အမှတ်တရ
>> Thursday, June 5, 2008
အမှတ်တရ
မဇနိ
6 June 2008
ကျွန်မကတော့ အရေးအကြောင်းဆို သူ့ကို အတော်အားကိုးတယ်ဆိုတာ ခုချိန်မှာ ပြန်တွေးကြည့်မှ ပိုသိသာလာပါတယ်။ ကျွန်မ အညာဒေသကမြို့ကြီးတစ်မြို့ကို တာဝန်ကျပါတယ်တဲ့။ သူအနားမှာရှိနေတော့ လိုက်ပို့ဖို့က သူ့တာဝန်ကျလာပါတယ်။ ဒါနဲ့ ကျွန်မရဲ့ များပြားလှတဲ့ အထုပ်အပိုးတွေ သူကူသယ်ပေးရတယ်။ ၄ နှစ်စာ ကျောင်းတက်ထားတဲ့ ပစ္စည်းကလဲ မနဲပါဘူး။ ကလေးမူကြိုပို့သလို ကျွန်မကို သူပဲ ရန်ကုန်ကနေ အဲဒီမြို့အရောက် ပို့ပြီး သူ့အိမ်ပြန်သွားပါတယ်။ ပစ္စည်းတွေ နေရာတကျထားပြီး ညအိပ်တော့မယ်ရှိသေးတယ် အတန်ငယ်ဝေးတဲ့ နောက်တစ်မြို့ကို တာဝန်ပြောင်းသွားလို့ ကျွန်မက သွားရမယ်တဲ့။ မြန်မာပြည်မှာ တနေရာနဲ့တနေရာ ခရီးသွားမယ်ဆို ကိုယ်လွတ်တောင်မလွယ်ပါဘူး။ ပစ္စည်းတွေပါ အတူသယ်ရမယ်ဆို ကျွန်မငိုချင်နေပြီ။ လူကလည်း စိတ်ပင်ပန်းပါတယ်။ အဆောင်ကနေ ရုံးစာရေးကြီးအိမ်ပြေးရတယ်။ အဲဒီမှာက မြို့ထဲနဲ့ လှမ်းနေတော့ စာရေးဦးလေးကြီးအိမ်မှာပဲ အားထားဖုန်းဆက်ရပါတယ်။ သူ့ဆီဖုန်းခေါ်ပြီး ကျွန်မကို လိုက်ပို့ပေးဖို့၊ မနက်ဖြန်လာကြိုပေးဖို့ ပြောရတယ်။ ပြောနေရင်းလဲ ငိုပါတယ်။ ဘယ်လောက်အားကိုးလဲဆို သူ့အမေကို ၀န်ထမ်းက လျော်ပေးလို့ ပြောပေးလို့ သူ့ကိုဂျီကျပါတယ်။သူကလဲ ကျွန်မစိတ်ကိုသိတော့ အေး အေး ပြောပေးမယ် တဲ့။ တကယ်တော့ သူ့အမေလဲ ကျွန်မကို လျော်ပေးမှာမဟုတ်သလို ကျွန်မလဲ တကယ်လျော်ခိုင်းမှာ မဟုတ်ပါဘူး။ သူ့အမေက သူတို့မိသားစုထဲ ၀င်မှမလာသေးတဲ့ ကျွန်မကို ဘယ်လျော်ပေးပါ့မလဲနော်။
နောက်တခုက အောက်ပြည်က မြို့တစ်မြို့ကို ခဏသွားရပြန်ပါတယ်။ ကျွန်မက အညာသူဆိုတော့ မိုးတွေအမြဲရွာနေတဲ့ အဲဒီမှာ ဘယ်လိုမှမပျော်ပါဘူး။ သူကလဲ မြန်မာကို အလည်ပြန်လာချိန်ဆိုတော့ ရန်ကုန်မှာပဲနေချင်ပါတယ်။ ဒါနဲ့ ကိစ္စကို အမြန်ဖြတ်ပြီး ပြန်လာဖို့ ကြိုးစားတယ်။ အလာတုန်းက လှိုင်သာယာကားဂိတ်သူလိုက်ပို့တာဆိုတော့ အပြန်လာကြိုမှ ဖြစ်မယ်ပေါ့။ သူ့ကို ဖုန်းဆက်ပြီး လာကြိုဖို့ပြောရတယ်။ သူလာကြိုပေမယ့် ကျွန်မစီးလာတဲ့ကားပျက်နေတော့ လွဲခဲ့ရတယ်။ လာမကြိုရမလားဆိုပြီး ငိုချလာခဲ့တယ်။ ကျွန်မကိုက သူ့ကို အားကိုးနေတာပါ။ တကယ်ဆို ဒီခရီးနဲ့ ဒီခရီးမှာ သူ့ကိုကြိုခိုင်းဖို့ မလိုပါဘူးနော်။ သူကလဲ ရန်ကုန်မှာလိုင်းကားကောင်းကောင်းမစီးတတ်တော့ အတော်နောက်ကျမှ ကားတွေမှားစီးပြီး ပြန်ရောက်လာတယ်။ ကျွန်မသူ့ကိုပေးခဲ့တဲ့ ဒုက္ခတွေပါ။ တနည်းအားဖြင့်တော့ ကျွန်မရဲ့ တွယ်တာမှုတွေပါ။
ကျွန်မ စကော်လာကိစ္စတွေ အဆင်မပြေတိုင်းလဲ သူ့ကို ကျောင်းဆက်မတက်ချင်တော့ဘူးဆိုပြီး အမြဲငိုပြောခဲ့ပါတယ်။ ကားလက်မှတ်ဝယ်ပေးပါ၊ ကျောင်းဆက်မတက်ပါဘူးဆိုလို့ အတင်းချော့မော့ပေးခဲ့ရတယ်။ သူကျွန်မနားမှာရှိတဲ့အချိန်က အတော်ရှားပါးလှပါတယ်။ ၂၀၀၂ မှစပြီး အခုထိ အဝေးမှာရောက်နေပါတယ်။ ဒီကြားထဲ အလည်ပြန်လာတဲ့ခဏပဲ အတူရှိခဲ့တာပါ။ အဲဒီအချိန်ကဖြေခဲ့ရတဲ့ စကော်လာစာမေးပွဲ ၃ ခုစလုံး အခန်းအပြင်မှာသူလာစောင့်ပေးရပါတယ်။ ကျွန်မအလှည့်မရောက်သေးလို့ အခန်းအပြင်ထွက်ကြည့်ရင် သူတစ်ယောက် လမ်းလျှောက်ပြီး စောင့်နေရတယ်။ ပိုက်ဆံတွေကုန်လို့ ဒီစာမေးပွဲတွေ မဖြေချင်ဘူးဆိုလည်း သူပဲ စာမေးခန်းထဲတွန်းထည့်ရပါတယ်။ စာကျက်ရင်လည်း ကိုယ့်တစ်ယောက်ထဲကျက်ခဲ့ရတဲ့ကျွန်မက သူရှိနေရင် သူကူကျက်မှ စာကျက်ချင်တော့ သူလည်း စာကူကျက်ပေးရပြန်ပါတယ်။
နေမကောင်းဖြစ်နေရင်လည်း သူငယ်ချင်းတွေ ဆေးခန်းလိုက်ပို့မယ်ဆို မသွားပါဘူး။ သူပါလိုက်ပေးမယ်ဆိုမှ ကျွန်မသူငယ်ချင်းတွေနဲ့အတူ ဆေးခန်းသွားတာပါ။ တခါက ကျောင်းထဲမှာပဲ သူက ဆင်ကော်ဝယ်လာတာကို ကျွန်မက သွားကိုင်မိတယ်။ လက်ကို ကပ်သွားတော့ အသားတွေပါသွားမှာကြောက်ပြီး အတင်းငိုမိလို့ အသားမပါတဲ့အကြောင်း သူ့ခမျာ မနည်းရှင်းပြမှ အငိုရပ်တော့တယ်။
ဒီနေ့ မွေးနေ့ရောက်ပြီဆိုတော့ အမှတ်တရပို့စ်လေးတင်လိုက်တာပါ။ မွေးနေ့လက်ဆောင်ကတော့ ကိုယ်တိုင်ရိုက်ထားတဲ့ အရုပ်လေးပေါ့နော်။ နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။
ယနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာ၊ကိုယ်ကျန်းမာနဲ့ ချစ်သောမိသားစုနဲ့အတူ နေရပြီး ပျော်ရွှင်တဲ့ ဘ၀လေး ပိုင်ဆိုင်နိုင်ပါစေ၊ မိဘကျေးဇူးကိုလည်း မမေ့လျော့တဲ့သူဖြစ်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။
မဇနိ
0 comments:
Post a Comment