မီးပွိုင့်
>> Friday, July 25, 2008
အခုစာရေးဆရာ Фазиль Искандер(ဖာဇီ(လ်) အီစကန်ဂျယ်) က Abkhazia တွင် ၆၊မတ်လ၊၁၉၂၉ မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့စာတပုဒ်ကို ကျောင်းသင်ခန်းစာမှ သင်ခဲ့ဖူးလို့ အင်တာနက်မှာ လိုက်ရှာလိုက်တော့ အခုဘာသာပြန်လိုက်တဲ့ အတိုတပုဒ်နဲ့အတူ သူရဲ့အခြားစာတွေလည်းကိုပါ တွေ့ပါတယ်။ အခြားစာတွေကိုလည်း နောက်အလျင်းသင့်ရင်လည်း ဘာသာပြန်ပါဦးမယ်။ သူဟာ စာပေဆုများစွာရတဲ့ သူတစ်ယောက်ဖြစ်တာ တွေ့ရပါတယ်။ အခုအချိန်မှာ မော်စကိုမှာ နေထိုင်လျက်ရှိပါတယ်။
မီးပွိုင့်
ဖာဇီ(လ်) အီစကန်ဂျယ်
အရုပ်ကလေးတစ်ရုပ်လို ချစ်စရာကောင်းလှတဲ့ ဂျာမန်ရှေးဟောင်းမြို့လေးတစ်မြို့။ ကျနော်တို့ အဖွဲ့ဝင်အနည်းငယ်ပါတဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့ တည်းခိုတဲ့ ဟိုတယ်ကလေးကို ညမိုးချုပ်နောက်ကျပြီး ပြန်လာကြတယ်။ လမ်းမကို ဖြတ်ကူးမယ်ဆိုတော့ မီးပွိုင့်က အနီရောင်ပြနေပါတယ်။ ဒါပေမယ့်လည်း လမ်းမပေါ်မှာ မောင်းနေတဲ့ကားမှ မရှိတော့ လမ်းကို ဖြတ်ကူးကြမယ်ပေါ့။ ကျနော်တို့တွေက လမ်းကူးဖို့လုပ်တော့ ဂျာမန်တချို့ဆီက လမ်းကူးမှာကို မကြိုက်တဲ့အသံတွေ ထွက်လာပါတယ်။ သူတို့တွေကတော့ လူသွားလမ်းပေါ်မှာ မီးစိမ်းကို ရပ်စောင့်နေပါတယ်။ ကားတစီးမှမရှိဘဲ မတ်တပ်ရပ်ပြီး စောင့်နေပါတယ်။
အဲဒါက ဘာကိုဆိုလိုသလဲဆိုတာ ကျနော်စဉ်းစားမိတယ်၊ ဒီမိုကရေစီဆိုတာ ဟိုးအနိမ့်ဆုံးမှာရှိနေတာလား၊ ဒါမှမဟုတ် အရေးကြီးအဆင့်အတန်းမှာ ရှိနေတာလား။ ဒါက နိုင်ငံတော်နဲ့ ပြည်သူတွေကြားက ဖွင့်ပြောမထားတဲ့ အများဆိုင်ရာ သဘောတူစာချုပ်လိုမျိုး မဟုတ်ပေဘူးလား။
ပြည်သူတွေက မလိုက်နာပေမယ့် နိုင်ငံတော်က လိုက်ပြီးဖြည့်စည်းပေးရမဲ့ ကိစ္စတွေရှိတယ်။ နိုင်ငံတော်က စောင့်မကြည့်ပေမယ့်လည်း ပြည်သူတွေက လိုက်နာဖြည့်စည်းရမယ့် ကိစ္စတွေလည်းရှိပါတယ်။
ပြည်ကြီးသားပီသတယ်ဆိုတာက ကိုယ့်ဆေးလိပ်အစီခံကို ပြာခံအမှိုက်ပုံးဆီကို သယ်သွားတာပါ။ နိုင်ငံတော့်အလုပ်ကတော့ သိပ်မကွာဝေးလှတဲ့ နေရာတိုင်းမှာ ပြာခံအမှိုက်ပုံးတွေ ထားပေးရမှာ မဟုတ်လား။
ဒီမိုကရေစီနိုင်ငံတော်မှ ပြည်သူတစ်ယောက်က သူ့ပုဂ္ဂလိက အကျိုးအတွက် ရဲတွေစောင့်မနေတောင် ကိုယ့်ရဲ့သောက်ပြီးသား စီးကရက် ဖင်စီခံကို ပြာခံအမှိုက်ပုံးဆီကို သယ်သွားတတ်တယ်လို့ အဓိပ္ပါယ်ရောက်ပါတယ်။ ဒီမိုကရေစီနိုင်ငံတော်ဆိုတာကတော့ လမ်းမပေါ်ရဲတွေ ချထားတာထက် ပြာခံအမှိုက်ပုံးတွေ ပိုပြီးချထားပေးမယ်လို့ သဘောရပါတယ်။ အဲဒါမှသာ အကျိုးများစေတဲ့ ဒီမိုကရေစီစနစ်ရဲ့ လက်တွေ့အလုပ်ပါ။
အဲဒါက ဘယ်လို စဖြစ်လာမှာလဲဆိုရင် အထက်ကနေ အောက်ကို၊ အောက်ကနေ အထက်ကို ဆိုသလို တချိန်တည်းမှာဖြစ်နေတဲ့ ဖြစ်စဉ်တခုအဖြစ် စဉ်းစားနိုင်ပါတယ်။ သိပ်တော့ မသေချာပါဘူး။ မြင်သာထင်သာရှိတဲ့ ဥပမာတခုပြောကြည့်မယ်။ နိုင်ငံတော်မှာ အားလုံးအတွက် မြင်သာထင်သာအရှိဆုံးတခုကတော့ (ဂရုတစိုက်ပဲဖြစ်ဖြစ်၊ ပေါ့ပျက်ပျက်ပဲဖြစ်ဖြစ် သူ့ကို ရှုမြင်ကြလိမ့်မယ်။) နိုင်ငံတော် အာဏာပါပဲ။ ပြည်သူတွေက အာဏာကိုရှုမြင်တဲ့အခါ ကိုယ့်ကိုကို ဘာတွေပြန်ပြောဖြစ်သလဲဆိုတော့ - "ဟေ့ ကြည့်စမ်း မခိုးကြဘူး။ ဟေ့ ကြည့်စမ်း မလိမ်ညာကြဘူး။ ကြည့်စမ်း မနေ့က မှားခဲ့တယ်၊ ဒီနေ့မှာ (နောက်နှစ်မှ မဟုတ်ဘူး) မနေ့က မှားခဲ့တယ်ဆိုတာကို ဝန်ခံမယ်။ ကိုယ့်ဆေးလိပ်ဖင်စီခံကို ပြာခံအမှိုက်ပုံဆီကို သယ်သွားကြရော။"
မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။
0 comments:
Post a Comment