ကျွန်တော်နှင့်ပန်းသီးရာဇ၀င်

>> Monday, May 21, 2007



ပန်းသီးဆိုတာတော့ ကောင်းကောင်းမစားခဲ့ဖူးပါဘူး။ ကျွန်တော်တို့အရပ်မှာက ပန်းသီးရှားတယ်လေ။ ဒီရောက်တော့ ပန်းသီးပင်တွေပေါတာတွေ့တော့ အရမ်းဝမ်းသာမိတယ်။ ကိုယ်နဲ့လက်လှမ်းမမှီခဲ့တဲ့ အရာတစ်ခု ကိုယ့်လက်တစ်ကမ်းမှာ ရှိနေလို့ ပျော်ရွှင်တဲ့ ခံစားမှုမျိုးပေါ့။ ဒီမှာကတော့ ကျွန်တော် သတိထားမိသလောက် ပန်းသီးပင်တွေ အတော်ပေါတယ်။ အစကတော့ ပန်းသီးဆိုရင် အချိုပဲရှိတာလို့ ထင်ခဲ့တာ။ ဒီရောက်မှ ပန်းသီးဆိုတာ ချဉ်တာလဲရှိပါလားဆိုတာ သိလာရတယ်။ ရုရှားတွေ အနားယူလေ့ရှိတဲ့ ဒါချာလို့ခေါ်တဲ့ အိမ်လေးတွေဆီရောက်တော့လဲ ပန်းသီးပင်တွေက ရှိနေပြန်ရော။ ပန်းသီးပုံနဲ့ပါတ်သက်လို့ အကြိုက်ဆုံးကတော့ apple computer မှာပါတဲ့ ဒီဇိုင်းလေးပဲ။ နှုတ်ခမ်းလှတဲ့ ကောင်မလေးတစ်ယောက်ကို ကိုက်ခိုင်းပြီး ဆွဲထားသလားမသိဘူး။ အတော်ဆွဲဆောင်မှုရှိတယ်။ ကျောင်းမှာတုန်းကတော့ သူငယ်ချင်းတွေစုပြီး ကဗျာထုတ်ကြတော့ သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာမှာ နောက်ခံ ခဲသားပန်းချီလေးထည့်ဖို့ ပန်းချီတော်တဲ့ သူငယ်ချင်းတစ်ယောက်ကဆွဲပေးဖူးတာ သတိရတယ်။ အဲဒီပုံလေးကို ပေါ်အောင်တော့ ပြန်မရေးနိုင်တော့ဖူး။ မှတ်မိသလောက်ဆိုရင်တော့ နှုတ်ခမ်းဖူးဖူးလေးနဲ့ ကောင်မလေးတစ်ယောက်က ပန်းသီးလေးကို အသာကိုက်နေတဲ့ပုံ။ ကောင်မလေးရဲ့ နှုတ်ခမ်းဖူးဖူးနီနီလေးက ပန်းသီးရဲ့ အပေါ်ယံ အခွံရောင်နဲ့သွားဟပ်နေတယ်။ အဲဒီပုံကိုကြည့်တုန်းကဆို ကောင်မလေးကိုက်လိုက်တဲ့ ‘ဂွပ်’ ဆိုတဲ့အသံလေးတောင် ကြားမိလိုက်သလိုပဲ။ ဒါတောင် အဲဒီတုန်းကဆွဲတဲ့ သူငယ်ချင်းက ရည်းစားမရှိသေးဘူး။ ခုတော့လဲ စွံနေရောပေါ့။
ဒီနှစ်တော့ ပန်းသီးပင်တွေ အပွင့်တွေလှိုင်လှိုင်ပွင့်ကြတယ်။ ရာသီဥတု အပြောင်းအလဲကြောင့်လားတော့မသိဘူး။ ကျွန်တော်သတိထားမိသလောက် အဲဒီလောက် တစ်ခါမှ မပွင့်ဖူးဘူး။ မနေ့ညက ဆရာဇနိက သူတင်ထားတဲ့ ပုံလေးပြတယ်။ အစကမသိဘူး၊ တော်တော်လှတဲ့ အပင်တစ်ပင်လို့ပဲ သိလိုက်တာ။ သူပြောမှ ပန်းသီးပင်ဆိုတာသိတယ်။ တော်တော်လှတဲ့ပုံပဲ။
မောင်ဖြူ

Read more...

ပန်းတွေနဲ့ဝေ

>> Sunday, May 20, 2007

ပန်းတွေနဲ့ဝေ

ပြောရရင်တော့ ကျွန်တော်က ပန်းတွေအကြောင်းကို သိပ်သိလှတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပန်းတွေက လှနေရင်တော့ လှနေတယ်လို့ သိရုံမကပါဘူး၊ ခံလည်းခံစားတတ်ပါတယ်။ ကိုယ်က ကြည်နူးမှုကို ခံစားရတော့ သူငယ်ချင်းတွေကိုလည်း ကြည်နူးမှုကို ရစေချင်ပါတယ်။ မော်စကိုအကြောင်းကို ဒီဘလော့(ဂ်)မှာ ဖတ်ချင်တယ်လို့ ပြောတဲ့ visitor ရဲ့ဆန္ဒကိုလည်း ဒီပန်းတွေနဲ့ ဖြည့်စည်းပေးချင်လို့ပါ။ ကဲ ပန်းခြံထဲကို ကျွန်တော်နဲ့အတူ လိုက်ခဲ့ပေတော့။
ပန်းခြံကတော့ ကာလိုမန်ပန်းခြံပါ။ ကာလိုမန် မြေအောက်ဘူတာနားမှာပဲရှိတာပါ။
ပန်းခြံက မော်စကို မြစ်ကမ်းဘေးတလျှောက်မှာ တည်ရှိနေတာရယ်၊ ပန်းသီးခင်းတွေရှိနေတာရယ်၊ ပြီးတော့ ရှေးဟောင်းအဆောက်အဦးတို့၊ ရှေးဘုရားရှိခိုးကျောင်းတို့ကလည်းရှိနေတော့ လှည့်ပြီးကြည့်စရာတွေလဲ ပေါသပေါ့လေ။ ပန်းသီးခင်းကြီးရယ်၊ မြစ်ကမ်းဘေးမှာ လေဟုန်စီးနေတဲ့ မြင်ကွင်းရယ်ကို ကြည့်ပြီးတော့ ပျော်ရွှင်ကြည်းနူးကြပါဦး။


ဆောင်းရာသီမှာဆိုရင်တော့ ပန်းခြံကြီးက နှင်းတွေနဲ့ ဖွေးနေပြီးတော့ အပင်ကြီးတွေကလည်း အရိုးပြိုင်းပြိုင်းနဲ့ ကြည့်ရ မြင်ရတာ ကြည်းနူးစရာ မကောင်းဘဲနဲ့ အေးစက်စက်နဲ့ ရင်ထဲမှာ ခြောက်တောက်တောက် ဖြစ်နေတတ်ပါတယ်။ အခုလို နွေးဦးပေါက်ရာသီမှာတော့ ပန်းတွေကလည်း မိမိတို့ရဲ့အလှတွေကို အားတွေမာန်တွေနဲ့ အပြိုင်အဆိုင် လှစ်ဟပြသနေကြပါတယ်။ အခု ဒီပန်းတွေကတော့ ကျုးလစ်ပန်းတွေပါ။ ခံစားသာကြည့်ပါတော့။


Read more...

အလောင်းအစား(ချက်ဟော့(ဗ်))

>> Saturday, May 12, 2007

အလောင်းအစား


အန်တွန် ပါဗလိုဗစ်(ခ်ျ) ချက်ဟော့(ဗ်)


ဇနိမြန်မာပြန်သည်။


(၁)
မှောင်မည်းနေသော ဆောင်းဦးညတစ်ညတွင် အသက်ကြီးကြီး ဘဏ်သူဌေးကြီးသည် မိမိ၏အခန်းတွင်းတွင် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ရင်း လွန်ခဲ့သော နှစ်ငါးဆယ်က ဆောင်းဦးပေါက်ကာလ ညနေခင်းဧည့်ခံပွဲတစ်ခု ကျင်းပပေးခဲ့သည်ကို ပြန်လည်သတိရနေလေသည်။ ယင်းညနေခင်းဧည့်ခံပွဲသို့ ဂုဏ်သရေရှိဧည့်သည်များစွာ တက်ရောက်ခဲ့ပြီး၊ အလွန်စိတ်ဝင်းစားစရာကောင်းသည့်အကြောင်းအရာများကို ပြောဆိုခဲ့ကြလေသည်။ သေဒဏ်ပေးခြင်းအကြောင်းကိုလည်း ပြောဆိုဆွေးနွေးခဲ့ကြသည်။ ဧည့်သည်များထဲမှ သိပ္ပံပညာရှင်များ၊ သတင်းစာဆရာများသည် သေဒဏ်ပေးခြင်းကို လွန်စွာမနှစ်မြို့ကြချေ။ ၄င်းပုဂ္ဂိုလ်များက ယင်းကဲ့သို့အပြစ်ဒဏ်ပေးခြင်းသည် ရှေးကျသော၊ ခရစ်ယာန်နိုင်ငံများအတွက် မဆီလျော်သော၊ ဆိုးဝါးလွန်းသော အခြင်းအရာတစ်ခုအဖြစ် ပြောဆိုကြလေသည်။ သေဒဏ်အစား တသက်တာထောင်ဒဏ်အဖြစ်သို့ နေရာတိုင်းတွေပြောင်းလဲသင့်ကြောင်း ထင်မြင်ချက်ပေးကြလေသည်။
- ကျုပ်သဘောမတူဘူးဗျာ။ - အိမ်ရှင်ဘဏ်သူဌေးက ပြော၏။ - ကျုပ်အနေနဲ့က သေဒဏ်ကိုရော၊ တသက်တာထောင်ဒဏ်ကိုရော မခံစားဖူးပါဘူး။ ဒါပေမယ့် ကျုပ်အမြင်ကတော့ သေဒဏ်ပေးတာက ပိုသိက္ခာရှိပြီး၊ လူပိုဆန်တယ်ထင်တာပဲဗျ။ သေဒဏ်ပေးလိုက်တယ်ဆိုတာက ချက်ချင်းသတ်လိုက်တာဗျာ၊ တသတ်တာထောင်ဒဏ်က တဖြေးဖြေးနဲ့ မျှင်းပြီးသတ်တာပဲဗျ။ ကိုင်း ဘယ်ဟာက လူပိုဆန်သလဲဗျာ။ မိနစ်ပိုင်းလေးအတွင်းသတ်တာနဲ့ တစ်ဘ၀လုံးတဖြေးဖြေးခြင်း သတ်တာက ကွာတယ်ဗျ။
နှစ်ခုလုံးကတော့ မကောင်းတာတော့တူသဗျ။ - ဧည့်သည်တစ်ယောက်က ၀င်ပြောသည်။ နောက်ဆုံးကျတော့လည်း လူတစ်ယောက်ရဲ့အသက်ကို သတ်တာပဲဗျ။ နိုင်ငံတော်ဆိုတာ ဘုရားသခင်မှ မဟုတ်တာ။ ပြန်လိုချင်ရင် မရနိုင်တဲ့ အသက်တစ်ချောင်းကို အဆုံးစီရင်ဖို့ သူ့မှာ လုပ်ပိုင်ခွင့် မရှိဘူးလေ။
ဧည့်သည်များထဲတွင် အသက်အစိတ်ခန့်ရှိသော ရှေ့နေလူငယ်လေးတစ်ဦးလည်း ရှိ၏။ သူ၏အမြင်ကို ၀ိုင်းမေးကြသောအခါ သူက - သေဒဏ်နဲ့တသက်တာထောင်ဒဏ်က နှစ်ခုလုံး မကောင်းတာတော့တူပါတယ်။ အကယ်၍ နှစ်ခုထဲက တစ်ခုကိုရွေးပါဆိုရင်တော့ ဒုတိယ ဟာကိုရွေးပါ့မယ်။ ဘယ်လိုမှ မနေရတာနဲ့ စာရင်တော့ ဘယ်လိုလေးပဲဖြစ်ဖြစ် အသက်ရှင်ရတာကပိုကောင်းပါတယ်။
အငြင်းအခုံသည်လည်း ပိုမိုအသက်ဝင်လာသည်။ ထိုစဉ်အခါက ဘဏ်သူဌေးသည် အရွယ်ကလည်းငယ်သေး၊ စိတ်ကလည်းအလွန်ဆတ်သောကြောင့် ဒေါသကိုမထိန်းနိုင်ဘဲ၊ စားပွဲခုံအား လက်ဖြင့်ရိုက်လိုက်ပြီး လူငယ်ဘက်သို့လှည့်ကာ အော်လိုက်လေသည်။
- မမှန်ဘူးကွ။ ငွေနှစ်သန်း အလောင်းအစားလုပ်မယ်ကွာ၊ မင်း အချုပ်ခန်းထဲမှာ ငါးနှစ်တောင်မနေနိုင်ပါဘူးကွာ။
- ခင်ဗျားတကယ်ပြောနေတယ်ဆိုရင်တော့ လောင်းမယ်ဗျာ။ ငါးနှစ်မဟုတ်ဘူး။ ဆယ့်ငါးနှစ်နေမယ်။ - ရှေ့နေကလေးမှ သူ့အား ပြန်ပြောသည်။
- ဆယ့်ငါးနှစ်။ သဘောတူတယ်။ လူကြီးမင်းတို့ ကျွန်တော် ငွေနှစ်သန်းနဲ့ လောင်းတယ်ဗျာ။ - ဘဏ်သူဌေးက အော်ပြောသည်။
- သဘောတူပါတယ်။ ခင်ဗျားက ငွေကြေးကိုတင်လောင်းတာပေါ့။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ လွတ်လပ်မှုကို လောင်းကြေးတင်တာပေါ့ဗျာ။ - ရှေ့နေလေးမှ ပြောသည်။
အလွန်ရက်စက်ကြမ်းကြုတ်သော၊ အဓိပ္ပာယ်မရှိသော အလောင်းအစားတစ်ခု ဖြစ်သွားခဲ့လေသည်။ ထိုငယ်ရွယ်စဉ်က ငွေရှိန်ကြေးရှိန်ဖြင့် ပျက်ဆီးနေသော၊ အလေးအနက်စဉ်းစားဆင်ခြင် ခြင်းမရှိလှသော ဘဏ်သူဌေးသည် အလောင်းအစားပြုလုပ်ရသေးကြောင့် ၀မ်းသာလျက်ရှိနေလေသည်။ ညစာစားချိန်တွင်လည်း ရှေ့နေလေးအား လှောင်ပြောင်၍ ပြောဆိုလေသည်။
- နောက်မကျခင် ထပ်စဉ်းစားပါဦး ရှေ့နေလေးရဲ့။ ကျုပ်အတွက်က ပိုက်ဆံနှစ်သန်းဆိုတာ ဘာမှ မဖြစ်လောက်ပေမယ့်၊ မင်းအတွက်ကျတော့ လူဘ၀ရဲ့ အကောင်းဆုံးသုံးလေးနှစ် ဆုံးရှုံးသွားမှာနော်။ သုံးလေးနှစ်လို့ ပြောတာက မင်းလည်းဒီထက် ပိုပြီး နေနိုင်မှာ မဟုတ်လို့။ ကိုယ့်ဆန္ဒနဲ့ကိုယ် အချုပ်ခန်းထဲနေရတာက၊ ထောင်ကျလို့ မဖြစ်မနေအချုပ်ခံရတာထက်ပိုပြီး ဒုက္ခကြီးတယ်နော်။ ငါဆန္ဒရှိရင် ဘယ်အချိန်မှာပဲဖြစ်ဖြစ် အချုပ်ထဲကနေပြီး ထွက်လို့ရတယ်ဆိုတဲ့ အသိက မင်းအချုပ်ထဲနေတဲ့ကာလ တလျှောက်လုံး မင်းကိုနှိပ်စက်နေမှာ။ မင်းအတွက် ငါ တကယ့်ကို စိတ်မကောင်းပါဘူးကွာ။
ယခုအချိန်တွင် ဘဏ်သူဌေးသည် ဟိုမှဒီ လျှောက်နေရင်း ထိုစဉ်အခါမှ အကြောင်းအရာများကိုသတိရနေကာ မိမိကိုယ်ကို ပြန်လည်မေးခွန်းထုတ်မိလေသည်။
- ဘာ့အတွက်လဲ ဒီအလောင်းအစားက။ ရှေ့နေလေးမှာ ဘ၀မှာ ဆယ့်ငါးနှစ်ဆုံးရှုံးရတယ်၊ ငါ့မှာလည်း ပိုက်ဆံ နှစ်သန်း အလကားဖြစ်ရတဲ့ အတွက် ဘာများ အကျိုးရှိလို့လဲ။ ဒီလိုလုပ်တာနဲ့ပဲ သေဒဏ်က တသက်တာထောင်ဒဏ်ထက်ပိုကောင်းပါတယ် ပိုဆိုးတယ်လို့ လူတွေကို သက်သေပြလို့ရလို့လား။ မဟုတ်သေးဘူး၊ မဟုတ်သေးဘူး။ အနှစ်သာရမရှိ၊အဓိပ္ပာယ်မရှိတဲ့ အလုပ်တွေပဲ။ ငါ့နေနဲ့ဆိုရင်လည်း စိတ်အာသာပြေလုပ်သလို၊ ရှေ့နေလေးကြတော့လည်း ငွေကိုမက်တဲ့ လောဘ။
ထိုနောက် သူသည် ယင်းညနေခင်းဧည့်ခံပွဲအပြီးအကြောင်းအရာများကို ပြန်လည်သတိရနေလေသည်။ ရှေ့နေလေးသည် ဘဏ်သူဌေး၏ ပန်းခြံအတွင်းတွင်ရှိသော အိမ်ဆွယ်တစ်ခုတွင် အလွန်တင်းကျပ်သော စည်းကမ်းများဖြင့်အချုပ်ခံရပါမည်ဟု ဆုံးဖြတ်လေသည်။ ဆယ့်ငါးနှစ် အချုပ်နှောင်ကာလတွင် ရှေ့နေလေးသည် အချုပ်ခန်း၏နယ်နိမိတ်မှလုံးဝမကျော်ရ၊ သက်ရှိလူများကို မတွေ့မြင်ရ၊ လူသံသူသံအား အကြားမခံရ၊ စာ၊သတင်းစာများမရရှိစေရ ဟူသောစည်းကမ်းများကို သဘောတူရလေသည်။ ဂီတပစ္စည်းများရရှိခွင့်၊ စာအုပ်များဖတ်ခွင့်၊ စာရေးသားခွင့်၊ ၀ိုင်သောက်ခွင့်နှင့် ဆေးလိပ်သောက်ခွင့် စသော အခွင့်အရေးများကား ရရှိမည်ဖြစ်သည်။ အပြင်ကမ္ဘာနှင့်ဆက်သွယ်ရန်အတွက် အသေအချာတပ်ဆင်ထားသော ပြတင်းပေါက်မှတဆင့် သူသည် စကားမပြောရဘဲ အခြေအနေအရ ဆက်သွယ်ခွင့်ပြုသည်။ စာအုပ်များ၊ ဂီတသင်္ဂေတစာအုပ်များ၊ ၀ိုင် စသောလိုအပ်သည့်ပစ္စည်းများကို စာရေးကာ ယင်းပြတင်းပေါက်လေးမှတဆင့်သာ ရယူနိုင်လေသည်။ သဘောတူညီချက်အရ တစ်ယောက်တည်းချုပ်နှောင်ထားရန် အသေးအမွှားမှစ၍ လိုအပ်သည်များကို အသေအချာဖြည့်ဆည်းလုပ်ဆောင်ကာ ၁၈၇၀ ခုနှစ်၊နိုဝင်ဘာလ ၁၄ ရက်၊ ၁၂ နာရီမှစကာ ၁၈၈၅ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်၊ ၁၂ နာရီထိ ၁၅နှစ်တိတိ ရှေ့နေလေးအား ချုပ်နှောင်မည်ဖြစ်သည်။ အကယ်၍ သတ်မှတ်ချုပ်နှောင်ကာလထက် တစ်မိနစ်၊နှစ်မိနစ်လေးပင်ဖြစ်စေကာမှု ရှေ့နေလေးမှ စည်းကမ်းဖောက်ဖျက်ပါက ဘဏ်သူဌေးအား ပိုက်ဆံနှစ်သန်း လျော်ကြေးပေးရခြင်းမှ ကင်းလွတ်ပေးရမည်ဖြစ်သည်။
အချုပ်နှောင်ခံ ပထမနှစ်တွင် ရှေ့နေလေးအား သူ၏စာအတိုများကိုကြည့်၍ဆုံးဖြတ်ရလျှင် အထီးကျန်ခြင်းနှင့် ပျင်းရိခြင်းဒဏ်ကို အလူးအလိမ့်ခံစားနေရသည်။ နေ့ရော ညပါ သူ၏အချုပ်ခန်းဆီမှ စန္ဒရားသံကို ကြားရလေသည်။ ဆေးလိပ်နှင့်ဝိုင်ကိုလည်းမတောင်းဆိုပေ။ ၀ိုင်သည် ဆန္ဒကို အားပေးအားမြှောက်ပြု၍ ဆန္ဒသည်ထောင်သားတစ်ယောက်အတွက် ပထမဆုံးသော ရန်သူဖြစ်လေသည်။ ၀ိုင်ကောင်းကောင်းကိုသောက်ပြီး မည်သူနှင့်မှ မတွေ့ရခြင်းလောက် ပျင်းစရာကောင်းခြင်းသည် မရှိ။ ဆေးလိပ်သည် သူ၏အခန်းအတွင်း လေကိုမသန့်မစင်ဖြစ်စေသည်။ ပထမနှစ်တွင် ရှေ့နေလေးဆီသို့  ရှုပ်ထွေးသော၊ အချစ်ဇာတ်လမ်းပါသော ၀တ္ထုများ၊ မှုခင်းဝတ္ထုများ၊ စိတ်ကူးယဉ်ပျော်ရွှင်ဖွယ်ဇာတ်လမ်းများကဲ့သို့သော ပေါ့ပေါ့ပါးပါးရေးထားသောစာအုပ်များကိုသာ အဓိကအားဖြင့် ပို့ပေးရလေသည်။
ဒုတိယနှစ်တွင် အချုပ်ဆောင်ဘက်မှ ဂီတသံတို့ဆိတ်ငြိမ်သွားလေသည်။ ရှေ့နေလေးသည် ဂန္ထ၀င်စာပေများကိုသာ စာတိုလေးများဖြင့်တောင်းဆိုတော့သည်။ ငါးနှစ်မြောက်တွင် ဂီတသံများပြန်လည်ကြားရပြီး အကျဉ်းစံသည် ၀ိုင်အားတောင်းဆိုသည်။ အကျဉ်းစံသည် တစ်နှစ်လုံး စားလိုက်၊ သောက်လိုက်၊ အိပ်ရာထဲတွင်ဝင်လှဲနေလိုက်၊ မကြာခဏ သန်းဝေလိုက်၊ ဒေါသတကြီးဖြင့်တစ်ယောက်တည်းစကားပြောလိုက်သာလုပ်နေသည်ဟု အချုပ်ခန်းပြတင်းပေါက်လေးမှ သူ့အားစောင့်ကြည့်သူများမှပြောသည်။ စာအုပ်များကိုလည်းမဖတ်ပေ။ တရံအခါတွင် ညအချိန်၌ ကြာရှည်စွာ စာထိုင်ရေးနေတတ်ပြီး နံနက်ခင်းရောက်လျှင် ရေးထားသမျှစာကို အပိုင်းပိုင်းဖြစ်အောင်ဆုတ်ဖြဲပစ်တတ်သည်။ ငိုကြွေးသော အသံကိုတော့ တစ်ကြိမ်တစ်ခါမှ မကြားရချေ။
ငါးနှစ်ခွဲနောက်ပိုင်းတွင် အကျဉ်းစံသည် ဘာသာစကားများ၊ အတွေးအခေါ်စာပေများ၊ သမိုင်းစာပေများကို အူလိုက် သည်းလိုက်လေ့လာသည်။ သူသည် ထိုသိပ္ပံပညာရပ်များဖြင့်သာ အလုပ်ရှုပ်နေပြီး၊ ဘဏ်သူဌေးသည်လည်း သူ့အတွက်စာအုပ်များကို ခက်ခက်ခဲခဲ မှာယူပေးရလေသည်။ လေးနှစ်အတွင်းတွင် ရှေ့နေလေး၏တောင်းဆိုချက်အရ စာအုပ်အတွဲပေါင်းခြောက်ရာခန့်မှာယူပေးရလေသည်။ ယင်း စိတ်အားထက်သန်စွာ စာဖတ်နေချိန်တွင် ဘဏ်သူဌေးသည် သူ၏ အကျဉ်းစံထံမှ စာတစ်စောင်ရလေသည်။
- ချစ်ခင်ရပါသော ကျွန်ုပ်၏ထောင်ပိုင်ကြီးခင်ဗျာ။ ထိုစာကြောင်းများကို ဘာသာစကား ခြောက်မျိုးဖြင့်ရေးပါသည်။ ကျွမ်းကျင်သူများအား ထိုစာများကိုပြပါ။ အသေအချာ ဖတ်ပါစေ။ အကယ်၍ သူတို့သည် ယင်းစာများထဲမှ အမှားတစ်ခုခု မတွေ့ခဲ့လျှင် ပန်းခြံထဲတွင် သေနတ်ဖြင့် ပစ်၍ အချက်ပြပေးရန် လူကြီးမင်းအား တောင်းဆိုပါသည်။ သေနတ်သံသည် ကျွန်ုပ်၏ အားထုတ်မှုများသည် အလဟသမဖြစ်ဟု ကျွန်ုပ်အားသိစေပါလိမ့်မည်။ ရာစုနှစ်အဆက်ဆက်၊နိုင်ငံအသီးသီးမှ ပါရမီရှင်တို့သည် ဘာသာစကားပေါင်းစုံဖြင့်ပြောဆိုကြပါသည်။ သို့သော် ၄င်းသူများအား တွန်းအားပေးသော တစ်ခုတည်းသော မီးတောက်ကလေးရှိပါသည်။ အလွန်ပင်ပျော်ရွင်ဖွယ်ကောင်းခြင်းများက ကျွန်ုပ်အားတွန်းအားပေးကာ၊ ယင်းအကြောင်းများကြောင့်ပင် ၄င်းစာများကို ကျွန်ုပ်နားလည်လာသည်ကိုသင်သိပါလိမ့်မည်။ - အကျဉ်းစံ၏ ဆန္ဒသည် ပြည့်ဝသွားလေသည်။ ဘဏ်သူဌေးသည် ပန်းခြံထဲတွင် သေနတ်သံနှစ်ကြိမ်ပေးရန် အမိန့်ပေးလိုက်လေသည်။
ထို့နောက် ဆယ်နှစ်နောက်ပိုင်းတွင် ရှေ့နေလေးသည် စားပွဲခုံရှေ့တွင် မလှုပ်မယှက်ထိုင်ကာ သမ္မာကျမ်းစာကိုသာ ဖတ်တော့သည်။ လေးနှစ်အတွင်းတွင် စာအုပ်အတွဲပေါင်း ခြောက်ရာခန့်ကို ကျွမ်းကျင်ပိုင်နိုင်သောသူသည် မထူသော၊နားလည်ရလွယ်သော စာအုပ်တစ်အုပ်တည်းကို တစ်နှစ်ခန့်အချိန်ယူကာ ဖတ်နေခြင်းက ဘဏ်သူဌေးအား အံ့အားသင့်စေသည်။ စာအုပ်အလဲတွင် သမ္မာကျမ်းစာအုပ်အား ဘာသာတရားများသမိုင်းနှင့်ထာဝရဘုရားသခင်ဆိုင်ရာများဖြင့် လဲလှယ်လေသည်။
အထိန်းသိမ်းခံ နောက်ဆုံးနှစ်နှစ်တွင် အကျဉ်းစံသည် ဆန်းစစ်ခြင်းအလျင်းမရှိဘဲ စာများကိုသာ အလွန်အကျွံဖတ်လေတော့သည်။ သူသည် သဘာဝသိပ္ပံများဖြင့်သာ အလုပ်ရှုပ်နေတတ်ပြီး၊ ဘေရွန်၊ ရှိတ်စပီးယားတို့ကိုသာတောင်းဆိုတော့သည်။ ဓာတုဗေဒဆိုင်ရာစာအုပ်၊ ဆေးပညာစာအုပ်၊ ၀တ္ထုစာအုပ်၊ အတွေးအခေါ်စာအုပ်တစ်မျိုးမျိုး၊ ထာဝရဘုရားသခင်ဆိုင်ရာ စာအုပ်တို့ကို စာတိုလေးများဖြင့်တချိန်တည်းတွင်ပင်တောင်းဆိုသည်။ သူစာဖတ်ပုံသည် ပင်လယ်အတွင်း သင်္ဘောပျက်အပိုင်းအစများအလယ်တွင်ရေကူးရင်း မိမိအသက်ကို မိမိကိုယ်တိုင် ကယ်တင်ရန်မျှော်လင့်ကာ သင်္ဘောပျက်အပိုင်းအစ တစ်ခုပြီးတစ်ခုကို အငမ်းမရ လိုက်လံဖမ်းဆီးနေသကဲ့သို့ပင်ရှိနေလေသည်။

Read more...

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP