ဖတ်လို့ကောင်းရင် ပြီးတာပဲ..
>> Tuesday, June 10, 2008
ဖတ်လို့ကောင်းရင် ပြီးတာပဲ..
ဟဲဟဲ..ဒီလိုပဲဗျ၊ ခင်ဗျာတို့ကြုံဖူးရဲ့လားတော့ မသိဘူး။ ကြုံဖူးတာ မကြုံဖူးတာကို နောက်မှ ပြောပြပေါ့နော။ ကျွန်တော်အရင်ပြောပြမယ်။ ကျွန်တော့်ရဲ့မဇနိပါ။ မဇနိက အလွန်အချစ်စမ်းတာဗျ။ အခုပဲ စကားပြောနေရင်း ဘလော့(ဂ်)မှာ post အသစ်ရေးရမတဲ့။ ဒါမှ စိတ်ဆိုးပြေမတဲ့။ ဘာအကြောင်းရေးရမှာလဲဆိုတော့ ဖတ်ကောင်းရင် ပြီးတာပဲတဲ့။ အခုချက်ချင်းရေးရမယ်တဲ့။ ဘာရမလဲ ကျနော်ကလည်း စိတ်ဆိုးပြေပြီးတာပဲဆိုပြီး ချရေးတော့တာ။ ဖတ်ကြပါဦး။ ပြီးရင် ဖတ်လို့ကောင်းတယ်လို့လည်း ပြောဦးနော်.. သူက ဖတ်လို့ကောင်းရင်ပြီးတာပဲဆိုတော့ ဖတ်လို့ကောင်းတယ်ဟ ဆိုပြီး ထောက်ခံပေးတဲ့သူတွေရှိမှ ရမှာကိုး။
တကယ်တော့ သူက စိတ်မြန်လက်မြန်နဲ့သူဆိုတော့ ငယ်ငယ်ကတည်းက တစ်ခုခုဆို ၀ုန်းထိုင်းဆိုလုပ်တတ်တယ်။ တခုခုဆိုလည်း စိတ်ထဲရှိရင် ဖြစ်အောင် လုပ်လေ့ရှိတယ်။ သူ့အမေက ပြောသတဲ့။ သမီးနော် နင်တော့ ငါမနိုင်ရင် နိုင်တဲ့သူတော့ ပေါ်ဦးမှာပါတဲ့။ ကျနော်နဲ့တွေ့တော့ သူကပြောတာ။ အခုတော့ အမေပြောတဲ့ နိုင်တဲ့သူပေါ်ပြီတဲ့။ ဘယ်ဟုတ်မလဲဗျာ။ အခု သူက ကျနော့်ကို နိုင်တာလေ။ အခုချက်ချင်း post အသစ်ရေးရမတဲ့။ ကျနော်လည်း ရေးပါတယ်။ စိတ်ထဲကနေ အေးပါဗျာ နောက်ကျလည်း မဇနိကို နိုင်တဲ့သူ ပေါ်ဦးမှာပါလို့ ပြောနေတော့တာပေါ့။
ဒီလိုစူပုတ်နေပြီး သူ့ကိုနိုင်တဲ့ သမီးလေးရလာဦးမှာပါ။
သူနဲ့ကျနော်ဆိုတာက တမြို့တည်းက အတူတူ ၁၀ တန်းအောင်၊ ပြီး တက္ကသိုလ်အတူတူ တက်လာတဲ့သူတွေပါ။ ပြောရရင်တော့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေပါ။ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးကနေ ပိုခင်တွယ်လာတော့ တဒေါက်ဒေါက် အခေါက်ခံရတဲ့ ဘ၀ကိုရောက်တော့တာပါပဲ။ လက်ညှိုးကလေးများ ကွေးထာရင် အရောင်တွေ ထွက်လို့ပေါ။ နဖူးကို တကယ်မခေါက်ပါဘူး။ ချစ်စနိုးနဲ့သာ လက်ဟန်ပြပြီးကျီစယ်တာပါ။
သူနဲ့ကျနော့်ကြားက ရီစရာတွေ ပြောပြပါဦးမယ်။ ကျနော်ဆိုတဲ့ ကောင်က အိပ်ချင်နေလို့ကတော့ ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် ရသလို အိပ်တတ်ပါတယ်။ တခါက ကျနော်ရယ်၊သူရယ် ခရီးအတူသွား၊ အဝေးပြေးလိုင်းကားအတူစီးတော့ စကားတပြောပြောနဲ့ပေါ့။ ကျနော်က ညက ကောင်းကောင်းမအိပ်ခဲ့ရတော့ စကားပြောရင်း တ၀ါးဝါးသမ်းတာပေါ့။ အိပ်ချင်လည်း အိပ်လေတဲ့ မဇနိက။ ဘာရမလဲ ကျနော်ကလည်း ခွင့်ပြုမိန့်သာ ရလို့ကတော့ အိပ်ပြီးသားပဲ။ အိပ်လိုက်တာ ..အိပ်ရုံတင် ဘယ်ကမလဲ။ ဟောက်သေးတာ။ ခေါခလူးဆိုပြီး ချနေတာ။ ညနေ ၃ - ၄ နာရီလောက်ပဲ ရှိသေးတာ။ ရှေ့နောက် ဘေးဘယ်ညာက လူတွေကလည်း ကားပေါ်က ဗွီဒီယိုကြည့်နေရင်း ဘယ်က ခေါခလူးလဲဆိုပြီး လှဲ့ကြည့်။ သူ့ဘေးခုံမှာ ကျနော်က ဇာတ်ကြီး ကျိုးပြီး ခေါခလူးနဲ့ အိပ်နေတာလေ။ သူလည်း ရှက်ရှာမှာပေါ့။ ခေါခလူးကြီး ဘေးထားထိုင်နေရတာ။ သူနဲ့ မဆိုင်သလို လုပ်နေလို့ကလည်း မရဘူးလေ။ မအိပ်ခင်က ကျနော်တို့က စကားတပြောပြောကိုး။ ကျနော့်ဒဏ်တွေကို သူမ အဲသလိုလည်း ခံဖူးပါတယ်။
ကျနော့် ဒဏ်ကို သူခံရသလို သူဆိုးတဲ့ ဒဏ်တွေလည်း ခံရဘူးပါတယ်။ သူက ကျနော့်ကို စိတ်တွေဆိုးတဲ့တစ်နေ့ပေါ့။ ရန်ကုန်မှာ လိုင်းကားစီးတော့ သူကဗျာ စိတ်ဆိုးနေတော့ လမ်းတလျှောက်လုံး တိုးတိုးတိုးတိုးနဲ့ သွားအခုဆင်း၊ လိုက်မလာနဲ့၊ ကားပေါ်က ဆင်းဆိုပြီး တွန်းတွန်းလွှတ်ပါရော။ ခက်တော့တာပဲ။ ဘယ်လိုလုပ်ဆင်းရမလဲ။ တကယ်ဆင်းသွားရင်လည်း ဆင်းလို့ စိတ်ဆိုး၊ စိတ်ကောက်ဦးမယ်။ မဆင်းတော့လည်း ကျနော့်မှာ တတိုးတိုးနဲ့ အပြောခံရ။ သူဆိုးတဲ့ ဒဏ်တွေလည်း အဲသလို အဲသလို ခံရပါတယ်။
ဒီလို ပဲများများတွေလည်း သူနိုင်အောင် ထိန်းရဦးမှာ။
နောက်တစ်ခု ပြောရဦးမယ်။ သင်္ကြန်တွင်းခွင့်ရလို့ သူရော ကျနော်ရော ကိုယ့်မြို့ကို နှစ်ယောက်လုံးပြန်ရောက်တဲ့အချိန်။ သင်္ကြန်တွင်း အလည်အပတ်လည်း မထွက်ဖြစ်ပါဘူး။ မြို့တွင်းမှာ ရေပတ်နေကြတာဆိုတော့ ကိုယ့်အိမ်မှာပဲ နေကြတာပေါ့လေ။ တစ်နေ့ သူမက ရောက်လာပြီး ဦးဇောတိက ကျောင်းမှာ တရားနာသွားမတဲ့။ အိမ်ရောက်လာပါရော။ သူခေါ်တော့လည်း ကျနော်လည်း လိုက်တာပေါ့။ ဘုန်းကြီးကျောင်းက ခပ်ကျယ်ကျယ်ရယ်၊ ပရိတ်သတ်များတော့ ဘုန်းကြီးက မိုက်ကရိုဖုန်းနဲ့၊ စပိကာတွေနဲ့ ဟောတာ။ တရားနာပရိတ်သတ်ကလည်း ခပ်များများဆိုတော့ ကျောင်းမကြီးထဲမသွားဘဲ၊ လေတဟူးဟူးတိုက်တဲ့ ကျောင်းဆောင်လေးမှာ ဘုန်းကြီးဟောတဲ့တရားကို နာရတာပေါ့လေ။ အဲ တရားနာက ပြန်၊ အိမ်ရောက် ညနေကျ ကျနော်ဖျားပါလေရောဗျာ။ ချွေးအအေးပတ်တာလားမသိပါဘူး။ တကတည်း ကျော်မကောင်းကြားမကောင်း၊ တရားနာ တခါလိုက်သွားပါတယ်၊ ဖျားပြန်လာသတဲ့။ တိတ်တိတ်နေရတာပေါ့။ အိမ်က ညီမက အကိုနေမကောင်းရှာတာဆိုတော့ ဆေးတွေတိုက်ပြီး၊ ညောင်းတယ်ဆိုတော့ နင်းနှိပ်ပေးပါတယ်။ ကိုယ့်လည်း အသာလေးငြိမ်ခံရတာပေါ့။ အဲ အမေကဗျာ နင့်အကိုလေ တရားနာလိုက်သွားတာ ဖျားပါလေရောတဲ့ စကားမစပ်ဝင်ပြောပါလေရော။ ဘယ်သူနဲ့သွားတာတုန်းတဲ့။ မဇနိနဲ့ပေါ့ဆိုတော့ ဒီလိုဘူးထလို့ ဖျားတာကတော့ သေသေဗျာတဲ့ နင်းနှိပ်မပေးဘူးတဲ့။ အဲသလို တရားနာတခါလိုက်သွား တခါမှတ်စရာဖြစ်အောင်လည်း ကျန်ခဲ့ဖူးတယ်ဗျ။
ကဲဗျာ စာကတော့ ဒါလောက်ပဲဗျို့။ ဖတ်ကောင်းတယ်လို့လည်း ပြောကြဦး။ ဘာကြောင့်မှန်းမသိတဲ့ စိတ်ကောက်က ဖတ်ကောင်းတယ်ဆိုမှ ပြေမှာကိုး။ အချိန်ကုန်ခံပြီး ဖတ်တဲ့အတွက်လည်း ကျေဇူးတင်ပါတယ်။
0 comments:
Post a Comment