်။

မောင်လုံးနှင့် မဖြူ သည် တစ်ဦးကိုတစ်ဦး ချစ်ပြီးသည့်နောက်ပိုင်း မောင်လူအေးလေး နားရွက်ကို ဆွဲရသည့်နေ့လောက် ပျော်ရွှင်ရသောနေ့ မရှိပါဟု နောက်ပိုင်းတွင် ချစ်သူနှစ်ဦး ပြောဖြစ်ကြလေသည်။


နာမည်ရင်းများ

မောင်လုံး - အီဗန် အီဗန်နိုဗိ(ခ်ျ)
မဖြူ - အန်နာ ဆယ်မျိုနိုဗာ
မောင်လူအေး - ကိုးလျာ

Read more...

Kust Sireni (နောက်ဆုံးပိုင်း)

>> Thursday, July 17, 2008


နှင်းပန်းခြုံ (နောက်ဆုံးပိုင်း)
အလက်ဇန်းဒါ ကူပရင်
နှင်းပန်းခြုံ - ၁
နှင်းပန်းခြုံ - ၂


အစဆုံး သူတို့နှစ်ယောက် အပေါင်ဆိုင်ကို သွားကြတယ်။ ဈေးဖြတ်တဲ့သူကလည်း လူ့ဒုက္ခတွေကြောင့်ဖြစ်နေတဲ့ မပြုံးမရွှင်မျက်နှာတွေကို မြင်ရတာရိုးနေပြီဆိုတော့ အဲဒါတွေကလည်း သူ့ကို သနားကြင်နာလာအောင် မစွမ်းဆောင်နိုင်ပါဘူး။ သူက ယူလာတဲ့ ပစ္စည်းတွေကို အသေအချာ အကြာကြီးကြည့်တယ်။ မလုံး ဒေါသတောင် စထွက်လာပြီ။ တကယ်ပါပဲ စိန်လက်စွပ်ကို အက်စစ်နဲ့တိုက်စားပြီး စစ်တယ်၊ ပြီးတော့ သုံးရူဘယ်(လ်)ပဲ ဈေးပေးတာကိုး။

- ဒါ စိန်အစစ်ရှင့်။ စိတ်လှုပ်ရှားပြီးပြောလိုက်တယ်။ - ဒါက (၃၇)ရူဘယ်(လ်)တန်ပါတယ်ရှင် ပိုက်ဆံလေးအဆင်ပြေတုန်းက ၀ယ်ထားတာပါ။
ဈေးဖြတ်တဲ့သူက ဘယ်လိုမှ မခံစားရဘူးဆိုတဲ့ ပုံစံနဲ့ မျက်လုံးလေးကို စင်းထားတယ်။



- အမကြီးရဲ့ ကျနော်တို့အတွက်ကျတော့ မထူးပါဘူးခင်ဗျ။ ကျနော့်တို့က ကျောက်ပစ္စည်းတွေကို လက်မခံပါဘူး။
သူက ချိန်ခွင်ပေါ်ကို နောက်ပစ္စည်းတခုတင်းရင်းနဲ့ပြောလိုက်တယ်။
- ကျနော်တို့က ရွှေသား၊ ငွေသားကိုပဲ တန်ဖိုးဖြတ်တာပါ။
ပြီး ဟောင်နွမ်းလိမ်ကောက်နေတဲ့ လက်ကောက်ကြီးကိုကျတော့ မလုံမမျှော်လင့်ထားတဲ့ ဈေးအများကြီးပေးပါလေရော။ အားလုံဒပေါင်းလိုက်တော့ (၂၃) ရူဘယ်(လ်)လောက်ရတော့ လိုအပ်တဲ့ငွေပမာဏထက်တောင် ပိုနေပါသေးတယ်။

ကိုဖြူတို့ဇနီးမောင်နှံ ဥယျာဉ်မှုးဆီကိုရောက်တော့ အဖြူရောင် ပီတာစဘတ်ညနေခင်းက ကောင်းကင်တခွင်ကို ဖြန့်ကြက်တာပြီး၊ လေထုထဲ အပြာရောင်နွားနို့တွေ ဖြန်းထားသလိုပေါ့။ ရွှေကိုင်းမျက်မှန်တပ်ထားတဲ့ အဖိုးကြီးအိုပေါက်စပုံစံနဲ့ ချက်လူမျိုး ဥယျာဉ်မှုးက သူ့မိသားစုနဲ့အတူ ညစာစားဖို့ ထိုင်တုန်းရှိပါသေးတယ်။ အတော့်ကို နောက်ကျရောက်လာပြီး၊ ညဖက်အလုပ်လုပ်ဖို့လာအပ်တာကို အံ့သြသွားပြီး၊ စိတ်ထဲကလည်း သူမကျေနပ်လှပါဘူး။ ဖြစ်နိုင်တာက.. တခုခုကို လိမ်ညာခိုင်းမှာကို သံသယရှိတာထင်ပါတယ်၊ မလုံးက ဘယ်လိုလုပ်ချင်တာပါပြောတာမျိုးကို ခပ်ရိုင်းရိုင်းနဲ့ တုန့်ပြန်ပါတယ်။
- တောင်းပန်ပါတယ်ဗျာ။ ညအချိန်ကြီးမှာ အလုပ်သမားတွေကို ဒီလောက်ဝေးတဲ့ဆီ သွားမခိုင်းနိုင်ပါဘူး။ မနက်ဖြန်မနက်ခင်းမှာ လုပ်လို့ ခင်ဗျားတို့ အဆင်ပြေရင်တော့ ကျနော်လုပ်ပေးနိုင်ပါတယ်။

အဲဒီတော့လည်း မလုံးက လုပ်စရာတခုကျန်တော့တာပေါ့။ ဥယျာဉ်မှုးကို ကံဆိုးမိုးမှောင်ကျခဲ့တဲ့ ဆေးစက်လေးရဲ့ သမိုင်းကြောင်းကို အကုန်ပြောရတော့တယ်။ အစပိုင်းတော့ ဥယျာဉ်မှုးက မယုံကြည်သလိုနဲ့၊ နောက်အသေအချာနားထောင်ပြီးမှ ခံစားလို့ရပြီး ပြုံးလာတော့တယ်။

- အင်းပေါ့ဗျာ၊ ဒီတော့လည်း ဘာလုပ်ရလဲ- မလုံးလည်း ပြောပြီးရော ဥယျာဉ်မှုးက သဘောတူလိုက်တယ်။ - ကိုင်းပြောဗျာ ဘယ်လိုပန်းဆို ပန်းခြုံစိုက်ဖို့ အဆင်ပြေမလဲ။

ဥယျာဉ်မှုးဆီမှာရှိတဲ့ ပန်းမျိုးတွေကလည်း တခုမှ လိုချင်တဲ့ပုံစံမှရှိပါဘူး။ နောက်ဆုံး လိုချင်ချင်၊ မလိုချင်ချင် နှင်းပန်းခြုံ စိုက်ဖို့ပဲ လက်ခံရတော့တာပေါ့။
ကိုဖြူက မလုံးကို အိမ်ပြန်နှင့်ဖို့ပြောတာ မရဘူး။ မြို့ပြင်ကို ကိုဖြူနဲ့အတူ လိုက်လာပြီး ပန်းခြုံ စိုက်မပြီးမချင်း ဟိုလိုလုပ်ပါ့လား၊ ဒီလိုလုပ်ပါ့လားနဲ့ အလုပ်သမားတွေကို သွားပြီး ရှုပ်နေတယ်။ နောက်ဆုံး ပန်းခြုံခြေရင်းကမြေကို အဲဒီနားတ၀ိုက်က ဘေးမြက်ခင်းပင်တွေခွဲမရအောင်ကို လုပ်ပေးမှာပါဆိုပြီး ပြောမှ သဘောကျပြီး အိမ်ပြန်သွားလေရဲ့။

နောက်နေ့ရောက်တော့ မလုံး အိမ်မှာ အငြိမ်ထိုင်မနေနိုင်ဘူး၊ ယောက်ကျားပြန်အလာကို လမ်းမပေါ်ထွက်ပြီး ပြေးကြိုလေရဲ့။ သူမက လမ်းမပေါ်မှာ သူ့ယောက်ကျား မြောက်ဆွမြောက်ဆွနဲ့ လာတာကို အဝေးကြီးကတည်းက မြင်ပြီး၊ ပန်းခြုံကိစ္စတော့ အောင်မြင်စွာ အဆုံးသတ်လိုက်ပြီဆိုတာကို သိပြီးသား။ တကယ့်ကိုပါပဲ ကိုဖြူကြီးလည်း ဖုန်တွေတလုံးလုံးနဲ့ ပင်ပန်းလွန်းလို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့တောင် အနိုင်နိုင်ဖြစ်နေတာ။ ဒါပေမယ့် အောင်မြင်မှုကြောင့်ရလာတဲ့ ၀မ်းသာမှုပိတိကတော့ မျက်နှာပေါ်မှာအထင်းသားကြီးပေါ့။

- သိပ်ကောင်း၊ သိပ်ပျော်စရာကွာ။
စိုးရိမ်နေတဲ့ မိန်းမမျက်နှာကိုမြင်လိုက်လို့ ခြေဆယ်လှမ်း အကွာလောက်ကတည်းက အော်ပြောလိုက်တယ်။
- မျက်လုံးထဲ ပုံဖော်ကြည့်ကွာ၊ တို့ ပန်းခြုံဆီကို မြင်းစီးပြီးသွားကြတယ်။ ပရော်ဖက်ဆာက ပန်းခြုံကို ငေးတယ်၊ သစ်ရွက်ကလေးတွေက ၀ါနေပြီး တချို့အရွက်က စုတ်တောင်နေတယ်။
- ဒါ ဘာသစ်ပင်အမျိုးအစားလဲ။ - ပရော်ဖက်ဆာက မေးတယ်။
- ငါကလည်း ပြန်ဖြေလိုက်တယ် - မသိပါဘူးခင်ဗျာ ဆရာကြီး။
- ဘူဇပတ်ပင်တွေလား မသိဘူး။
ငါကလည်း ပြန်ပြောလိုက်တယ်။
- ဘူဇပတ်ပင်ဖြစ်လောက်ပါတယ် ခင်ဗျ။
ပြီးတော့ ပရော်ဖက်ဆာက ငါ့ဖက်ကိုလှည့်လာပြီး လက်ကိုဆွဲနှုတ်ဆက်တယ်။
- အေး တောင်းပန်ပါတယ်ကွာ ဗိုလ်ကလေး။ ဒီပန်းခြုံကို မမှတ်မိဘူးဆိုတော့ ငါလည်း အဖိုးကြီးစဖြစ်နေပြီထင်တယ်။
- တကယ့်ကို သိပ်တော်ပြီး ဥာဏ်ထက်တဲ့ ပရော်ဖက်ဆာကြီးကွ။ ငါ သူ့ကို လိမ်ညာခဲ့ရတာ စိတ်မကောင်းပါဘူးကွာ။ တို့ကျောင်းမှာ အတော်ဆုံးပရော်ဖက်ဆာတွေထဲက တစ်ယောက်ကွ။ သူ့အသိဥာဏ်ကတော့ အံ့မခန်းပါပဲကွာ။ ဒေသမြေပုံတွေ အမှတ်ပေးတဲ့နေရာမှာတော့ မြန်လည်းမြန်၊တိလည်း အတော်တိကျတဲ့လူကြီးကွ၊ အံ့စရာလူကြီး။

မလုံးမှာတော့ သူပြောပြတာတွေကို အားမရနိုင်ပါဘူး။ သူ့ပရော်ဖက်ဆာနဲ့ ဘယ်လိုပြောခဲ့တယ်ဆိုတာတွေ အသေးစိတ်ကြားချင်လို့ ထပ်ခါထပ်ခါမေးရတယ်။ ပရော်ဖက်ဆာမျက်နှာက ဘယ်လိုပုံစံ၊ ငါတော့ အသက်ကြီးစပြုပါပြီဆိုတာကို ပရော်ဖက်ဆာက ဘယ်လိုအသံနဲ့ပြောတာ၊ ကိုဖြူဘယ်လိုခံစားရတယ်ဆိုတာတွေကို သူမကစိတ်ဝင်စားတာပါ။

သူတို့နှစ်ယောက်က အိမ်အပြန် လမ်းမပေါ်မှာ သူတို့နှစ်ယောက်ကလွဲပြီး ဘယ်သူမှ မရှိသလိုမျိုးနဲ့ တစ်ယောက်လက်တစ်ယောက်တွဲပြီး ပြုံးပျော်ပြီးပြန်လာကြတယ်။ လမ်းပေါ်ဖြတ်သွားဖြတ်လာတွေကလည်း ဒီစုံတွဲဘာဖြစ်ပါလိမ်းဆိုပြီး တအံ့တသြနဲ့ ရပ်ပြီးကြည့်ကြလေရဲ့။

ကိုဖြူတစ်ယောက် ဒီနေ့လောက် စားသောက်ကောင်းတာ တခါမှမရှိသေးဘူး။ စားသောက်ပြီးတော့ မလုံးက ကိုဖြူအခန်းထဲကို လက်ဖက်ရည်ခွက်ကလေး သယ်လာပေးတယ်။ လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး နှစ်ယောက်လုံး ရုတ်တရက် ပြုံးလိုက်ကြတယ်။

- ရှင်က ဘာကို ရီတာလဲ။ - မလုံးကမေးတယ်။

- မင်းကရော ဘာလို့ ရီတာလဲ။

- ရှင်အရင်ပြော ကျမနောက်ပြီးကျ ပြောမယ်။

- အော် ဘာရယ်မဟုတ်ပါဘူးကွာ။ နှင်းပန်းခြုံ သမိုင်းကြောင်းကို တွေးမိပြီး ရီမိတာပါ။ မင်းကရော..

- ကျမလည်း ဘာရယ် မဟုတ်ပါဘူးရှင်။ ဒီနှင်းပန်းခြုံပဲပေါ့။ အခုလေ အဲဒီနှင်းပန်းတွေက ကျမရဲ့ထာဝရ အကြိုက်ဆုံးပန်း ဖြစ်သွားပြီ။

(၁၈၉၄)

နာမည်ရင်းများ
ကိုဖြူ - Николай Евграфович Алмазов - နီကိုလိုင် ရယ်(ဗ)ဂရာဖိုဗိ(ခ်ျ) အာ(လ်)မာဇော့(ဗ်)
မလုံး - Верочка – (Вера) - ဗျယ်ရိုချကာ (ခေါ်) ဗျယ်ရာ

ပြီးပါပြီ။

Read more...

ဝါဆိုလပြည့်နေ့

>> Wednesday, July 16, 2008





၁၇. ၀၇. ၂၀၀၈ နေ့သည် ၀ါဆိုလပြည့်နေ့ဖြစ်ပါသည်။
ဝါဆိုလပြည့်နေသည် ဗုဒ္ဓဘာသာနွယ်ဝင် မြန်မာလူမျိုးတို့အတွက် နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သည်။
ဘုရားအလောင်းတော်မြတ် သန္ဓေယူသောနေ့၊ ဘုရားအလောင်းတော် တောထွက်တော်မူသည့်နေ့၊
ဓမ္မစကြာတရားဦး ဟောကြားတော်မူသည့်နေ့တို့မှာ ၀ါဆိုလပြည့်နေ့ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
ထိုကြောင့် ရှေးမြန်မာကြီးတို့က သန္ဓေ တောထွက် ဓမ္မစက် ဟောမြွတ်ခါကို လ၀ါဆို။ ဟူ၍မှတ်တမ်း
တင်ခဲ့ကြခြင်းဖြစ်ပါသည်။ [ဆက်ဖတ်ရန်]


တရားဦး ဓမ္မစကြာ - နိဒါန်း

နိဒါန်း

“… ပညာတည်းဟူသော နားနှင့် ပြည့်စုံသော သူတို့သည် ယုံကြည်ခြင်း (သဒ္ဓါတရား)ကို စေလွှတ်ကြကုန်လော့။ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးကို ဖွင့်အပ်ပြီ။” [ ၀ိနည်းမဟာဝါ-မဟာခန္ဓက၀ဂ်-ဗြဟ္မယာစက ကထာ]

ပစ္စေကဗုဒ္ဓဘုရားနှင့် သမ္မာသမ္ဗုဒ္ဓဘုရားတို့မှအပ တရားနာကြားရခြင်းမရှိပဲ အကျွတ်တရားရသည်ဟူ၍ မရှိချေ။ မှန်သောအမြင် (သမ္မာဒိဋ္ဌိ) ရရှိရန်အတွက် (၁) သစ္စာနှင့်လျော်သော (သစ္စာနုလောမိက) တရားကိုနာကြားခွင့်ရခြင်း၊ (၂) နှလုံးသွင်းမှန်ခြင်း (ယောနိသော မနသိကာရ) ဟူသောအကြောင်းတရားနှစ်ပါး လိုအပ်သည်။ [ဆက်ဖတ်ရန်]

.....
.....
.....
တရားဦး ဓမ္မစကြာ

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
[ဆက်ဖတ်ရန်]

Read more...

Kust Sireni - 2


နှင်းပန်းခြုံ (၂)
အလက်ဇန်းဒါ ကူပရင်


နှင်းပန်းခြုံ (၁) က ဒီမှာ

- ဘယ်လို ဆေးစက်လေးလဲ ကိုဖြူ။ - သူမက နောက်တခေါက်ထပ်မေးတယ်။
- ဟာ ကွာ ရိုးရိုးဆေးစက်လေးပါ အစိမ်းရောင်လေး။ မင်းနားလည်လား၊ မနေ့ညက ငါ သုံးနာရီအထိ မအိပ်ဘဲနဲ့ ပြီးအောင်လုပ်ရတာလေ။ ပုံကို လှလှပပဆွဲထားပြီးသား။ အခြားလူတွေက ပုံက အတော်လှတယ် သေသပ်တယ်လို့ပြောကြတာပဲ။ ညဥ့်နက်သည်အထိ ထိုင်ပြီးလုပ်ရတော့ ပင်ပန်းလာတာပေါ့၊ ပြီး လက်တွေလည်း တုန်ယင်လာတယ်။ အဲဒီအချိန်မှာ ဆေးစက်က ကျသွားတာ။ ဆေးသားထူထူ အရောင်လွင်လွင်နဲ့ အစက်ချမိတာပေါ့။ ဖျက်ရင်းဖျက်ရင်းနဲ့ ပိုပိုကြီးသွားတာ။ အဲဒါကြီးကို ဘာလုပ်ရမလဲဆိုတာ စဉ်းစားရင်နဲ့ အဲဒီနေရာမှာ သစ်တော့အုပ်ပုံဆွဲဖို့ ဆုံးဖြတ်လိုက်တာ။ အတော့်ကို ကောင်းကောင်းကန်းကန်းဆွဲထဲ့လိုက်တာများကွာ၊ အဲဒီနားမှာ ဆေးစက်ကျခဲ့တယ်ဆိုတာတောင် သိဖို့မလွယ်ဘူး။ ဒီနေ့ ပရော်ဖက်ဆာဆီကို ပြဖို့ယူသွားတယ်။ - အင်း စစ်ဗိုလ်လေး ဘယ်လိုလုပ်ပြီး ဒီနားချုံပုတ်ကြီးကက ပေါ်လာရတာလဲ။ - ငါ့အလုပ်က ဘယ်နားမှာ ဘာရှိတယ်ဆိုတာကို တိတိကျကျ ရှိတဲ့အတိုင်းတင်ပြရမှာမဟုတ်လားကွာ။ သူရယ်မလား မရယ်ဘူးလား မသိပါဘူးကွာ၊ သူက သိပ်တိကျတဲ့ ဂျာမန် ပညာတတ် လူကပ်ကြီး။ ငါက သူ့ကိုပြောတာပဲ - ဒီနေရာမှာ အဲဒီချုံပုတ် အသေအချာကို ပေါက်ပါတယ်ခင်ဗျာ။ သူကလည်း ပြန်ပြောတာပဲ - မဟုတ်သေးဘူး၊ ဒီနေရာကို ငါ့လက်ချောင်းလေးတွေကို သိသလိုသိနေတာ၊ ဒီချုံပုတ်တွေ ရှိကိုမရှိဘူး။- ပြောရင်ပြောရင်းနဲ့ ဆရာနဲ့ ငါ့ကြားမှာ စကားက အခြေအတင်ဖြစ်လာရော။- အခန်းထဲမှာက တခြားအရာရှိတွေလည်းရှိနေတာကိုး။ - ကဲ မင်းက အဲဒီနေရာမှာ ခြုံပင်ကြီးရှိနေတာဆိုတာ ဒီလောက်တောင် သေချာနေရင် မနက်ဖြန်ကျ မင်းနဲ့ငါ အဲဒီနေရာကို မြင်းစီးပြီး သွားကြတာပေါ့။ မင်းပဲ အလုပ်ကို ပေါ့ပေါ့ဆဆလုပ်သလား၊ အရှိအတိုင်းပဲ ပုံကိုဆွဲသလားဆိုတာ ငါ မင်းကို သက်သေပြရသေးတာပေါ့။


- သူကရော အဲဒီနေရာမှာ ခြုံပင်မပေါက်ဘူးဆိုတာ ဘာလို့ ဒီလောက်သေချာနေရတာလဲရှင့်။
- ဟ ဘုရားရေ ဘာ့ကြောင့်သိရတယ်။ မင်းကလည်း ကလေးကလားမေးခွန်းတွေလာမေးနေသေးတယ်။ အေး ဒီနေရာမှာ သူအလုပ်လုပ်နေတာ နှစ်ပေါင်း (၂၀) ရှိနေပြီ။ သူ့အိပ်ခန်းထက် ဒီနေရာတွေကို ပိုသိတယ်ကွ။ အလွန်ရစ်တဲ့ လူကပ်ကြီး၊ လောကမှာ အဲသလိုလူမျိုး သိပ်ရှားရတဲ့အထဲကွာ၊ လူက ဂျာမန်အပေါက်ဆိုးကြီး။ နောက်ဆုံးတော့ ငါလိမ်ထားတာပေါ်သွားပြီး၊ အဆူအကြိမ်းခံ - ပြီးတော့ မတွေးရဲစရာပါပဲကွာ။

စကားပြောနေတဲ့ အချိန်မှာ သူ သူ့ရှေ့မှာရှိတဲ့ ပြာခွက်ထဲက လောင်ပြီးသားမီးခြစ်ဆံတွေကို ကောက်ပြီ အပိုင်းပိုင်းလေးတွေချိုး၊ စကားတိတ်သွားတဲ့အခါကျတော့ စိတ်ဆိုးမာန်ဆိုးနဲ့ ချိုးထားတဲ့ အပိုင်းအစတွေကို ကြမ်းပြင်ပေါ်လွှင့်ပစ်နဲ့ ယောက်ကျားရင့်မာကြီးခမျာမှာ ငိုချင်နေတာ သိသာလွန်းလှတယ်။

လင်မယားနှစ်ယောက် အချိန်အကြာကြီး ဘာစကားမှ မပြောဘဲ ခပ်တွေတွေကြီးထိုင်နေကြတယ်။မလုံးက ရုတ်တရက် အားမာန်ပါပါနဲ့ ထိုင်ခုံကနေ ၀ုန်းကနဲထလိုက်တယ်။
- နားထောင်စမ်း ကိုမောင်ဖြူ၊ အခုပဲ သွားမှဖြစ်မယ်။ အ၀တ်မြန်မြန်သွားဝတ်ချည်။

ကိုမောင်ဖြူတယောက် သည်းမခံနိုင်လောက်တဲ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ချက်ကြောင့် ဆတ်ခနဲ့ ရှုံ့သွားသေးတယ်။
- အရူးစကားမပြောစမ်းပါနဲ့ မလုံးရယ်။ ငါက မှားပါတယ်ခင်ဗျာ၊ ခွင့်လွှတ်ပါဆိုပြီး သွားတောင်းပန်မယ်ထင်လို့လား။ အဲဒါမှ ၀န်ခံဂတိလက်မှတ်ပါ တခါတည်းတန်းထိုးနေရမယ်။ မမိုက်စမ်းပါနဲ့ဟ။

- ရှင်ကလည်း အဲသလိုလုပ်မှာမဟုတ်ပါဘူး။ - မလုံးက ခြေဆောင့်ပြီး ငြင်းလိုက်တယ်။ - ရှင့်ကို သွားပြီး အတောင်းပန်ခိုင်းနေတာ မဟုတ်ဘူးရှင့်။ အဲဒီနေရာမှာ သစ်ပင်ခြုံမရှိရင် အခုချက်ချင်းရှိအောင် သွားစိုက်ရမယ်လို့ပြောတာ။
- သစ်ပင်ခြုံ သွားစိုက်ရမယ် ဟုတ်လား။ - ကိုဖြူက တအံ့တသြကြည့်ရင်းနဲ့ မေးလိုက်တယ်။
- အင်းလေ စိုက်ရမှာပေါ့။ မဟုတ်မမှန်တာကို ပြောထားရင် မှန်အောင် ပြန်ပြင်ရမယ်လေ။ မြန်မြန်လုပ်စမ်း၊ ပေး ဦးထုပ်၊ အိတ်ရော၊ သွားသွား ထီးက ဒီမှာ မရှိဘူး ဘီရိုထဲသွားရှာပါဦး။

- ကိုဖြူက အက်ျီပဲရှာသလိုလို၊ ဦးထုပ်ပဲရှာသလိုလိုနဲ့ နားမထောင်သလိုလိုပုံ လုပ်နေတယ်။
မလုံးက တော့ အံ့ဆွဲတွေကို အမြန်ဆွဲလှပ်၊ ဗူးတွေ အိတ်တွေကိုဆွဲထုတ်၊ အထဲကပစ္စည်းတွေကို ကြမ်းပြင်ပေါ် အကုန်မှောက်ချပစ်တယ်။
- ဒီနားကပ်က ဘယ်လောက်မှ သူတို့ကပေးမှာ မဟုတ်ဘူး။ လက်စွပ်က တန်ဖိုးတော့ကြီးတယ်။ ပြန်ရွေးရမယ်။ ပြန်မရွေးနိုင်ရင်တော့ နှမျောစရာကြီးပေါ့။ လက်ကောက်ကို သူတို့က နည်းနည်းပဲ ဈေးပေးမှာ။ ဟောင်းလည်းဟောင်း လိမ်လဲနေတာကိုး။ ရှင့်ငွေရောင် စီးကရက်ဗူးက ဘယ်မလဲ ကိုဖြူ။

နောက်ငါးမိနစ်လောက်ကြာတော့ ရှိသမျှရတနာတွေကို လက်ဆွဲအိတ်ထဲ အကုန်ထည့်ပြီးပြီ။ မလုံးက အ၀တ်အစားကလည်း ၀တ်ပြီးသား အဆင်သင့်၊ ဘာပစ္စည်းများ အိမ်မှာကျန်ခဲ့သလဲဆိုတဲ့ အကြည့်နဲ့ ဘေးဘီကို တချက် ဝေး၀ိုင်ကြည့်လိုက်သေးတယ်။

- သွာစို့ - ပြတ်သားတဲ့လေသံနဲ့ သူမကပြောလိုက်တယ်။
- ဘယ်ကိုသွားမှာလဲဟ။ - ကိုဖြူက ကန့်လန့်လုပ်ချင်တဲ့ လေသံနဲ့ မေးလိုက်တယ်။ အခုပဲ မှောင်တော့မယ်။ ငါ့ပုံထဲကနေရာက ဒီကနေဆို အဝေးကြီးမှာ။
- ပြောမနေနဲ့ လာသွားမယ်။

နောက်ဆုံးတပိုင်းပဲ ကျန်တော့တယ်။

Read more...

Kust Sireni

>> Tuesday, July 15, 2008


ရုရှားစာရေးဆရာ အလက်ဇန်းဒါ ကူပရင်ကို သိတဲ့သူတွေလည်း သိကြမယ်၊ မသိတဲ့သူတွေလည်း မသိကြလောက်ဘူး။ ကျနော်လည်း အစကသိဘူး၊ အဲဒီဆရာရေးထားတာ တပုဒ်ဖတ်ဖူးတယ်ဆိုတာ နောက်မှသိတာ ။ ဘာသာပြန်ဆရာတော့ ကောင်းကောင်းမမှတ်မိတော့ဘူး။ ဆရာမောင်ထွန်းသူ ထင်တာပဲ။ စာအုပ်နာမည်က အိုလက်ဆီရာ ။ ဆရာ ကိုအန်အေ၊ ကိုပီဆာကျယ်ပေးလို့ ဖတ်ဖူးတာ။ စာအုပ်က မောင်ဖြူတို့ဆီမှာ ရောက်နေတာ။ အခုရှိသေးလားတောင် မသိတော့ဘူး။ ကိုအန်အေလေသံနဲ့ပြောရရင် ဒီစာရေးဆရာက မြန်မာကြိုက်ကွတဲ့။ ကဲ ကျနော်ဖတ်ဖူးတာ တစ်ခုကို ဘာသာပြန်ဦးမယ်။ အရမ်းအရှည်ကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် ဖြတ်ဖြတ်ပြီး ဘာသာပြန်မယ်။ တပိုင်းချင်းပဲတင်တော့မယ်။ အကုန်လုံးဘာသာပြန်ပြီးမှ အရှည်ကြီးတင်ရင် ဖတ်တဲ့သူတွေကလည်း ပျင်းတော့ မဖတ်ချင်ကြဘူး။ ပြီးတော့ ရုရှားနာမည်တွေက ရှုတ်လို့တဲ့။ ဟုတ်မှာပါ။ အခု ဘာသာပြန်မှာတော့ ရုရှားနာမည်တွေ အစား မြန်မာနာမည်တွေ ထည့်သုံးထားတယ်။ ရှည်ရှည်ဝေးဝေးလည်း မစဉ်းစားချင်တာနဲ့ ကိုယ်ဘာလုပ်လုပ် အထွန့်မတက်တဲ့ ကိုဖြူနဲ့ ကိုလုံးတို့ နာမည်တွေသုံးထားတယ်။ အခု အပုဒ်မှာတော့ ကိုဖြူက ယောက်ကျားလေးနေရာကပေါ့။ ကိုကြီးလုံးကိုတော့ လုံးရာကနေ ပြားပေးထားတယ်။ အဟီး။ နောက်တပုဒ်ပြန်လို့ရှိရင်ကျ နှစ်ယောက်ကို နေရာပြန်လွှဲပေးမှာပါ။ အခုဘာသာပြန်မှာက Куст сирени - မူရင်းကို ဒီမှာ ဖတ်နိုင်တယ်။ နောက်အပိုင်းတွေကို စိတ်မရှည်လို့ မစောင့်နိုင်ရင် သွားဖတ်နိုင်အောင်လို့ပါ။ сирень ဆိုတာက အင်္ဂလိပ်လိုဆို lilac တဲ့။ ဘလူးဖီးနစ်ရဲ့ ရုရှား-မြန်မာ အဘိဓာန်မှာ နှင်းပန်းပင် လို့ ဘာသာပြန်ထားတာတွေ့တယ်။ lilac ဆိုတာကို အင်္ဂလိပ်မြန်မာ အဘိဓာန်မှာကျတော့ ပန်းအိ တဲ့။ ထားတော့ နာမည်က အရေးမကြီးဘူး။ ပန်းကိုမျက်လုံးထဲမြင်အောင်ပြောရရင် သူက ချုံပုတ်ပင်မျိုးပါ။ ကဲနာမည်ကတော့ နှင်းပန်းခြုံ လို့ပဲတပ်လိုက်မယ်။


နှင်းပန်းခြုံ

ကိုကြီးဖြူတစ်ယောက် မိန်းမက တံခါးဖွင့်မပေးခြင်းကို တပင်တပန်း စောင့်လိုက်ရတာ၊ ကုတ်အက်ျီအရှည်ကိုလည်း မချွတ်၊ ဦးထုပ်ဆောင်းလျှက်သားကြီးနဲ့ သူ့အခန်းထဲ တန်းဝင်သွားပါရောလား။ စိတ်လိုက်မာန်ပါ နဲ့ အောက်နှုတ်ခမ်းကို သွားနဲ့ ကိုက်ထားပြီး၊ တွန့်ခေါက်နေတဲ့ မျက်ခုံးမွှေးတွေနဲ့ သူ့ယောက်ကျားရဲ့ မှုန်သုန်နေတဲ့မျက်နှာကို မြင်လိုက်ရတာနဲ့၊ မိန်းမလုပ်သူက အဲဒီခဏမှာပဲ ချက်ချင်း သဘောပေါက်လိုက်ပါပြီ၊ အလွန်အမင်း စိတ်ညစ်စရာ အကြီးကြီးဖြစ်လာခဲ့ပြီဆိုတာကိုပေါ့။ ပါးစပ်ပိတ်ပြီး သူခင်ပွန်းနောက်က အသာလိုက်သွားရတယ်။ အခန်းထဲမှာ ကိုဖြူတစ်ယောက် တစ်နေရာတည်းမှာ မလှုပ်မယှက်ရပ်၊ အကြာကြီး ဒေါင့်တစ်ဒေါင့်ကို ငေးနေပါရောလား။ ပြီးတော့ လက်ထဲက ရုံးအိတ်ကြီးက ကြမ်းပြင်ပေါ်လွတ်ကျသွားပြီး အဖုံးတွေပွင့်လှန်ထွက်နေတာပေါ့။ လူကြီးကတော့ ကုလားထိုင်ပေါ် အရုပ်ကြိုးပြတ် ပစ်ခတ်ထိုင်ချလိုက်ပါတယ်။ လက်ချောင်းတွေယှက်ထားပြီး ခပ်ကြမ်းကြမ်းနဲ့ လက်တွေအသံမြည်အောင်ချိုးနေပါလား။

ကိုဖြူဆိုတာက အသက်ငယ်ငယ်၊ ခပ်မွဲမွဲ စစ်တပ်အရာရှိတစ်ယောက်ပါ။ ဗိုလ်ချုပ်သင်တန်းကျောင်းမှာ လက်ချာတွေ သွားနားထောင်ပြီး အဲဒီကနေအခုပဲ ပြန်လာတာပေါ့။ ဒီနေ့ သူက ပရော်ဖက်ဆာကို နောက်ဆုံးနဲ့ အခက်ဆုံး လက်တွေ့အလုပ်တခုဖြစ်တဲ့၊ ဒေသမြေပုံတစ်ခု တင်ပြပြီး ပြန်လာတာပါ။ အခုအချိန်အထိကတော့ စာမေးပွဲတွေက ကံကောင်းစွာနဲ့ အောင်မြင်ခဲ့ပါတယ်။ မယ်မင်းကြီးမ-သူ့မိန်းမတစ်ယောက်ပဲ ဒီအလုပ်တွေ ဘယ်လောက်ခက်တယ်ဆိုတာကို နားလည်တာပါ။ ကျောင်းဝင်ခွင့်က စပြောရမယ်ဆိုရင် အစပိုင်းတုန်းကတော့ လုံးဝကို မဖြစ်နိုင်သလိုမျိုးကြီးရယ်။ (၂)နှစ်တော့ ခက်ခက်ခဲခဲကိုပဲ မအောင်မြင်ခဲ့ဘူး၊ တတိယနှစ်ရောက်မှ အတားအဆီးတွေအားလုံးက ကျော်လွှားနိုင်ခဲ့တာပါ။ မိန်းမသာမရှိရင်တော့ သူမှာ ဘာခွန်အားမှမရှိတော့ဘူးရယ်၊ အကုန်လုံး လက်နဲ့ပုတ်ချလိုက်သလို အားလုံးဆုံးရှုံးကုန်မှာပါ။

ဒါပေမယ့် သူ့မိန်းမ မလုံးက ယောက်ကျားကိုစိတ်ဓာတ်အကျမခံပါဘူး၊ ရင်ထဲမှာ သတ္တိတွေ အမြဲတမ်းရှိအောင် အားပေးနေတာပါ။ ကြည်လင်တဲ့မျက်နှာနဲ့၊ ဒီထက်မကပါဘူး ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ကို ကျရှုံးမှုမှန်သမျှကို ရင်ဆိုင်တတ်နေပါပြီ။ ကိုယ့်အတွက်ကတော့ ဘာမှမသုံးဘဲချွေတာပြီး၊ ခေါင်းသုံးပြီး အလုပ်လုပ်ရတဲ့ ယောက်ကျားအတွက် အဖိုးနည်းပေမယ့် သက်တောင့်သက်သာဖြစ်စေမယ့် မရှိမဖြစ်လိုအပ်တာတွေကို သူမက ဖန်တီးပေးတာပါ။ သူလိုအပ်သလိုပါပဲ သူမကတော့ တခါတခါ သူရဲ့ စားရေးမဖြစ်လိုက်၊ ပုံဆွဲပေးသူဖြစ်လိုက်၊ စာဖတ်ပြရတဲ့သူဖြစ်လိုက်၊ မှတ်မိနေအောင်လို့ အခါခါရွတ်ဖတ်ပြတဲ့သူဖြစ်လိုက်၊ နောက်ဆုံး ဒိုင်ယာရီစာအုပ်ဖြစ်လိုက်ပေါ့။

ဘာသံမှမထွက်ပဲ ငါးမိနစ်လောက်ကြာတယ်၊ နှိုးစက်နာရီရဲ့ နာရီလက်တံ ထော့နဲ့ထော့နဲ့ ရွေ့လျားသံက နှောက်ယှက်နေတယ်။ ရင်းနှီးပြီးသားဆိုပေမယ့် စိတ်ညစ်စရာအသံပေါ့။ တစ်..တစ်..ဒစ်ဒစ် ဆိုသလိုပဲ၊ ပထမနှစ်သံက အရှင်းနဲ့၊ နောက်တတိယမြောက်အသံကျတော့ ခပ်အက်အက်။ ဦးထုပ်ရယ်၊ ကုတ်အက်ျီကို မချွတ်ဘဲ ထိုင်ချလိုက်တဲ့ ကိုဖြူက ဒီဘက်ကိုလှည့်လာတယ်။ မလုံးကလည်း သူနဲ့ ခြေနှစ်လှမ်းအကွာလောက်မှာ ထိထိရှရှခံစားရတယ်ဆိုတဲ့ မျက်နှာပေးလှလှလေးနဲ့ အသာလေးပါးစပ်ပိတ်ပြီး ရပ်နေရတာပေါ့။ နောက်ဆုံးတော့လည်း သတိထားပြီး သူမကပဲ စပြောရတော့တာပါပေါ့။ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ လူနာအနီးက ကုတင်ကြီးကို ငေးပြီး စကားပြောတတ်တာ အမျိုးသမီးတွေပဲ မဟုတ်လား။

- ကိုဖြူ ရှင့်အလုပ်ကဘယ်လိုလဲ အဆင်ပြေခဲ့လား၊ အတော့်ကို ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တာလား။
သူက ပုခုံးတွန့်ပြပြီး ဘာမှလည်း ပြန်မဖြေပါဘူး။
-ကိုဖြူ ရှင့်ဆွဲထားတဲ့ပုံက အပယ်ခံလိုက်ရတာလား။ ပြောဦးလေ၊ ဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့ နှစ်ယောက် တိုင်ပင်ရမှာပေါ့။
ကိုဖြူ သူ့ဇနီးဖက်ကို အမြန်လှည့်လာပြီး၊ ရင်ထဲမျိုသိပ်လာရတဲ့ ဝေဒနာတွေကို ထုံးစံအတိုင်း ဒေါသသံကြီးနဲ့ ပူပူဆွေးဆွေးကြီး စပြောပါလေရော။

- အေးကွာ အေး အပယ်ခံရတယ်၊ မင်းဒီလောက်တောင် သိချင်နေတယ်ဆိုရင်။ မင်းတကယ့်ကို မမြင်ဘူးလား။ ချီးမှပဲ အမှိုက်ပဲ။ - ပုံတွေထည့်ထားတဲ့ ရုံအိတ်ကို ခြေနဲ့ ခပ်ကြမ်းကြမ်းကန်ရင် ပြောတယ်။ - သွား အဲဒီအမှိုက်တွေကို မီးဖိုထဲ သွားထည့်လိုက်ကွာ။ အလားကား ကျောင်း။ နောက်လဆို အပြစ်ဒဏ်အစွန်းအထင်းတွေနဲ့ တပ်ရင်းကို ပြန်ရတော့မယ်။ ဒီသောက်သုံးမကျတဲ့ အစက်ကလေးတစက်ကြောင့်ပေါ့ကွာ။

- ဘယ်လိုအစက်ကလေးတုန်း ကိုဖြူရဲ့။ ကျမဘာမှ နားမလည်ရပါလား။
သူမက ကုလားထိုင်လက်ရန်းလေးပေါ်ထိုင်ပြီး ကိုဖြူ့လည်ပင်းလေးကို ပွေ့ဖတ်ထားတယ်။ သူက မရုန်းဆန်ပါဘဲ၊ ကြေကြေကွဲကွဲကြီး ငေးလက်စ ထောင့်ကိုပဲ ဆက်ငေးနေလေရဲ့။

နောက်အပိုင်းတွေကိုမျှော်ပြီး ဖတ်ပါဦး။

Read more...

ကာလိုမန်ပန်းခြံ

>> Monday, July 14, 2008


ကာလိုမန်ပန်းခြံဆိုတာက ကျနော်တို့နေတဲ့ အဆောင်နားမှာပါပဲ။ လမ်းလျှောက်သွား နာရီဝက်ဆိုရောက်တာပါပဲ။ အဲဒီပန်းခြံကို မကြာခဏရောက်ဖြစ်ပါတယ်။ ပန်းခြံအကြောင်းတော့ အကျယ်မပြောတော့ပါဘူး။ ဒီမှာဖတ်ကြည့်လိုက်ရင်လည်း သိသွားမှာပါ။ မော်စကိုမြို့မှာ ဒီလို စိမ်းစိမ်းစိုစို သစ်တောအုပ်ကြီးနဲ့ အလွန်ကျယ်ဝန်းလှတဲ့ ပန်းခြံရှိနေတာ အံ့သြစရာပါပဲ။ အဲသလိုပန်းခြံတွေ အခြားနေရာတွေမှာလည်း ရှိသေးတယ်။ သစ်တောပန်းခြံတွေလို့ခေါ်တယ်ထင်တယ်။ မှတ်မိသေးတယ် သူငယ်ချင်းတစ်ယောက်က မော်စကိုကို စရောက်တော့ လေဆိပ်မှာ သွားကြိုတာ၊ သူလေယာဉ်ပေါ်ကကြည့်နေတာတဲ့ သစ်တောအုပ်တော့ မနည်းပဲတဲ့၊ လေဆိပ်နဲ့ မော်စကိုမြို့က အတော်ဝေးသလားတဲ့။ အတော်ကြီး ဝေးလှတာတော့လည်း မဟုတ်ပါဘူး။ အဲသလိုပဲ ဒီမှာက သစ်ပင်တွေရှိပဲနေတာလား၊ မခုတ်လို့ကျန်နေတာလား၊ ခုတ်မရလို့ကျန်နေတာလား မသိပါဘူး။ ကျနော် ဗော်လဂါမြစ်ဘေးက အနားယူအပန်းဖြေစခန်းကို သွားနေတုန်းကလည်း မနက်လင်းလာရင် တောထဲ ရောက်သွားတော့တာပဲ။ လျှောက်သွား ဟိုရှာ ဒီရှာ၊ ဟိုသွား ဒီသွားပေါ့။ မြစ်ဘေးမှာ လှေတွေလည်းရှိတော့ လှေတွေလည်း စီးလိုက်၊ ရေးကူးလိုက် တောထဲသွားလိုက်နေတာပေါ့။ ဗော်လဂါမြစ်ဘေးမှာ ဗော့ဒကာနဲ့ သိပ်ဇိမ်ကျတာ ပြောရင်း သူငယ်ချင်းတွေကိုတောင် လွမ်းလာပြီ။ ဗော်လဂါမြစ်ကမ်းဘေး စခန်းပုံတွေတော့ ဒီနေရာနဲ့ ဒီနေရာမှာသာကြည့်တော့ နက်ထဲရှာထားတာ။ အခုတော့ ကာလိုမန်ပန်းခြံက ဓာတ်ပုံတချို့ကြည့်ပါဦး။ အလှကြီးတွေတော့ ဟုတ်ပါဘူး။ အမှတ်တရပေါ့ စိမ်းစိမ်းလေးတွေမြင်ရလို့ မျက်စိအေးသွားလည်း နည်းတာမှတ်လို့နော။


ပန်းခြံက မော်စကိုမြစ်ဘေးမှာရှိတာ။ အဲသလို စိမ်းစိမ်းလေး၊ တောအုပ်ကလေးတွေနဲ့။



ဒီလိုလမ်းကလေးတွေ


ဒီအဆောက်အဦးကြီးကတော့ သမိုင်းဝင်ဆိုလားပဲ၊ မနှစ်တုန်းကတော့ ပြင်နေတာ၊ အခုတော့ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းနေတယ်။



ဒါကတော့ ပန်းသီးပင်အုပ်တွေ။ အခုတော့ အသီးမရှိဘူး။ နောက်ကျရှိလာမယ်။ အဲဒီတော့လည်းသွားရသေးတာပေါ့၊ ပန်းသီးက အကောင်းစားမဟုတ်လို့လားဘာလာတော့ သိဘူး၊ သီးနေရင် ခူးစားချင်စားလို့ရတယ်။ ခူးပြီးသယ်သွားချင်ရင်လည်းရတယ်။


ဒီအသီးလေးနာမည်မေ့သွားပြီ၊ အဖွားကြီးတစ်ယောက်ကိုမေးတော့ ပြောပြတယ်၊ စားလို့ရတယ်ဆိုလို့ စားကြည့်တာ မဆိုးဘူး အရသာက။(((နောက်တိုး - အသီးနာမည်ကိုပြန်သတိရလို့ရေးလိုက်တာ - ရုရှားလို вишня - အင်္ဂလိပ်လို cherry တဲ့။ ချယ်ရီကို အဲသလိုဆိုတာကို သိဘူး။ ဒီမှာ နီနီအလုံးလေးတွေက ပေါသကိုး။ ကိုယ်က အ တော့ မခွဲ၊မခြား၊ မသိဘူးပေါ့။)))



ဒါတွေကတော့ နှင်းဆီတွေထင်တယ် သေချာသိဘူး။


ဒါက ဘာအဆောက်အဦးလဲတော့ သိဘူး၊ အကောင်နှစ်ကောင် ရှေ့မှာ ကားကားကြီးနဲ့။ တို့ဆီက ဘုရားတွေ့ရှေ့မှာကြနေတာပဲ။ သူများ ဓာတ်ပုံရိုက်တော့ ကိုယ်လည်းရိုက်တာပေါ့နော။


ဓာတ်ပုံတွေမှာ ဒိတ်ကတရက်လွဲနေတယ် ချောတီး။
Мы из будущего. - ပေါ့။
အဓိပ္ပါယ်က We are from the future.

Read more...

ပညာဒါန

>> Tuesday, July 8, 2008


မဇနိ
8 July 2008

ဒီကယူထားတာပါ။

အလှူအတန်း ရက်ရောကြတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေ၊ ပိုက်ဆံချမ်းသာတဲ့သူကလည်း များများလှူကြတယ်။ ပိုက်ဆံဆင်းရဲတဲ့လူကလည်း သူတတ်နိုင်တာလေးတွေ လှူဒါန်းကြတယ်ဆိုတာ ရှေးပဝေသဏီကတည်းက အစဉ်အဆက် ရှိခဲ့ကြတဲ့ မြတ်နိုးစရာ အမူအကျင့်လေးတွေပါ။ ဟိုးရှေးခေတ်တုန်းက ပုဂံပြည်မှာ မုဆိုးမတောင် ဘုရားတည်နိုင်ခဲ့လို့ ပုဂံပြည်နေရာအနှံ့ ဘုရားစေတီတွေ လက်ညှိုးထိုးမလွဲရှိနေခဲ့တာပါ။ ခေတ်ကာလပြောင်းလဲလာတော့ ပိုက်ဆံရှာရခက်လာကြပေမယ့် ကိုယ်တတ်နိုင်တာလေးတွေ တနိုင်တပိုင် လှူနေကြတာပါပဲ။ ငွေကြေးမတတ်နိုင်တဲ့သူက လုပ်အားအလှူတွေ ပါဝင်မယ်ဆိုလည်း အင်မတန်ကြည့်နူးစရာကောင်းပါတယ်။ နည်းတာများတာအဓိကမထားဘဲ စိတ်ထားတတ်မယ်ဆိုရင် မွန်မြတ်တဲ့ အလှူမြောက်မှာပါ။


ကျွန်မတို့အမေက ငယ်ငယ်ကပြောလေ့ရှိပါတယ်။ “ပညာရွှေအိုး လူမခိုး” တဲ့။ အမေတို့ပေးနိုင်တာ ပညာအမွေပဲ ရှိတာ၊ အဲဒီအမွေက ဘယ်လူဆိုးမှ ခိုးလို့မရဘူး။ အမေတို့ပေးတဲ့အမွေကို ငယ်ရွယ်တုန်းကြိုးစားသင်ယူပါ” လို့ ပြောပါတယ်။ စာတော်တဲ့သူတွေကို မြင်ရင်၊ ကြားရင် အမေက အားကျဂုဏ်ယူတတ်ပါတယ်။ သူတို့အရင်ဘ၀က ပညာပါရမီအားကောင်းခဲ့လို့ ခုဘ၀မှာ ကြိုးစားအားထုတ်တိုင်း အောင်မြင်နေတာ လို့လည်း အမေက ပြောဖူးပါတယ်။ ပညာပါရမီကောင်းအောင် အခုဘ၀မှာလည်း ကိုယ်တတ်နိုင်တာလေးတွေနဲ့ သူများကို ပါရမီဖြည့်နိုင်အောင် ကြိုးစားပါလို့လည်း အမေက မှာတတ်ပါတယ်။ ကျွန်မငယ်ငယ်က အဖေ့အလုပ်သမားတွေရဲ့ ကလေးတွေကို ခဲတံ၊ စာအုပ်လေးတွေ ပေးချင်တယ်။ ကျွန်မမှာ ရှိတဲ့ခဲတံလေးတွေ စုထားတယ်။ အလုပ်သမားတွေအိမ်လာတဲ့အခါ သူတို့ကလေးလေးတွေ ပါလာရင် ကျွန်မက သာသာလေး အနားကပ်သွားပြီး ခဲတံလေးတွေပေးတယ်။ “ဘယ်နှတန်းလဲ အတန်းထဲမှာ အဆင့်ဘယ်လောက်ရသလဲ” လို့ လူကြီးလုပ်ပြီး သွားသွားမေးတယ်။ တချို့ကလေးတွေက ကြောက်လို့ငိုတော့မှ “သူက စာအုပ်၊ ခဲတံလေးတွေပေးချင်လို့ နေမှာ” လို့ အဖေက ပြောပြရပါတယ်။

အောင်စာရင်းထွက်ပြီဆိုရင် ကျွန်မစာအုပ်လေးတွေကို ဆိုင်ရာအတန်းတက်မည့် ကလေးတွေအိမ်ကို အိမ်တိုင်ရာရောက် သွားပေးပါတယ်။ အိမ်နားက ဆွေမျိုးလိုခင်တဲ့အိမ်တအိမ်ဆိုရင် ကျွန်မငယ်ငယ်က သူတို့က ချမ်းသာပါတယ်။ အဲဒီအမက အိမ်ထောင်ကျကံမကောင်းတော့ ခုချိန်မှာ ကလေးတွေနဲ့ အတော်ကသီပါတယ်။ ကျွန်မလည်း အိမ်ပြန်ရင် ခဏနေရတာရယ်၊ သူတို့တွေ အိမ်ပြောင်းသွားတာရယ်နဲ့ မတွေ့တာကြာပြီး ပြန်တွေ့တဲ့အခါမှာ သူ့သားလေးက ၈ တန်းရောက်နေပြီ ပြောပါတယ်။ ကျောင်းစရိတ်လည်း မတတ်နိုင်လို့ ကျောင်းနှုတ်ရမလားဆိုပြီး ငိုရင်းပြောလာပါတယ်။ ကျွန်မနားလည်လိုက်မိတာက သူအတော်ကို အဆင်မပြေလွန်းလို့ လာပြောပြတယ် ဆိုတာကိုပါ။ ငယ်ငယ်က မပူမပင် နေခဲ့ရတဲ့အမတစ်ယောက်ကို စိတ်လည်း မကောင်းမိတာ အမှန်ပါ။ တဦးတည်းသောသမီး အဲဒီအမက ကျွန်မငယ်ငယ်က သူတို့လက်ပေါ်မှာ ခေါ်ထားတာများပါတယ်။ သူ့အမေက သိုးမွှေးဆွယ်တာ တထည်ကို ၄ ရက်လောက်နဲ့ ပြီးအောင် လက်မှုကျွမ်းကျင်သူဆိုတော့ ကျွန်မအတွက် ခြေအိတ်လေးတွေ၊ ဆွယ်တာလေးတွေ၊ ဦးထုပ်လေးတွေဆိုတာ အရောင်စုံထိုးပေးပါတယ်။ သနပ်ခါးခေါ်လိမ်းပေးပြီး စားစရာမျိုးစုံလည်း ကျွေးထားခဲ့တာပါ။ ကျွန်မလည်း စိတ်အတော်မကောင်းတာနဲ့ စာအုပ်၊ ဘောလ်ပင်နဲ့ ကျွန်မတတ်နိုင်တဲ့ မုန့်ဖိုးပေးလိုက်ပါတယ်။ ကလေးလေးက ၀မ်းသာပြီး အမကတော့ ငိုပါတယ်။ အခုချိန်မှာဆိုရင် ကျွန်မတို့ဆီမှာ အိမ်က မတတ်နိုင်လို့ ကျောင်းမနေရတဲ့ ကလေးတွေ ဘယ်လောက်များနေပြီလဲဆိုတာ ကျွန်မ မကြာခဏ အတွေးရောက်မိနေပါတယ်။ လက်တွေ့တော့ ဘာမှ ထိရောက်အောင် ကုသိုလ်မလုပ်နိုင်သေးပါဘူး။

ဒီအကြောင်းတွေတွေးမိရင် တခါက မမေ့နိုင်စရာအဖြစ်လေးတွေကို ပြန်သတိရမိပါတယ်။ မန္တလေး MTU ကျောင်းရှေ့ ရေနီမြောင်းဘေးကနေသွားလိုက်ရင် ဘုန်းကြီးကျောင်းတကျောင်းရှိပါတယ်။ ကျောင်းတက်လာတော့ အဖေတို့ ရပ်ဆွေရပ်မျိုးဖြစ်တဲ့ ဘုန်းဘုန်းဆီမှာ အဖေက ၀င်အပ်ပေးသွားတယ်။ နောက်ပိုင်းမှာ ပျင်းတဲ့အခါလည်း သူငယ်ချင်းတွေနဲ့ စက်ဘီးလျှောက်စီးရင်း မုန့်စားရတဲ့ ဘုန်းဘုန်းဆီ ရောက်ဖြစ်ပါတယ်။ တနေ့ မုံရွာသူ သူငယ်ချင်းနဲ့ အလည်ရောက်သွားတော့ ဦးဇင်းတပါးက ကလေးတွေကို စာသင်နေတာတွေ့ရပါတယ်။ ဘုန်းဘုန်းကို မေးကြည့်တော့ ကျောင်းမထားနိုင်တဲ့ ကလေးတွေကို စာသင်ပေးနေတာလို့ ပြောလာတယ်။ ဒါနဲ့ ကျွန်မတို့လည်း လာကူသင်ပေးမယ့်အကြောင်းပြောတော့ ဘုန်းဘုန်းက ၀မ်းသာအားရလက်ခံပါတယ်။ အဆောင်ကိုပြန်ရောက်တော့ ခင်မင်ရာ သူငယ်ချင်းတွေကို စုလိုက်တာ ၆ ယောက်လောက်က စိတ်ဝင်တစား ပညာဒါနလုပ်ချင်နေကြတယ်။ ကျွန်မတို့လည်း ကျောင်းက အတန်းတွေပြီးရင် ရေမိုးချိုးပြီးတာနဲ့ ညနေမှာ စာသွားသင်တယ်။ မနက်ခင်း ၇ နာရီနဲ့ ၉ နာရီကြားလည်း သင်ပေးတယ်။ ကျောင်းပိတ်ရက်ဆို တနေကုန်စာသင်ပေးကြတယ်။

ဒီကရတာပါ။
ကိုရင် ၂ ပါးက ၈ တန်းစာမေးပွဲဖြေချင်တယ်ဆိုလို့ သင်ပေးရပါတယ်။ ဘုန်းဘုန်းက ကောင်းနိုးရာရာ မုန့်တွေ ရေနွေးကြမ်းနဲ့ တည်ခင်းဧည့်ခံပါတယ်။ သူငယ်တန်းကနေ ၄ တန်းထိက ကလေးများပါတယ်။ ဘုန်းကြီးကျောင်းရဲ့ တလင်းပြင်မှာ ဖုန်တလူးလူးနဲ့ သင်ခဲ့ကြရပေမည့် မောတယ်မထင်မိပါဘူး။ တဖြည်းဖြည်းနဲ့ စိတ်ဝင်စားလာတဲ့ သူငယ်ချင်းတွေ များလာတဲ့အခါ အတန်းပေါင်းစုံ သင်နိုင်လာပါတယ်။ နောက်ပိုင်းမှာ ယောက်ျားလေးသူငယ်ချင်းတွေပါ ကူညီသင်ပေးခဲ့ကြတယ်။ သူငယ်ချင်းယောက်ျားလေးတယောက်ကို မှတ်မိပါသေးတယ်။ သူက စာသင်မယ်ဆိုပြီး လိုက်လာတဲ့ ပထမဆုံးနေ့မှာ စတစ်အကျီအဖြူကို မီးပူအကော့စားနဲ့ လိုက်လာပါတယ်။ သူစသင်တာ သူငယ်တန်းဆိုတော့ ကလေးက အယောက် ၂၀ လောက်ရှိမယ်။ ကလေးတွေက ဆရာက သန့်ပြန့်ချောမောနေတယ်လို့ ထင်မိတယ်နဲ့တူတယ် “ ချာကြီး၊ ချာကြီး“ ဆိုပြီး သူ့ကို ၀ိုင်းအုံကြည့်ပြီး ၀ိုင်းကြီးပတ်နေကြတယ်။ တအားအံ့သြလွန်းတဲ့ကလေးက သူ့အကျီကို ကိုင်ကြည့်ကြတော့ “ဟဲ့ ဟဲ့ အေး အေး“ဆိုပြီး ချာကြီးခမျာ သူ့အကျီကို ဖုန်တွေပေမှာကြောက်လို့ ဟိုရှောင် ဒီရှောင်လုပ်နေပါတယ်။ ကျွန်မလည်း ကလေးတွေကို ငြိမ်ငြိမ်ထိုင်ကြ စာသင်တော့မယ်ပြောမှ ချာကြီးသူငယ်ချင်း လွတ်ငြိမ်းသွားတော့တယ်။

ဒီကယူထားပါတယ်။
ကျွန်မတို့သူငယ်ချင်းတွေ များလာတဲ့အခါ ကျောင်းသားတွေလည်း အတော်စည်ကားလာပါတယ်။ ကျွန်မသင်ခဲ့ဖူးတဲ့ ကလေးတယောက်ကို သတိရမိတယ်။ ဒုတိယတန်းကိုသင်တော့ ကလေးတွေက ခဲဖျက်ပျောက်လို့၊ ခဲတံပျောက်လို့ဆိုတာ ခဏခဏလာတိုင်ပါတယ်။ သတိထားကြည့်မိတော့ အောင်စိုး ဆိုတဲ့ ကလေးကို တွေ့တယ်။ သူက တခြားကလေးတွေထက် အသက် ၂ နှစ်လောက်ကြီးနေတော့ ကလေးဗိုလ်လုပ်တယ်။ ကျွန်မစာသင်ရင်တောင် အတန်းနောက်ဆုံးခုံကနေ မျက်စောင်းစွေစွေကြည့်တယ်။ အစတော့ စိတ်ထဲ “ဘယ်လိုကလေးလဲ” လို့ ဘ၀င်မကျဖြစ်မိပါတယ်။ နောက် ကျောင်းချိန်လည်း နောက်ကျမှ ရောက်ရောက်လာတယ်။ သူ့ကိုမေးကြည့်တော့မှ အဖေ၊ အမေ မရှိဘဲ အဘွားနဲ့နေရတဲ့ကလေး။ စိုက်ပျိုးရေးသိပံ္ပကျောင်းနဲ့ ဘုန်းကြီးကျောင်းကြားက လယ်ကွက်ထဲမှာ တဲအိမ်လေးနဲ့ နေတယ်။ သူ့လယ်ကွက်ထဲက သရက်ပင်ကြီး ၂ ပင်က ရတဲ့ သရက်သီးတွေကောက်ပြီး ရွာလေးရဲ့အနောက်ဘက် လမ်းဆုံမှာ သွားရောင်းရတယ်။ အဲဒီပိုက်ဆံလေးရမှ ထမင်းစားရတယ်။ သူ့ထမင်းဘူးလေးမှာ ဆန်ကွဲထမင်းနဲ့ သရက်သီးမှည့်အမြဲပါတယ်။ သရက်သီးမှည့်က အလုံးလိုက်ထည့်လာတာပါ။ ထမင်းစားချိန်ဆို သူတယောက်ထဲ စားလေ့ရှိပါတယ်။ ဆီမပါတဲ့ထမင်းကို သရက်သီးအလုံးလိုက် ကိုက်ကိုက်ပြီး ရောစားရတယ်လို့ ဘုန်းဘုန်းကပြောပါတယ်။ ဒန်ထမင်းဘူးက ပေါက်နေလို့ ဟင်းရည်ထည့်လဲ ယိုကျမှာ အသေအချာပါပဲ။

သူငယ်ချင်းတွေ ပိုက်ဆံစုပြီး အဲဒီကလေးကို ထမင်းချိုင့်လေး ၀ယ်ပေးလိုက်တယ်။ တခြားကလေးတွေဆီက ခဲတံ၊ ခဲဖျက်ဘာလို့ယူလဲမေးတော့ “ငါ့မှာ မရှိလို့” လို့ ပြန်ပြောပါတယ်။ သူလိုတာလေးတွေ ၀ယ်ပေးပြီး၊ သူများဆီက မယူဖို့ ပြောရတယ်။ ငါလို့ မပြောဖို့ သင်ပေးရတယ်။ ၁ ပတ် ၁၀ ရက်လောက်နေတော့ ကလေးက အချိုးပြောင်းသွားတယ်။ သင်္ချာတွက်ခိုင်းရင် သူအရင်ဆုံးပြေးလာပြတယ်။ မျက်လုံးစွေပြီး ဂျစ်ကန်ကန်လည်း မကြည့်တော့ပါဘူး။ နောက်ပိုင်း ကျွန်မစက်ဘီးခြင်းထဲမှာ မုန်ညင်းရွက်၊ ရုံးပတီသီး၊ ကန်စွန်းရွက်စတာလေးတွေ ထည့်ထည့်ထားတာတွေ့ရတယ်။ ဘယ်သူပေးသလဲမေးရင် အဲဒီကလေးက ပုန်းနေပြီး တခြားကလေးက အောင်စိုးပေးတယ်ပြောပါတယ်။ သူပေးတာ မယူမှာကြောက်လို့ မပေးရဲတဲ့ ကလေးပါ။ တခြားသူငယ်ချင်းတွေလည်း သူ့ကို ၀ိုင်းပြုပြင်ပေးကြတော့ အတော်လိမ်မာတဲ့ကလေး ဖြစ်လာပါတယ်။ ကျွန်မတို့လည်း ၃ လလောက် သင်ပေးပြီး စာမေးပွဲရောက်လာတော့ သွားမသင်ပေးနိုင်တော့တဲ့အခါ စိုက်ပျိုးရေးသိပ္ပံကျောင်းက ကျောင်းသူကျောင်းသားတွေကို လခနဲ့ ဘုန်းဘုန်းက ငှားသင်ခိုင်းတယ်။ ကျွန်မတို့ အောင်စိုးလေးကို သူ့ဘ၀တည့်မတ်အောင် ကူညီးဖေးမခဲ့တာ ၃ လတာလေးပါ။ ကျွန်မတို့မရှိတော့တဲ့အခါ သူဘယ်လိုဆက်လျှောက်လဲဆိုတာ သိချင်မိပါတယ်။ လိမ်မာချင်သော်လည်း ဘ၀ပေးကြမ်းတမ်းပြီး အားကိုးရာမရှိတဲ့အခါမှာ ကြုံသလိုရင်ဆိုင်နေရတဲ့ ကလေးတွေဘ၀တွေဟာ သနားစရာကောင်းလှပါတယ်။

ဒီကယူထားတာပါ။
ကျောင်းထိုင်ဘုန်းဘုန်းကလည်း အတော်အံ့သြစရာကောင်းလှပါတယ်။ သူ့မှာ ဒကာ၊ ဒကာမတွေ ပေါလှတဲ့အတွက် အေးအေးဆေးဆေး တရားအားထုတ်နေရင် ရပါတယ်။ ဒါပေမယ့် ရွာထဲကို လှည့်လည်ပြီး ဘယ်ကလေး ကျောင်းမထားနိုင်သလဲ၊ ကျောင်းမနေနိုင်တဲ့ကလေး သူ့ဆီပို့လိုက်ဆိုပြီး အပင်ပန်းခံတယ်။ မြို့နယ်ရုံးတွေကို စာမေးပွဲဖြေခွင့်ရဖို့ အသိအမှတ်ပြုဖို့ အတန်တန်သွားခဲ့ရတယ်။ ထမင်းချိုင့်မပါတဲ့ကလေးကို ဆွမ်းကျန်တွေ ဝေငှကျွေးရတယ်။ ကလေးတို့တွေ ကျန်မာရွှင်လန်းစေချင်လို့ သူ့ဂျစ်ကားစုပ်ကြီးပေါ်ကို တပြုံတမခေါ်တင်ပြီး ရွာဘောလုံးကွင်းမှာ ဘောလုံးကန်ခိုင်းတယ်။ “ဟိုကောင်က ဘာလုပ်နေတာလဲ၊ ကန်ပါ့လားကွ”ဆိုပြီး ခရာကြီးမှုတ်၊ ဒိုင်လူကြီးလဲ လုပ်တဲ့အခါ လုပ်ပါသေးတယ်။ ပြီးရင် ကလေးတွေကို ကျောင်းကို ကားနဲ့ ပြန်လိုက်ပို့၊ တခေါက်နဲ့မနိုင်ရင် အခေါက်ခေါက်၊ အခါခါသယ်ပို့ပါတယ်။ အစစအရာရာ ဂရုဏာထားပြီး ကလေးတို့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ ဘုန်းဘုန်းကြီးဟာ အခုဆိုရင် လှူမည့်သူတွေတဖွဲဖွဲနဲ့ ဘုန်းတန်ခိုး တက်နေတုန်းပါပဲ။

ဒီကယူလာတာ။
ကျွန်မတို့သင်ပေးခဲ့ဖူးတဲ့ ၈ တန်းကိုရင်လေးတွေက အခုတော့ ကြိမ်တုတ်ကိုင်နေတဲ့ ကလေးတွေထိန်းနေတဲ့ ဦးဇင်းတွေ ဖြစ်နေပါပြီ။ တလင်းပြင်မှာ စခဲ့တဲ့ ကျောင်းလေးကနေ ကျောင်းဆောင်တွေနဲ့ ဘုန်းတော်ကြီးသင်ကျောင်းဆိုပြီး ပညာဒါနမျိုးစေ့တွေ ချပေးနေပါပြီ။ သူငယ်တန်းမှ ၁၀ တန်းထိ သင်ကြားပေးနေပါတယ်လို့ ကြားရတဲ့အခါ အတိုင်းမသိ ၀မ်းသာမိပါတယ်။ ဖုန်းတွေ၊ ကားတွေ၊ ကျောင်းဆောင်တွေနဲ့ နာမည်ရ ဘုန်းတော်ကြီးသင်ပညာဒါနကျောင်းလေး ဖြစ်နေခဲ့ပြီ။ ကျွန်မဘ၀မှာ စာရွက်တွေပေါ် လက်မှတ်ထိုးခဲ့ရတဲ့အကြိမ်ပေါင်း များလှပေမယ့်၊ ၀ါကြင်ကြင်စာရွက်ပေါ်မှာ ဖုန်အလိမ်းလိမ်းကြားက လက်မှတ်လေးထိုးစဉ်ကလောက် ပီတိမရတော့ပါဘူး။ ကျွန်မတို့ ခဏတာသင်ပေးဖူးတဲ့ ကလေးတွေကရော MTU ဆီ အလည်သွားတဲ့အခါ ရေနီမြောင်းဘေးကနေ “ဆရာမ၊ ဒို့ ဆရာမ“ လို့ နှုတ်ဆက်လေအုံးမည်လား။ ကျွန်မတို့နဲ့ ဆုံဆည်းခဲ့ရတဲ့ အောင်စိုးလေးရော သမာအာဇီဝအလုပ်တွေကြိုးစာနေမည့် ကလေးကောင်းဖြစ်နေမည်လား ကျွန်မသိပ်သိချင်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တချိန်ချိန် ကျောင်းတော်ကြီးဆီ အလည်သွားတဲ့အခါ ကျောင်းတော်ကြီးရှေ့က တံတားလေးမှာ ကျွန်မ ခဏနားပြီး ဘယ်နေရာကများ “ဆရာမ“ခေါ်မည်လဲ နားစွင့်ကြည့်လိုက်အုံးမည်။ ရေနီမြောင်းပေါ်ဖြတ်တိုက်လာသည့် လေညင်းလေးတွေနဲ့အတူ ပျံ့လွင့်လာမည့် ကလေးတို့ စာအံသံတွေ ခိုးနားထောင်လိုက်အုံးမည်။ လူငယ်လေးတွေတွေ့သည့်အခါ စာသင်ပေးဖူးခဲ့တဲ့ ကလေးတို့ ငယ်ရုပ်လေးတွေပါလေမည်လား ဖမ်းကြည့်လိုက်အုံးမည်ဟု ကျွန်မစိတ်ထဲ အောက်မေ့မိပါတော့တယ်။

ကျွန်မနဲ့အတူ ပညာဒါန ၀ိုင်းဝန်းစာသင်ပေးခဲ့ကြတဲ့ သူငယ်ချင်းများကို ဒီပို့စ်လေးနဲ့ သတိတရ ဂုဏ်ယူလိုက်မိပါတယ်။ သူငယ်ချင်းတို့လဲ ထိုစဉ်ခဏတာကို လွမ်းဆွတ်ပီတိ ခံစားနိုင်ပါစေ။ နောက်နောင်မှာလဲ ပညာဒါန မျိုးစေ့ချနိုင်ပါစေ။ မျိုးစေ့ချခွင့်ရပါစေလို့ ကျွန်မမျှော်လင့်တမ်းတမိပါတယ်။

မဇနိ

Read more...

လေထီးသမားလေးယောက်

>> Monday, July 7, 2008



လေယာဉ်မောင်းသမားတစ်ယောက်နဲ့ ခရီးသည်လေးယောက် လေယာဉ်တစ်စီးနဲ့ ခရီးထွက်ခဲ့ကြတယ်။ ခရီးသည်လေးယောက်က ဘယ်သူတွေလဲဆိုတော့ အမေရိကန် သမ္မတ၊ ယူနီဗာစတီက ပါမောက္ခ၊ အဖိုးအိုတစ်ယောက်နှင့် ကျောင်းသားတစ်ယောက်။ လေယာဉ်ပျံသန်းချိန် မိနစ်နှစ်ဆယ်ခန့်မှာပဲ ရုတ်တရက် လေယာဉ်က စက်ချို့ယွင်းသွားပါတယ်။ အဲဒီအခါမှာတော့…
လေယာဉ်မှူး။ ။ ၀မ်းနည်းပါတယ်ဗျာ။ ကျွန်တော်တို့ ငါးယောက်အတွက် လေးထီးက လေးခုပဲရှိတယ်။ ပြောရင်းဆိုရင်းပဲ လေယာဉ်မှူးက လေးထီးတစ်ခုကိုယူပြီး အလျှင်အမြန်ခုန်ထွက်သွားပါတယ်။
သမ္မတ။ ။ ကျုပ်က အမေရိကန်နိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ အရေးကြီးဆုံးလူသားဗျ။ ကျုပ်အသက်ရှင်မှ ဖြစ်မယ်… ဒီတော့ ကျန်တဲ့ လေထီးထဲက တစ်ခုကိုယူပြီး ခုန်ဆင်းမယ်ဗျာ။
ပါမောက္ခ။ ။ ကျုပ်က အမေရိကန်မှာ ဥာဏ်ထက်မြက်ပြီး အတွေးအခေါ်ကောင်းဆုံဲး။ ကျုပ်အသက်ရှင်မှကိုဖြစ်မှာ။ ကဲ လေထီးတစ်ခုကို ယူပြီးဆင်းပြီဗျို့။
လေးထီး တစ်ခုပဲကျန်ပါတော့တယ်… အဲဒီအခါ…
အဖိုးအို။ ။ ကဲ မောင်ကျောင်းသား..လူကလေး..ငါက အသက်ကြီးပါပြီကွာ… ဘ၀ကိုလဲ ပျော်ပျော်ရွှုင်ရွှင်နဲ့ နေခဲ့ပြီးပြီ… သေမယ်ဆို အဖိုးက သေပျော်ပြီကွ။ ကဲ… ဒီကျန်တဲ့တစ်ခုကို ယူပြီး မင်းခုန်ဆင်းပေတော့။
ကျောင်းသား။ ။ ကောင်းပါပြီ အဖိုး။ ဒါပေမယ့် ကျွန်တော့ဆီမှာ လေထီးနှစ်ခု ကျန်နေသေးတယ်။
အဖိုးအို။ ။ ဟေ… မဖြစ်နိုင်ဘူး။ လေယာဉ်မှူးက ငါတို့ငါးယောက်အတွက် လေထီးလေးခုပဲပါတာလို့ ပြောတာ ငါကြားလိုက်တယ်။ အဖိုး နားမလေးသေးပါဘူးကွ။
ကျောင်းသား။ ။ အဖိုးပြောတာ မှန်ပါတယ်… ဒါပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ ဥာဏ်ပညာအထက်ဆုံး ပါမောက္ခကြီးက လေထီးကိုမယူပဲ ကျွန်တော့်ကျောပိုးအိပ်ကို ယူပြီး ခုန်ဆင်းသွားတယ်။

P.S. မရယ်ရလဲ ကိုယ့်ဘာသာ ကလိထိုးရယ်ပါဗျို့... :P

Read more...

မသိုးအလှမြတ်သင်္ကန်းလှူကြမယ်

>> Saturday, July 5, 2008


မဇနိ
5 July 2008




ဝါဆိုလပြည့်နေ့နီးလာပြီဆိုတော့ ၀ါဆိုပန်း၊ ၀ါဆိုသင်္ကန်းကပ်ဖို့ အမေပြင်ဆင်လောက်ပြီလို့ သတိရမိပါတယ်။ တဆက်တည်းမှာပဲ ကထိန်သင်္ကန်း၊ မသိုးသင်္ကန်းကပ်လှူကြတဲ့ တန်ဆောင်မုန်းလကိုလည်း သတိရမိသွားတယ်။ တန်ဆောင်မုန်းလရောက်ရင် ကထိန်ပွဲတွေရှိတော့ ဈေးဝယ်သွားရတယ်။ ပဒေသာပင်သီးရတယ်။ အိမ်နားနီးချင်းတွေရော အိမ်ရှိလူကုန်ပါမကျန် အလုပ်တွေရှုပ်ကြပါတယ်။ ဒါတင်မကသေးပါဘူး ရွာကအမတွေ မသိုးသင်္ကန်းယက်ပြိုင်ပွဲလာမှာဆိုတော့ ဂျင်းပေါက်တွေ ၀ယ်ရတယ်။ လက်ဖက်နှပ်ရတယ်။ အမတွေက ၁၄ ရက်နေ့ည မသိုးသင်္ကန်းပြိုင်ပွဲလာမယ်လို့ အကြောင်းကြားလာရင် ကျွန်မတို့ကလေးတွေကလည်း ပျော်ပါတယ်။



ကျွန်မတို့အဒေါ်တို့ရွာက အညာထည်အမျိုးမျိုးရက်လုပ်ပါတယ်။ တရွာလုံး ကောင်မလေးတွေက ယက္ကန်းအလုပ်ပဲ အားထားလုပ်ကိုင်ကြတော့ လက်ကသွက်တယ်။ ချည်စောင်အမျိုးမျိုး၊ မြန်မာလွယ်အိတ်အမျိုးမျိုးထွက်ပါတယ်။ အမေဆို ကျွန်မတို့ငယ်ငယ်က သူ့အမတွေပို့ပေးတဲ့ လုံချည်ကသာ ထူထူထဲထဲရှိတာဆိုပြီး အမြတ်တနိုးဝတ်တာပါ။ အခုမှသာ အမေရယ် ချည်လုံချည်တွေက ထူတော့ လေးလို့ပါဆိုပြီးပြောမှ သိပ်မ၀တ်တော့တာ။ အဲလို ယက္ကန်းအဓိကထားတာရယ် ဥက္ကဌကြီးက စည်းရုံးရေးကောင်းတာရယ် ရွာကလူညီတာရယ်နဲ့ ကျွန်မတို့မြို့မှာ မသိုးသင်္ကန်းရက်ပြိုင်ပွဲဆိုရင် နှစ်တိုင်းနီးပါး ဆုရတယ်။ သူတို့အခေါ်တော့ ဘကြီးသာဒိုးလို့ သူကြီးကို ခေါ်သံကြားဖူးပါတယ်။ အဲဒီသူကြီးကလည်း ချည်ပုဆိုးအကွက်ကျဲကြီးဝတ်လို့ တိုက်ပုံအကျီင်္ပင်နီရောင်နဲ့ ချည်တဘက်ကြီး ခေါင်းပေါင်လို့။ ရွာက အိမ်ထောင်သည်ထဲက ချမ်းချမ်းသာသာမိန်းမကြီးတွေ သူတို့က ယက္ကန်းလည်း နိုင်နင်းတဲ့သူတွေဆိုတော့ ခေါင်းဆောင်အမျိုးသမီးတွေပေါ့။

မသိုးသင်္ကန်းကို တစ်ညထဲ အပြီးရက်လုပ်ပြီး မနက်အာရုံတက်မှာ မြတ်စွာဘုရားကို ဆက်ကပ်လှုဒါန်းလို့ ရက်မကူးတာကြောင့် မသိုးသင်္ကန်းလို့ ခေါ်တာပါ။ ကထိန်ခင်းတဲ့နောက်ဆုံးရက် တန်ဆောင်မုန်းလပြည့်မှာ အမှီဆက်ကပ်လှူဒါန်းကြတဲ့ ရိုးရာပွဲတော် တခုပါ။ ကျွန်မတို့မြို့ရဲ့ သီဟိုရ်ရှင်(ဒီနေရာမှာ ဖတ်နိုင်ပါတယ်။) ဘုရားပရ၀ုဏ်အတွင်းမှာ အဖွဲ့ ၇ ဖွဲ့အနည်းဆုံးလောက် ၀င်ပြိုင်ကြပါတယ်။ ၀ိသာခါ စင်တော်၊ သုမနဒေ၀ီစင်တော်စသည်ဖြင့် နာမည်လှလှလေးတွေ ပေးကြပြီး နေရာယူထားကြပါတယ်။ မသိုးသင်္ကန်းပြိုင်ပွဲဝင်တော့မယ်ဆိုရင် ခေါင်းဆောင်အမျိုးသမီးကြီးတွေက အသက် ၃၅ ပတ်ဝန်းကျင်တွေပါ။ အပျိုကြီးခေါ်တဲ့ အသက် ၃၀ ပတ်ဝန်းကျင်တွေကလည်း ၄ ယောက်လောက်ပါတယ်။ အသက်ခပ်ငယ်ငယ် ၂၅ ပတ်ဝန်းကျင်တွေက ၄ ယောက်လောက်ပါပါတယ်။ အသက် ၁၂ နှစ်အရွယ် သွက်လက်ချက်ချာတဲ့ ကလေးမပေါက်စတွေက ၄ ယောက်လောက်ရယ်၊ စက်ချုပ်မြန်တဲ့သူက ၂ ယောက်လောက်ပါရပါတယ်။ ယောက်ျားလေးသန်သန်မာမာက ၄၊ ၅ ယောက်ပါသေးတယ်။

အဒေါ်တို့ရွာက ကျွန်မတို့မြို့နဲ့ ၄၅ မိနစ်လောက် ကားစီးရတယ်ဆိုတော့ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ မနက်ဆိုရင် သူကြီးအိမ်ရှေ့မှာ ကားကြီး ၂ စီးနဲ့ ယက္ကန်းပစ္စည်း အစုံအလင်တင်ကြ၊ လူစုကြနဲ့ တရွာလုံးဆူညံနေပါတော့တယ်။ နေ့လည် ၁၂ နာရီပတ်ဝန်းကျင်ဆိုရင် ဘုရားဝန်းထဲရောက်ပြီး နေရာပြင်ကြဆင်ကြလုပ်ပါတယ်။ အဒေါ်တို့ရွာနဲ့ အဆက်အစပ် မြို့နေဆွေမျိုးတွေကတော့ ညထမင်းတာဝန်ယူတဲ့အိမ်က ယူတယ်။ ကျွန်မတို့အိမ်ကတော့ ဒန်အိုးအကြီးကြီးတွေနဲ့ လက်ဖက်သုပ်၊ ဂျင်းသုပ်တွေ ပို့ပါတယ်။ ညနေ ၄ နာရီလောက်ဆိုရင် အစ်ကိုလာခေါ်တဲ့ ဂျစ်ကားစုပ်ကြီးနဲ့ ကျွန်မတို့ ကလေးတသိုက် ပျော်ပျော်ပါးပါးလိုက်ကြပါတယ်။ ညနေ ၅ နာရီမှာ ပွဲစတင်တော့မှာဆိုတော့ ၄ နာရီလောက်ဆို အားလုံးနေရာယူကြတာနဲ့ ကြည့်မည့်သူတွေကလည်း အလှတွေပြင်ပြီး စောင့်နေကြပါတယ်။ ကိုယ့်ရပ်ဆွေရပ်မျိုးတွေကလည်း ကိုယ့်ရွာအဖွဲ့ကို အားပေးဖို့ ၀ိသာခါစင်တော်ဘေးမှာ တိုးဝှေ့နေကြပါတယ်။

ညနေ ၅ နာရီထိုးခါနီး ၁၅ မိနစ်အလိုလောက်ဆိုရင် တာဝန်ကျရာနေရာအသီးသီးမှာ နေရာယူနေကြပါပြီ။ ၅ နာရီထိုးတာနဲ့ အကြီးအမှူးလူကြီးများက စည်တော်တီးပြီး အချက်ပေးပါတယ်။ ဆိုင်းတွေဝိုင်းတွေကလည်း တက်တက်ကြွကြွ အားပေးနေပါတယ်။ တညလုံးလည်း အဆက်မပြတ် နာမည်ကြီးဆိုင်းဝိုင်းတွေနဲ့ အားပေးနေကြပါတယ်။ ဘုရားဝန်းထဲမှာတော့ ခြေချစရာတောင် နေရာမရှိအောင် လူတွေပြည့်သိပ်နေပါတယ်။ ၀ိသာခါစင်တော်ဝန်းလို့ သတ်မှတ်ထားတဲ့ နေရာအတွင်းမှာ လက်နဲ့ လွန်းထိုးရတဲ့ လက်ယက္ကန်းစင်အပု ၅ စင်၊ အ၀တ်ချုပ်စက် ၂လုံး၊ ချည်ဆိုးရန် မိုးပြဲဒယ်တင်ထားသော မီးဖို၊ ရဟတ်၊ ရစ်စတာတွေနဲ့ နေရာယူထားပါတယ်။ ပါဝင်ကြမည့်သူတွေက ရွာထွက်ချည်ထည်လုံချည်၊ အကျီင်္တွေကို ဆင်တူဝတ်ဆင်ထားပါတယ်။ အပျိုမတွေကတော့ သနပ်ခါးပါးကွက်ကြားနဲ့ စပယ်ပန်းကုံးတွေကို ဖွေးနေအောင်ပန်ထားကြပါတယ်။ စပယ်ပန်းတွေကလည်း ရွာကသီကုံးပြီး ငှက်ပျောဖက်နဲ့ ထုပ်လာကြတာပါ။ ဖျာကြမ်းတွေခင်းထားတဲ့အပေါ်မှာ ၀ါပေါက်တွေဖြန့်ခင်းထားပါတယ်။

ပွဲစတာနဲ့ မိန်းမပျို ၅ ယောက်လောက်က ၀ါကောက်ခြင်းလုပ်ငန်းကို စတင်ပါတော့တယ်။ သွက်လိုက်တဲ့လက်တွေက ဇယ်စက်သလို ခဏချင်းပြီးသွားပါတယ်။ ရလာတဲ့ဝါဂွင်းကို ၀ါကြိတ်၊ ဗိုင်းတောင့်လုပ်တဲ့အဆင့်တွေကတော့ တကယ်ရက်လုပ်တဲ့နေရာမှာ ချန်လှပ်ပြီး ဗိုင်းငင်တဲ့အဆင့်ကို ကျော်လိုက်ပါတယ်။ အဆင်သင့်ဗိုင်းတောင့်တွေကနေ ရစ်နဲ့ ဗိုင်းငင်ပါတယ်။ ရွာသူပေါက်စကလေးတွေက ဗိုင်းငင်တဲ့နေရာမှာ ပြိုင်စံရှားပါ။ အမြန်ပြီးစေဖို့ ဖင်ချမထိုင်ဘဲ ဒူးထောက်လျက် ဗိုင်းငင်ပါတယ်။ ချည်ထွက်ကောင်းကောင်းနဲ့ လက်သွက်တဲ့သူတွေကို ရွေးခေါ်လာတာပါ။ ဗိုင်းငင်တဲ့နေရာကထွက်လာတဲ့ ချည်ဝင်တွေကို ချည်သေ့တဲ့သူက ဆက်လုပ်နေပါတယ်။ ကြားက ချည်ဝင်တွေကို အားတဲ့လူက ချည်သေ့တဲ့ဆီ ပို့ပေးနေတယ်။ သူကြီးကိုယ်တိုင်လည်း အားမလိုအားမရ ၀င်ကူနေတာလည်းရှိရဲ့။ ဟိုအော်ရ ဒီငေါက်ရနဲ့ဆိုတော့ မိုးလင်းရင် သူကြီးခမျာ အသံမထွက်တော့ပါဘူး။ ပြိုင်ပွဲဝင်ရာမှာလည်း အမှန်ကန်ဆုံး၊ အသန့်ရှင်းဆုံးဖြစ်အောင် အကဲဖြတ်ဒိုင်လူကြီးများက အဆက်မပြတ်လှည့်လည် စောင့်ကြည့်နေရပါတယ်။ ဗိုင်တောင့်ကနေ ဗိုင်းငင်း၊ ချည်သေ့ပြီးမှ ချည်ခင်ရလာတဲ့ အဆင့်မှာ အချိန်အတော်အတန်ပေးရတဲ့အတွက် အဆင်သင့်ချည်ခင်တွေနဲ့ အစားထိုးတာတွေရှိတတ်လို့ပါ။ အဖြူစင်ဆုံး အသန့်ရှင်းဆုံး မသိုးသင်္ကန်းစစ်စစ်ဖြစ်စေရန်အတွက် လူကြီးများက စောင့်ကြပ်ရခြင်းဖြစ်ပါတယ်။

ချည်သေ့လို့ရလာတဲ့ ချည်ခင်တွေကို ကိုကိုကာလသားတို့ မီးဖိုပေါ်မှာမိုးပြဲဒယ်ကြီးထဲမှာ ချည်ဆိုးပါတယ်။ ဗိုင်းငင်တဲ့လူက ဆက်ငင်၊ ချည်သေ့တဲ့သူကသေ့၊ ချည်ဆိုးတဲ့သူကဆိုးနဲ့ လက်မလည်အောင် လုပ်နေရပါတယ်။ ဆိုင်းဝိုင်းသံတညံညံ၊ လက်ခုပ်သံတဖျောင်းဖျောင်းက ပြိုင်ပွဲဝင်တဲ့သူတွေကို အားအင်ဖြစ်စေပါတယ်။ ချည်သေ့နေတဲ့လူက ရဟတ်လေးများ တခုခုပျက်သွားရင် ကြည့်နေတဲ့သူတွေမှာ “ဟာ၊ ဟင်”တွေဖြစ်ရပါတယ်။ ချည်ဆိုးရာကရလာတဲ့ ချည်ခင်တွေကို ချည်စာတင်ရတော့မှာပါ။ မိန်းမကြီးတွေက ဆန်ကွဲကိုချက်ထားတဲ့ ထမင်းနဲ့ရောပြီး ကျောက်ပြားပေါ်မှာ ခြေထောက်နဲ့နင်းရပါတယ်။ ဒါကလည်း ချည်စာတင်ကျွမ်းကျင်တယ်လို့ နာမည်ရှိတဲ့သူကလုပ်မှ ချည်စာကောင်းပါတယ်။ ချည်စာကောင်းမှ ယက္ကန်းရက်တဲ့နေရာမှာ ခဏခဏမပြတ်မှာပါ။ ချည်စာတင်ပြီးတဲ့ချည်တွေကို ဖြန့်ပြီး ယက္ကန်းရှည်ရပါတယ်။ ယက္ကန်းရှည်တယ်ဆိုတာ အထည်ရက်ဖို့ အတိုင်ချည်ရအောင်လို့ပါ။ ရလာတဲ့ အတိုင်ချည်ထွေးကြီးကို ရက်သွားမှာ ကော်စီကော်ရပါတယ်။ ဟိုဖက်ကချည်ပင် ဒီဖက်ရောက်အောင် ကော်စီကော်ပြီးရင်တော့ ယက္ကန်းစတင်ရက်လို့ရပါပြီ။

တယောက်က ရက်လုပ်နေရင် တယောက်က နောက်ကချည်ထွေးကြီးကို ရှင်းလေးပေးနေပါတယ်။ ချည်တွေ မပြတ်အောင်ရှင်းပေးရတာပါ။ လွန်းကျရင် အနားမှာစောင့်နေတဲ့သူက အဆင်သင့်တခြားလွန်းပေးပါတယ်။ တယောက်လက်အံသေသွားရင် နောက်တယောက်က အစားဝင်ပါတယ်။ ဒီလိုနဲ့ ည ၁၂ နာရီလောက်မှာ ဗိုင်းငင်တာ ရက်ဖောက်ယောက်တာတွေ အားလုံးလက်စသိမ်းပြီးလို့ ရက်လုပ်ခြင်းတခုပဲကျန်ပါတော့တယ်။ သူကြီးကလည်း ဂျင်းသုပ်လေးစားလိုက် ဟိုလူ့အော်လိုက် ဒီလူ့အော်လိုက်ပေါ့။ ကြည့်နေတဲ့သူတွေကလည်း တခြားစင်တော်တွေကို သွားကြည့်ရသေးတယ်။ ဘယ်စင်တော်က ဘယ်လောက်ပြီးပြီနဲ့ ကြည့်ရတာ မောလှပါတယ်။ ချည်ဆိုးပါလာတဲ့ ကိုရင်သာအေးကလည်း ယက္ကန်းရက်နေတဲ့ မရွှေမိကို ချောင်းရတာရော ပြီးစေချင်တာတွေရောနဲ့ ခေါင်းပေါင်းမှာ ချွေးပြန်နေပါတယ်။ မနက် ၄ နာရီအာရုံမတက်ခင် နောက်ဆုံးလို့ သတ်မှတ်ထားပေမယ့် ၂ နာရီလောက်ဆိုရင် တချို့စင်က အထည်ရနေပါပြီ။ စက်ချုပ်တဲ့သူက ချုပ်လုပ်ပြီးရင်တော့ ငွေလင်ဗန်းကြီးနဲ့ စင်တော်ရှေ့မှာ ကြွားထားပါပြီ။ မနက် ၃ နာရီပတ်ဝန်းကျင်ဆိုရင် စင်တော်အသီးသီးရှေ့မှာ သက္ကန်း ၁ စုံ၊ ၂စုံရနေကြပါပြီ။ ပထမရတဲ့ ၀ိသာခါစင်တော်ခေါ် အဒေါ်တို့ရွာက စင်တော်ကတော့ မနက် ၃ နာရီဝန်းကျင်ဆို အားလုံးပြီးစီးလို့ အကဲဖြတ်လူကြီးတွေက ငွေလင်ဗန်းလာယူသွားပါပြီ။ မြတ်စွာဘုရားကို ကပ်လှူတာတွေ လုပ်ဆောင်ပြီးရင်တော့ လပြည့်နေ့မနက်မှာပဲ ဆုပေးပွဲတွေ ကျင်းပပေးပါတယ်။ ဆုရတဲ့ရွာက သူကြီးကတော့ ခေါင်းပေါင်းစ တလူလူနဲ့ ဆုဖလားတက်ယူပါတယ်။

ကျွန်မတို့လို ငေးမောအားပေးတဲ့လူတွေကလည်း ဆုပေးပွဲပြီးမှ အိမ်ပြန်ပြီး အမေချက်ထားတဲ့ ထမင်းပူပူလေးစား အိပ်ယာဝင်လိုက်ကြတာ ညနေစောင်းမှ အနိုင်နိုင်နိုးကြပါတော့တယ်။

မဇနိ

Read more...

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP