ငယ်ငယ်တုန်းက..

>> Saturday, December 27, 2008


အခု ကျနော် သိပ်အေးလွန်းလှတဲ့ ဆောင်းရာသီမှာ နေနေရတယ်။ မဇနိလည်း ရေခြားမြေခြားမှာ ဟီတာလေးဖွင့်လို့။ အင်း မောင်တရွာ မယ်တမြို့တော့ နေလို့လည်း မဖြစ်နိုင်ပါပြီလို့ ကုန်းအော်လို့ကလည်း မဖြစ်။ ဘဝဇာတ်ဆရာအလိုကျ သူ့နေရာနဲ့သူ အသုံးတော် ခံနေရတာမဟုတ်လား။ ဒီလို ဆောင်းရာသီဆိုရင် ငယ်ငယ်တုန်းကရော ဘယ်လိုနေခဲ့ပါလိမ့်။


ငယ်ငယ်တုန်းကတော့ အခုလိုမဟုတ်ဘဲ၊ တက်တက်ကြွကြွရှိခဲ့တယ်။ ကျနော်တို့မြို့ရဲ့ ဆောင်းကလည်း သူ့အလိုက်၊ သူ့အထိုက်တော့ အေးတာပါပဲ။ မြန်မာပြည် အလယ်ပိုင်းဆိုတော့ ပူရင်လည်း အပူလွန်၊ အေးရင်လည်း အအေးလွန်ကဲသလားလို့။ ငယ်ငယ်တုန်းက ဒီလို ဆောင်းရာသီဆိုရင် သူငယ်ချင်းတစ်ယောက်နဲ့ အတူ မနက်စောစောတွေ အိပ်ယာက ထပြီး ပြေးကြတာ မှတ်မိနေတယ်။ သူငယ်ချင်းက လာလာပြီး ကျနော့်ကို နှိုးတာပါ။ သူလာပြီဆိုရင် နှစ်ယောက်သား ချမ်းချမ်းစီးစီး ဆောင်းတွင်းမှာ ပြေးကြတယ်။

ပြေးရတာမောလွန်းလို့ ချွေးတွေတောင်ထွက်ရပါတယ်။ ကျနော်က ဝတော့ သိပ်မပြေးနိုင်ဘူး။ ပြေးရင်းမောလို့ ထိုင်ရတာ တမျိုး၊ ခြေထောက်တွေ နာလို့ နားရတာ တမျိုးနဲ့ပေါ့။ သူငယ်ချင်းကတော့ ကျနော်က မောလို့ နားလည်း သူကတော့ မနားပါဘူး။ ကျနော်ထိုင်နားနေတဲ့ နေရာနားကို ပတ်ပြီး ပြေးကာ ကျနော်အမောပြောတာကို စောင့်ရတယ်။ ကျနော်တို့ မြို့ထိပ်မှာက ချောင်းတခုကို ကူးတဲ့ တံတားရှိတယ်။ ကျနော်တို့တွေ ပြေးရင် အဲဒီတံတားဘက်ကို ပြေးကြတယ်။ တံတားကြီးကျော်သွားပြီး အတန်ခပ်လှမ်းလှမ်းသွားလိုက်ရင် ဧရာဝတီမြစ်ဘေးမှာ အလွန်သပ္ပါယ်စွာတည်ရှိနေသော ရွှေမုဌောစေတီကိုရောက်ပါတယ်။ ကျနော်တို့လို ကလေးတွေကလည်း အဲဒီကို ရောက်အောင် ပြေးကြသလို၊ အသက်အရွယ် ခပ်ကြီးကြီး စုံတွဲတွေကလည်း အဲဒီဘက်ကို လမ်းလျှောက်ကြတယ်။ မနက်ခင်း ဘုရားဝတ်ပြုဖို့ပေါ့။ ဘုရားကိုဝင်ပြီး ဝတ်ပြုပြီးရင် ဘုရားဘေးက ဧရာဝတီမြစ်ကမ်းပါးမှာ ထိုင်ခုံတန်းတွေလုပ်ထားတော့ အဲဒီမှာထိုင်ပြီး မနက်ခင်းနေလုံးကြီး ထွက်လာတာကိုလည်း ကြည့်ရတာ အရသာသိပ်ရှိတယ်။ ရွှေမုဌောဘုရားကနေ အပြန် တံတားကြီးပေါ်မှာလည်း ဟိုငေး၊ ဒီငေးပေါ့။ အဖိုးကြီးတစ်ယောက်က ကျီးကန်းတွေကို မုန့်ပြားသလက်တွေ ကျွေးတာကိုလည်း မှတ်မိနေသေးတယ်။

မနက်ခင်းပြေးတုန်းကတည်း မြို့နားနီးစပ် ရွာတွေကနေ မြို့ဈေးမှာ ရောင်းဖို့ ကုန်စိမ်းသည်တွေ တောင်းကြီးတွေရွက်လို့တမျိုး၊ တချို့ကလည်း စက်ဘီးတွေနဲ့ သယ်လာတာမျိုးတွေ တွေ့ရတယ်။ ဆောင်းတွင်း မနက်စောစောဆိုပေမယ့် မြို့ကြီးက အိပ်စက်အနားယူနေတာချည်းဘဲ မဟုတ်ရပါဘူး။ မြို့ခံလူတွေ၊ မြို့နားအနီးကျေးရွာတွေက လူတွေရဲ့ လှုပ်ရှားတက်ကြွမှုတွေနဲ့ပါ မြို့ကြီးကို အလှချယ်ထားတာပါ။ ကျနော်တို့က မြို့အရှေ့ပိုင်းမှာ နေ့တဲ့သူတွေဆိုတော့ မြို့အရှေ့ဖက်မှာ တည်တဲ့ ဘုရားဖက်ကို အပြေး၊ လမ်းလျှောက် ထွက်ကြတာပေါ့။ မြို့အလယ်က လူတွေဆို မြို့လည်မှာတည်တဲ့ ရွှေကူဘုရားဆီကို သွားကြတယ်။ မြို့အနောက်ပိုင်းကလူတွေက မြို့အနောက်ပိုင်းမှာ တည်တဲ့ သီဟိုရ်ရှင်ဘုရားကြီးကို သွားကြတာပေါ့။

မြို့ထဲကို ပြန်ရောက်လာရင် မုန့်ဟင်းခါးဆိုင်ကို သွားတတ်တယ်။ မုန့်ဟင်းခါး ပူပူလေးကို စားကြတဲ့အခါ စားကြသလို၊ အိမ်မှာ အမေကြော်ပေးထားတဲ့ ထမင်းကြော်ပူပူလေးကို စားတဲ့အခါလည်း စားကြတယ်။ စကားစပ်မိလို့ပြောရရင် လျှပ်စစ်မီးပြတ်တဲ့အကြောင်းလည်း ပြောရဦးမယ်။ ဟိုးအရင်ကတည်းက သူကပြတ်တတ်တာမျိုးကိုး။ နှစ်တွေသာ ကိုးနှစ်၊ ဆယ်နှစ်ပြောင်းသွားပေမယ့် မီးပြတ်တာကတော့ အခုလည်း ဒီအတိုင်းပဲ။ ကျနော်တို့အိမ်က တအိမ်လုံးကျောင်းသွား၊ ရုံးသွားရတဲ့ သူတွေချည်းဆိုတော့ အမေက မနက်စာကို ပြင်ဆင်ရင်းနဲ့ နေ့လည်စာကိုတခါတည်း တန်းချက်ထားရတယ်။ လျှပ်စစ်မီးပြတ်တတ်တော့ အဖေက မီးသွေးဖို မွှေးပေးရတာမျိုးကို။

ကျနော်တို့ ညီအကိုတွေ ငယ်ငယ်ကတည်းက အိမ်မှာ ကိုယ့်တာဝန်နဲ့ ကိုယ် အိမ်အလုပ်တွေ လုပ်ရတယ်။ သောက်ရေအိုးဖြည့်ရတယ်၊ သောက်ရေခွက်တွေ၊ ရေနွေးပန်းကန်တွေ ဆေးရတယ်။ အိမ်ရှေ့မှာ တံမျက်စည်း ထွက်လှည်းရတယ်။ အမှိုက်ကားကလည်း လာခဲတာဆိုတော့၊ အမှိုက်ပစ်သွားရတယ်။ ငယ်ငယ်တုန်းက အဲသလိုကြီးပြင်းလာပေမယ့် ကျောင်းတွေပိတ်လို့ ပြန်လာရင် အိမ်မှာ ဘာမှ မလုပ်တော့ဘူး။ ဘော်ကျော့နေတယ်။ နေဖင်ထိုးအောင် အိပ်တယ်။ ဆရာကိုတာ့အမေက သူ့သား တက္ကသိုလ်ပြန်တွေကို ပြောတာ သတိရတယ်။ သားတွေကို တက္ကသိုလ်မပို့ချင်ဘူးတဲ့။ တက္ကသိုလ်သွားတက်တာ အကျင့်တွေ ပျက်ပျက်လာတတ်လို့ဆိုလားပဲ။

ငယ်ငယ်တုန်းက ကျောင်းမှာ သန့်ရှင်းရေးလုပ်ရတာတွေလည်း မှတ်မိနေသေးတယ်။ အတန်းတိုင်းက ကျောင်းသူ၊ ကျောင်းသားတွေအားလုံးကို သန့်ရှင်းရေးအဖွဲ့ ငါးဖွဲ့ခွဲထားတယ်။ သန့်ရှင်းရေး လရှည်ပြိုင်ပွဲပေါ့။ ကျောင်းတကျောင်းလုံးကို အမှိုက်လှည်းရတယ်၊ ရေဖြန်းတယ်။ အခန်းသန့်ရှင်းရေး၊ ဓမ္မာရုံမှာ ဘုရားပန်းကပ်၊ သန့်ရှင်းရေး အစုံလုပ်ရတယ်။ ပြီးတော့ နံရံကပ်စာစောင် ပြိုင်ပွဲတွေလည်း လုပ်တယ်။ ပန်းချီဆွဲပြိုင်ပွဲတွေလည်း လုပ်ပြီး နောက်ဆုံးနှစ်ကုန်ကာနီးတော့ ဘယ်အသင်းက ပထမရတယ်၊ ဘယ်က ဒုတိယပေါ့ ကြော်ငြာတယ်။ ကလေးတုန်းက ကိုယ့်အသင်းနိုင်ဖို့ အလွန်တက်ကြွတာလေ။

Assembly လုပ်ရင်လည်း ကျောင်း Assemblyကွင်းထဲမှာ ကိုယ့်အသင်းလိုက် ကိုယ် ကျောင်းသားတွေ ကြီးစဉ်ငယ်လိုက် စီရတယ်။ ဆရာဆရာမတွေက ကျောင်းသားတွေကို ထိန်းလို့ပေါ့။ ကျောင်းအုပ်ဆရာကြီးက ရှေ့ကနေဆုံးမစကားတွေ ပြောတယ်။ ကျနော်တက်ခဲ့တဲ့ အလယ်တန်းကျောင်းမှာ ကျောင်းအုပ်ကြီး နှစ်ယောက်နဲ့ ကြုံခဲ့ရတယ်။ ဆရာကြီး ဦးအောင်ကျော်ဇံနဲ့ ဦးသန်းထွန်း။ ဆရာကြီး ဦးအောင်ကျော်ဇံတာဝန်ကျတာက ကျနော် ၃ တန်းလောက်ကတည်းကနေ ၇-တန်းထိပါ။ ဆရာဦးသန်းထွန်းက ကျနော် ၈-တန်းရောက်မှ ဆရာကြီး ဦးအောင်ကျော်ဇံအနားယူမှ တာဝန်ကျတဲ့ဆရာပါ။

ဆရာကြီး ဦးအောင်ကျော်ဇံက Assemblyမှာ စကားပြောရင် ဖွဲ့ကာ၊ နွှဲ့ကာ ပြောတတ်ပေမယ့်၊ ဆရာကြီး ဦးသန်းထွန်းကတော့ လိုရင်းတိုရှင်း အချက်တွေပဲ ခပ်ပြတ်ပြတ်ပြောတယ်။ ဆရာကြီး ဦးအောင်ကျော်ဇံပြောခဲ့တာ တခုမှတ်မိသေးတယ်။ ကျောင်းသူကျောင်းသားတွေ သမီးရည်းစားထားတဲ့ ကိစ္စတွေကို ဆုံးမတာပါ။ မိန်းကလေးတွေက ယောက်ကျားလေးတွေကို အလွယ်တကူ ပြန်မကြိုက်လိုက်ဖို့တွေ ဆုံးမတာနေမယ်။ ဆရာကြီးဆုံးမတာတွေကိုတော့ အသေအချာ မမှတ်မိတော့ပေမယ့် ပုံပြင်ရဲ့ဇာတ်ကျောလေးတော့ မှတ်မိနေသေးလို့ စာရဲ့နောက်မှာ ဝေမျှလိုက်ဦးမယ်။

ဆရာကြီး ဦးအောင်ကျော်ဇံက ကျောင်းအုပ်လုပ်ရင်း သက်ပြည့်ပင်စင်ယူသွားတာပါ။ ငယ်ငယ်တုန်းကတည်းက အလွန်ကြောက်ခဲ့ရတာ အဲဒီဆရာကြီး တစ်ယောက်ပဲရှိတယ်။ သူက အင်္ဂလိပ်စာသင်တယ်။ စာတွေဆိုလည်း အတန်းရှေ့ ထွက်ဆိုခိုင်းတာပါ၊ သူ့မျက်နှာကတည်တာရယ်၊ ငယ်ကြောက်လည်း ဖြစ်နေတာရယ်နဲ့ပေါင်းပြီး ကြောက်လိုက်ရတာ။ စာမရတဲ့ အချို့သော မိန်းကလေးများဆို ရှန်းရှန်းတွေတောင် အော်တို ပူးပါတယ်။

ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်စဉ်းစားပြီး တောင်ရေးမြောက်ရေး လုပ်နေတာ စာတောင် အတော်ရှည်သွားပါပေါ့ပဲ။ အခုထိလည်း ကျောင်းတွေ တက်နေရတုန်းပါလား။ အခုတက်နေတဲ့ အတန်းထိ နှစ်တွေကို ပေါင်းကြည့်မယ်ဆိုရင် ဆယ်တန်းကို နှစ်ပြန်လောက်တက်တဲ့ နှစ်နဲ့ တူနေပြီ။ ဒါပေမယ့်လည်းလေ ငယ်တုန်းက အကြောင်းတွေက ပြန်တွေးလိုက်ရင် မနေ့တနေ့ကလိုပါပဲ။ ကဲကဲ ဒီနေ့တော့ ဒီလောက်ပါပဲ၊ ဆရာကြီးရဲ့ ပုံပြင်လေးကို ဖတ်ကြဦး။


ဆရာကြီးပြောသော ပုံပြင်

ပုံပြင်ဇာတ်လမ်းက ဒီလို။ ပုံပြင်ဆိုတော့ ဟိုရှေးရှေးတုန်းကနဲ့ စလိုက်မယ်။ ဟိုးရှေးရှေးတုန်းက ကောင်းမလေးတယောက်နဲ့ ကောင်လေးတယောက် ချစ်ကြိုက်ကြသတဲ့။ ကောင်လေးနဲ့ ကောင်မလေး ချစ်ကြရာ၊ ကောင်လေးက ခိုးရာခေါ်တော့ ကောင်မလေးက လိုက်သပေါ့။ အဲ ကောင်မလေးက ကောင်လေးရဲ့ စိတ်ကို စမ်းသပ်ချင်တော့ စားစရာ သောက်စရာတွေကို ဖွက်ပြီးယူလာသတဲ့။ တောကြီးထဲမှာ လမ်းလျှောက်လာရင်း နှစ်ယောက်သား တီတီတာတာ စကားတွေလည်း ဆိုသတဲ့။ မောင်ကြီးရယ် ဟိုပန်းလေးက လှလိုက်တာ ဘာပန်းလေးပါလိမ့် ဆိုရင် ကောင်လေးကလည်း ချစ်နှမရယ် အဲဒါ သစ်ခွလေ၊ လိုချင်ရင် မောင်ကြီး ခူးပေးရမှာပေါ့ ဆိုပြီး ခူးပေးရှာသတဲ့။ အတော် အတန် လမ်းလျှောက်ပြီးတော့ ကောင်မလေးက မောင်ကြီးရယ် အပေါ့အပါးသွားချင်လို့ဆိုပြီး လက်ညှိုးတစ်ချောင်းထောင်ပြီး ချုံထဲကို သွားသတဲ့။ ချုံထဲကျတော့ ဖွက်ယူလာတဲ့ စားစရာတွေစား၊ သောက်စရာတွေ သောက်ပြီး ခပ်တည်တည်လေး ပြန်ထွက်လာသတဲ့။ မောင်ကြီးခမျာတော့ မစားရ၊ မသောက်ရ ခရီးဆက်ရသတဲ့။ နေမြင့်လာလေ ရေဆာလာလေ၊ ခရီးပန်းလာတော့ မောင်ကြီးရဲ့ စကားလေသံတွေ ပြောင်းကုန်သတဲ့။ ဒီအပင်လေးက ဘာပင်လေးပါလိမ့် ဆိုတော့ ဒါလေးတောင် မင်းမသိဘူးလားကွာ၊ စိန်ပန်းပင်ကွ တဲ့။ မိန်းကလေးကတော့ မောတိုင်း ချုံတိုးတော့ လန်းလန်းဆန်းဆန်းကြီးပေါ့။ ခလေးမကလည်း စကားက တယ်များသကိုး၊ လမ်းတွေ့သမျှမေးတယ်။ ဒီလိုနဲ့ ခရီးဆက်လာတာ မောင်ကြီးရဲ့ ဒီငှက်လေးက ဘာငှက်လေးလေးဟင်ဆိုတော့ မောင်ကြီးရဲ့ သည်းခံနိုင်မှုက ကုန်သွားတာနဲ့ အကိုက်ဆိုတော့ -ီးငှက်ဗျာ၊ -ီးငှက်လို့ ဖြေလိုက်သတဲ့။ ဒီတော့ ကောင်မလေးက ခိုးရာမလိုက်ဘဲနဲ့ အပြီးရှောင်ပြေးတော့သတဲ့။ စာဖတ်သူတွေလည်း ဒီပုံပြင်ကနေ သင့်တော်သလို ပညာယူကြကုန်။


Read more...

ချပါတီ

>> Friday, December 26, 2008


အရင်အဆောင်မှာ နေတုန်းက ချပါတီအချပ်တွေ မပြတ်ဝယ်ထားပြီး ကြက်သားအာလူးချက်ထား မနက်ခင်းစာတွေ စားလေ့ရှိတယ်။ အဲဒိတုန်းက ပါကစ္စတန်-က သူငယ်ချင်းတယောက် ရှိတယ်။ သူမှာတဲ့အခါ ပေါင်းမှာပေးတော့ ဆန်နဲ့ ချပါတီ ကောင်းကောင်းစားရတယ်။ သူတို့ဆီက ဆန်ကို ဂျပန်ဆန်နဲ့ရောချက်ရင် ထမင်းလေးတွေ ကော့နေအောင် လှတာ။ အခုတော့ အပြင်အိမ်တွေ ပြောင်းကုန်တာနဲ့ ချပါတီ မမှာဖြစ်တော့ဘူး။ မစားရတာကြာတော့ စားချင်လာပြန်တယ်။
ဒါနဲ့ ကိုယ့်ဟာကိုယ် လုပ်စားလိုက်တယ်။
ဂျုံနယ်ပြီး ဒလိမ့်တုံးနဲ့လှိမ့်တယ်။ နယ်ထားတာကို (၁)နာရီလောက်ထားပြီးမှ အချပ်ပါးပါးလေးတွေ လုပ်လိုက်တာပါ။
ချပါတီကို ဒယ်အိုးမှာ ဆီမပါဘဲ မီးကင်သလိုလုပ်တာထက် ဆီပါလေကာလေးထည့်ထာက ပိုမွှေးတယ်လို့ အဲဒီကုလားသူငယ်ချင်းက ပြောဖူးတယ်။ သူချက်တဲ့ ကြက်သားဟင်းနဲ့ စားရတာလည်း ပိုကောင်းတာပေါ့။ အခုတော့ ချပါတီပြားကို သူပြောသလို ဆီလေးနဲ့ကြော်လိုက်ပြီး ကပ်ကြေးနဲ့ညှပ်ထားတယ်။
အတူတွဲစားဖို့ ကြက်သားအာလူးကို မဆလာလေးနဲ့ ချက်လိုက်ပြီး မနေ့က တနေကုန် ထမင်းမချက်စားဖြစ်လိုက်ဘူး။






မဇနိ

Read more...

“ဒီဇင်ဘာ နေပါဦး... ”

>> Thursday, December 25, 2008

သံသရာဟာစက်ဝိုင်းဆိုရင်
ပထမဆုံးနဲ့အနီးဆုံး ဟာ
နောက်ဆုံးပဲဖြစ်ရမယ်
အဲဒီလိုအယူအဆနဲ့
ဒီဇင်ဘာကတော့..
လှပနေမြဲပါ။
မဖြစ်တာတွေ
ပျက်တာတွေ
ရှုံးတာတွေ…..
ဆုံးတာတွေ…
တစ်နှစ်တာအတွက်
ဘယ်လိုပဲအပစ်ကျ
ဒီဇင်ဘာက
ခဝါချမြဲ..။
မသွားနဲ့ဆိုလည်း
ထားခဲ့မှာ…
ကျန်ရစ်ခဲ့သူတွေကို
ရဲရဲကြီးချန်ပစ်
မာန်အသစ်နဲ့….
တဝင့်ဝင့် ဒီဇင်ဘာရယ်။

Read more...

ခရစ်စမတ်ည

>> Wednesday, December 24, 2008


ဒီနေ့ဈေးဝယ်သွားဖြစ်တော့ နေရာတိုင်းမှာ လူတွေက ပြည့်သိပ်နေတယ်။ ခရစ်စမတ်လက်ဆောင်တွေဝယ်ကြ၊ ကျောင်းလာတက်သူ၊ အလုပ်လာလုပ်နေသူတွေလည်း ကိုယ့်မိသားစုဆီပြန်ဖို့ လက်ဆောင်တွေဝယ်ကြနဲ့ လိုရာရောက်အောင် အတော်သည်းခံသွားရပါ့လား။ တခါတလေ အသက်ရှုတောင် မဝချင်သလို။ လိုချင်တာလေး အမြန်ဝယ်ပြီး ပြန်တာကောင်းမယ်။




ပြီးခဲ့တဲ့နှစ်က ခရစ်စမတ်နေ့က တနေ့လုံးလျှောက်လည်သလို ဖြစ်သွားတာ သတိရမိလို့။ ည(၁၂)ထိုးမှ အိမ်ပြန်ရောက်တယ်။ ဓါတ်ပုံတွေ ပြန်ကြည့်ရင်း ဒီနှစ်လည်း လျှောက်လည်ဖြစ်မလား၊ မလည်ဖြစ်မလား စဉ်းစားလိုက်တော့ လည်ရမှာ ပျင်းနေလို့။ မနှစ်ကလည်တာတော့ အစဆုံးနှစ်ဖြစ်လို့ ပျော်စရာပေါ့လေ။ ညနေ (၄)နာရီမှာ အဆောင်ကိုဖိတ်တဲ့ ညစာပါတီသွား၊ ပါတီမှာ တီးဝိုင်းနဲ့လည်း ဧည့်ခံတယ်။ စားစရာတွေကတော့ ဂျပန်စာတွေမို့လို့ မကြိုက်ဘူး။ ပြန်လာတော့ ည (၉) နာရီရှိနေပြီ။




မြန်မာအမတယောက်နဲ့ လျှောက်လည်ကြမယ် ပြောထားတော့ အမက အခန်းကို ရောက်နှင့်လို့။ နှစ်ယောက်သား ထွက်သွားကြတာ Landmark tower ဆီ။ အမက ဗိုက်ဆာတယ်ဆိုလို့ ဘာဂါဝယ်ပြီး Sakuragichou မြက်ခင်းပြင်မှာ ထိုင်စားရင်း လူတွေထိုင်ငေး၊ အေးလွန်းလို့ခဏနေတော့ Landmark tower အထဲကို ဝင်ခဲ့ကြတယ်။ ဒီတာဝါက ဂျပန်မှာ အမြင့်ဆုံး ၂၉၅.၈ မီတာမြင့်တယ်ဆိုပဲ။ သူ့ပတ်ဝန်းကျင်က ညအခါဆို သိပ်လှတယ်။ ယိုကိုဟားမားကမ်းခြေတလျှောက် ဆက်သွားရင် တလမ်းလုံး သာယာတဲ့ ရှုခင်းတွေ။ တာဝါအတွင်း shopping mall တွေအလယ်မှာ ခရစ်စမတ်သစ်ပင်လည်း နှစ်တိုင်းအလှဆင်တယ်။ နာရီဝက်ခြားတခါ တေးသံလေးတွေနဲ့ မီးလုံးအလှတွေ သစ်ပင်မှာ လုပ်ပြတယ်။
၂၀၀၇ တုန်းကပုံ...

၂၀၀၈ - ခုနှစ်အတွက် ပြင်ဆင်ထားတာ..


အဲဒီမှာ ခဏပဲနေပြီး ဓါတ်ပုံလျှောက်ရိုက်ရင်း Queen’s square tower ဘက်ကို နေရာပြောင်းကြတာပေါ့။ ဒီဘက်က သစ်ပင်က ပိုလှတယ်စိတ်ထင်လို့ တေးသံဖွင့်တာကို စောင့်ကြတာ။ နာရီဝက်ခြားတခါဆိုတော့ လူတွေ နေရာဦးပြီး စောင့်နေကြတာ။ ကျွန်မတို့လည်း နေရာယူရင်း ခရစ်စမတ်သစ်ပင်က သီချင်းဆိုတာတွေ နားထောင်ဖို့ စောင့်ခဲ့တော့ ည (၁ဝ) နာရီ ခွဲ လို့နေပြီ။ အေးအေးချမ်းချမ်းမှာ အပြင်ထွက် လျှောက်လည်ရတာ အရသာတော့အရှိသား။
၂၀၀၇


၂၀၀၈




၂၀၀၇ ခရစ္စမတ်ညက ရိုက်ထားတဲ့ ဗွီဒီယိုဖိုင်လေးတွေ..


တနေ့က ဂျပန်သူငယ်ချင်း ကိုယ့်ကို မေးလာတယ်။ ခရစ်စမတ်နဲ့ နယူးရီးယား ဘယ်သွားဖို့ အစီအစဉ်ရှိသလဲ တဲ့။ ဒါနဲ့ ကျွန်မလည်း မင်းရော ဘာလုပ်မယ်စိတ်ကူးလဲမေးလိုက်တယ်။ သူဖြေတဲ့အဖြေက ကျွန်မကို ငေးငိုင်သွားစေတာ အသေအချာပါပဲ။ သူတို့ငယ်ငယ် အထက်တန်းကျောင်းသူတုန်းကတော့ ခရစ်စမတ်ညတွေ နှစ်သစ်ညတွေ လျှောက်လည်ခဲ့ကြတယ်။ အခုတော့ ဘယ်မှ မလည်ဖြစ်တဲ့အကြောင်း။ မိသားစုဆုံပြီး စားကြသောက်ကြ အေးအေးဆေးဆေးနေကြမယ်ဆိုတဲ့အကြောင်း။ တခြားမြို့မှာ အိမ်ထောင်ကျနေတဲ့ သူ့အကို မိသားစုလည်း အိမ်ကို ပြန်လာမယ်ဆိုတဲ့အကြောင်း။ ဒီလို အိမ်သားတွေ စုဆုံကြတာ ပိုကောင်းတဲ့အစီအစဉ်လို့ ကျွန်မ လေးလေးနက်နက် ထောက်ခံမိတယ်။ ဒါဟာ တကယ်ကို ပျော်စရာကောင်းတဲ့ အခြေအနေဖန်တီးယူတာပဲ။ အိမ်တအိမ်ထဲမှာ ချစ်ခင်တဲ့မိသားစုတွေ တွေ့ဆုံခွင့်ရတာ အင်မတန် ကံကောင်းကြတာပေါ့။ မနှစ်က လျှောက်လည်ကြည့်တော့လည်း လူတွေ နေရာတိုင်း ပြည့်နေတာ တွေ့ရတယ်။ တခုသတိထားမိတာက အများအားဖြင့် နိုင်ငံခြားသားတွေ။ ကိုယ်စိတ်ထဲထင်မိတာ သူတို့လူမျိုးတွေလည်း အပြင်ထွက်လည်မယ်လို့။

အခုရက်ပိုင်းမှာကို ကျောင်းမှာ ကျောင်းသားတွေ သိပ်မရှိကြတော့ဘူး။ တခြားမြို့တွေက ကျောင်းလာတက်သူတွေ သူတို့မွေးရပ်အိမ်ကို ပြန်ကုန်ကြပြီ။ ဒီလိုညတွေဆို ဆိုင်တော်တော်များများလည်း ပိတ်ထားတာတွေ့ရတယ်။ မတိုင်ခင်ရက်တွေမှာ စားစရာတွေ သိပ်ဝယ်ကြတာ။ ဂျပန်အမျိုးသားနဲ့ အိမ်ထောင်ကျတဲ့ နိုင်ငံခြားသူ သူငယ်ချင်လည်း သူ့အမျိုးသားရဲ့အမေတွေရှိရာ မြို့ကို နှစ်စဉ် ခရစ်စမတ်ကနေ နယူးရီးယားထိ သွားနေကျဆိုပဲ။ အကိဟဘရလျှပ်စစ်ဆိုင်တွေမှာ ဈေးချတော့ အဲဒီညတွေ တိုးလို့မပေါက်ဘူး။ နိုင်ငံခြားသားများ ခြေချင်းလိမ်နေကြတာ။

ခရစ်စမတ်ဆိုတာ မန္တလေးအဆောင်ရောက်မှ ကြုံဖူးတာပါ။ မနက်ခင်း အိပ်ယာက နိုးလာရင် အခန်းတံခါးမှာ ချိုချဉ်လေးတွေ မုန့်လေးတွေ အရုပ်လေးတွေကို သူငယ်ချင်းတွေ လာချိတ်သွားကြတယ်။ ဆုတောင်းစာချိတ်သွားတာမျိုးဆို ဘာတွေပြောသွားလဲ မျက်လုံးကို ကမန်းကတန်းဖွင့်ရင်း ပျော်စရာနေ့လေးလို့ သတ်မှတ်ခဲ့ကြဖူးတယ်။ ခရစ်စယာန်သူငယ်ချင်းကို ကဒ်လက်ဆောင်လေးတွေပေး၊ သူတို့အခန်းမှာ တခန်းလုံး အရုပ်တွေ သူငယ်ချင်းတွေပေးတဲ့ လက်ဆောင်ကဒ်လေးတွေ ချိတ်ဆွဲထားလို့ ကဗျာဆန်ဆန်လှနေတယ်။ ကိုယ်လည်း ရောယောင်ပျော်ခဲ့တာပေါ့။ ညဘက်ရောက်ရင် တကျောင်းလုံး ခရစ်စယာန် ဆရာ၊ ဆရာမ၊ ကျောင်သား၊ ကျောင်းသူတွေနဲ့ ခင်မင်ရာ သူငယ်ချင်းများက ကျောင်းဝန်းထဲမှာ သီချင်းလှည့်ဆိုကြတယ်။ အဆောင်မှူးဆီသီချင်းလာဆိုရင်း အဆောင်ပေါ် ဝရံတာက ပြူတစ်ပြူတစ် သူငယ်ချင်းတွေဆီ မုန့်ထုပ်တွေ လှမ်းပစ်ပေးတယ်။ သူတို့အဖွဲ့လေးကို မှုံဝါးဝါးမြင်ရတဲ့အထိ ဝရံတာက လိုက်ငေးရတာ တမေ့တမော။ ကျောင်းတက်ရတဲ့မြို့က အိမ်နဲ့သိပ်မဝေးလှသလို ဝေးလှတယ်ဆိုရင်တောင် နိုင်ငံမခြားတော့ တကယ်က မဝေးပါဘူး။ အိမ်နဲ့ဝေးနေပေမယ့် ဘေးမှာ ကိုယ့်အတွက် နွေးထွေးတဲ့သူငယ်ချင်းတွေ၊ ဖေးမဖော်သူငယ်ချင်းတွေ၊ စိတ်ကောက်ဖက် သူငယ်ချင်းတွေနဲ့ အထီးကျန်ရမှန်း မသိပါဘူး။

ကျွန်မတို့ အညာဒေသမှာတော့ အင်္ဂလိပ်နှစ်သစ်ရယ်လို့ အထူးတလည် အစီအစဉ်တွေ သိပ်မရှိတတ်ဘူး။ ခရစ်စမတ်ညသီချင်းဆိုတာတွေကတော့ ရှိပါတယ်။ အခုနောက်ပိုင်းနှစ်တွေမှာ နှစ်သစ်ရယ်လို့ အသိအမှတ်လုပ်လာတာတွေ ရှိလာလို့ ပြောင်းလဲလာတယ်ဆိုရမယ်။ နယူးရီးယားနေ့ဆိုရင် ကိုဇနိက ဖုန်းဆက်တတ်တယ်။ အဆောင်မှာ ဖုန်းပြောသူတွေကလည်း တန်းစီနေတာ။ တခါတလေ အလှည့်မကျလို့ တညလုံး ဖုန်းခေါ်မရဘူး။ တချို့ညတွေတော့ ညအတော်နက်မှ ဖုန်းထပြောရတယ်။ ကျွန်မပြောနေကျစကားကတော့ နယူးရီးယားနေ့မှာ အဝတ်အစားသစ်လေးဝတ်နော်လို့။ သူဝတ်လား မဝတ်လားတော့ သေချာ ဘယ်သိမတုန်း။ ကိုယ်မှာချင်တာ မှာလိုက်ရရင် စိတ်ချမ်းသာလို့လေ။

ပျော်စရာတွေ ကြည့်စရာတွေ အသစ်အဆန်းတွေများတဲ့နေရာမှာ နေရပေမယ့် တကယ်တန်းတော့ အချိန်တန်ရင် အိမ်ကိုပဲ တမ်းတမိတယ်။ ခရစ်စမတ်သစ်ပင်တွေမရှိတဲ့ အညာက အမေ့ဆီမှာ ခရစ်စမတ်ညကို ကုန်ဆုံးချင်တယ်။ နှစ်သစ်တခုကို ကူးပြောင်းလို့ လူသစ်စိတ်သစ်နဲ့ တနှစ်လုံးစာ ခွန်အားတွေရဖို့ အမေ့ရင်ခွင်မှာ ခိုလှုံချင်တယ်။ သူများတွေ မိသားစုဆုံနေကြတဲ့အချိန်လေးမှာတော့ ခဏလောက်ဖြစ်ဖြစ် အိမ်ပြန်ရရင် ကောင်းမှာပဲ။ မဟုတ်ရင် နောက်ထပ် နှစ်တနှစ်လုံးကို ဘယ်လိုခွန်အားတွေနဲ့ ရင်ဆိုင်ဖြတ်သန်းရပါ့မလဲ။

သူငယ်ချင်း အပေါင်းအသင်းများ အားလုံး ခရစ္စမတ်မှာ ပျော်ရွှင်ကြပါစေ။


မဇနိ

Read more...

ဖက်ထုပ်


သူများတွေ ဖက်ထုပ် လုပ်စားတာမြင်တော့ စားချင်တာ။ တခါမှ ကိုယ်တိုင် မလုပ်ဖူးဘူး။ မနေ့က တရုတ်တန်းရောက်တာနဲ့ ဖက်ထုပ်ရွက် ရှာကြည့်တော့ တွေ့တာနဲ့ ၀ယ်ချလာတာ။ ကြက်သား၊ ၀က်သား နှစ်မျိုး နည်းနည်းဆီ ထည့်မယ် စိတ်ကူးလိုက်တယ်။ ညှီမှာ ကြောက်တဲ့သူဆိုတော့ တခုမကြိုက်ရင် တခုကောင်းအောင်လို့။ စလုပ်မယ်ဆိုကတည်းက ပေါက်ဝီရှီမီသဉ္ဇာမလုလု တို့ဆီ ပြေးလွှားကြည့်။ တခါနားမလည် ပြန်ကြည့်၊ နောက်ဆုံး တနေကုန် ကွန်ပြူတာနဲ့ မီးဖိုပြေးနေရတယ်။
နောက်ဆုံးတော့ ပုံတွေအတိုင်း ကိုယ်စားချင်တာ စားရသွားတယ်။ ဖက်ထုပ်ဆီချက်ကို ငယ်ငယ်ကတည်းက ခဏခဏစားတယ်။ နေမကောင်းရင်လည်း ဒါပဲ ၀ယ်ကျွေးရတာ။



ဝယ်လာတဲ့အသားက စင်းပြီးသားမဟုတ်တော့ ကိုယ်တိုင် တောက်တောက်စင်းရတယ်။ အသားကို ရေဆေးပြီး နုတ်နုတ်စင်း၊ ဂျင်း၊ ကြက်သွန်ဖြူကို ဓားပြားရိုက် နုတ်နုတ်စင်း၊ ပဲပင်ပေါက်နဲ့ ကျူးဆိုင်ရွက်တွေကိုလည်း ရေဆေး နုတ်နုတ်ကိုက်ပြီး အားလုံးရောမွှေပါတယ်။

ကြက်ရိုးဟင်းချိုကို ဂျင်းများများ ကြက်သွန်နီအစိပ်ခပ်ကြီးကြီး၊ ပဲပင်ပေါက်တို့နဲ့ ပြင်ဆင်ထားလိုက်တယ်။

ဝယ်လာတဲ့ ဖက်ထုပ်အရွက်အလယ်မှာ နယ်ထားတဲ့ အစာကိုထည့်ပြီး ထက်ဝက်ခေါက်လိုက်တယ်။
အနားလေးတွေကို ကိုယ်ကြိုက်သလို ပုံစံအမျိုးမျိုးခေါက်လို့ရတယ်ဆိုတော့ ငယ်ငယ်က အိုးပုတ်တမ်းကစားနေသလို ထိုင်ပြီး ခေါက်နေလိုက်တယ်။
အသားနယ်တာ ၀က်သားနည်းနည်း ကြက်သားနည်းနည်းလို့ထင်ထားပေမယ့် အများကြီးထုပ်လိုက်ရတယ်။



ဖက်ရွက်ထဲအသားထည့်ထုပ်ပြီးတာနဲ့ ရေနွေးတည်လိုက်တယ်။
ရေနွေးဆူရင် ဖက်ထုပ်ကိုထည့်ပြုတ်၊ ဆယ်ပြီးရင် ဆီချက်နဲ့ အရည် နှစ်ခုလုပ်စားပါတယ်။

ဆီချက်ကတော့ ပြုတ်ထားတဲ့ဖက်ထုပ်ကို ကြက်သွန်ဖြူဆီချက်၊ ငရုတ်ကောင်းမှုန့်၊ ငရုပ်ဆီ၊ ငံပြာရည်၊ ကြက်သားနဲ့ သုပ်လိုက်တာပါ။
ငယ်ငယ်က စားခဲ့ရသလို အရသာတူတဲ့အတွက် စိတ်ကျေနပ်သွားတယ်
နောက်လည်း လုပ်စားစရာ တခုတိုးလာတာပေါ့။

အရည်ကတော့ ကြက်ရိုးဟင်းချိုထဲ သံပရာသီး၊ ပဲငံပြာရည်ထည့်စားတာပါ။ သဉ္ဇာပြောထားသလို လိုက်လုပ်ကြည့်တာ အဆင်ပြေသွားတဲ့အတွက် မြင်ဆရာများကိုလည်း ကျေးဇူးတင်မိပါတယ်။


အပင်ပန်းခံပြီး တရုတ်လိုမှ ဂျပန်လိုဘာသာတွေပြန် အင်တာနက်ကနေရှာပေးတဲ့ မကြီးပေါက်ကိုလည်း ကျေးဇူးအများကြီးတင်တယ်။ ပေါက် ပြောပြလို့ ဖက်ထုပ်အရွက်လည်း အဆင်ပြေပြေ၀ယ်နိုင်ခဲ့တာပါ။

မဇနိ

Read more...

ကြက်ဥပေါင်း

>> Sunday, December 21, 2008


မနေ့ညက ကိုဇနိပြောပြတာနဲ့ ဒီနေ့စမ်းချက်ကြည့်တာ။ သူငယ်ချင်းတွေ ကြက်ဥကို ပေါင်းကြတာ သိပေမယ့် လုပ်မစားဖြစ်ဘူး။ မကြိုက်မှာလဲ စိုးတာနဲ့ ကြက်ဥနှစ်လုံးပဲ လုပ်စမ်းကြည့်တယ်။ ကြက်ဥနှစ်လုံးကို ဆားနည်းနည်းထည့်ခေါက်။ စတီးဇလုံလေးထဲထည့်ပြီး အိုးခပ်ကြီးကြီးထဲမှာ ရေနွေးတည် ပေါင်းခံလိုက်တာပါ။ ခဏနေတော့ ကြက်ဥက ဖောင်းဖောင်းကြွကြွလေးနဲ့ တင်းသွားတယ်။ အဲဒါကို အတုံးလေးတွေလုပ်ထားပြီး ပုန်းရည်ကြီးမှုန့်နဲ့ ချက်လိုက်တာ။ ခရမ်းချဉ်သီးတလုံး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ငါးပိအနည်းငယ်နဲ့ ဆီသတ်ပြီး ပုန်းရည်မှုန့်ထည့် ကြက်ဥတုံးလေးတွေပါ ထည့်လိုက်တယ်။ ရေစပ်စပ်လေးထည့်ပြီး ဆီကျန်တဲ့အခါ ဟင်းကျက်သွားပြီ။ စားလို့ကောင်းပါတယ်။ စိတ်ဝင်စားရင် ချက်ကြည့်မယ်လေ။





မဇနိ

Read more...

သူစိမ်းတို့ရဲ့အလယ်မှာ (၄)

>> Friday, December 19, 2008


သူစိမ်းတို့ရဲ့အလယ်မှာ (၁)
သူစိမ်းတို့ရဲ့အလယ်မှာ (၂)
သူစိမ်းတို့ရဲ့အလယ်မှာ (၃)

အောက်တိုဘာလဆီ ရောက်လာရင် ခရီးတခုထွက်ကြတယ်။ နှစ်တနှစ်မှာ စာသင်တန်းတွေကို ဧပြီတန်းရယ် အောက်တိုဘာတန်းရယ်ဆိုပြီး ခွဲထားတယ်။ ဒီနှစ်အောက်တိုဘာမှာ ခရီးမထွက်ဖြစ်လို့ နောက်လ ဇန်နဝါရီမှာ ဟော့ကိုင်းဒိုးကို သွားဖို့ စီစဉ်နေကြပြီ။ ဟော့ကိုင်းဒိုးသွားမယ်ဆိုတာနဲ့ ဦးထုပ်၊ လက်အိတ်၊ အနွေးဓါတ်ပေးမယ့် hot pad လေးတွေကအစ တဖြည်းဖြည်း စုဆောင်းနေရပြီ။


ကိုယ်က အအေးကြောက်တဲ့သူပေမယ့် ဌာနတခုလုံးသွားကြမယ်ဆိုတော့ လိုက်ဖြစ်အောင် ကြိုးစားလိုက်ရမယ်။ ဒါမှလည်း သူတို့နဲ့သွားတာ နေရာပိုစုံအောင်ရောက်ရတာကိုး။ ဒီနှစ်ခရီးစဉ်အတွက်သာ စီစဉ်နေရတာ။ အရင်နှစ်က ခရီးစဉ်တုန်းက ဘာမှ နားမလည်တော့ ဘာမှသိပ်မစီစဉ်တတ်ဘူး။ ဘယ်ဟိုတယ်ကိုတည်းမယ်။ ဘယ်တွေသွားမယ်ဆိုတာ မသိဘူးလေ။ သွားမည့်မနက်အစောထ၊ အဆောင်တူတူနေတဲ့ အီရန်ကောင်လေးနဲ့ တူတူသွားမယ်ပေါ့။ ကိုယ်က ချိန်းထားတဲ့ အချိန် အဆောင်ရှေ့ကို ရောက်ပေမယ့် သူက နောက်ကျမှ အပြေးအလွှားရောက်လာတယ်။ သူ့ကိုကြည့်လိုက်တော့ ကျောပိုးအိတ်လေးတလုံး။ အနွေးထည်ခပ်ပါးပါးနဲ့။ ကျွန်မကတော့ အိတ်တလုံးဆွဲလာရသေးတယ်။ မိန်းကလေးဆိုတော့ ယူချင်တာက အများသား။ ဒါတောင် ကိုဇနိက ကွန်ပြူတာယူခိုင်းတာ လေးမှာစိုးလို့ ထားခဲ့လို့။ ခရီးက နည်းနည်းကြာမယ်ဆိုတော့ သူက ရစ်နေတာပေါ့။ ကွန်ပြူတာပါ သယ်လို့ကတော့ ကျွန်မတယောက် ရှုပ်ရှက်ခပ်နေအုံးမယ်။

ရထားချိန်တွေ အင်တာနက်မှာကြည့်ထားတာ အကိုက်။ သူက ဆယ်မိနစ်လောက်နောက်ကျတာနဲ့ အကုန် ကမောက်ကမတွေ ဖြစ်သွားပြီ။ ဘူတာကို အမြန်သုတ်ခြေတင်ပေမယ့် မှန်းထားတဲ့ရထားက အပေါက်ပိတ်သွားပေါ့။ ကဲ ဘယ်တတ်နိုင်မလဲ နောက်တစင်းစောင့်ရုံရှိတာပေါ့။ ကျွန်မက သူ့ထက်စောရောက်တဲ့သူဆိုတော့ သူက ကိုယ့်ထက်ပိုဆိုးတယ်။ ဘယ်မှမသွားတတ်ဘူး။ Heneda လေဆိပ်ကိုသွားမည့် ရထား ပြောင်းစီးရင်း ဘုရားစာရွတ်ရသေးတယ်။ နောက်ကျနေတာ အသိသာကြီး။ ရာသီဥတုက အတန်အေးပေမယ့် နှစ်ယောက်စလုံး ချွေးတလုံးလုံးဖြစ်နေပြီ။ လမ်းမှာ ရထားပြောင်းစီးရမယ်လို့ အင်တာနက်မှာကြည့်ထားတာ စိတ်ကစွဲနေပြီး လမ်းဘူတာမှာ ဆင်းကြ၊ ပြောင်းကြမယ်ပေါ့။ ဒါပေသိ အချိန်လွဲချော်သွားတဲ့အတွက် ပြောင်းစရာမလိုတာကို နားက မကြားဘူး။ အောက်ဆင်းပြီး ရထားထွက်သွားမှ ဒီရထားက လေဆိပ်ထိရောက်တဲ့ရထားတဲ့။ ဘာမှ မတတ်နိုင်ဘူး။ နောက်တစီးစောင့်ကြပေအုံး။

တကယ့်တကယ် လေဆိပ်ရောက်တော့ ချိန်းတဲ့အချိန်ကို (၄၅)မိနစ်လောက် လွန်လို့နေပြီ။ ပြည်တွင်းခရီးစဉ်တော်တော်များများက ဒီလေဆိပ်ကို အသုံးပြုကြတာဆိုတော့ လူတိုင်းလူတိုင်း ပေါ့ပေါ့ပါးပါးပဲ။ (၄) ရက်ခရီးကို တချို့က ကျောပိုးအိတ်လေးနဲ့။ အဝင်မှာ အီရန်ကောင်လေးက တတွီတွီမြည်နေလို့ သူ့အိတ်ထဲရှာတော့ ဓားတွေ့ရော။ သူက အသားစားလို့မရလို့ ငါးသေတ္တာဖောက်စားရအောင် ဓားယူလာတာဆိုပဲ။ သူလည်း အသက်ငယ်သေးတော့ အတွေ့အကြုံက မရှိသေးဘူးနဲ့တူပါတယ်။ ဂျပန်လေးတွေကတော့ ပြုံးစိစိဖြစ်လို့။ နောက်ဆုံး ဓားကို လေဆိပ်မှာ ထားခဲ့ရတယ်။ အပြန်မှ ဝင်ယူရမယ်တဲ့။ ဒုတိယအကြိမ်လေယာဉ်စီးတာမို့လို့ ဒီတခါတော့ ဘေးဘီကိုကြည့် အေးအေးဆေးဆေး လိုက်နိုင်ခဲ့တယ်။ တနာရီလောက်ကြာတဲ့အခါ ကျွန်မတို့သွားချင်တဲ့ဆီ ရောက်ပြီတဲ့။ ဒီမှာ ကြည့်လို့မှ မဝသေးဘူး။ ပင်လယ်ကြားက ကျွန်းသေးသေးလေးတွေကို အပေါ်ကကြည့်ရတာ စိတ်လှုပ်ရှားစရာကောင်းနေတယ်။ အဝေးကဆိုတော့ ကျွန်မတို့နေတဲ့နေရာက မြေကွက်လပ် ပိစိလေးကိုး။

ကျူတာမလေးရယ် တခြားဌာနက ဂျပန်မလေးရယ် မိန်းကလေးသုံးယောက်ပါတယ်။ တခြားဂျပန်မလေးက အင်္ဂလိပ်လို ပြောတတ်တော့ အခု Takamatsu လေဆိပ်ကို ရောက်ပြီ။ အဲဒီမှာ Udon လို့ခေါ်တဲ့ ခေါက်ဆွဲဟာ နာမည်အကြီဆုံးဖြစ်တဲ့အကြောင်း သွားစားကြမယ်ဆိုတဲ့အကြောင်း လာပြောပြတယ်။ Udon က မြန်မာပြည်မှာတော့ နန်းကြီးဖတ်လိုမျိုးတွေနဲ့ စားရတဲ့ အစားအစာပါ။ သိပ်မကြိုက်ပေမယ့် အဲဒီမြို့မှာတော့ အတော်စားကောင်းခဲ့တာ။ လေဆိပ်ကထွက်တာနဲ့ ဆောက်လုပ်ရေးက အကြိုကားရောက်နေတယ်။ ကားနှစ်စင်းခွဲတက်ကြပြီး နာမည်ကြီး Udon ဆိုင်ကို အရင်မောင်းခဲ့ကြရော။ လမ်းတလျှောက်လည်း အဲဒီဆိုင်တွေကြီးပဲ။ ဂျပန်မှာတော့ ဒီဖက်က Udon က စားလို့အကောင်းဆုံးဆိုပဲ။ ကားပေါ်မှာလည်း လူတိုင်းပါးစပ်က Udon ကို ရွတ်ဖတ်နေကြတာနဲ့ ကျွန်မလည်း မျှော်မှန်စားချင်နေတာ။ တကယ်တော့ ဗိုက်လည်းဆာနေပြီကိုး။

ကားရပ်လိုက်တာနဲ့ သစ်လုံးအိမ်ပြားပြားလေးတွေ တွေ့လိုက်ရတယ်။ အဲဒီအိမ်တိုင်း လူတွေပြည်နေတာကိုး။ Udon စားနေကြသူတွေနဲ့ ဆိုင်တွေ။ အိမ်ပုလေးကို ဝင်လိုက်တာနဲ့ ပန်းကန်တချပ်၊ တူတစုံကို သူများယူသလို လိုက်ကောက်ကိုင်ရင်း ဆရာ့နောက်က ကပ်လိုက်ခဲ့တယ်။ ဆရာယူသလို Udon ထည့်၊ တန်ပူရာထဲက ပုဇွန်တန်ပူရာနှစ်ခုယူ၊ ဆရာထည့်တာတွေ အကုန်လိုက်ထည့်ပြီး လူတန်းကြီးနဲ့အတူ တရွေ့ရွေ့စီရင်း အထွက်မှာ ပိုက်ဆံရှင်းလိုက်တယ်။ နောက်တော့ ကိုယ့်ဟာကိုယ် အလျင်းသင့်သလို နေရာရှာ တချို့လည်း မတ်တတ်ရပ်၊ တချို့လည်း သစ်လုံးထိပ်မှာထိုင်ရင်း ပူပူလေးကို ရှလွတ်ရှလွတ်မြည်အောင် စားကြတာ။ ဆူညံပြီး အရသာကလည်း ကောင်းပါ့။ နာမည်ကြီးမယ်ဆို ကြီးလောက်ပါတယ်။ တိုကျို၊ ယိုကိုဟားမားကအရသာတွေနဲ့ ကွာသလိုး။ အစားကို ငမ်းနေတာနဲ့ ဓါတ်ပုံလည်း မရိုက်ခဲ့ရပါဘူး။ လာကြိုတဲ့သူတွေက ဆရာ့တပည့် တံတားအင်ဂျင်နီယာတွေ။ သူတို့လည်း တန်းစီ၊ ကိုယ့်ပိုက်ဆံကိုယ်ရှင်း။ ကိုယ်စားချင်သလောက်စား။ ဆရာလည်းတန်းတူ တန်းစီ။

ဗိုက်ဝတော့ တချီကားမောင်းပြီး ဆောက်လုပ်ရေးဌာနဆီ အရောက်လှမ်းကြပြန်ရော။ နာရီဝက်လောက်ကြာတာနဲ့ တံတားတိုင်လုံးတွေ စတွေ့နေရလို့ ကိုယ့်မှာ တအံ့တသြဖြစ်လို့။ သူတို့တွေလည်း မရောက်ဖူးကြပါတူး။ ဒီမြို့ကိုရောက်ဖူးရင်တောင် ဒီဆောက်လုပ်ရေးဆီက တာဝန်ရှိသူပဲ ဝင်ရတာဆိုတော့ အားလုံးအသစ်အဆန်းပေါ့။ Akashi Kaikyo တံတားက ကမ္ဘာ့အရှည်ဆုံး ကြိုးတံတား သူတို့ဆီမှာလည်း နာမည်ကြီးသကိုး။ တကယ့်တံတာကြီးကို မြင်ရတဲ့အခါ အဝင်က တိုင်တွေ ဘာမှမဟုတ်တော့သလိုပဲ။ ဦးထုပ်တွေ၊ လက်အိတ်တွေလဲလှယ်ပြီးတဲ့အခါ တံတားအပေါ်ပိုင်းထိတက်ကြတယ်။ စက်သီးနဲ့ဆွဲတဲ့ လှေကားထဲကို တခါလိုက်ရင် (၅)ယောက်စီလိုက်ရင်း လှေကားကြီးမြင့်တက်တော့ အူး အား အမလေး ဝိုး အစုံအော်ကြတာပေါ့။ လူမျိုးမတူတော့ သူလည်းအော်ချင်သလိုအော် ကိုယ်လည်း အော်ချင်သလိုအော်။ နောက်ဆုံးတော့ ထိပ်ကိုရောက်သွားတာပါပဲ။ Beam၊ Tower၊ Girder တွေကို တကယ့်လက်တွေ့မြင်ရတဲ့အခါ သူတို့နည်းပညာတွေကို မလေးစားဘဲ မနေနိုင်ဘူး။ ဒီတံတားကြီအကြောင်းကို ဒီမှာ ရေးဖူးလို့ ထပ်မပြောတော့ပါဘူးလေ။

အဲဒီကနေ ရထားစီးပြီး ညနေစောင်းမှာ Matsuyama မြို့ကို ရောက်သွားတယ်။ ရောက်တာနဲ့ HOTEL THE ELLCY ကို တန်းဝင်ရတယ်။ ဟိုတယ်ကိုရောက်တော့ ကိုယ့်အခန်းသော့ကိုယူ နောက်ထပ် နာရီဝက်ကြာရင် ဟိုတယ်ဧည့်ခန်းမှာ ပြန်ဆုံမယ်တဲ့။ ကိုယ့်အခန်းကိုသွား မျက်နှာသစ် အဝတ်အစားလဲပြီး ပြန်ဆင်းလာတော့ အားလုံးလူစုံနေပြီ။ ဟိုတယ်မှာပဲ ညစာစားကြရင်း အဖွင့်ပါတီကြရော။ အများအားဖြင့်က ငါးတွေဆိုတော့ ကျွန်မအတွက် ပုဇွန်မှာပေးကြရတယ်။ စားကြသောက်ကြနဲ့ (၉)နာရီမှာ လမ်းခွဲ အနားယူကြတယ်။ မနက်ခင်း တံတားနှစ်ခုဆီသွားမယ်လို့လည်း မှာလိုက်တယ်။ အခန်းပြန် ရေမိုးချိုးပြီး ဖုန်းကိုကြည့်လိုက်တော့ ဖုန်း ၁၅ ကောလ်ဝင်ထားတာနဲ့ ပျာယာပျာယာဖြစ်လို့သွားတယ်။ ရွှေစိတ်တော်များ ညိုသွားမလား စိတ်ပူရသေး။ အသင့်ယူလာတဲ့ဖုန်းကဒ်လေးကိုထုတ်၊ အချော့ဝင်တော့ တော်တော်နဲ့မပြေဘူး။ အတူတူစကားပြောနေကြတာ အခု သူတယောက်ထဲဆိုတော့ သူလည်း ပျင်းနေရှာရော့မယ်။ ဒါတွေသိလို့ ဖုန်းကဒ်တွေ အဆင်သင့်ယူလာတာ။ အဲဒီတလောက ဖုန်းဖိုးလည်း ကုန်ကြတာပေါ့။ အခန်းထဲမှာ အင်တာနက်ကြိုးကိုမြင်လို့ ကွန်ပြူတာလေးကို သတိတော့ အရသား။ ကဲ ရှိစေတော့လေ။ တတ်နိုင်ဘူး။

နောက်တနေ့မှာ ဟိုတယ်က ကား(၃)စီးငှားပြီး ဆရာ(၃)ယောက်က ဒရိုင်ဘာလုပ်ကြတယ်။ ကိုယ့်ဆရာကိုကြောက်လို့ သူနဲ့ဝေးတဲ့ကားမှာ သွားစီးတာ။ ကားပေါ်ရောက်တော့ စကားပြောကြရင်း ကစားကြမယ်ဖြစ်ရော။ မြန်မာပြည်မှာ အခုလို ကားစီးတာကြာမယ်ဆိုရင် ဘယ်လို ကစားသလဲတဲ့။ ခက် ခက်ချည်ရော။ မြန်မာပြည်မှာ လိုင်းကားတွေနဲ့ပဲ သွားဖူးတော့ လူတောင် ဆီးဖြူသီးအလှိမ့်ခံနေရပါတယ်ဆို ဘယ်လိုလုပ်ကစားမလဲ ဒါတွေပြောပြလည်း နားလည်းမည်မထင်တော့ စဉ်းစားစမ်း။ စဉ်းစားစမ်း။ ဦးနှောက်ကိုအလုပ်ပေးလိုက်ရင်း ငယ်ငယ်က ကစားတဲ့ ခေါင်းတို့တမ်းကစားနည်းကို သတိရသွားတယ်။ ဒါနဲ့ တယောက်တလှည့် ခေါင်းငုံ့ ခေါင်းတို့ကြတာ ခပ်တည်တည်နေတဲ့ ကျွန်မကို ဘယ်သူမှမထင်ဘူး။ တကယ်တမ်း ခေါင်းပုတ်အများဆုံးက မဇနိ။ ကားမောင်းနေတဲ့ဆရာလည်း ဝင်ပုတ်တယ်။ ဆရာများ ခေါင်းငုံအလှည့်ဆို ပုတ်ရမှာ အားနာမိသေး။ စိတ်ထဲမှာ ကန်တော့ကန်တော့နဲ့ ပုတ်လိုက်တာပဲ။ ငရဲကြီးချင်လည်း ကြီးခါမှကြီးရော။ ဒီကစားနည်းရိုးလာတော့ အသွင်အပြင်တွေပြောရင်း တရိစ္ဆာန်နာမည်တွေဖွက်ထမ်း ကစားကြပြန်တယ်။ နောက်ဆုံးတော့ သွားချင်တဲ့ တံတားကြီးဆီ ရောက်သွားရော။

အဲဒီတံတားကတော့ Tatara တံတား။ ကမ္ဘာ့အရှည်ဆုံး cable-stayed တံတား။ အဲဒီတံတားကြီးပေါ်ကို လမ်းလျှောက်ကြရင်း သူ့ကေဘယ်ကြိုးကြီးတွေ ကိုင်ကြည့်ရတာ ပျော်စရာ။ နောက်တံတားတစင်းလည်လိုက်တော့ တနေကုန်ပြန်ရော။ နောက်တနေ့က ရေပူစမ်းသွား လျှောက်လည် ညမှာ အထူးပါတီ တညလုံးလုပ်ကြတယ်။ ကျွန်မတော့ အိပ်ချင်လို့ ဆရာပြန်လိုက်ပို့တာနဲ့ (၁၂) လောက်ပြန်ရောက်တယ်။ တကယ်တော့ အိပ်ချင်တာထက် မျှော်နေရှာမည့် ကိုဇနိဆီ ပြန်လာတာပါ။ သူ့နဲ့စကားပြောရင်း အိပ်ပျော်သွားခဲ့သေး။ နောက်တနေ့မနက်မှာတော့ ကိုယ်သွားချင်ရာသွားပါ။ လေဆိပ်ကို ဘယ်ချိန်ပြန်လာတဲ့။ အသီးသီးထွက်သွားကြတာများ။ ကျွန်မဘယ်ဆီကိုသွားရမလဲ။ ဘယ်မလဲ မြေပုံ။ ဘယ်နားမှာ ဘာရှိလဲ မသိ။ ဒါတွေက အစကတည်းက ကိုယ်သွားမည့်နေရာမှာ ဘာတွေ နာမည်ကြီးသလဲ ကြိုရှာ၊ ပရင့်ထုတ်လာရမှာ။ နောင်တတွေ နောင်မှသိရ။ နောက်ဆုံးတော့ ဆရာတို့နဲ့ လိုက်သပေါ့ ဆရာတို့ဘီယာသောက်တော့ ပုဇွန်တန်ပူရာ၊ ရေပေါ်ဝဲတန်ပူရာတွေ ကျွန်မတယောက်ထဲ စားရရော။



အပြန်လမ်းမှာလည်း လေဆိပ်ကအထွက် ရထားမစီးတတ်သေးပါဘူး။ ဆရာနဲ့တူတူ ယိုကိုဟားမားဘူတာထိ လိုက်ပြန်ပြီးမှ အဆောင်ကိုရောက်တယ်။ ရောက်ရောက်ချင်းဘဲ ကွန်ပြူတာလေးဖွင့် အမေပြောတဲ့ အမောပြေလေးနဲ့ အလွမ်းသယ်ရင်း အောက်တိုဘာခရီး ပြီးဆုံးသွားတာပေါ့။ ဒီလိုနဲ့ နောက်တခါ ခရီးသွားရင် မြေပုံတွေ ထုတ်ယူသွားဖို့ ကွန်ပြူတာလေးယူသွားဖို့ စဉ်းစားရင်း နောင်ဇန်နဝါရီခရီးစဉ်ကို ရင်ခုန်နေမိတော့တယ်။

ဆက်ပါအုံးမည်။
မဇနိ

Read more...

ပဲထမင်း

>> Thursday, December 18, 2008


ပဲဆံတထုပ် ၀ယ်ထားပြီး ချက်မစားဖြစ်ဘူး။ တနေ့ကမှ ပစ္စည်းတွေရှင်းရင်းတွေ့တာနဲ့ ပဲထမင်းလေး ချက်အုံးမှလို့ အတွေးရသွားတာ။ ပဲဆံကို ရေသုံးထပ်လောက်ဆေးပြီး ဆန်ဆေးထားတဲ့အထဲ ရောထည့် ခါတိုင်းထမင်းချက်တာထက် ရေအနည်းငယ် ပိုထည့်လိုက်တယ်။ ပဲထမင်းပူပူလေးနဲ့စားဖို့ အမဲခြောက်တချောင်း ခဏရေစိမ်ပြီး ကြွပ်ကြွပ်လေးကြော်ထားတယ်။
ခရမ်းချဉ်သီးတွေ လောဘတကြီးဝယ်ထားတာနဲ့ ခရမ်းချဉ်သီး ငါးပိချက် ချက်လိုက်သေးတယ်။
တို့စရာကတော့ ရှိပြီးသား အသီးအရွက်လေးတွေ ရေဆေး ရေစစ်ထားလိုက်ရင် အဆင်ပြေသွားရော။






မဇနိ

Read more...

အသီးအရွက်ကြော်

>> Wednesday, December 17, 2008


တကယ်တော့ မုန်လာဥနီကြော်စားတာကို သိပ်မကြိုက်ပါဘူး။ သေချာဂရုတစိုက်ကြော်မှ တခါတလေ စားချင်တဲ့အခါ စားလိုက်တာ။ မနေ့က စိတ်ကူးပေါက်တာနဲ့ အသီးအရွက်ကြော်လေး လုပ်စားမယ်ဖြစ်သွားရော။ ပြောရင်းဆိုရင် အာလူးအခွံနွှာ ရေဆေး။ အတုံးခပ်လတ်လတ်တုံးထားလိုက်တယ်။ မုန်ညင်းဖြူထုပ်၊ မုန်လာဥနီ၊ ရုံးပတီသီးကို ရေဆေး၊ လှီးထားပြီး ပြုတ်ထားတဲ့ ကြက်သားကိုလည်း နွှာထားလိုက်ပါတယ်။ ခရမ်းချဉ်သီးကိုစိပ်ထား၊ ကြက်သွန်ဖြူကို ဓားပြားရိုက် ပြန်လှီး၊ ကြက်သွန်နီလည်း အစိပ်ခပ်ကြီးကြီးစိပ်ထားရင်း ငရုပ်သီးပါ ထက်ခြမ်းခွဲထားပါတယ်။






ဆီပူလာရင် ပထမဆုံး အာလူးကိုထည့်ကြော်ပါတယ်။ အာလူးက အတုံးခပ်ကြီးကြီးတမင်တုံးထားတာဆိုတော့ အကျက်ညီချင်လို့ အရင်ထည့်ကြော်တာပါ။ ခဏနေပြီးတဲ့အခါ ကြက်သားထည့်ပါတယ်။ ကြက်သွန်ဖြူ၊ နီ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ ထည့်မွှေ၊ ငရုပ်သီးစိမ်းလည်း ထည့်လို့ရပါပြီ။ နောက်ဆုံးတော့ ရုံးပတီသီးနဲ့ မုန်ညင်းဖြူကိုထည့် ငံပြာရည်၊ ကြက်သားမှုန့်ထည့်ပြီး မွှေချချလိုက်ရင် ဓါတ်ပုံထဲကအတိုင်း အသီးအရွက်ကြော်က စားချင်စရာလေးဖြစ်သွားပါတယ်။



မဇနိ

Read more...

လက်ဆောင်ပစ္စည်းများ

>> Tuesday, December 16, 2008


တစ်နေ့က သူငယ်ချင်း ဖိုးသောကြာနဲ့ ညီလေးလွင်ပြင် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်ကို သွားကြတယ်။ မယ်သောက်ဖို့နဲ့ မယ်လွင်ပြင်ဖို့ လက်ဆောင်ဝယ်သွားကြတာပေါ့လေ။ မောင်ဇနိတော့ မအားတော့ မလိုက်ဖြစ်ဘူး။ သူတို့တွေ လက်ဆောင် ပစ္စည်းဆိုင်ထဲမှာလည်း လက်ဆောင် ပစ္စည်းလေးတွေကို အမှတ်တရ ဓာတ်ပုံရိုက်လာကြတယ်။ ကျနော် ဒီနားလေးမှာ ရုရှားက မာသရိုရှကာအရုပ်လေးတွေ အကြောင်း ရေးဖူးတယ်။ မြန်မာပြည်က ပစ်တောင်ထောင်ရုပ်လေးတွေလိုပဲ။ သိပ်လှတယ်၊ ချစ်စရာကောင်းတယ်။ ပြီးတော့ အဲဒီဆိုင်မှာ ရုရှားရိုးရာ အဝတ်အစားတွေနဲ့ အရုပ်ကလေးတွေလည်း ရှိတာပဲ။ မြန်မာမျက်စိနဲ့ ကြည့်ရင် နတ်ကတော်လိုလို ဘာလိုလိုလေးတွေ။ ချစ်စရာပါ။ ပြီးတော့ ယွင်းထည် ပစ္စည်းလေးလိုမျိုး အစ်တွေ၊ ဗူးတွေလည်း ပေါသပေါ့လေ။ မာသရိုရှကာ သော့ချိတ်လိုမျိုး ပစ္စည်းသေးသေးလေးတွေ ရှိတာပဲ။ ပြီးတော့ နံရံချိတ်ဖို့ရာ ပန်းချီကားလေးတွေလည်းရှိသလို၊ ပန်းချီချယ်ထားတဲ့ ပန်းကန်လေးတွေလည်း ပေါပါ့။ အရောင်အသွေး အဆင်စုံတဲ့ ပုဝါလေးတွေလည်း ရှိတယ်။ ပြီးတော့ မိန်းကလေး လက်ကိုင်အိတ်လို အလှချယ်ထားတာတွေလည်း ရှိပါ့။ မြန်မာပြည်မှာ အိုးပုတ်ချိုးရုပ်လို ကြွေထည်ပစ္စည်းသေးသေးလေးတွေလည်း ရှိတယ်။ သစ်သားတွေနဲ့ လုပ်ထားတဲ့ ကလေးကစားစရာ၊ အမှတ်တရ သိမ်းစရာ ပစ္စည်းလေးတွေလည်း ရှိတယ်။ မဇနိဖို့ လက်ဆောင် ပယင်းဆွဲကြိုးလေးနဲ့ လည်ဆွဲလေးကို ဒီဆိုင်ကပဲ ဝယ်တာ။ ပယင်းကို ရုရှားလို янтарь လို့ခေါ်ပါတယ်။ အင်္ဂလိပ်လို amber လို့ ခေါ်ပါတယ်။ ဝီကီ ဒီနေရာမှာပယင်းအကြောင်းဖတ်နိုင်ပါတယ်။ မဇနိကို သူငယ်ချင်းရိုက်လာတဲ့ ဓာတ်ပုံတွေပြပြီး ဘာလိုချင်သလဲ ကြည့်ထား ဝယ်ပေးမယ်လို့ ပြောတော့ သူက တဆိုင်လုံး လိုချင်တာတဲ့။ ပယင်းဆွဲကြိုးဆိုရင် အလုံးကြီးကြီးလေးတွေကို သဘောကျသတဲ့၊ အဲ ပုဝါဆိုရင် ဒီလို အရောင်ခပ်မှိုင်းမှိုင်းလေးပေါ်မှာ အပွင့်ခပ်ကြီးကြီးလေးကို အရမ်းကြိုက်တာတဲ့။ လက်ကိုင်အိတ်ဆိုရင် မော်စကို အမှတ်တရ အရုပ်ပါတာကို လိုချင်တယ်တယ်တဲ့။ နံရံကပ် ပန်းချီပန်းကန်ပြားလေးတွေကိုတော့ နှစ်ကိုယ်တူ အိမ်ကျ ချိတ်ဖို့ အခုကတည်းက ဝယ်ထားချင်တယ်တဲ့။ ပြီးတော့ သူက ဆက်ပြောသေးတယ်၊ မိန်းကလေးကို အဲသလို လက်ဆောင်ပစ္စည်းဆိုင် လာပြလို့ကတော့ အကုန်အဝယ်ခိုင်းခံရတော့မှာပေါ့ တဲ့။ မယ်ဇနိသာလိုချင်ရင် ကောင်းကင်က ကြယ်တွေကို ကြိုးနဲ့ သီပြီး ဆွဲကြိုးလုပ်ပြီး ဆင်ပေးမယ်တောင် ပြောထားတာလေ၊ ဝယ်ပေးမှာပေါ့နော်။

ကဲ သူငယ်ချင်းတို့လည်း ရုရှားလက်ဆောင် ပစ္စည်းတွေကို အပျင်းပြေကြည့်ရတာပေါ့။















ဒီပုံကတော့ ရင်ပြင်နီပေါ်မှာ ရှိတဲ့ Saint Basil's Cathedral ပါ။

Read more...

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP