အရက်သောက်ခြင်းနှင့် ကျနော်

>> Saturday, August 30, 2008



ကျနော် သေရည်သေရက်တွေနဲ့ ဘယ်အချိန်ကစပြီး ပတ်သတ်ခဲ့တာလဲဆိုတာကို မှတ်မိသလောက်စပြောပါဦးမယ်။ စပြီးရင်းနှီးချိန်ဟာ သိပ်လည်းမစောသလို အရမ်းလည်း နောက်မကျပါဘူး။ ၁၀ တန်းက စတာပါ။ ကျနော့်မှာ ကလေးကတည်းက အတူတူနေပြီး ရန်တခါမှ မဖြစ်ဘဲ ပေါင်းလာတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ၁၀-တန်းမှာ သူရဲ့ ဦးလေးအိမ်မှာ စာသွားကျက်တာက စတာပါ။ ကျနော်တို့မြို့က အရင်ကတည်းက လျှပ်စစ်မီးပြတ်တာကိုး။ မီးက ရက်ခြားမှလာတော့ ရက်မခြားနေ့တိုင်းလာအောင် လုပ်ထားတဲ့ သူငယ်ချင်းရဲ့ ဦးလေးအိမ်ကို သွားရတာပေါ့။ သူ့ဦးလေးက ကားဂိုထောင်ထဲမှာ စာကြည့်ကြဆိုပြီး နေရာပေးပါတယ်။ သူငယ်ချင်းနှစ်ယောက် စာကြည့်လိုက်၊ စကားပြောလိုက်၊ ပျင်းရင် ဂိုထောင်ထဲက ပစ္စည်းတွေ ဟိုရှာကြည့်လိုက်၊ ဒီနှိုက်လိုက်လုပ်ကြတာပေါ့။ အဲဒီမှာ သူ့ဦးလေး ခွက်ပုန်းချတဲ့ ရမ်ပုလင်းကြီးတွေ့တော့တာပဲ။ တွေ့တော့ နှစ်ယောက်သား ခွက်ပုန်းသူခိုးလုပ်ကြတာပေါ့။ ရမ်ပုလင်းအဖုံးခွံလေးနဲ့ တစ်ယောက်တမော့။ နည်းနည်းလျော့သွားတော့မှ သောက်ရေတွေကို ရောတောရှိလုပ်ရတာပေါ့။ ဘယ်သူကမှ အသောက်သင်မပေးသလို၊ သောက်ကြည့်စမ်း အရမ်းကောင်းတာပဲလို့လည်း ဘယ်သူကမှ မတိုက်တွန်းခဲ့ပါဘူး။ ပါရမီဓာတ်ခံရှိတော့ သူ့အလိုလို တတ်သွားတာပါ။ ဆယ်တန်းပြီး အားနေတဲ့အချိန်တွေမှာ မြို့အရှေ့ထိပ်အနောက်ထိပ်က ထန်းတောတွေထဲလည်း ကျနော်တို့သူငယ်ချင်းတစ်သိုက် ရောက်တော့တာပါပဲ။ ပဲကြီးလှော်နဲ့ အမြည်းလုပ်ရင်း ထန်းရည်သောက်လိုက်နဲ့ အသောက်ပညာကို ရင့်သန်စေခဲ့တာပါ။


ဒီလိုနဲ့ မန္တလေးနည်းပညာတက္ကသိုလ်ရောက်တော့ ကျနော်မိတ်ရင်းကြီးတွေဖြစ်တဲ့ ကိုဖြူရယ်၊ ကိုလုံးတို့ရယ် တခြားဘော်ဒါတွေနဲ့ တွေ့တော့တာပါပဲ။ ကျနော်တို့က များသောအားဖြင့်က ဆိုင်မှာလည်း မသောက်ပါဘူး။ အဆောင်မှာပဲ ဝယ်သောက်တာပါ။ မောင်ဖြူက ငယ်စဉ်က အသောက်ပညာမရှာခဲ့လေတော့ ကျနော်တို့ဆီကို တပည့်ခံရတာပါ။ သောက်ရင်းနဲ့ မူးလာတော့ သူက "ငါတော့ ပေါ့လာပြီကွ"ဆိုပြီး ပြုံးပြုံးကြီးနဲ့ ပြောတော့တာပါပဲ။ ဒါကြောင့် မောင်ဖြူကို အခုအချိန်ထိ "ဟေ့ ပေါ့လာပြီကွ" ဆိုပြီး စကြပါတယ်။ ကျနော် သူငယ်ချင်းရတာ ကံကောင်းပါတယ်။ အရက်မူးလာရင် ဆိုးသွမ်း၊ ကြမ်းတမ်းတဲ့ သူမပါပါဘူး။ အရက်သောက်ရင်း စကားတွေ လုပြောပြီး ဆူညံလည်းမနေပါဘူး။ အေးအေးဆေးဆေး ပြောဆိုပြီး သောက်ကြတာပါ။ ရန်လည်း မဖြစ်တတ်ပါဘူး။

တစ်ခါက နေ့လည်ခင်းကြီးမှာ သူငယ်ချင်းတစ်စုရယ်၊ ကျနော်ရယ် ကျနော်တို့ကျောင်းအဝင်ထိပ်က လက်ဘက်ရည်ဆိုင်မှာ ထန်းရည်သောက်ကြပါလေရော။ ကျနော် လက်ဘက်ရည်ဆိုင်ကနေ အပြင်ကို ကွမ်းယာဝယ်ထွက်တော့ ကျောင်းဂိတ်ပေါက်ကို စက်ဘီးနဲ့ ထွက်လာတဲ့ မဇနိကို ရိပ်ခနဲ တွေ့လိုက်ပါရော။ အင်း သူမနဲ့အတူ ထမင်းစားဦးမှဆိုပြီး အကြံပေါ်ကာ သူငယ်ချင်းတွေကို ပစ်ပြီး သူမနဲ့အတူ လိုက်သွားတော့တာပေါ့။ အဲ ကန်တင်းရောက်တော့ နှစ်ယောက်သား မျက်နှာချင်းဆိုင်လေး ထိုင်။ ထန်းရည်တွေမူးနေလို့ ချွေးတွေ ပြန်နေတာကို၊ မဟာနေမင်းက မညှာမတာ ပူလွန်းလို့ ချွေးတွေထွက်သလိုလိုနဲ့ ချွေးတွေကိုသုတ်ရတာပေါ့။ မဇနိနဲ့ နှစ်ယောက်သား စားစရာတွေမှာတယ်။ နေ့လည်စာ စားချိန်ဆိုတော့ ကျနော်တို့ထိုင်ခုံဘေးမှာ အခြားလူတွေလည်း ရှိနေတာပေါ့။ မဇနိက ဒီနားက အနံ့အသက်တမျိုးပဲတဲ့။ ဘယ်ရမလဲ လူလည်ကြီး ကျနော်ကလည်း ကိုယ့်ဆီလာမယ့် အရှုပ်ထုပ်ကို ဘေးကြိုပုတ်ရတာပေါ့။ "ဟိုစားပွဲကကောင်တွေ ထန်းရည်တွေ သောက်လာကြပုံရတယ်" လို့ ကာထားရတာပေါ့။ နှစ်ယောက်သား စားကြသောက်ကြရင်းမှာ ကျနော့်ရင်ထဲက ဂေ့လုပ်ချင်တဲ့ အလုံးကြီးကို ထိန်းထားရတာ မလွယ်လှပါဘူး။ စားသောက်ပြီးတော့ "ငါတော့ ကျောင်းလစ်ပြီး အဆောင်ပြန်အိပ်တော့မယ်"ဆိုပြီး ပြန်ပြေးရတာပါ။ နောက်ပိုင်းကျ မဇနိကို ပြန်ပြောပြတော့ "မင်းကလေ သိပ်ဆိုးတာပဲ" တဲ့။ ချစ်ခြင်းရဲ့ အနုပညာထဲမှာ ဆိုးတာလေးလည်း နည်းနည်းဖြည့်စွက်မှ ချစ်ခြင်း အရောင်တောက်ပြီး ပိုလှနေမှာ မဟုတ်လား။

အဲသလိုပဲ ကျနော် နောက်ထပ်ဆိုးတာတွေ ရှိပါသေးတယ်။ ကျနော်တို့ မေဂျာက အိတ်စကားရှင်း ထွက်ကြမယ်လုပ်တော့ မဇနိက ကျနော့်ကို အိတ်စကားရှင်းခရီးမှာ အရက်မသောက်ရဘူးတဲ့။ ခက်ကြပါရောလား။ ဒီတော့လည်း အင်းပါဆိုပြီး ပြောရတာပေါ့။ ခရီးသွားတုန်း မသောက်ရရင်လည်း သူမစကားကို နားထောင်တယ်လည်း ဖြစ်အောင်၊ လမ်းမှာ မသောက်ရတာကိုလည်း ရသေ့စိတ်ဖြေ နေနိုင်အောင် မသွားခင် ကြိုသောက်ဖို့ စဉ်းစားရတာပေါ့။ သူငယ်ချင်း ကိုဖြူနဲ့ နှစ်ယောက် နန်းရှေ့သွား အရက်ပုလင်းလေးဝယ်ပြန်လာပြီး သောက်ကြရတာပေါ့။ အဲဒီတုန်းက အရက်စပ်တာ ဖော်မြူလာမှားလို့ မသောက်နိုင်ဖြစ်တာ ကိုကြီးလုံး ဝင်ကူမှ ပုလင်းလေးခမျာ ကုန်ရရှာတယ်။

ကျောင်းမှာ ကျနော်က အရက်သမားဆိုပြီး နာမည်တလုံးရလောက်တဲ့ အဆင့်လည်း မရှိပါဘူး။ ကိုယ့်ထက် သဘာရင့်တဲ့သူတွေ အပုံအပင်ပါ။ ဒါပေမယ့် ကျောင်းသားဘဝ ပိုက်ဆံလည်း သိပ်အပိုအလျှံရှိတာ မဟုတ်လေတော့ ဈေးချိုတဲ့ အရက်တွေလည်း သောက်ဖူးပါတယ်။ ရှောက်ပေါင်းလို အရက်ကို ပြောတာပါ။ ငယ်စဉ်အခါ မသိစဉ်ကတော့ နှမ်းဖတ်ချဉ်လေးနဲ့ ငရုတ်သီးစိမ်းကိုက်ပြီး ချက်အရက်သောက်ရတာကို အဟုတ်ထင်ခဲ့မိတာမျိုးပါ။ ဆရာကြီး ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်း ကိုဖတ်တော့ သူက အစားကောင်း စားချင်လို့ အရက်ကို ချောဆီလို သဘောထားပြီး သောက်တယ် ဆိုတော့ အတော် သဘောကျသွားတာပါ။

ကျောင်းမှာ တနေ့ပေါ့ ကိုကြီးလုံးနဲ့ အပျင်းပြေ ထန်းတောထဲ သွားပြီး ထန်းရည်သောက်ကြတာပါ။ အဲဒီအကြောင်းကို ကိုကြီးလုံးရေးထားတာ ဒီနားမှာ ပြန်ဖတ်နိုင်ပါတယ်။ ကိုကြီးလုံးနဲ့ နှစ်ယောက် အမူးလွန်ပြီး ထန်းတောထဲမှာတင် အိပ်ပျော်နေပြီး၊ ထန်းတောကလူ နိုးလွှတ်လိုက်မှ အဆောင်ကို ပြန်လာနိုင်တာပါ။ အဲသလိုတွေနဲ့ အခုကျနော်ရောက်နေတဲ့ ဒေသကို ရောက်တော့ အတော့်ကို အကိုက်တွေ့တော့တာပါပဲ။ အလွန်အေးတာနဲ့ ဗေါ့ဒကာ တွေ့တော့တာပါ။ သခွားသီးအချဉ်လေးရယ်၊ ကြက်ခြေသလုံးကြော် (ဆရာNA က ကြက်ပေါင်ဟု မခေါ်ပါ။)၊ ဆလတ်လေးရယ်နဲ့ ဗေါ့ဒကာ - သိပ်လိုက်ဖက်ပြီး သိပ်သောက်လို့ ကောင်းပေါ့ဗျာ။ ဆရာသမားတွေနဲ့ အတူတူနေလိုက်ရတော့ အရက်သောက်ရင် အစားများများစားရမယ်၊ အရက်ကို သောက်ရင်၊ ကောင်းတာကိုပဲ သောက်သင့်တယ်ဆိုတာကို သိလာပါတယ်။ သောက်ပြီးရင် ကော်ဖီခါးခါးလေးတစ်ခွက်လည်း ထပ်သောက်ကြပါသေးတယ်။ အရက်ကို ဦးစားပေးသောက်တာ မဟုတ်လေတော့ အရက်နာလည်း မကျတော့ပါဘူး။

အရက်သောက်လို့ မူးနေရင် တချို့သောသူတွေက မိုက်ရိုင်းခွင့် လိုင်စင်ရသွားတယ် ထင်တတ်ပါတယ်။ မူးမူးရူးရူးနဲ့ ပြောချင်တာတွေ ပြောမယ်၊ ရန်ရှာမယ်။ အရက်သောက်နိုင်တာကို ထူးခြားတဲ့ ဝိသေသကြီးတခုလို့ စိတ်တွေထဲ ထင်ကုန်တာပါ။ ကျနော်ကတော့ လက်မခံပါဘူး။ အရက်ခွက်ကို ကိုင်ပြီး ပါးစပ်ထဲလောင်းချရဲတာနဲ့ မိုက်ရိုင်းခွင့်တွေ မပေးနိုင်ပါဘူး။ မပေးပေမယ့်လည်း အဲဒီအခွင့်အရေးကို ယူတတ်တဲ့သူတွေ ရှိနေတတ်လို့ အထာမသိတဲ့သူတွေနဲ့လည်း အရက် အတူတွဲမသောက်မိအောင် ကျနော် အတတ်နိုင်ဆုံး ဆင်ခြင်ပါတယ်။

တခါက ဘော်လဂါမြစ်ဘေးမှာ အနားယူသွားတုန်းက ကျနော် အရက် အလွန်အကျွံ မူးဖူးတာကို သွားသတိရမိပါတယ်။ ညကြီးအချိန်အခါ တယောက်တည်း မူးနေတာပါ။ ခုံတန်းတခုမှာ တယောက်တည်း သောက်ပြီး အိပ်ခန်းကို အပြန် လမ်းမှာ မူးပြီး တဖုံးဖုံးလဲကျတာပေါ့။ သတိက မလွတ်ပေမယ့်၊ လဲနေရာက ကုန်းထဖို့ရာ အသိစိတ်က ခိုင်းစေတာကို ခန္ဓာကိုယ်က လိုက်မလုပ်နိုင်ပါဘူး။ ငယ်စဉ်က လမ်းကြားတွေမှာ မူးပြီးလဲကျ၊ ကုန်းထပြီး ပြန်လမ်းပြန်လျှောက်တဲ့ အရက်သမားကြီးတွေကို ပြေးပြီး သတိရမိပါရော။ အော် ငါလည်း အဲသလိုကြီး ဖြစ်နေပါပေါ့လားဆိုပြီး ရီချင်မိခဲ့ပါတယ်။ ဘောင်းဘီရှည်ဝတ်ထားလို့ ပုဆိုးမနိုင်မဖြစ်နေတာလေး တခုသာတာပါ။ ဆရာမကြီး လူထုဒေါ်အမာ ရေးထားတာ တခုကို ဖတ်ဖူးထားတာ ပြန်ပြီး သတိရမိလိုက်ပါသေးတယ်။ ဆရာမကြီးက မော်စကိုကို ရောက်ဖူးတုန်းက သူတွေ့တာတွေ ရေးထားတာလို့ စိတ်မှာထင်ပါတယ်။ လမ်းပေါ်မှာ အမူးသမားတွေက အောက် လမ်းမပေါ်ကို မှောက်ရက်ကြီးတော့ လဲမနေကြပါဘူးတဲ့။ အမူးသမားတွေက တိုင်တခုခုကို ဖြစ်စေ၊ နံရံတခုခုကို ဖြစ်စေ မှီပြီးနေကြပါသတဲ့။ လမ်းမပေါ်မှာ မှောက်ရက်လဲနေတဲ့သူဆို ရဲက ဖမ်းတယ်လို့ စည်းကမ်းရှိလို့ပါဆိုလား ယောင်ဝါးဝါးမှတ်မိပါတယ်။ အမူးပါးတွေပါပဲ။ ကျနော် ငယ်ငယ်တုန်းက ဆရာ အမူးပါးတစ်ယောက်ကို တွေ့ဖူးပါတယ်။ ဆရာက အမူးလွန်နေလို့ ဆရာ အမူးလေးပြေပါစေတော့လေ ဆိုပြီး ကြားဖူးနားဝတခုကို လုပ်ပေးတာပါ။ သံပုရာသီးရှာ၊ အစိပ်လေးတွေစိပ်ပြီး ဆရာ့နားထဲ ညှစ်ချတော့ ထမ်းခေါ်လာရတဲ့ ဆရာက ဘာပြောသလဲဆိုတော့ " ဟဲ့ကောင် ငါ့နားထဲ သံပုရာစေ့တွေရော ဝင်ကုန်ပြီဟ" တဲ့။

အရက်တွေ အကြောင်းရေးနေတော့ အရက်သောက်တတ်တာ၊ သောက်နိုင်တာကို ဂုဏ်ယူချင်လို့ မဟုတ်ရပါဘူး။ အခုကျနော် အရက်မသောက်တာ အတော်ကြာပါပြီ။ သောက်ခဲ့ဖူးတာလေးတွေကို အမှတ်တရ ရေးချင်တာကြောင့် ရေးတာပါ။

နိဂုံးအနေနဲ့ ဖတ်ဖူးတာလေးတခုပြောပြချင်ပါတယ်။

သေရည်သေရက်သောက်တာကို ထိန်းသိမ်းဖို့ရာ ငါးပါးသီလထဲပါပါတယ်။ ငါးပါးသီလထဲ သေရည်သေရက်မသောက်ရလို့ ဘာလို့ထည့်ထားတာလဲ ဆိုတာကို ရှင်းပြထားတာ တခု ဖတ်ဖူးပါတယ်။ အရက်သောက်ခြင်းက ဂျိုထောင်နွားကလေးကို ညအခါ ကြိုးမချည်ဘဲ လွှတ်ထားသလိုပါပဲတဲ့။ ညအခါ နွားကြီးတွေက အိပ်နေပေမယ့် ဂျိုထောင်လေးက မအိပ်ဘဲ သူ့ ဂျိုကလေးနဲ့ အခြားနွားတွေ အိပ်မရအောင် လိုက်လိုက်ပြီး ခွေ့လိုက် ကစားလိုက် လုပ်လွန်းလို့ ဂျိုထောင်ကလေးကို ညအခါ မမေ့မလျော့ တိုင်မှာချည်ထားရသလို၊ သေရည်သေရက်သောက်ခြင်းကနေ အခြားသော သီလတွေကိုပါ ပျက်ဆီးစေလို့ သေရည်သေရက် သောက်စားခြင်းကို တားမြစ်ရတာပါတဲ့။

ဒီတော့ ဘော်ဘော်တို့ရေ အရက်ကို မသောက်ဖူးရင်လည်း မသောက်ဖို့၊ သောက်မိရင်လည်း အစွဲအလမ်းမထားဖို့၊ စွဲလမ်းနေရင်လည်း မြန်မြန်ဖြတ်ဖို့၊ အပျော်သောက်တယ်ဆိုလည်း အဖော်လူရွေးဖို့၊ သောက်မိရင်လည်း အရက်ကို အစားများများနဲ့သောက်ဖို့ အကြံပေးပါရစေ။

Read more...

တချိန်တုန်းက တက္ကသိုလ်မှာ

>> Friday, August 29, 2008



ပြန်တွေးကြည့်တိုင်း ဘယ်တော့မှမရိုးနိုင်ပဲ အမြဲကြည်နူးမှုတွေပေးနေတာက ကျောင်းတက်ခဲ့စဉ် အတိတ်ပန်းချီနေ့ရက်တွေပါပဲ။ အချိန်ကာလကြာလာပေမယ့် ပြန်တွေးလိုက်ရင် မနေ့တနေ့ကလို ရင်မှာလွမ်းဆွတ်သွားရတာလဲ ဒီနေ့ရက်တွေပဲလေ။ အဲဒီနေ့ရက်တွေမှာ အခုခေတ် နိုင်ငံတကာ ကျောင်းတော်ကြီးတွေလို အင်တာနက်တွေမရှိပါဘူး။ ဒါပေမယ့် ကနောင်ဆောင်ရယ်၊ မန်းချယ်ရီဆောင်ရယ်ကို ဆက်သွယ်ပေးနေတဲ့ သူငယ်ချင်းတွေ၊ ချစ်သူစုံတွဲတွေရှိတယ်။ အဲဒီကျောင်းတော်မှာ အဆင့်မှီအဲယားကွန်းတပ် ကင်တင်းမရှိခဲ့ဘူး။ ဒါပေမယ့် သဘာဝအရသာကိုပေးတဲ့ စွယ်တော်ပင်ရိပ်တွေနဲ့ ကင်တင်းလေးရှိခဲ့ဖူးတယ်။ ပရိုဂျက်တာနဲ့ လက်ချာတွေမရှိခဲ့ပေမယ့် မြေဖြူကိုင်သင်ပေးခဲ့တဲ့ စေတနာဆရာတွေ အများကြီးကြုံဆုံခဲ့ရဖူးတယ်။ အိမ်နဲ့ဝေးကွာနေချိန်မှာ အဆိုး၊ အကောင်းတွေ မျှဝေပေးခဲ့တဲ့ သူငယ်ချင်းများစွာ ပိုင်ဆိုင်စေခဲ့တယ်။ ကျွန်မဘဝရဲ့နေ့ရက်တော်တော်များကို ခံစားမှုမျိုးစုံပုံပေါ်စေခဲ့တဲ့ အဲဒီနေ့ရက်တွေကို သတိတရ ရှိနေတတ်ခဲ့တယ်။ ဘယ်တော့မှလည်း မေ့သွားတော့မှာမဟုတ်ပါဘူး။


အခုရက်ပိုင်း မိုးတွေကလည်းရွာ၊ ဓါတ်ပုံတွေ ပြန်ကြည့်မိတော့လည်း တန်ဆောင်တိုင်နေ့က အကြောင်းတွေ လွမ်းမိနေတယ်။ တန်ဆောင်တိုင်နေ့ဆိုလို့ တစ်နှစ်ထဲ မဟုတ်ပါဘူး။ မှတ်မှတ်ရရ သုံးနှစ်ဆက်တိုက် တန်ဆောင်မုန်းလပြည့်ရောက်ရင် ပျော်စရာတွေ ချစ်ခင်စရာတွေ လုပ်ခဲ့ကြတယ်။ ကျောင်းတက်လာတာ တိုင်းစုံ၊ နယ်စုံကဆိုတော့ ကျောင်းသားတွေထုံးစံ တိုင်းအသင်းတွေဖွဲ့ကြတာပေါ့။ အသင်းမှဖွဲ့လာရင် ဒိုင်ခံလုပ်ပေးရမယ့် ခေါင်းဆောင်ရွေးကြတယ်။ ကျွန်မတို့မိန်းကလေးတွေ နောက်ပြောင်ခေါ်ကြတာတော့ “တိုင်းငှက်ကဋ္ဌ“ ပေါ့။ တကယ်တော့ “တိုင်းဥက္ကဋ္ဌ“ ပါ။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းဆိုပြီး လှုပ်ရှားကြတယ်။ အပျော်ပွဲတွေ လှုပ်ရှားကြတာပါ။ စစ်ကိုင်းတိုင်းက စစ်ကိုင်းသူရှိနေတော့ အင်မတန် တက်ကြွကြတယ်။ မဇနိတို့ မကွေးတိုင်းကလည်း တက်ကြွပါတယ်။ အညာသူ၊ အညာသားတွေ စုနေတဲ့ မကွေးတိုင်းက ပျော်စရာကောင်းခဲ့တယ်။ ခေါင်းဆောင်က ခပ်ချောချော၊ သဘောကလည်း ကောင်းတော့ သူ့ကိုဆို အသင်းဝင်း တိုင်းသူတိုင်းသားတွေက အမျိုးမျိုးရစ်ကြတယ်။ ချစ်ကြတယ်။ ဒါလည်း သူ စိတ်မဆိုးပါဘူး။ အဲနောက်ထူးဆန်းတာက တိုင်းခေါင်းဆောင်လုပ်ရင် သူ့ကောင်မလေးကို ငှက်ကဋ္ဌကတော်လို့ ခေါ်ထည့်လိုက်တာပဲ။ ကောင်မလေးမရှိတဲ့သူဆိုရင်တော့ တိုင်းကိစ္စတွေ တွဲလုပ်တာများတဲ့သူကို ကတော်လို့ စကြတာ။ စိတ်လည်း မဆိုးကြပါဘူး။ စလိုက်၊ နောက်လိုက်နဲ့ ပျော်စရာကောင်းတယ်။ စည်းလုံးခဲ့ကြတယ်။

တိုင်းကိစ္စတွေထဲမှာ တန်ဆောင်မုန်းလရောက်ရင်တော့ အတော်ပျော်စရာကောင်းတဲ့ နေ့လေးကို ဖန်တီးခဲ့ကြတာပါပဲ။ တိုင်းရံပုံငွေဆိုပြီး တစ်လမှ (၁၅၀) ကျပ်ထည့်ရတယ်။ အဲဒီစုငွေတွေအပြင် တန်ဆောင်မုန်းလပြည့်နေ့ပွဲတော်လုပ်ရင် ပိုက်ဆံနည်းနည်း ထပ်ကောက်လိုက်တယ်။ ရလာတာနဲ့ တိုင်းအစည်းအဝေးခေါ်တယ်ပေါ့။ အစည်းအဝေးခေါ်တာတွေထဲမှာ တိုင်းအစည်းအဝေးသွားရတာ ပျော်စရာအကောင်းဆုံး။ မကွေးတိုင်းဆိုတော့ သိတဲ့အတိုင်း အညာသူတွေ ပဲများကြတယ်။ သနပ်ခါးပါးကွက်ကြားနဲ့ ပဲလေးတွေ ထုတ်သွားကြတော့ အညာသားတွေအတွက် ကြည့်စရာပေါ့။ သူ့နေရာ ဒေသနဲ့သူတော့ သိပ်ပျော်စရာကောင်းခဲ့တာပါ။ ဒီနှစ်တိုင်းပွဲ ဘာလုပ်မလဲဆုံးဖြတ်ကြတော့ ပထမဆုံးနှစ်က ထမင်းနဲထိုးကြဖို့ သဘောတူတယ်။ တန်ဆောင်မုန်းလဆန်း (၁၃) ရက်လောက်ကတည်းက လူခွဲပြီး ဈေးဝယ်သွားကြရတယ်။ ဈေးဘယ်သူလိုက်မလဲဆိုတော့လဲ ဘယ်သူမှမငြင်းပါဘူး။ တချို့လည်း စုံတွဲလိုက် ဈေးဝယ်လိုက်ပေးတယ်။ တချို့လည်း စုံမတွဲတတွဲပေါ့။ ဈေးခြင်းကူဆွဲတာလိုလို၊ ဘာဝယ်မလဲ တိုင်ပင်ချင်တာလိုလိုနဲ့ ကြည်နူးကုန်တာလည်း မနည်းဘူးထင်ပါ့။ တိုင်းပွဲတပွဲပြီးရင် “ဟော ဘယ်တိုင်းဥက္ကဋ္ဌကြီး ဘယ်queenနဲ့ အဆင်ပြေသွားပေါ့“၊ “တိုင်းပွဲတုန်းက ဈေးဝယ်တဲ့ ဟိုကောင်လေးလေ ဟိုကောင်မလေးနဲ့ အိုကေသွားပြီတဲ့တော့ ညနေက အဆောင်ရှေ့မှာ အတွဲလေး တွေ့လိုက်တယ်“ ဆိုတဲ့ ဒီအသံတွေ ကြားလာရတော့တယ်။

လဆန်း (၁၄) ရက်နေ့ညနေဆိုရင် စာသင်ဆောင် သီရေတာ T3၊ T4 မှာ သန့်ရှင်းရေးလုပ်ကြတယ်။ အဆောင်ကနေယူလာတဲ့ တံမြက်စည်း တယောက်တချောင်းနဲ့ စီးတော်ယာဉ်ကတော့ စက်ဘီးပေါ့။ စက်ဘီးပေါ် တင်ခေါ်မယ့် မောင်တော်ရှိတဲ့ သူတွေကတော့ နောက်ကနေ အကြော့သားလေး။ မဇနိတို့က အခုငှက်ကဋ္ဌကတော့် သူငယ်ချင်းတွေဆိုတော့ လူရင်းနာနာ အဖိခံရတယ်။ ငှက်ကဋ္ဌတို့ ကိုဇနိတို့က မက်မှန်မဲကြီးတွေနဲ့ အတော်ရှိုးထုတ်ကြတာ။ တခြားတိုင်းကလည်း အညာသူတွေကို လာချောင်းချင်ကြတယ်။ သူတို့က ကိုယ့်တိုင်းသားတွေနဲ့ ကပ်လိုက်လာကြတာ။ သန့်ရှင်းရေး ကူချင်တာလိုလို၊ ကျောင်းပေါက်ကအပြန် လမ်းကြုံတာလိုလိုနဲ့။ နောက်တနေ့မနက်ခင်း အစောထရတာပေါ့။ အားလုံးပေါင်း မိန်းကလေးက (၂၀) လောက်ရှိတယ်။ မနက်အစော ရေချိုးကန်မှာလည်း ဆူညံနေတာ။ ထမင်းနဲပွဲမလုပ်ခင်ကတည်းက ရေချိုးကန်မှလည်း ဒါတွေပဲ ပြောနေကြတာကိုး။ တခန်းနဲ့တခန်းမသွားဖြစ်ရင် ရေချိုးရင်း ဆုံတုန်းလေး ပြောတာပေါ့ “ဟဲ့ သန့်ရှင်းရေးနေ့က ဟိုကောင်လေးပါလာတာ မြင်လိုက်လား“၊ “မနက်ဖြန် တခြားသူတွေလဲ ဖိတ်ထားတယ်“၊ “ငါ့အစောသွားနှင့်မယ် လာကြိုမှာမလို့နော်“ ဒါမျိုးတွေ ပြောကြတာကိုး။ မကွေးတိုင်းသူတွေက စည်းလုံးတယ်။ အညာသူတွေဆိုတော့ ပိုလည်း ခင်ကြတယ်ထင်ပါ့။ အဲတော့ တခြားသူတွေက “နင်တို့ မကွေးတိုင်းသူတွေ နားငြီးတယ်နော်“ နဲ့ စကြတာ။ စချင်လည်းစ ကျွန်မတို့ကလည်း မောနေအောင်ပြောကြတာ။ အလုအယက်ပေါ့။ အိပ်ယာကမနိုးမှာစိုးလို့ တယောက်နဲ့တယောက် တံခါးခေါက်ကြတော့ တိုင်းသူမဟုတ်တဲ့ အခန်းဖော်က အိပ်ရေးပျက်လို့ မေတ္တာပို့တာ ခံရသေးတယ်။ အခန်းဖော်က တိုင်းတူတော့ မနက်သွားစရာရှိရင် ထူးမနှိုးရတော့ဘူး။

မိုးပြဲဒယ်ကြီးကို ယောက်ျားလေးတွေ ညကတည်းက ဆေးကြောထားတယ်။ မိန်းကလေးတွေ ရောက်တဲ့အချိန်မှာ မီးဖိုအဆင်သင့်ဖြစ်နေပါပြီ။ အိမ်မှာ အတွေ့အကြုံရှိပြီးသား သူတွေက ထမင်းနဲထိုးကြပေါ့။ မသိသူတွေကလည်း ဝိုင်းကူပါတယ်။ ချွေးတပြိုက်ပြိုက်ကျအောင် ယောက်မကိုင်နေကြရပေမယ့် မမောပါဘူး။ ကျွန်မတို့က ဘေးက စားချင်နေကြရင် သူငယ်ချင်းတွေက ယောက်မကြီးနဲ့ ကော်ပြီး “ကဲ မြည်းကြည့်“ ဆိုလာပေးတယ်။ လုစားကြတာ ဘာပြောကောင်းမလဲ။ တချို့လည်း အလုကောင်းလို့ မှောက်ရက်တွေ လဲကြသေးတယ်။ တချို့မိန်းကလေးတွေက လက်ဖက်နှပ်၊ ဆနွင်းမကင်း၊ အသီး စတဲ့ အချိုပွဲအတွက် ညကတည်းက အဆောင်မှာ တာဝန်ခွဲယူကြတယ်။ မဇနိက လက်ဖက်နှပ်တာဝန်ယူတော့ ထောင်းရတဲ့လက်ဖက်၊ တဒုန်းဒုန်းမြည်နေတုန်း အဆောင်မှူးပါ တက်လာကြည့်တယ်။ “ဟီး ဟီး မနက်တိုင်းပွဲအတွက်ပါ“ ဆိုရင် သူလည်း မဆူပါဘူး။ သူ့ကိုလည်း ဖိတ်ထားတာဆိုတော့လေ။ ထမင်းနဲမကျက်ခင် T3 ဖက်မှာ စာသင်ခုံတန်းတွေကို စားပွဲအဖြစ် ပြင်ပါတယ်။ အဆောင်က တိုင်းသူဟုတ်သူ၊ မဟုတ်သူ အားလုံးကို အနိုင်ကျင့်ပြီး စားပွဲခင်း၊ ဓါတ်ဘူး ယူချလာတာတယ်။ T4 ဖက်မှာ လက်ဖက်ပွဲပြင်၊ သစ်သီးလှီးတာတွေ လုပ်ရတယ်။ သစ်သီးလှီးတဲ့ ကောင်မလေးကို ကပ်ချင်နေတဲ့သူကတော့ သစ်သီးဆေးဖို့ ရေခပ်ပေးလိုက်၊ ဓါး ရေဆေးပေးလိုက်နဲ့ပေါ့။ နောက် ထမင်းနဲထိုးနေတဲ့သူကလည်း မီးဖိုဘေးထိုင်နေကြတဲ့ မချောတွေထဲက သူကြည့်ချင်တဲ့သူကို ချွေးသုပ်သလိုလို ခိုးကြည့်တာလဲ ရှိတယ်ထင်ပါ့။ ဒီလိုနဲ့ မနက် (၈) နာရီလောက်ဆို ထမင်းနဲ အဆင်သင့်ဖြစ်နေပါပြီ။

ဖိတ်ထားတဲ့ ဆရာ၊ ဆရာမတွေ၊ တခြားတိုင်းမတူတဲ့ သူငယ်ချင်းတွေလာရင် ဧည့်ခံမည့်သူတွေကိုလည်း တာဝန်ခွဲပေးထားတယ်။ တိုင်းမတူတဲ့သူကို ချစ်သူတော်ထားရင် လည်တမော့မော့ မျှော်နေရော့။ ဖိတ်ထားတဲ့သူကို လည်ပင်းဖက်ပြီး လိုက်လာတဲ့သူတွေလည်းရှိသေး။ စည်းစည်းလုံးလုံးနဲ့ တပျော်တပါးဧည့်ခံကြတော့ ဆရာတွေကလည်း သဘောတွေကျလို့။ လက်ဖက်ပွဲ၊ သစ်သီးပြင်တာတော့ မဇနိက တာဝန်ယူပါတယ်။ ရှေ့မှာဧည့်ခံဆိုရင် အကြောက်အကန်ငြင်းလို့ ခေါင်းဆောင်ကြီး စိတ်ဆိုးဖူးသေးတယ်။ လက်ဖက်ပွဲပြင်၊ မုန့်ပွဲပြင်ဆိုတော့ ဧည့်သည်မပြန်ခင်စားချင်နေတဲ့ သူငယ်ချင်းတချို့က လာကပ်တောင်းလို့ ပြင်ကျွေးရတာပေါ့။ ကိုဇနိက အနားကမခွါဘူး လာလာကပ်နေတာ။ မုန့်စားချင်လို့လား၊ ဘာလားတော့မသိဘူး။ သေချာတာတော့ အဲဒီတုန်းက မကြိုက်ကြသေးဘူးရယ်။

ဆရာတွေပြန်သွားပြီဆို သူငယ်ချင်းတွေစုပြီး ထမင်းနဲ တီးကြတာ။ လက်ဖက်သုပ်ကလည်း ချဉ်ချဉ်စပ်စပ်ကို ပုဇွန်ခြောက်လုံးချင်းဆိုတော့ စားလို့ ကောင်းသပေါ့နော်။ ရင်ထဲမှာ ပျော်နေကြတော့ စားစရာတွေကလည်း ကောင်းနေတာ။ ထမင်းနဲပူပူလေးကို ရေနွေးကြမ်းလေးနဲ့ စားခဲ့ရတဲ့အရသာ တသက်မမေ့တော့ပါဘူး။ အားလုံးစားပြီးသွားရင် ဂိမ်းဆော့ကြတယ်။ အုပ်စုတွေဖွဲ့လိုက်ပြီး စာသင်ခုံတွေမှာ နေရာခွဲထိုင်ကြတယ်။ စာသင်ခုံရှေ့က ကွက်လပ်မှာ ထွက်ကစားရတယ်။ ကစားနည်းတွေကလည်း ပေါက်ပေါက်ရှာရှာပေါ့။ မှတ်မိနေတာက “နှာခေါင်းကြီးပြိုင်ပွဲ“။ အလိုလိုဆိုရင် နှာခေါင်းကြီးတဲ့ ကောင်လေးဆို ကောင်မလေးတွေက မကြိုက်ဘူး။ “စိတ်ညစ်စရာနော်“ လို့ပြောတတ်ပေမယ့် ပြိုင်ပွဲချိန်ဆိုရင် “ဟဲ့ ဖိုးဇော် နင်ထွက်လိုက် နင်နှာခေါင်းကြီးတယ်“ တဲ့။ ဘယ်ချိန်က သုတေသန ခိုးလုပ်ထားကြသလဲ ပေါ်ကုန်တော့တာ။ ကောင်လေးတွေကလည်း အရင်ဆို ရှက်ချင်ရှက်ကြလိမ့်မယ် ပြိုင်ပွဲဆို “ငါနှာခေါင်းကြီးတယ်မဟုတ်လား ငါသွားလိုက်မယ်နော်“ ဆိုပြီး အုပ်စုအနိုင်ရရေး အပြေးသွားကြတာ။ ကောင်မလေးတွေက တွန်းထုတ်လိုက်လဲ စိတ်မဆိုးရှာပါဘူး။ ခင်မင်စရာကောင်းတဲ့ ကျောင်းတက်တုန်းက ခံစားမှုလေးတွေပါ။ နောက်ကစားနည်းက သတင်းစာတွေ ဖြန့်ခင်းထားတယ်။ အုပ်စုတစ်စုအတွက် တစ်စောင်ခင်းထားတယ်။ အဲဒီအပေါ်မှာ သတ်မှတ်ထားတဲ့အချိန်အတွင်း လူဘယ်နှစ်ယောက်ရပ်နိုင်သလဲပေါ့။ အလိုလိုဆို “အသေးလေး“ လို့ ခေါ်ရင် စိတ်ဆိုးတဲ့သူတွေက ခုတော့ ရှေ့က ပြေးတော့တာ။ ဖိနပ်တွေတောင် ကျွတ်ကျကျန်နေလို့ လိုက်ပေးရသေးတယ်။ အသေးလေးများတဲ့အုပ်စုက နိုင်တာပေါ့နော်။ သတ်မှတ်ထားတဲ့အချိန်လေးကို တချို့ကလည်း ခြေတချောင်းလေချပြီး တယောက်နဲ့တယောက် ဖေးကူလက်တွဲထားကြတော့ နောက်ဆုံးအနိုင်ရတာပေါ့။ ရှေ့မထွက်တဲ့သူတွေကလည်း အားပေးရတာ၊ အကြံတွေဝိုင်းအော်ပေးရတာ အသံတွေများနာလို့။ “နင်က အရပ်ပုတယ်နော်“ လို့ပြောရင် စိတ်ဆိုးတတ်တဲ့ သူငယ်ချင်းတွေက အုပ်စုလိုက် အပုပြိုင်ကြရင် ရှေ့ဆုံးက ပြေးရှာတာလည်း သတိရမိတယ်။ ခရမ်းချဉ်သီးလုံးလေး လိမ့်သလို ပုပုလုံးလုံးလေးနဲ့ သင်္ကြန်သီချင်း ကခဲ့တဲ့ သူငယ်ချင်းမကိုလည်း သတိရမိတယ်။ ကောင်မလေးက တခြားသူနောက်ပါသွားလို့ T4 အဆောင်ခေါင်မိုးပေါ်သွား ငိုင်နေတဲ့သူငယ်ချင်းကိုလည်း သတိရမိတယ်။ ဂစ်တာတွေတီး သီချင်းဆိုပြကြတဲ့ အာပြဲပြဲအသံတွေကလည်း ခုတော့ ပြန်နားထောင်ချင်လို့မရတော့ဘူး။ ကစားနည်းပေါင်းစုံကစားပြီးရင် သစ်သီးတွေစားကြ၊ စကားတွေပြောကြပေါ့။

ပစ္စည်းတွေသိမ်းဆည်းပြီးရင် ကျောင်းကထိန်အတွက် သွားကူကြရပြန်ရော။ နောက်ဆုံးနှစ်ရဲ့ တန်ဆောင်တိုင်နေ့ကတော့ တိုင်းပေါင်းစုံပွဲတော်လုပ်ကြတာ လှည့်လည်စားလို့ မကုန်နိုင်ပါဘူး။ ဧရာဝတီတိုင်းက မုန့်ဟင်းခါး၊ မကွေးတိုင်းက ထမင်းနဲ၊ မကွေးတိုင်းက နေ့လည် မုန့်လုံးရေပေါ်၊ စစ်ကိုင်းတိုင်းက ကြာဇံဟင်းဆိုပြီး ဟိုဒီကူးလိုက်၊ စားလိုက် သောက်လိုက် လုပ်ကြရတာပေါ့။ နေ့လည်ခင်း အဆောင်မှူးအခန်းရှေ့ ဒိုးပတ်အဖွဲ့ လာပိုက်ဆံတောင်းကြတော့ သူငယ်ချင်းတယောက်က “နေကာမျက်မှန်လေးနဲ့ လေးနှမရယ်ကွယ် တပြည်တရွာဆီ ဆက်ဆံရေးကြောင့် ဝေးရတော့မယ်ထင်ပါတယ်…“ သီချင်းကို ဆိုပါတယ်။ နောင်နှစ်တွေကြာတဲ့အထိ အဲဒီသူငယ်ချင်းကို နာမည်မသိတဲ့သူတွေက “နင်ကလည်း ဟိုနေကာမျက်မှန်လေ“ လို့ ပြောတတ်တယ်။ သူ သီချင်းဆိုတော့လည်း အဆောင်ပေါ်က မျက်မှန်တပ်တဲ့ကောင်မလေးတွေ “သူ့ပြောတာလား“၊ “ငါ့များဆိုပြနေတာလား“၊ “အင်း သူငါ့ကို အတန်းထဲမှာ ခိုးခိုးကြည့်ဖူးတယ် ငါ့ကို လာဆိုတာနေမယ်“ နဲ့ သူ့ဟုတ်နိုးနိုး၊ ငါ့ဟုတ်နိုးနိုးလုပ်ကြတာ။ တကယ်တော့ နိုးနိုးဆိုတဲ့အတိုင်း ဘယ်သူ့မှ မဟုတ်ဘူးရယ်။ ခပ်ပြောင်ပြောင် ကောင်မလေးတွေက ဝရံတာကနေ မျက်မှန်ပင့်ပြီး လှမ်းစလိုက်သေးတယ်။ အခန်းတွင်းပုန်း အုံ့ပုန်းမမတွေကတော့ သူသီချင်းဆိုပြီး နောက်နေ့တွေထိ စာကြည့်စားပွဲမှာ ထိုင်ထိုင်ငိုင်နေတတ်တာ။ အခုနေ အဲဒီ သီချင်းဆိုခဲ့တဲ့ သူငယ်ချင်းကြီး ဒီပို့စ်ကိုဖတ်ရင် အရင်အချိန်တွေကို ပြန်လိုချင်နေလောက်တယ်။ ဒါမှမဟုတ် “ငါမသိခဲ့တာ နာလိုက်တာ“ များ ဖြစ်နေမလားမသိ။

ညနေစောင်းရင် ကျောင်းရှေ့ရေမြောင်းမှာ မီးမျှောပွဲ ရှိသေးတော့ လူစုကြပြန်ပြီ။ မီးမျှောပွဲကို စစ်ကိုင်းတိုင်းက ဦးဆောင်လုပ်ပါတယ်။ အဆောင်မှူးတွေကလည်း သွားခွင့်ပေးတော့ တစ်နှစ်မှာတစ်ည အပြင်ထွက်ခွင့်ရတာ၊ ညဆိုတာ ထိတွေ့ခွင့်ပေးတာ ပျော်ခဲ့ကြတယ်။ ဆီမီးခွက်တွေကို ရေစီးအတိုင်းမျှောကြတယ်။ ကျောင်းလုံးကျွတ် လူကုန်လာကြတယ်။ တချို့လည်း အတွဲတွေ ရေနီမြောင်းဆီ ရောက်မလာကြဘူး။ တချို့လည်း မတွဲတတွဲတွေ ရေနီမြောင်းဘေးမှာ ကောင်မလေးက မီးမျှောပွဲကြည့်လို့၊ ကောင်လေးက ကောင်မလေးမျက်နှာကို ခိုးကြည့်လို့ ရှိခဲ့ကြတယ်။ တချို့လည်း ကင်တင်းမှာ မျက်နှာချင်းဆိုင် ကြည်နူးလို့။ တချို့လည်း ကင်တင်းမှာ အုပ်စုလိုက် စားသောက်ပျော်ပါးလို့။ တချို့လည်း စာသင်ဆောင်တွေနားက အုတ်ခုံလေးပေါ်မှာ ကြည်နူးလို့ နေတယ်ပေါ့။ အဆောင်ရှေ့က မီးမှိန်မှိန်အသုပ်ဆိုင်လေးမှာ မဲဇလီဖူးသုပ်ပန်းကန်လေးနဲ့ လက်ဖက်ရည်အိုး ဘယ်နှစ်အိုးမှန်းမသိလိုက်အောင် ကြည်နူးခဲ့ကြဖူးတယ်။ နောက်ဆုံးနှစ်ရဲ့ တန်ဆောင်တိုင်နေ့ကတော့ ကိုဇနိကြီး ကျွန်မတို့အဆောင်ရှေ့ အသုပ်ဆိုင်မှာ တနေကုန် လာထိုင်နေတယ်။ ဆိုင်က အန်တီကလည်း မဲဇလီဖူးသုပ်တွေ ကြာဇံနဲ့သုပ်လိုက်၊ ချဉ်စပ်လေးသုပ်လိုက်နဲ့ အမျိုးမျိုး လာလာပေးတယ်။ အတူလာထိုင်ပေးတဲ့ သူငယ်ချင်း အဲဒီညမှာပဲ ကျွန်မတို့ကိုပြောတယ် “ငါက အပျိုကြီးလုပ်မှာ“ တဲ့။ သူနဲ့ ကိုဇနိနဲ့ ကဗျာတွေအကြောင်း ပြောနေခဲ့ကြတယ်။ ဘာဖြစ်လို့လဲတော့မသိဘူး ထူးခြားတာတခုရှိတယ် “ကိုဇနိ ကျွန်မကို စကားသိပ်မပြောဘူး“။ အတူလာထိုင်နေတဲ့သူငယ်ချင်းက ချမ်းလာလို့ အဆောင်ပေါ်တက် အနွေးထည်ဝတ်တုန်း “မီးမျှောပွဲသွားကြည့်“ လို့ နှင်လွှတ်တော့ “ဒီတနေ့လုံး ကျွန်မနားမှာ နေချင်လို့“ တဲ့။ လူလည်ကျတာ။ သူ လူလည်သိပ်ကျတယ်။ တကယ်ဆို သူငယ်ချင်းအချင်းချင်း ဒီလိုမပြောသင့်ပါဘူး။

အဲဒီညက အတူတူထိုင်ပေးဖို့ သူငယ်ချင်းကို မနည်းခေါ်ထားခဲ့ရတာ။ အပျိုကြီးလုပ်မယ်ဆိုတဲ့ သူငယ်ချင်းက အခုတော့ ပါသွားပြီ။ ပူစီဖောင်းကြီးနဲ့တဲ့။ မဇနိအခန်းဖော်လည်း အပျိုကြီးလုပ်မယ်ဆိုတာ သမီးတယောက်ရနေပေါ့။ ည(၉) နာရီထိုးရင် ရောက်ရာအရပ်က အမြန်ပြန်လာရတယ်။ အဆောင်တံခါးပိတ်မှာမလို့။ ယောက်ျားလေးတွေက ည (၁၁) လောက် တကျော့ပြန် ဂစ်တာလာတီးကြရော။ “အရင်လို ပြန်ယုယပါရစေ ယု ရယ်…“ ဒီသူချင်းလာဆိုကြရင် နာမည်မှာ “ယု“ ပါသူတွေ လှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်။ “သူ့လူလား၊ ငါ့လူလား” ဆိုပြီး ခန်းစီးစကြားက ချောင်းတာတွေလည်း ရှိသပေါ့။ “မူပိုင်ရှင်မကြီး မမခိုင်“ ဒါမျိုးအော်လို့ကတော့ မခိုင်တွေ ဒုက္ခရောက်တော့တာ။ တချို့လည်း ချစ်သူကောင်မလေးတွေက အုပ်စုဖွဲ့တယ်။ အဆောင်ရှေ့ မျက်နှာစာခန်းမှာ လာစုတယ်။ ဝရံတာမှာ ဖျာခင်းပြီး လက်ဖက်စားရင်း နေကြာစေ့စားရင်း သူတို့ချစ်သူအုပ်စုကို အားပေးတယ်ပေါ့။ ကောင်လေးတွေကလည်း ပြန်ခါနီးရင် “အဆောင်မှာ ညဖက်ဆို သီချင်းများလာတီးကြရင် ကိုယ်မပါတဲ့အဖွဲ့ဆို မင်းနားမထောင်ရဘူးနော်..“ ဒီသီချင်းလေးနဲ့ နိဂုံးချုပ်တတ်တယ်။ အဲ သူတို့နဲ့ဆိုင်တဲ့ အုပ်စုကလည်း စကားနားထောင်တယ် တံခါးတွေ ဝုန်းကနဲမြည်အောင်ပိတ်ပြီး အိပ်ကြတော့တာ။ အဆောင်ရှေ့က တခြားဂစ်တာတီးတဲ့အဖွဲ့တွေက ဘာပြောကောင်းမလဲ ဒေါသတွေထွက်ကြလေသတည်းပေါ့။ အဆောင်ပေါ်မှာ သင်္ဘောသီးနဲ့ မဲဇလီဖူးတွေကို ရေပုံးကြီးတွေနဲ့သုပ်၊ အခန်းတွေလိုက်ဝေတယ်။ နောက် အဆောင်စောင့် ဦးလေးကြီး အကူအညီနဲ့ အဆောင်ပေါ်ကနေ မဲဇလီဖူးသုပ်ကို ချစ်သူတွေ၊ သူငယ်ချင်းကောင်လေးတွေဆီ ရောက်အောင်လည်း ပို့ခဲ့ကြတယ်။ ဒီလိုနဲ့ အဆောင်ရှေ့မှာလာဆိုတဲ့ “ဆေးပေါင်းခတဲ့ည“ သီချင်းလေးနားထောင်၊ မဲဇလီဖူးသုပ်လေးစားရင် တန်ဆောင်တိုင်ညရဲ့ ည(၁၂) နာရီကို ကုန်လွန်စေခဲ့တယ်။ လရောင်အောက်မှာ လေအေးလေး တဖြူးဖြူးနဲ့ သူငယ်ချင်းများစွာ တူတူရှိခဲ့ကြဖူးတဲ့ တန်ဆောင်တိုင်ညကို ဝေးကွာနေလည်း သူငယ်ချင်းအားလုံးရင်ထဲမှာ သတိတရရှိနေကြမယ့်လို့ အခိုင်အမာ ယုံကြည်မိပါတယ်။

မဇနိ

Read more...

အော်ခေါ်တော့ သူရှိမနေဘူး

>> Thursday, August 28, 2008



အော်ခေါ်တော့ သူရှိမနေဘူး

လွမ်းတမ်းတမ်းရှိတာနဲ့ အတိတ်ခလုတ်ကို အသာနှိပ်
အိပ်ယာပေါ်မှာ တိတ်တိတ်လေးလုပ်နေ
အတူသွား၊ အတူလာ
ငွေရောင်ပိတ်ကားပေါ်က အပြုံးပန်းနှစ်ပွင့်
အားပါး…"ဖတ်"
ခြင်ကိုက်လို့ရိုက်လိုက်တာ
ဇာတ်လမ်းကောင်းရင် သူလာလာနှောက်ယှက်တတ်တယ်။
ဘယ်သူ့မှကိုကြိုပြောမထားဘူး
ကိုယ်ဟာကို ရင်ဘတ်ကြီးကို မွမ်းမံ
တကယ်တမ်းတော့ ကြည့်လို့မလှဘူးရယ်၊
ဒါပေမယ့် မျက်စိမှိတ်လို့ စိတ်ကူးယဉ်လိုက်တာနဲ့
ရိုမီယို ဂျူးလိယက် သူတို့ထက်သာတယ်
ခွင့်ပြုပေးပါ၊
ဒီတခါတင်မဟုတ်ဘူးနော်
လိုသလိုထပ်မက်မှာ ဒီအလွမ်းဇာတ်က
ယောင်ယောင်ဖက်၊ အော်အော်ခေါ်
အရူးတစ်ယောက်လိုပါပဲနော်
ဒါပေမယ့်လေ ငါ့ဘေးမှာ သူရှိမနေ
သူနေတာက ငါ့အသည်းထဲ
ကဲ အော်ခေါ်တော့လည်း သူရှိမနေဘူးရယ်လို့ ပြောဦးမလား။


Read more...

အမီနာ

>> Wednesday, August 27, 2008


ဆရာသာဓုရေးတဲ့ "အမီနာ"ဆိုတဲ့ ဝတ္ထုတိုတပုဒ်ကို ဝေမျှလိုက်ပါတယ်။
သီဟရတနာ အုပ် ၁၀၀ ပြည့်အထူးထုတ် "၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀၊ စာရေးဆရာ ၁၀၀" ဆိုတဲ့ စာအုပ်ထဲကပါ။
ဆရာသာဓုကို ကျနော် ငယ်ငယ်ကလေးကတည်းက ရင်းနှီးပါတယ်။ ဆရာရေးတဲ့ "အတာ" ဆိုတဲ့ ဝတ္ထုစာအုပ်ကို စဖတ်ဖူးတာပါ။ ဦးသုမောင်ရေးတဲ့ မျိုးရိုးထဲမှ ဆိုးပေကြီးများထဲမှာ ဆရာသာဓုကို ပိုပြီးသိခဲ့ပါတယ်။
အခုဝတ္ထုတိုထဲမှာ ဆရာက လူ့သဘော၊ လူ့မနောတွေကို ပေါ်လွင်အောင် ရေးသားထားပါတယ်။ ကျနော် အကြိုက်ဆုံးထဲက တပုဒ်ပါ။
ဒီနေရာမှာ ဒေါင်းလုပ်လုပ်ယူပြီး ဖတ်နိုင်ပါတယ်။

Read more...

မျက်မှန်နှင့် ကျနော်

>> Monday, August 25, 2008



မျက်မှန်လို့ ပြောလိုက်ရင် ခင်ဗျား မျက်မှန်ကို ဘယ်လိုပုံစံဆိုတာ ချက်ချင်းတန်းပြီး မျက်စိထဲမြင်လိုက်တယ် မဟုတ်လား။ မျက်မှန်ဆိုတာကို ဘာလို့ မျက်မှန်လို့ ခေါ်သလဲဆိုတာကို တွေးဖူးလား။ မျက်လုံးက အမြင်မှားမြင်နေတာကို မှန်အောင် ပြင်ပေးတဲ့အရာ ဒါမှမဟုတ်ရင် မျက်လုံးတွေရှေ့က မှန်ပေါ့။ ဘယ်လို အဓိပ္ပါယ်တွေနဲ့ မျက်မှန်လို့ ခေါ်ခေါ် မျက်မှန်ဆိုတာကို မျက်စိ အမြင် ဝေဝါးတဲ့သူတွေက အမြင် ရှင်းလင်းအောင် တပ်ကြသလို၊ မျက်စိအမြင် မဝေဝါးတဲ့ သူတွေကလည်း အလှအဖြစ်တပ်ကြပါတယ်၊ အဲ နေကာမျက်မှန်ဆိုပြီး မျက်လုံးကို နေပူပူထဲမှာ မျက်စိအေးအောင် နေကာမျက်မှန်တပ်တဲ့ သူတွေရှိသလို၊ နေမပူလဲ မျက်မှန်အမဲကြီးတွေကို အသုံးဝင်လို့ တပ်ကြတာတွေလည်း ရှိပါတယ်။


၈-တန်းကတည်းက ကျနော့်မျက်လုံးတွေက မှုန်နေပါပြီ။ လူကောင်က နည်းနည်းထွားတော့ ကျောင်းမှာ အတန်းနောက်နားမှာ ထိုင်ရပါတယ်။ ကျောက်သင်ပုန်းပေါ်က စာတွေကို ဒီတိုင်း အဆင်ပြေပြေ မမြင်ရတော့ ဘေးခုံမှာ ထိုင်တဲ့ သူငယ်ချင်းဆီက စာတွေကို ကူးချရပါတယ်။ ၉ တန်းမတက်ခင်မှာပဲ မျက်မှန်လုပ်ဖြစ်တယ် ဆိုပါတော့။ အဲဒီကတည်းက မျက်မှန်ဆိုတာ ကျနော့်ရဲ့အမှတ်အသား တခုလည်း ဖြစ်သွားတာပါပဲ။

မျက်မှန် စပြီးတပ်ရတုန်းကလည်း ကျနော့်စိတ်ထဲမှာ ငါတော့ မျက်မှန်ကြီးနဲ့ ရှက်တယ်လို့လည်း မခံစားရပါဘူး။ အဲ မျက်မှန်လေးနဲ့က ပိုလှတယ်လို့လည်း မထင်သလို၊ မျက်မှန်ချွတ်လိုက်ရင်လည်း ပိုပြီးချောမလာတာ သေချာပါတယ်။ အမေပြောသလို "ငါ့သားက မကောက်၊ မခွက်လေးပါကွယ်" ပါပဲ။ မျက်မှန်တပ်ရမှာကို ရှက်တဲ့ သူငယ်ချင်းတချို့ ရှိတယ်။ ဘာကြောင့် ရှက်ရတယ်ဆိုတာကို နားမလည်ပါဘူး။

သူငယ်ချင်းမိန်းကလေးတချို့လေ မျက်မှန်တပ်တာကို မလှဘူးထင်ပြီး မျက်မှန်မတပ်တာ။ စက်ဘီးစီးရင် သူများနောက်က ထိုင်လိုက်ပြီး လမ်းရဲ့အခြားအခြမ်း စက်ဘီးပေါ်က တခြားသူငယ်ချင်းက ပြုံးပြတာကို မမြင်လို့ ပြန်ပြုံးမပြမိတာကို ဆက်ဆံရေးကျဲတယ်လို့ အထင်ခံရတဲ့ သူတွေလည်းရှိရဲ့။ ရှေ့က စက်ဘီးတင်နင်းရတဲ့ သူငယ်ချင်းက နောက်ကျ လူမှုရေးမပျက်ရလေအောင် "ဟဲ့ နင့်သွားလေးဖြဲထား" လို့ ပြောရတယ်။ ဒါမှ ခပ်လှမ်းလှမ်းက သူငယ်ချင်းက ပြုံးပြရင် ကိုယ်ကလည်း ပြန်ပြုံးပြလေသယောင်ယောင် သွားဖြဲလေးနဲ့ပေါ့။

တချို့က တမျိုးရယ်။ သူငယ်ချင်းတွေ၊ အဖေ၊ အမေတွေ မျက်မှန်ကို ယူပြီး စမ်းတပ်၊ မှန်ကြည့်ပြီး "မျက်မှန်လေးနဲ့ဆို ငါက ပိုချောသတော့" လို့ ထင်မိရော။ ဒီတော့ မျက်မှန်ကလိုချင်၊ အိမ်ကို ပူဆာရရော။ "ဖေ့ ဟိုနား ပြက္ခဒိန်ပေါ်က စာတွေ ဖတ်လို့ရလား။ သမီးလေ အဲဒီစာလေးတွေကိုတောင် ကြည့်ရတာ ဝါးတားတားဖြစ်နေတယ်"လို့ အစချီပြီး မြင်မြင်သမျှကို ဝါးတားတားလုပ်ပြီး မျက်မှန်ဝယ်ပေးဖို့ စည်းရုံးရေး ဆင်းရတော့တာပဲ။ ကျနော်ရီချင်တာတခုက မျက်မှန်တပ်ရင် စာဂျပိုးလို့ ထင်တာကိုပဲ။ ဘဝပေးအခြေမလှလို့ မျက်စိ အလိုလို မှုန်တာကို စာတွေ သိပ်ဖတ်လို့ မျက်စိမှုန်သွားတာလို့ အသားလွတ် အထင်ကြီးတဲ့သူတွေက ရှိကြသေးတာ။

၉-တန်း၊ ၁၀-တန်းလောက်တုန်းက မျက်မှန် ခဏခဏကွဲတယ်။ စာကြည့်စားပွဲပေါ်ကနေ ကျကွဲတာမျိုး မဟုတ်ပါဘူး။ ကျောင်းကနေ ပြန်လာတုန်းမျိုး၊ ကျူရှင်က ပြန်လာတုန်းမျိုး၊ လမ်းမှာ သူငယ်ချင်းတွေ ခြင်းခတ်နေတာ တွေ့လို့ကတော့ စက်ဘီးလေး အသာရပ်၊ စည်းထရံပေါ်ကို လွယ်အိတ်လေးချိတ်၊ မျက်မှန်ကို လွယ်အိတ်ထဲ အသာထည့် (မျက်မှန်အိတ်က ယူလာလေ့မရှိဘူး။)၊ ပြီး ခြင်းခတ်တော့တာပေါ့။ ခြင်းကစားရင်း မနိုင်မနင်းဖြစ်လို့ လက်က လွယ်အိတ်ပေါ် ထောက်လိုက်မိတာမျိုး၊ လွယ်အိတ်ကို နောက်ကျောနဲ့ ဖိမိတာမျိုးဖြစ်ရင် အထဲက မျက်မှန်ကလေးက ကွဲရှာရော။ ဘယ်ရမလဲ မျက်မှန်ကွဲတော့ မျက်မှန်ဆိုင်ပြေးတာပေါ့။ လျှပ်စစ်မီးကလည်း အမြဲလာတာမဟုတ်တော့ မျက်မှန်ဆိုင်က ကုလားကြီးဆီမှာ မျက်မှန်လေးကို ထားခဲ့ရတယ်။ နောက် သူချိန်းတဲ့ရက် မရောက်မချင်း ဒီတိုင်း နေပေတော့ပဲ။ မျက်မှန်ခဏခဏ ကွဲလွန်းလို့၊ မျက်မှန်ဆိုင်ကုလားကြီးနဲ့ ဖောက်သည်ကို ဖြစ်လို့။ အိမ်မှာ မျက်မှန်မတပ်ဘဲ ယောင်ပေပေနဲ့ နေတော့တာပဲ။ အိမ်ကလည်း သတိမထားမိတာလား၊ မပြောချင်တာလားတော့ မသိပါဘူး၊ ကိုယ်ကတော့ မျက်မှန်ခဏခဏကွဲတဲ့သူဆိုတော့ အပြောအဆိုခံရမှာ စိုးလို့ အိမ်ကို မပြောတာ။

ကျနော် မန္တလေးနည်းပညာတက္ကသိုလ်တက်တော့ ကျနော့်မှာ မျက်မှန်က တလက်တည်းတင် ရှိတာမဟုတ်တော့ပါဘူး၊ အသစ်တွေ ထပ်လုပ်ထားတော့ အပိုတွေ ရှိနေပြီ။ ညအိပ်ရင် မျက်မှန်လေးချွတ်အိပ်၊ စချင်နောက်ချင်တဲ့ သူငယ်ချင်းက မျက်မှန်လေးကို ကျနော်မသိအောင် ဖွက်၊ ကျနော်က မျက်မှန်ပျောက်လို့ဆိုပြီး စိတ်မပူပါဘူး။ သေတ္တာထဲမှာ နောက်မျက်မှန်တလက် ရှိသေးတာကိုး။ မဇနိ မျက်လုံးတွေ အောင့်တုန်းက သူ့မျက်မှန်ပါဝါနဲ့ မကိုက်တာဖြစ်မယ်ဆိုပြီး သူ့ကိုတောင် သူ့မျက်မှန် အသစ်မလုပ်ခင် စပ်ကြား မျက်မှန်ငှားထားဖူးတယ်။ ဒီတော့ မျက်မှန်ကတော့ ဖွက်ပစေပဲ။ ဖွက်ထားတဲ့ကောင်က ကျနော့်ကို အရိပ်တကြည့်ကြည် လုပ်နေတာပေါ့။ ဒီကောင်ထင်တာက ကျနော်က မျက်မှန်ပျောက်တာကို ပြာတာပြီး လိုက်ရှာမယ်လို့ ထင်နေတာ။ ကျနော်က အေးဆေးပဲ။ မျက်မှန်အပိုကိုလည်း သူတို့ သတိထားမိအောင် သေတ္တာထဲက မထုတ်ဘူး။ မျက်မှန်မပါဘဲ ကျောင်းစာသင်ခန်းကို သွား။ ဟိုရောက်တော့မှ လွယ်အိတ်ထဲ အသာထည့်လာတဲ့ မျက်မှန်ကို ထုတ်စွပ်လိုက်တော့ အေးဆေး။ ဖွက်ရတဲ့သူလည်း အောင့်သက်သက်ပေါ့။ နောက်တော့ ဖွက်ရတာ အရသာပျက်တော့ ပြန်ပေးတာပါပဲ။

မြန်မာပြည်မှာက နွေရာသီဆို မျက်မှန်တပ်ရတာ ဒုက္ခရောက်ပါတယ်။ ကျနော်က သူများထက်ပိုပြီး ဒုက္ခရောက်ပါတယ်။ ဘာလို့လဲဆိုတော့ကာ လူကဝတော့ မျက်နှာကလည်း ဖောင်းကားနေတာပေါ့။ အဲ နွေရာသီ နေကပူပူဆို၊ မျက်မှန်ကိုင်းကလည်း လိုက်ပူတာပေါ့။ သူက ပူတော့ နားထင်က အသားတွေလည်း လိုက်ပူ။ ချွေးတွေကလည်း ထွက်။ မျက်မှန်ကိုင်းက ချွေးစား။ ပြီးတော့ မျက်မှန်ကိုင်းနဲ့ထိနေတဲ့ အသားကို လွှလေးနဲ့ တိုက်နေသလား ထင်ရတယ်။ ပွတ်တိုက်နေတာလေ။ စပ်ဖျင်းဖျင်းနဲ့ အခံရ အတော်ခက်ပါတယ်။

မျက်မှန်က အမြဲတပ်နေတော့ တခါတလေ ကိုယ့်ကိုယ်ကို မျက်မှန်တပ်ထားသလား၊ မတပ်ထားသလားတောင် သတိမထားမိပါဘူး။ တခါတလေ ညဖက်တွေ စာဖတ်ရင်းနဲ့ဖြစ်ဖြစ်၊ ဗွီဒီယိုကြည့်ရင်းဖြစ်ဖြစ် မျက်မှန်မချွတ်ဘဲ အိပ်ပျော်ပျော်သွားတတ်တယ်။ နိုးလာတော့လည်း ဒီတိုင်းကြီး ထသွားပြီး မျက်နှာသစ်လိုက်မှပဲ မျက်မှန် တပ်ရပ်ကြီးမှန်း သိပြီး ချွတ်ရတတ်တယ်။ တခါတလေကျလည်း အပြင်ထွက်မယ်ဆိုရင် မျက်မှန်ရောပါရဲ့လားဆိုပြီး မျက်လုံးရှိတဲ့နေရာကို လက်နဲ့ စမ်းရပါတယ်။ မျက်မှန်ကို လက်နဲ့ထိလိုက်မှ "အော် ပါတယ်" ဆိုပြီး ဖြစ်ရတာပါ။

ကြားဖူးတာတခုကတော့ ငယ်တုန်းမှာ အဝေးမှုန်တယ်တဲ့၊ အသက်ကြီးလာတဲ့ အခါမှာတော့ အနီးမှုန်အဖြစ် ပြောင်းလဲ သွားတတ်တယ်တဲ့။ ဘဝမှာ မျက်လုံးအမြင်တွေ မရှင်းလင်းသေးသမျှတော့ မျက်မှန်တွေ အနီးကြည့်မျက်မှန်တွေ၊ အဝေးကြည့်မျက်မှန်တွေ အမျိုးမျိုးပြောင်းလဲတပ်ရမှာပါပဲ။ အဲ စိတ်အမြင်တွေကြည်လင်ဖို့ကရော ဘယ်လို မျက်မှန်တွေ တပ်ဖို့ လိုသလဲဆိုတာကိုလည်း မမေ့မလျော့ လေ့လာဖို့လိုကြောင်း သတိပေးလိုက်ပါတယ်ခင်ဗျာ။

Read more...

one million kiss

တနေ့သ၌ ကျွန်ုပ်တို့၏ ပွဲတိုင်းကျော်ဇာတ်လိုက်ကြီး ကိုဇနိနှင့်မဇနိတို့ online ပေါ်တွင် microphone နှင့်စကားပြောနေကြရာ….
မနိ။ ။ ကိုနိ ရှင် ကျွန်မကိုတကယ်ချစ်ရဲ့လား၊ ဟလိုကြားရဲ့လား။
ကိုနိ။ ။ အမ်၊ နိနိကလဲ တကယ်ချစ်တာပေါ့ကွာ။
မနိ။ ။ ဟုတ်လို့လား၊ ဟွန်း။ ကဲ ဒါဆိုပြောပါဦး ဘယ်လောက်ချစ်လဲ ကွန်မကို။
ကိုနိ။ ။ မိုးလောက်ကြီးဂျစ်၊ မြေလောက်ကြီးဂျစ်၊ ဂေါ်ဇီလာလောက်ကြီးဂျစ်၊ များကြီးများကြီးဂျစ်။
မနိ။ ။ ဟလို၊ ကိုနိကြားလား။ တဂျစ်ဂျစ်နဲ့ဘယ်လိုဖြစ်။ လိုင်းမကောင်းလို့လား။
ကိုနိ။ ။ ဟုတ်ဘူး၊ ဟုတ်ဘူး။ ဂျစ်တယ်လို့ပြောတာ။
မနိ။ ။ အော်၊ ဒါဆိုလဲပြီးရော ဟွန့်။ အနမ်းလေးတွေရောပေးချင်ရဲ့လား ပြောပါဦး။
ကိုနိ။ ။ ပေးချင်တာပေါ့၊ အရမ်းပေးချင်တယ်။
မနိ။ ။ ဒါဆို ဘယ်လောက်များများကြီး ပေးချင်လဲဟင်…။
ကိုနိ။ ။ one million လောက်ကြီးပေးချင်တာပေါ့ နိနိရယ်။
မနိ။ ။ ဒါဆို ခု phone ထဲကနေ မနားတမ်း one million kiss ပေး။
ကိုနိ။ ။ အမ်၊ ဒါ…ဒါကတော့။
မနိ။ ။ မဒါကတော့နဲ့။ ဟွန်း… ဒါတောင် :* ကို one million ရေးခိုင်းမလို့။ ရှင် copy and paste လုပ်ပြီး လူလယ်ကျမှာကျွန်မသိလို့။
နောက်ဆုံးကြားသိရသောသတင်းအတင်းများအရ၊ ကိုဇနိ၏ one million kiss mission ကြီး၊ မပြီးဆုံးသေးပဲ၊ ကစ်မြဲကစ်လျက်ရှိပါကြောင်း…

Read more...

ချွဲခြင်း အနုပညာ

>> Saturday, August 23, 2008



အချေးလစ်
မို့ကင်
အမြစ်ကြီးချား။


ဘာစာတွေပါလိမ့်လို့ တွေးနေလား။ ချစ်သူတွေ ပြောဖြစ်ကြတဲ့ စကားလိမ်တွေပါ။ ချစ်ကြလွန်းတော့ ပုံမှန်ပြောရတာနဲ့ အဆင်မပြေပါဘူး။ စကားတွေပါလိမ်ကောက် ချွဲပြစ်ပြောမှ အရသာတွေက ပိုရှိကုန်ကြတော့တာကလား။
အဓိပ္ပါယ်ကတော့
အချစ်လေး
မင့်ကို
အများကြီးချစ်။ -လို့ ပြောတာပါ။

ဘာတဲ့လဲ ယောက်ကျားလေးတွေက မိန်းကလေးတွေကို ငုံမတတ်ချစ်ကြတော့ ခေါ်လိုက်ပုံက "မောင့်ချစ်တုံးလေး"၊ "အသည်းကျော်လေး"ဆိုပြီး ခေါ်လိုက်ကြတာ၊ အဲဒီနားလေတင် ရပ်မသွားပါဘူး အရှိန်တွေပါသွားပြီး "အဆုတ်ကျော်လေး"လို့ပါ ခေါ်ကုန်တော့တာ။ ချစ်လိုက်ကြတာ အရပ်ထဲ အသားကြော် လိုက်ရောင်းနေသလားတောင် ထင်ရတယ်။ "အချုန်းတစ်"၊ "အသော်ကျဲ"၊ "ချယ်တစ်"ဆိုတာတွေလည်း ရှိပါသေးတယ်။ မိန်းကလေးလုပ်သူကလည်း အဲသလိုလေးတွေ ပြောတာကိုကြားရရင် "ခစ် ခစ် ခစ်" ဆိုပြီး ရယ်ကာ သဘောတွေ ကျနေကြတော့တာပါ။

စကားလိမ်တွေ ပြောတော့ ကျနော် ဗွီဒီယိုထဲက မြင်ကွင်းတခုကို သွားသတိရမိတယ်။ ပင်လယ်ကမ်းခြေ အုန်းပင်တွေကြားမှာ မင်းသမီးကို လူရွှင်တော် တယောက်က ရည်းစားစကား လိုက်ပြောတာပါ။ မင်းသမီးက လမ်းလျှောက်လာတာကို လူရွှင်တော်မျက်နှာရူးက နောက် ပြန်ကြီး လမ်းလျှောက်ရင်း မင်းသမီးကို ရည်းစားစကားပြောတာ။
"ပင်လယ်ကြီးက ကျယ်တယ်၊ ဒမြက လုတယ်၊ ကျယ်လု …"
"ဟာ မဟုတ်သေးပါဘူး"
"ပင်လယ်ကြီးက ကျယ်တယ်၊ ဒမြက လုတယ်၊ ကျယ်လု …" နဲ့ ထပ်လုပ်နေရင်းက နောက်ပြန်လျှောက်ရင်း အုန်းပင်ကို ဝင်တိုက်မိကာမှ "ပင်လယ်ကြီးက ကျယ်တယ်၊ ဒမြက တိုက်တယ်၊ ကျယ်တိုက်… ကြိုက်တယ်" နဲ့ လဲနေရာက ကုန်းပြီးထတော့ မင်းသမီးက မရှိတော့ပါဘူး။

ချွဲတယ်ဆိုတာ တကယ်က ချစ်သူတွေချင်း ကြားမှာမှ ရှိတာမဟုတ်ပါဘူး။ မောင်နှမ အချင်းချင်းတွေ ကြားထဲမှာသာမက၊ သား၊ သမီးနဲ့ မိဘတွေကြားမှာလည်း ရှိပါတယ်။ အဲ နောက်ဆုံး အဖေနဲ့ အမေကြားမှာလည်းရှိသလို၊ အဖေ၊အမေနဲ့ အဖိုး၊ အဖွားကြားလည်း ရှိတာပါပဲ။ ချွဲတာကလည်း လူအမျိုးမျိုးပေါ် မူတည်ပြီး ချွဲပုံခြင်းတွေကလည်း မတူကြပါဘူး။ ချွဲရတာလည်း ပျော်စရာ ကောင်းသလို၊ အချွဲခံရတာလည်း ပျော်စရာပါ။ (မတူတဲ့ မူကွဲတွေ ရှိနိုင်ပါတယ်။)

ကျနော့်အဖွားက အသက်(၆၀)နားနီး ကျနော့် အဖေကို "သား" လို့ ခေါ်ပြီး အဖေ့နာမည်ကို "ဖိုး"တပ် ခေါ်တာပါ။ အင်းပေါ့လေ သူ့သားဆိုတော့လည်း အသက်တွေ ဘယ်လောက်ကြီးကြီး သူ့အတွက်က ကျနော့်အဖေက ကလေးဖြစ်နေမှာကိုး။ ဒါလည်း ချွဲတဲတဲလေး ခေါ်တာတမျိုးလို့ ကျနော်ကတော့ ထင်တယ်။ အဖွားက မျက်စိအတော်လေး မှုန်ပါတယ်။ တရက် အဖွားက သူ့အိမ်ရှေ့မှာ မတ်တပ်လေးရပ်နေတာ၊ ကျနော့် အဖေက အဖွားအိမ် ရောက်လာတော့၊ အဖွားရှေ့ သွားပြီး မတ်တပ်ရပ်ပါတယ်။ အဖွားကလည်း ဘာမှ မပြောပါဘူး။ အဖေက "အမေ ကျနော်လာတာကို မမြင်ဘူးလား" ဆိုတော့ အဖွားက " မြင်သားပဲ၊ မင်းကမှ ငါ့ကို နှုတ်မဆတ်တာ"တဲ့။ အဖွားက သူ့သားကို ချွဲတာနေမှာပေါ့။

ပြောရင်းနဲ့ ကျနော်သတိရမိတာ တခုရှိပါတယ်။ မဇနိပါ။ သူ ရန်ကုန်ကနေ နယ်ပြောင်းတော့ ပစ္စည်းတွေကို နယ်ပို့ဖို့ အဝေးပြေးကားဂိတ်ကို သွားပို့ရပါတယ်။ တက္ကစီကို ငှားပြီး ပစ္စည်းတွေ တင်ရပါတယ်။ ပစ္စည်းတွေကများ၊ တက္ကစီက တစီးတည်းလည်း ဖြစ်နေတော့ သူမမှာ ထိုင်ရတာ အဆင်မပြေဘဲ ခြေထောက်တစ်ဖက် ခေါက်နေတာပါ။ အဝေးပြေးကားဝင်းကို ရောက်တော့ သူမက တက္ကစီပေါ်ကဆင်း၊ ခြေထောက်နာနေတော့ ကျနော့်ကို လှမ်းပြီး ငိုသံလေးနဲ့ "အီး အိ ခြေထောက်နာတယ်"ဆိုပြီး မျက်ရည်လေးတစမ်းစမ်းနဲ့ ပြောတာပါ။ ကျနော်ကလည်း ပစ္စည်းတွေတင်ရ၊ ချရတာနဲ့ အလုပ်ရှုပ်နေတော့ သူ့ကို "အေး..အေး.. ပစ္စည်းတွေ ချပြီး တန်ဆာ လုပ်လိုက်ဦးမယ်နော်။ နောက်မှ ငိုနော်။" လို့ ပြောတော့ သူမကလည်း ထွက်လာတဲ့ မျက်ရည်လေးကို အသာသုတ် "အင်း" ဆိုပြီး ကျနော် အလုပ်ပြီးသည်အထိ စောင့်ရှာပါတယ်။ သူမက ခြေထောက်နာလို့ ချွဲချင်တာကို ကျနော်အလုပ်ရှုပ်နေတော့ အလိုက်တသိနဲ့ ချွဲချိန်ပြောင်းပေးပါတယ်။ အားလုံးလုပ်ကိုင်ပြီးပြီဆိုမှ ခြေထောက်နာတာကို အစပြန်ဖော်ပြီး၊ တအီးအီးလုပ်၊ မျက်ရည်လေး စမ်းစမ်းနဲ့ ပြန်ချွဲရတာပါ။ အဲဒါကြောင့် ချွဲခြင်း အနုပညာကို တတ်ဖို့ လိုပါတယ်လို့ ပြောတာပါ။

တခါတလေကျလည်း ချွဲတယ်ဆိုတာ ချွဲလိုသူက သူချွဲချင်တဲ့သူကို မလှုပ်သာ မရှားသာ အခြေအနေထဲကို ရောက်အောင်လုပ်ပြီး ချွဲတာပါ။ မြင်သာအောင် ဥပမာပေးရမယ်ဆိုရင်တော့ ကျနော့်ရဲ့ ဇာတ်လိုက်ကျော် မဇနိနဲ့ပဲ ပေးရမှာပါပဲ။ နှစ်ယောက်သား လမ်းလျှောက်ရင်း တန်းလန်းနဲ့ လျှောက်နေတဲ့ လမ်းမပေါ်မှာ လူထူထူရှိရင် သူမက ဇာတ်လမ်းစတာပါ။ သူ့ကို လမ်းမပေါ်မှာ ပွေ့ချီရပါမယ်တဲ့။ သူက တိုးတိုးလေး လာပြောတာပါ။ ဒွတ်ခနဲ့ လှလှတွေ့တော့တာပါပဲ။ "ဟဲ့ ဘယ်လိုလုပ်ပြီး ဒီနေရာကြီးမှာ ချီလို့ရမှာလဲ" ဆိုတော့လည်း "မသိဘူး အချီခံချင်တာပဲ သိတာတဲ့"။ ကျနော်က တကယ်ပွေ့ချီမယ့် ဟန်လုပ်ရင်လည်း သူပဲ ရှေ့ဆုံးက ထွက်ပြေးမှာပါ။ ဒါပေမယ့် ကျနော်ကလည်း လမ်းမကြီးပေါ်မှာ "အေး..အေး.." ဆိုပြီး ပွေ့ချီမယ့်ဟန်ကလည်း မလုပ်ရဲပါဘူး။ ဒီတော့ သူက အချွဲနိုင် နိုင်သွားပါတယ်။ သူ့ကို မချစ်ပါဘူး၊ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အပြောခံရတော့တာပါပဲ။ အဲသလို မဟုတ်ရပါဘူး၊ ဒီလိုကြီးက အဆင်မှ မပြေတာကို၊ ဘာညာ ဘာညာ ပြန်ဖြေရှင်းရတာပါပဲ။ စိတ်တော့ ညစ်ရသလို ရှိပေမယ့် အဲသလို အချွဲခံရတာလည်း ပျော်စရာ ကောင်းပါတယ်။

ကျနော် ချွဲတာကတော့ တမျိုးပါ။ နည်းနည်းတော့ မကောင်းပါဘူး။ ဂျူးရေးတဲ့ "ကျမချစ်သော ယောက်ျားများ" ဝတ္ထုတိုထဲက အမျိုးသမီးရဲ့ ယောက္ခထီးကို အားကျတာမျိုးပါ။ အဲဒီ ယောက္ခထီး အဖိုးကြီးက အရက်သောက်ပေမယ့် မူးပြီး မရမ်းကား၊ မဆိုးပါဘူးတဲ့။ အရက်မူးနေတုန်း သူ့အဖွားကြီးကို ချွဲတာများ ဒီလိုပါ။ ငါ့မှာ အရက်သောက်ရတာ မဝပါဘူးကွယ်ဆိုပြီး မူးမူးနဲ့ ငိုပြီး ချွဲတာမျိုးပါ။ (အမှတ်မှားရင်လည်း သည်းခံကြပါ။) ကျနော်လည်း မန္တလေးကနေ ရန်ကုန်ကို ရထားစီးပြီးသွားကြတုန်းက သူငယ်ချင်း ယောက်ျားလေးတွေ၊ မိန်းကလေးတွေရှိပေမယ့်၊ မူးနေတာကြီးနဲ့ မဇနိလက်ကို ကိုင်ပြီး၊ သူ့ဘေးမှာ ဇာတ်ကြီးကျိုးကျနေတာပါ။ သူလည်း အဲဒီအထုတ်ကြီးကို ဘယ်သွားပို့ရမှန်းမသိတော့ ငြိမ်ပြီး ထိုင်နေရတာပါပဲ။ ကိုယ်ကလည်း အမူးပါးပေပဲ။ ကိုယ့်ကို နှင်မထုတ်မယ့် သူ့နားကိုပဲ သွားနေတာပေါ့။ အဲသလိုပါ။ ဟေ့ ဆာကေးသောက်ချင်တယ်ဆိုတော့လည်း သူမက ဆာကေးရတာပါပဲ။ ကျနော်က မူးနေရင် မုန်းစရာမကောင်းဘဲ ပိုပြီးတောင် ချစ်စရာကောင်းတယ်လို့ သူမစိတ်ထဲမှာ သိနေပါတယ်။ (ဟီးဟီး ကျနော့် စိတ်ထဲ ထင်တာ ပြောတာ။ တကယ်က ဟုတ်လောက်ဘူးရယ်။)

နောက်ချွဲနည်းတမျိုးက ငေါက်ချွဲပါ။ ဘဝမှာက ချို၊ ချဉ်၊ ငံ၊ စပ်၊ ဖန်၊ ခါး အရသာစုံမှ ပိုပျော်စရာ ကောင်းတာမဟုတ်လား။ အသုတ်စုံစားတာတောင် အရသာစုံစုံ စားချင်တာလေ။ ဒီတော့ အငေါက်အရသာလေးလည်း ပါရင် ဘဝမှာ ပိုပြည့်စုံမှာပေါ့နော။ အခြားလူတွေ သဘောတူချင်မှ တူပါလိမ့်မယ်။ တစ်ယောက် ငေါက်ချွဲ ချွဲနေရင် ကျန်တစ်ယောက်က ကြောက်ချင်ယောင်ချွဲ ချွဲရပါတယ်။ "အပေးအယူ လွန်ကြည်ဖြူ" ဆိုတာ နှစ်ကိုယ်တူ ဘဝမှာ အလွန်အရေးကြီးတာပါ။ တစ်ယောက်က ငေါက်နေရင် တစ်ယောက်က အသာလေးနေပေးရမယ်။ နှစ်ဖက်တင်းရင် ပြတ်သွားမယ်လေ။ ငေါက်တယ်ဆိုတာက ငေါက်ရပြီးရော မငေါက်ရပါဘူး။ ဆိုလိုတာက "နင်ကလေ တပြားလောက်တောင် မတန်အောင် အသုံးမကျတာပါလား" ဆိုရင် အငေါက်ခံရတဲ့သူကလည်း ဘယ်မှာ ခံနိုင်မလဲ။ ညင်ညင်သာသာ စကားလုံးလေးတွေ သုံးရမှာပေါ့။ "ဟဲ့ အချိုးလေးရဲ့ အဲဒါမျိုးက မလုပ်ရဘူးလေကွာ" ဆိုရင် ကျန်တစ်ယောက်ကလည်း "ဟုတ်ကဲ့ မသိလို့ပါရှင့်" ဆိုရင် ဘယ်လောက် အဆင်ပြေသလဲ။

ချွဲတယ်ဆိုတာကလည်း အနုပညာတရပ်ပါ။ အခြေအနေ၊ အချိန်အခါ၊ နေရာဒေသကို နားလည်ရသလို အပေးအယူဆိုတာရယ်၊ ချွဲခြင်း အပြင်းအပျော့၊ အဖိအဖော့ စတာတွေကို သိပြီး တတ်ကျွမ်းရပါတယ်။ ဘယ်အချိန်ပဲနေနေ၊ သူက ဘာတွေပဲ ဖြစ်နေဖြစ်နေ ငါချွဲချင် ချွဲလိုက်မှာပဲလို့ လုပ်လို့မရပါဘူး။ တစ်ယောက်ရဲ့ သိက္ခာကို စော်ကားသလို မဖြစ်အောင်လည်း ဆင်ခြင်တတ်ရပါတယ်။ အဲ အချိန်အကြာကြီးလည်း မချွဲရပါဘူး။ အမြဲဆွဲထားတဲ့ သားရေကွင်းများလို ညောင်းသွားတတ်ပါတယ်။ ထင်ရာမြင်ရာတွေကိုတော့ အတော်လေး လျောက်ပြောပြီးသွားပါပြီ။ ဘော်ဘော်တွေလည်း ချွဲခြင်းအနုပညာကို မှန်မှန်ကန်ကန်အသုံးချပြီး ဘဝမှာ ပျော်ရွှင်နိုင်ကြပါစေ။

Read more...

အလွမ်းပင်လယ်

>> Sunday, August 3, 2008



ခေါင်းစဉ်ကြည့်ပြီး “ဟာ ဘာကြီးလဲ“ ထင်ပါနဲံ့နော်။ မဇနိ အခု မျောက်မီးခဲ ကိုင်မိသလို ထိုင်မရ၊ ထမရဖြစ်နေတယ်။ အဲဒါ တရားခံက အလွမ်း။ ကိုဇနိကို လွမ်းတဲ့အလွမ်းတွေ။ အဲဒီအလွမ်းတွေက ကြာလှတော့ များနေပြီး ပင်လယ်ဖြစ်နေတော့တာ။ ဒီအလွမ်းတွေနဲ့ နေသားကျခဲ့တာ ၆ နှစ်ရှိပေါ့။ ဒါလည်း အခုထိ အသစ်ဖြစ်နေတုန်း ကိုယ့်ဟာကိုယ် ရိုက်ချင်နေတာ မရိုက်ရက်တော့လဲ ဘလော့ခ်ချရေးတာပေါ့။ ဘယ်ရမလဲ ကူလွမ်းပေးမည့်သူတွေများ ရှိမလားလို့ အဖော်ကလည်း စပ်ချင်နေတာ။ ကိုဇနိကြီး ဘယ်ရောက်လို့ လွမ်းနေသလဲဆို နွေရာသီကျောင်းပိတ်လို့ St. Petersburg ကို ခရီးထွက်တော်မူနေတယ်။


အရင်တုန်းကလည်း မြန်မာပြည်မှာ တယောက်ထဲထားသွားတာ ကြာလှပေါ့။ အင်တာနက်က သိပ်မသုံးတော့ စာတွေရေးကြတာပေါ့။ တပတ်ကို တစောင် စာပုံမှန်လာတယ်။ တစောင်ကို စာမျက်နှာ ၂၀ အနည်းဆုံးရှိတယ်။ ဘယ်တော့မှ ဖတ်ရတာ မရိုးဘူးနော။ နည်းတဲ့ စာထုပ်ကြီး မဟုတ်ဘူး။ တယောက်ထဲ ပျင်းလာရင် စာထရေးတာ။ ကြာတော့ ရှက်လာတယ်။ စစ်ကိုင်းသူက အားပေးပါတယ် “သူ့အမေ နိုင်ငံခြားရောက်နေတော့ သူ့အဖေကလည်း တပတ်ကို ၁၀ မျက်နှာလောက် ရေးတယ်" တဲ့။ ဒါနဲ့ အဖော်ရှိသဟဆိုပြီး အမြဲရေးတော့တာ။ ဖတ်လေလား မဖတ်လေလားတော့ မသိပါဘူး။ သူအလည်ပြန်လာတော့ စာထုပ်ကြီးပါလာတယ်။ အခု ပြန်သွားတော့ အဲဒီစာထုပ်ကြီး သူ့အမေ့ဆီမှာ အပ်ထားတယ်တဲ့။ သူဖတ်မဖတ်မသိပေမယ့် မဇနိကတော့ ဖတ်တယ်။ ညညဆို အဆောင်မှာ သူငယ်ချင်းတွေ စကားဝိုင်းဖွဲ့ပြောလည်း မပါဘူး။ “လက်ဖက်သုပ်လာစားအုံး" လို့ အတင်းဆွဲခေါ်မှ အမြန်သွားစားပြီး ပြန်ပြေးလာတာ။ ဘေးက အခန်းဖော် သူငယ်ချင်းက အိပ်နေလည်း ခြင်ထောင်ထဲမှာ စာခိုးခိုးဖတ်တာ။ ပလပ်စတစ်အိတ်သံထွက်ရင် အခန်းဖော်က “မီးမှိတ်တော့မယ်" လို့ အကျင့်ပုပ်တယ်။ မနက်ကျ ကျန်တဲ့သူငယ်ချင်းတွေကို လက်တို့တယ်။ နောက်ကျ လူလည်ကျတတ်သွားတာ။ ဒီည ဖတ်မယ်စိတ်ကူးထားတဲ့ စာကို စာထုပ်ထဲကနေ ထုတ်ပြီး ခေါင်းအုံးအောက်ထားတယ်။ ကျောင်းစာအုပ်အလယ်မှာ ညှပ်ပြီး ခြင်ထောင်ထဲမှာ စာဖတ်တယ်ပေါ့။ သူတို့လည်း စလို့သာ စတာပါ။ ကျောင်းပြီးလို့ အိမ်ပြန်တော့ မဇနိဆီက စာထုပ်ကြီးကို သိမ်းပေးထားရတာလည်း သူတို့ပဲ။

ကိုဇနိက လူကြုံနဲ့ cd player လေး လက်ဆောင်ပေးလိုက်တော့ သီချင်းလေးတွေလည်း ထည့်ပြီးသားပါတယ်။ စိုင်းထီးဆိုင်ရဲ့ “ရာသီပြောင်းချိန်" သီချင်းက ကိုဇနိအကြိုက်။ ဒီသီချင်းနားထောင်ရင် မဇနိကလဲ အလိုလို ငိုချင်နေတာ။ အလွမ်းတွေ အလွမ်းတွေ။ “ရွှေပင်လယ်ကြီး ကာဆီးထားလို့ …..မျှော်ရတဲ့နေ့တွေ မကုန်ဆုံးနိုင်တော့ဘူး" ဒီသီချင်းကြားလဲ ငိုချင်တာပဲ။ (၁၆)နှစ်အရွယ်တွေ သစ်ရွက်လှုပ်လည်း ရယ်ချင်ကြတယ်ဆိုသလို မဇနိလည်း အဲဒီအချိန်က ဘာသီချင်းကြားကြား အလွမ်းဆိုတာလေးပါလာရင်ကို ငိုချင်နေတာ။ တစ်ညကလည်း သီချင်းနားထောင်ရင်း လွမ်းလို့ ငိုပါလေရော။ နှပ်ချေးတွေရော မျက်ရည်တွေရော ထွက်သပေါ့။ ညနက်နေတော့ ဘယ်သူမှ သိမယ်မထင်ပါဘူးလို့နေတာ မနက်ကျတော့ အခန်းဖော်က လိုက်ဖွတယ် “ ညက မဇနိ နှပ်ချေး တယောထိုးနေတယ်"တဲ့။ ညကတော့ မလှုပ်မရှက် ခိုးနားထောင်နေပြီး လူစုံမှ လိုက်ဖွတာလေ။ “တယ်လီဖုန်း" သီချင်းကလည်း စီဒီထဲမှာပါလာတော့ ခေတ်စားနေချိန်နဲ့ သွားတိုက်ဆိုင်တယ်။ သူငယ်ချင်းတွေက ပျင်းရင် အခန်းမှာ လာစုတယ်။ သူတို့အကြိုက်က တယ်လီဖုန်း သီချင်း။ “ရာသီပြောင်းချိန်" ကလွဲရင် ကျန်တာ အားလုံးကြိုက်တယ်ဆိုပြီး အဲဒီသီချင်းကို ကျော်ဖွင့်ကြတာ။ ၀ိုင်းပြီး အကျင့်ပုပ်ကြတာ။ ဘယ်ရမလဲ ဒီကလဲ သူတို့ ကိုရီးယားကား သွားကြည့်နေတုန်း ဒီသူချင်းကို repeat နဲ့ ဘယ်နှခါမှန်းမသိ ပိနေလိုက်တာပေါ့။ ဒါတောင် အခန်းဖော်က ဗိုက်ဆာလို့ မုန့်လာစားရင် အတင်းပိတ်သွားတာ ခံရသေးတယ်။ အဲဒီအချိန်တုန်းက သူတို့က မလွမ်းတတ်ဘူး။ ကိုယ်ချင်းလည်း မစာနာကြဘူး။ အခုတော့ သူတို့လည်း ကိုယ်စီကိုယ်စီ ကိုယ်တောင် လိုက်မမှီချင်တော့ဘူး။

ခဏအလည်ပြန်လာမယ်ဆိုတော့လည်း သွားကြိုဖို့အရေး အိပ်လို့တောင် မပျော်ပါဘူး။ ဒါနဲ့ ၆ လလောက် ပြန်တွေ့ရတယ် ဆိုပါတော့။ ဒါတောင် ကောင်းကောင်းမပျော်ရဘူး။ အိမ်ကို သင်္ကြန်ပြန်ပြီး ရန်ကုန်ပြန်လာတော့ သူ့ညီမလေးနဲ့ ကားက အတူတူ စီးရတယ်။ အကိုတွေကို နှမြောတတ်တော့ သူ့ညီမ သ၀န်တိုပြီပေါ့။ ကိုဇနိကြီးလဲ ဗျာများနေရတယ်။ ကားပေါ်မှာ ဘယ်သူနဲ့အတူထိုင်မလဲက အဓီက ပြသာနာ။ မဇနိကလဲ “လာအတူတူထိုင်ပါ" လို့ မခေါ်ပါဘူး။ ဒါပေမယ့် လာမထိုင်ရင်တော့ စိတ်ကောက်မယ်ဆိုတာ စိတ်ကူးပြီးသား။ သူကလည်း ဒါကို သိတယ်။ ချစ်လို့ရယ်တော့ ဟုတ်မထင်ပါဘူး။ စိတ်ကောက်မှာကြောက်တော့ အနားလာထိုင်တာပေါ့။ သူ့ညီမဆိုတာ ပြောမနေနဲ့ တလမ်းလုံး စိတ်ကောက်လာတာ ဘာမှကျွေးလို့ မရဘူး။ သူ့ညီမကလည်း သူမရှိရင် မဇနိဆီ အလည်လာတယ်။ ချစ်လည်း ချစ်ပါတယ်။ သူ့ရှေ့မှာ နှစ်ယောက်အတူတွေ့ရင်တော့ စိတ်ကောက်ချင်တယ်။ ပြန်တွေးကြည့်တော့လဲ အဟုတ်။ ကိုဇနိကလည်း သူ့ညီမအနား မသွားဘူးဆိုတော့ ကောက်ပေမပေါ့။ ကျွန်မနားမှာ လာနေတယ်သာ ပြောရတာ တကယ်က ည (၁၀) နာရီလောက်ရှိသေးတယ် “ခေါ ခလူး“ ချနေလို့။ ကျွန်မနဲ့ ဘာမှမဆိုင်သလို ခပ်ခွာခွာထိုင်ထားလိုက်တယ်။ ဟား ဟား။ ဘယ်ရမှာတုန်း အစောက စကားတွေ တွတ်ထိုးနေတာ မသိဘဲရှိပါ့မလားနော်။

မဇနိက ဒီကျောင်းလာတက်တော့ ပိုဆိုးတာပေါ့။ မြန်မာသူငယ်ချင်းလဲ မရှိ။ တယောက်ထဲနေရတော့ သူ့ကို ပိုတွယ်ကပ်နေတာ။ မနက်ကျောင်းသွားရင် သူနှိုးမှ အိပ်ယာက ထတယ်။ သူများလို လူအနားရှိလို့ နှိုးတာ ဟုတ်ပါဘူး။ ဖုန်းမက်ဆေ့ခ်ျလေးပို့တာပါ။ ဒီလိုနဲ့ "ကျောင်းသွားတော့" "ကျောင်းပြန်လာပြီလား"ဆိုတဲ့ မက်ဆေ့ခ်ျတွေကြားမှာ ပုံမှန်ပျော်တတ်လာတယ်။ သူငယ်ချင်းတွေနဲ့လည်း စကားသိပ်မပြောဖြစ်တော့ပါဘူး။ အဲ ညညဆို သူက အွန်းလိုင်းကနေ သိပ်တတ်တယ်။ “အိပ် အိပ်" ဆိုပြီး မဇနိအိပ်ပျော်အောင်စောင့်ပြီးမှ ကွန်ပြူတာပိတ်ပေးပါတယ်။ ဒါပေမယ့် “အိပ် အိပ်" လို့သာပြောတာ ခဏနေရင် သူ့ဟာသူ “ခေါ ခလူး" အရင် လုပ်သွားတတ်တာလည်း သည်းခံရတယ်။ တခုခုဆို အပြင်သွားမယ်ဆိုရင် မနည်းစဉ်းစားရတယ်။ နောက်ဆံတင်းနေတာပေါ့။ ကိုယ်သွားရင် သူလည်း ပျင်းနေမယ်ဆိုတာသိတော့ မသွားဖြစ်တာများပါတယ်။ ပြီးခဲ့တဲ့နှစ်က ၅ ရက်လောက် ခရီးသွားလိုက်တယ် သူလဲ မျောက်မီးခဲကိုင်မိနေတယ်တဲ့။ laptop လေးယူသွားလို့ပြောတာလဲ မဇနိက ပဲများချင်တော့ လေးမှာကြောက်လို့ မသယ်ဘူး။ ဒါနဲ့ သူလည်း အလွမ်းပင်လယ်မှာ လက်ပစ်ကူးလိုက်ရသေးတယ်။ အခုတော့ မဇနိ အလှည့်ရောက်လာပြီ။ ဒီခရီးကို မသွားခင်ကတည်းက ဂျီကျနေတာ။ သူလည်း တနေရာရာသွားမယ်ဆိုရင် မဇနိကို သနားလို့ မသွားတာနဲ့ ဘယ်မှကို သိပ်အပြင်မထွက်ပါဘူး။ အခုနွေရာသီတော့ အဲဒီမြို့ကို သွားချင်တယ်ဆိုလာတယ်။ အစက ဂျီကျနေပေမယ့် နောက်တော့လည်း သနားလို့ အသွားခိုင်းလိုက်တယ်။ အဲတော့ မျောက်မီးခဲ ကိုင်မိသလို ဖြစ်တာပေါ့။ ကျောင်းက ပြန်လာလည်း ကွန်ပြူတာ ဖွင့်ရမှာလား၊ ဘာလုပ်ရမှာလဲဆိုပြီး လူကလည်း ယောင်တိယောင်ချာကြီး ဖြစ်နေတော့တာ။

ဖုန်းခေါ်တော့လည်း သူ့ဖုန်းက အဲဒီမြို့မှာ အလုပ်မလုပ်ဘူးတဲ့။ သူငယ်ချင်းဖုန်းက ခေါ်လို့ရလို့တော့ စကားပြောရပါတယ်။ မသွားခင်မှာခဲ့သေးတယ် “ဘလော့ခ်မှာ ရှယ်ယာလေးတွေ လုပ်ထားပေးနော်”တဲ့။ “ပို့စ်လည်း ရေးထားနော်“ တဲ့။ သူ့ဘလော့ဂ်တော့ အတော်သံယောဇဉ်ကြီးတယ်။ ကျွန်မထင်ပါတယ် သူလည်း လွမ်းနေလိမ့်မယ်။ အလွမ်းပင်လယ်ထဲ လက်ပစ်ကူးနေမယ်လို့။ ကျွန်မကိုတော့ မဟုတ်ဘူးနော် သူ့ဘလော့ဂ်လေးကိုပါ။ ကျွန်မကတော့ လွမ်းနေမှာပါ။ အလွမ်းတွေနဲ့ နေသားကျနေပြီဆိုတော့ သူပြန်မလာခင်တော့ အလွမ်းပင်လယ်မှာ မြောနေလိုက်အုံးမယ်။
“ရင်မှာလွမ်းရင် မျှော်တိုင်းမြင်လွန်းလို့
လက်ညှိုးညွှန်ရာ ကိုဇနိဖြစ်ပါစေသား
အရှင်ဘုရား“။

မဇနိ

Read more...

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP