နိပွန်ပြည်မှာ အိမ်ငှားမယ်
>> Tuesday, July 1, 2008
နိပွန်ပြည်မှာ အိမ်ငှားမယ်
မဇနိ
1 July 08
လူတိုင်းဟာ နားခိုစရာနေရာလေးတွေ မရှိမဖြစ်လိုအပ်ကြပါတယ်။ စား၊ ၀တ်၊ နေရေးဆိုပြီး မရှိမဖြစ်ဆိုတော့လည်း ဘယ်နေရာ ဘယ်ဒေသရောက်ရောက် နေစရာအိမ်လေးတွေ ရှာကြရတာပါ။ နေစရာရှာတဲ့အခါမှာ ကာလ၊ ဒေသပေါ်မူတည်ပြီး ဒုက္ခအမျိုးမျိုး ကြုံတွေ့ကြရတယ်။ စင်္ကာပူမှာ အိမ်ရှာကြရတဲ့အကြောင်းကိုလည်း “ကျွန်တော်နှင့် စင်္ကာပူမှ ခရုခွံလေးများ” ဖတ်ရတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။ WeSheMe မှာလည်း “၀င်ကစွပ်”ဆိုပြီးရေးထားလို့ ဖတ်ရပါတယ်။ ကိုအန်ဒီပေးတဲ့နာမည်လေးကို အတော် သဘောကျမိပါတယ်။ ကျွန်မတို့ ရောက်တဲ့နေရာမှာ နေစရာလေးတွေရှာပြီး ပြီးရင် ထားခဲ့ကြရတာမလို့ပါ။
မိဘအရိပ်မှာ ခိုခဲ့စဉ်ကတော့ အပူအပင်မရှိပေါ့။ အိမ်ငှားရတဲ့ ဒုက္ခဆိုတာ နားမလည်ခဲ့ပါဘူး။ နိပွန်ပြည်ရောက်တော့ လာကတည်းက သူတို့စီစဉ်ထားတဲ့ အဆောင်တော်ကြီးမှာ နေခဲ့ရတယ်။ ဒုက္ခဆိုတာ နားမလည်ခဲ့ပြန်ဘူး။ အစစအရာရာ အဆင်ပြေတဲ့နေရာမှာ တက်နေခဲ့ရတာဆိုတော့ အိုကေမှာစိုပြေပေါ့။ ဒါပေမယ့် အဆောင်က ၁ နှစ်ပြီးတော့ ထွက်ရမယ်တဲ့။ အဲဒါမှ ဒုက္ခနဲ့လှလှတွေ့ရပါတော့တယ်။ အချိန်မပြည့်ခင် ၂ လအလိုကတည်းက အိမ်ရှာဖို့ ပြင်ဆင်ရပါတယ်။ ပိုက်ဆံလည်း ကြိုစုရပါတယ်။ စကားကလည်း ကောင်းကောင်းမတတ်တော့ စိတ်ညစ်မိတာ အမှန်ပါ။ အိမ်မရှာလည်း နေစရာမရှိတော့ အိမ်ရှာပုံတော် ထွက်ဖို့ ပြင်ရတော့တယ်။
ဂျပန်မှာ အိမ်ငှားတော့မယ်ဆိုရင် ယန်းသောင်း ၂၀ အနည်းဆုံး လက်ထဲမှာ အဆင်သင့်ဖြစ်နေရမယ်။ ဒါကလည်း အတော်အသင့်အိမ်လောက်ပဲ ရှာမှာမလို့ပါ။ သူတို့ ဂျပန်တွေနေသလို အိမ်ရှာမယ်ဆိုရင်တော့ သောင်း၃၀ လောက်ရှိရမှာပါ။ အိမ်ရှာပေးတဲ့ မီနီလေးတွေက နေရာအနှံ့ ပေါလှပါတယ်။ ဂျပန်မှာ အိမ်ပိုင်မယ်ဆိုရင် အတော်အဆင်ပြေတဲ့သူတွေပါ။ တော်တော်များများက အိမ်ငှားနေကြရပါတယ်။ မီနီတွေဒီလောက်များတာ အကုန်များ အိမ်ငှားနေကြတာလားလို့တောင် စဉ်းစားမိပါတယ်။
အိမ်ငှားတဲ့ မီနီတွေ သွားရင် ပွဲစားခပေးရမှာ ကြောက်လို့ ကျောင်းက Co-op ကိုပဲ သွားကြည့်ပါတယ်။ အဲဒီမှာ စာအုပ်တွေနဲ့ အိမ်လိပ်စာ၊ ဈေးနှုန်း၊ ဘယ်ဘူတာကနေ ဘယ်နှစ်မိနစ်လမ်းလျှောက်ရတယ် စသည်ဖြင့် ကြည့်ရှာနိုင်ပါတယ်။ အရေးကြီးတာက ဘယ်လောက်ကျယ်လဲ ရေချိုးခန်း၊ အိမ်သာက ပါပြီးသားလားဆိုတာ ကြည့်ရတယ်။ တချို့ အခန်းတွေမှာက ရေချိုးခန်း၊ အိမ်သာက ဘုံသုံးရပါတယ်။ မီးဖိုဆိုလည်း ဘုံသုံးရပါတယ်။ ဘုံသုံးရတယ်ဆိုပေမယ့် အခန်း ၃၊ ၄ ခန်းကို ရေချိုးခန်း၊ မီးဖို၊ အိမ်သာ စုသုံးရတယ်ပေါ့။ သပ်သပ်ရပ်ရပ်ရှိပေမယ့် ကိုယ့်က မိန်းကလေးတယောက်ထဲ နေမယ်ဆိုရင် အခန်းထဲမှာ အစုံပါပြီးသားကမှ ပိုအဆင်ပြေပါတယ်။ ဈေးချိုတယ်ဆိုပြီးသွားကြည့်လိုက်ရင် တခုမဟုတ်တခုလိုအပ်နေလို့သာ ဈေးချိုတာများပါတယ်။ ညက ဂျာမဏီက သူငယ်ချင်းပြောသလို သူနေတဲ့မြို့ကကို ပိုဈေးကြီးနေလို့တဲ့။ ကျွန်မနေတဲ့မြို့မှာလည်း ဈေးကြီးပါတယ်။ အတန်ငယ်သေးငယ်တဲ့ မြို့တွေထက်တော့ ၂ ဆနီးပါး ပိုပေးရတာပါပဲ။
ဘူတာနားလည်း နီးရမယ်၊ စူပါတွေလည်း နီးရမယ်ဆိုရင် ယန်း ၇၀၀၀၀ တန်က အနည်းဆုံးပါ။ ဒါကြောင့် အိမ်ငှားမယ်ဆို သောင်း ၂၀ လောက်ကုန်တယ်လို့ ခန့်မှန်းထားရပါတယ်။ ပွဲစားကို ၁ လစာ၊ deposit က ၁ လစာ၊ insurance (မီး၊ ငလျင်) က ယန်း ၁၄၀၀၀ ပေးရပါတယ်။ deposit ၁ လစာအိမ်ဆိုတာ အင်မတန်ရှာရခက်ပါတယ်။ နေရာကောင်းရင် ယန်း ၁၅၀၀၀၀ လောက် ပေးရပါတယ်။ အိမ်ဆောက်ထားတဲ့ သက်တမ်းပေါ်လည်း မူတည်ပြီး ဈေးကွာပါတယ်။ ဒီနိုင်ငံမှာက ငလျင်ကို အမြဲစဉ်းစားနေရတော့ သက်တမ်းကြာတဲ့အိမ်တွေဆို မနေချင်ကြပါဘူး။ ငလျင်ကလည်း တခါတလေ နေ့တိုင်းလောက်လှုပ်နေတာပါ။ တနေ့ ၂ကြိမ်ဆိုတာ ထက်ထက်မိုးဦးသီချင်းမဟုတ်ဘဲ ဒီမှာတော့ ငလျင်ဖြစ်နေပါတယ်။ ရောက်ခါစကဆို ဘာလုပ်ရမှန်း မသိအောင်ကြောက်ပေမယ့် အခုတော့ ဒန်းစီးရသလို ငြိမ့်နေမိတယ်။ ၆.၈ ငလျင်လောက်ကတော့ ကြုံဖူးနေတော့တာပါ။ ခပ်ပြင်းပြင်းငလျင်လှုပ်ပြီးခါစဆိုရင် အရေးပေါ်ကားသံတွေ ဆူညံနေတော့တယ်။ ထိခိုက်ဒဏ်ရာတွေလည်း ရကြတယ်။ ကျွန်မဆီမှာ ငလျင်လှုပ်ရင် အမ မမေအောင်နဲ့ ညီမပါ သူ့မြို့ကနေ ဘုရားစာရွတ်ပေးနေရပါတယ်။
အိမ်စရှာပြီဆိုတာနဲ့ တနေကုန်ခြေတိုအောင် သွားရပါတယ်။ ဒီအိမ်ကြည့်မယ်ဆိုပြီး ပြောလိုက်ရင် အိမ်ပိုင်ရှင်က ကားနဲ့လာခေါ်ပါတယ်။ ကားအကောင်းစားတွေနဲ့လာခေါ်ပေမယ့် အိမ်ကိုမကြိုက်ရင် အားနာစရာမလိုပါဘူး။ အားနာလို့ ငှားမိရင် ကိုယ်ပဲနေရတော့မယ် ၁ နှစ် ၂ နှစ်ပေါ့။ ဒီမှာက အိမ်ပိုင်ရှင်က သိပ်မာနကြီးကြတယ်။ တချို့က နိုင်ငံခြားသားဆို မငှားဘူး။ တချို့က ကျောင်းသားဆို မငှားပါဘူး။ အိမ်ငှားတဲ့နေရာမှာ သူတို့လူမျိုးတွေလည်း ကျွန်မတို့လို ပင်ပန်းကြတယ်လို့ ဘာသာစကားသင်တဲ့ ဆရာမက ပြောဖူးပါတယ်။ ကျွန်မတို့ကတော့ ဘာသာစကားအခက်အခဲက ပိုပါလာသေးတယ်။ အာမခံလက်မှတ်ထိုးရတဲ့နေရာမှာတော့ ကျွန်မတို့လို နိုင်ငံခြားသားက ပိုအလုပ်ရှုပ်ပါတယ်။ တချို့ကလည်း တာဝန်ကြီးတော့ လက်မှတ်မထိုးပေးချင်ကြပါဘူး။ ကျွန်မအိမ်ငှားတုန်းကတော့ ဂျပန်နဲ့အိမ်ထောင်ကျတဲ့ တခြားနိုင်ငံက သူငယ်ချင်းစုံတွဲက လိုက်ကူပေးပါတယ်။
အိမ်လည်းကြိုက်ပြီ၊ အာမခံပေးမယ့်လက်မှတ်လည်းရပြီဆိုရင် စာချုပ်ချုပ်လို့ရပါပြီ။ စာချုပ်တဲ့နေ့မှာ အိမ်သော့လည်းပေးလိုက်ပါတယ်။ ဒါပေမယ့် သော့လဲပေးမယ့် ကုမ္ပဏီကလာရင် သော့ဖိုး ယန်း ၁၇၀၀၀ ပေးလိုက်ရပါသေးတယ်။ စာချုပ်တဲ့နေ့ကရတဲ့ သော့က အရင်လူတွေသုံးသွားတာဆိုတော့ စိတ်မချရဘူးဆိုတဲ့သဘောနဲ့ လဲရတာပါ။ နေရာတိုင်းစိတ်ချရအောင် လိုက်စဉ်းစားပေးတာကတော့ ဟုတ်ပါတယ်။ ပိုက်ဆံတွေလည်း လိုက်လို့မနိုင်ဘူးပေါ့။ အဲဒီအဆင့်ရောက်ဖို့က စိတ်မောလူမောနဲ့ပါ။ ကျွန်မဆို တပတ်လောက်က အိမ်မတွေ့ပါဘူး။ ကျောင်းသားတွေကလည်း မတ်လကုန်ဆို ထွက်တဲ့သူက ထွက်တယ်။ ပြောင်းရမည့်သူတွေကလည်း အိမ်ရှာရတယ်။ တချို့ကလည်း သူတို့နေတဲ့အခန်းဆက်နေမလား။ deposit မပေးရဘူးပေါ့။ ဈေးသက်သာလို့သွားမနေလိုက်ပါနဲ့ ပိုဆိုးမယ်။ အိမ်ပျက်စီးတာတွေ ကိုယ်ထွက်မှ စုလျော်နေရမှာမလို့ပါ။
တနေ့တော့ ကျွန်မက ယန်း ၅ သောင်းအိမ်ကို သွားကြည့်နေတုန်း ထိုင်းက သူငယ်ချင်းက ယန်း ၄ သောင်းတန်ကို သွားကြည့်နေပါတယ်။ သူသွားကြည့်မယ့်အိမ်က ပိုတန်ပါတယ်။ မီးဖိုခန်း သီးသန့်ပါတယ်။ ရေချိုးခန်းသပ်သပ်၊ အိမ်သာသပ်သပ်၊ deposit က ၁ လစာ၊ ပွဲစားက ၁လစာဆိုတော့ ကျွန်မလည်း အဲဒီအိမ်လေးလိုချင်တယ်။ သူက ဂျပန်စကားပိုတတ်တော့ သူရှာတွေ့တာပါ။ ကံကောင်းချင်တော့ သူက ဖုန်းခေါ်လာပါတယ်။ သူ့အိမ်ဘေးမှာ ပုံစံတူ၊ ဈေးတူတအိမ်ရှိသေးတယ်တဲ့။ အပြေးလေး သွားကြည့်တာပေါ့။ ကုမ္ပဏီက ကားနဲ့လာခေါ်ပါတယ်။ ကားပေါ်မှာ ဖိနပ်ကို အိတ်နဲ့ယူလာပေးတယ်။ အိမ်ထဲဝင်ခါနီးရင် ဖိနပ်လေးချပေးပါတယ်။ အိမ်လေးကိုမြင်တော့လည်း ကျောင်းနဲ့က ၇ မိနစ်လောက် လမ်းလျှောက်ရတာဆိုတော့ သဘောကျသွားပါတယ်။ ကျောင်းကလည်း တနေကုန်နေကြတာဆိုတော့ ကျောင်းနားနီးမှ အဆင်ပြေပါတယ်။ ဒါနဲ့ပဲ ဈေးအားလုံးတွက်လိုက်တော့(Reservation fee (tetsukekin)၊ Deposit (shikikin)၊ Key money (reikin)၊ Service fee (chukai tesuryo)) ယန်း ၂၀ သောင်းကုန်သွားပါတယ်။ အမှိုက်ပစ်ခက တစ်လကို ယန်း ၂၀၀၀ ပါသေးတယ်။
အိမ်ပြောင်းတော့မယ်ဆိုရင် မတိုင်ခင် ၃ ရက်လောက်မှာ ရေ၊ မီး၊ ဂက်စ် ကို ဖုန်းဆက်ပြောရပါတယ်။ ဘယ်သူမှ ကူမည့်သူမရှိတော့ ကိုယ်တိုင်ပဲ တတ်သလောက်ချရပါတယ်။ ရေ နဲ့ မီးကတော့ ကိုယ်ပြောင်းတဲ့နေ့ ဘယ်နှစ်နာရီရစေမယ်ဆို အတိအကျရပါတယ်။ သူတို့မေ့နေရင် ဘယ်လိုလုပ်ပါ့မလဲလို့ စိတ်မပူရပါဘူး။ ဂက်စ်ကတော့ လူကိုယ်တိုင်လာပါတယ်။ ဘယ်ချိန်လာရမလဲဆိုတာ ချိန်းပြီး အတိအကျပဲလာပါတယ်။ ဂက်စ်မီးဖိုပိုက်တပ်ပေးတယ်။ ရေချိုးခန်းပိုက်တွေ တပ်ပေးတယ်။ ဒုက္ခရောက်တာက အင်တာနက်ပါ။ အရင်အဆောင်မှာတော့ ပိုက်ဆံလည်း မပေးရ၊ ရောက်တာနဲ့ အင်တာနက်ကြိုးက အဆင်သင့်ဆိုတော့ အဆင်ပြေလှပါတယ်။ အပြင်လည်းရောက်တော့ ဒုက္ခတွေမျိုးစုံစတွေ့တော့တာပါ။ သူတို့က ရောက်စတုန်းက အစစ အဆင်ပြေလှတဲ့နေရာမှာ ပစ်ထည့်ထားတော့ ခုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေပြီလို့ သူငယ်ချင်းတွေနဲ့ ပြန်ပြောမိပါတယ်။ အင်တာနက်လျှောက်တာကလည်း တစ်လလောက်ကြာပါတယ်။ provider နာမည်မျိုးစုံရှိနေတော့ ဟိုဟာယူရမှလိုလို၊ ဟိုကပဲ ၂ လ အလကားပေးတာ၊ ဒီက ipod လက်ဆောင်ပေးတာ၊ ဟိုက ၆ လ အလကားနဲ့ ဘယ်ရွေးရမှန်းမသိတော့ ၁ လခွဲလောက်ကြာပါလေရော။ အင်တာနက်မရှိရင် မနေတတ်တဲ့သူဆိုတော့ ပိုပင်ပန်းတယ်ထင်ပါတယ်။
တချို့တော့လည်း အိမ်ကို ရှယ်ယာနေကြပါတယ်။ သူငယ်ချင်း ၂ ယောက်က ၃ ယောက်ရှယ်ယာနေဖို့ ပြောပေမယ့် မနေဖြစ်ခဲ့ပါဘူး။ အိမ်က မိသားစုတွေ သူငယ်ချင်းတွေလာလည်မယ်ဆိုရင် ကိုယ်တယောက်ထဲနေတဲ့အတွက် ဘယ်သူ့ကိုမှ တိုင်ပင်နေစရာမလိုတော့ပါဘူး။ ရှယ်ယာနေမယ်ဆိုရင် ကျွန်မလို ဟင်းအမြဲချက်၊ ရေနွေးအသုံးများ၊ heater မဖွင့်ရင် ချမ်းတတ်တဲ့သူအတွက် မလွယ်ဘူးဆိုတာ တွေးမိတော့ အစကတည်းက တယောက်ထဲ ဈေးနိုင်မည့်နေရာမျိုး ရှာခဲ့တာပါ။ အခုအိမ်လေးကတော့ နေရတာ အဆင်ပြေပါတယ်။ အိမ်ပိုင်ရှင်ကလည်း အဝေးမှာနေတဲ့အတွက် အနေကျုံ့စရာမရှိပါဘူး။ အိမ်လခကိုလည်း ဘဏ်အကောင့်ထဲ ထည့်ပေးရတဲ့အတွက် အခုချိန်ထိ အိမ်ပိုင်ရှင်ကို မမြင်ဖူးပါဘူး။ တချို့တော့လည်း အိမ်ပိုင်ရှင်နဲ့ အပေါ်ထပ်၊ အောက်ထပ်နေရတဲ့အခါ အနေကျုံ့ကြတယ်ပြောပါတယ်။ ဧည့်သည်လာရင် လာပြန်ပေါ့ဆိုပြီး အမျိုးမျိုးဆင်ခြင်နေရတယ်ပြောပါတယ်။
အိမ်အသစ်ပြောင်းမယ်ဆိုရင် အိမ်အဟောင်းကိုလည်း ဒီတိုင်းထွက်လာလို့မရပါဘူး။ အဆောင်မှာ ဘယ်လိုသန့်ရှင်းခဲ့ရမယ်ဆိုတာ တီဗွီကြည့်ရပါတယ်။ သန့်ရှင်းရေးပစ္စည်းတွေကို သူတို့ဆီက ယူလို့ရပါတယ်။ အဲယားကွန်းကိုဖြုတ် အထဲက စကာတွေကို ဆေးကြောရတယ်။ လိုက်ကာတွေ အ၀တ်လျှော်စက်ထဲ ထည့်ရတယ်။ မီးဖိုခန်းကို သန့်ရှင်းရေးလုပ်ရတယ်။ မီးဖိုခန်းက အနံ့စုပ်ပန်ကာတွေ ဆေးရတာ လက်တွေတောင် နာပါတယ်။ ရေချိုးခန်းဆေးရတယ်။ ကြမ်းတိုက်ရတယ်။ ပြောင်လက်ရဲ့လားလို့ အခါခါပြန်ကြည့်ရပါတယ်။ ကိုယ်စနေတော့လည်း သူတို့က ပြောင်လက်နေတဲ့အခန်း ပေးခဲ့တာပါ။ အိမ်ငှားတဲ့အခါလည်း သန့်ရှင်းပေးထားပါတယ်။ ကျွန်မပြန်ထွက်တဲ့အခါမှာလည်း ပြန်ရှင်းပေးခဲ့ရအုံးမှာပါ။ ကူမည့်သူမရှိတော့လည်း အစစ ကိုယ်တိုင်လုပ်ရတော့တာပါပဲ။ အိမ်ပြောင်းတဲ့လက ကျောင်းလုံးဝ မသွားနိုင်ပါဘူး။ ပြန်လာရင် ပင်ပန်းပြီး ဘာမှမလုပ်နိုင်တော့ပါဘူး။ ပြောင်းပြီးတဲ့အခါ ရပ်ကွက်ရုံးကို လိပ်စာသွားပြောင်းရတယ်။ စာတိုက်မှာ လိပ်စာသွားပြောင်းရပါတယ်။ အားလုံးပြီးစီးသွားပြီဆိုရင်တော့ လူလဲ အတော်ပင်ပန်းသွားပါပြီ။ နောင်တခါ အိမ်ပြောင်းရမှာ တွေးတောင်မတွေးချင်တော့ပါဘူး။ မနေ့ညက ဂျာမဏီက သူငယ်ချင်းလည်း အိမ်ရှာရတာ မောလိုက်တာလို့ ညည်းလာလို့ ဒီပို့စ်ရေးလိုက်တာပါ။ အားလုံးပဲ အဆင်ပြေတဲ့ နားခိုစရာလေးတွေ ရှာတွေ့ကြပါစေ။
မဇနိ
0 comments:
Post a Comment