မတူညီတဲ့အရာ
>> Friday, November 7, 2008
လူတွေ တဦးနဲ့တဦး အမြင်မတူကြသလို အလေးထားမှု၊ တန်ဖိုးထားမှုတွေလည်း ကွဲပြားနေတယ်။ တန်ဖိုးထားတာတွေမတူတာ သတိမထားမိဘူး။ ကိုယ်တိုင်လည်း ဘာကို “တန်ဖိုးထားသလဲ” ပြန်မစမ်းစစ်မိပါဘူး။ ကိုယ့်နီးစပ်ရာ အသိုင်းအဝိုင်းထဲမှာ ဘယ်လိုတွေ ဘယ်လိုတွေ စိတ်ဝင်စားကြပါလိမ့်လို့ တကယ်သတိထားမိတဲ့အချိန်မှာတော့ အော် သူတို့က ဒါတွေကို စိတ်မဝင်စားပါ့လားလို့ သိလာရတယ်။
စစချင်း သတိပြုမိတာ လွန်ခဲ့တဲ့လအနည်းငယ်ကပါ။ ကိုယ်ကိုယ်တိုင် အတ္တကြီးသူတယောက်ဖြစ်နေတယ်။ ကိုဇနိက နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေ ကြည့်စေချင်တယ်။ ဒေါင်းလုပ်လုပ်ပေးတယ်။ ကွန်ပြူတာ desktop ပေါ်မှာ တင်ထားပေးတယ်။ မြင်သာစေချင်လို့။ ဒါမှမဟုတ်လဲ ယောင်မှားပြီး ကလစ်လုပ်မိလေမလား မျှော်လင့်ထားပုံပေါ်တယ်။ ကိုယ်ကလည်း တနေ့လည်း မကြည့်၊ နောက်နေ့လည်း မကြည့်ပါဘူး။ ဖိုင်လေးကိုတွေ့လည်း ရှောင်ကွင်းသွားတတ်တယ်။ သူလုပ်ပေးထားတာသိပေမယ့် မမြင်ဟန်ဆောင်နေလိုက်တာ။ ဒါဆို desktop sidebar ပေါ်က notepad လေးမှာ လက်ရေးအလှလေးတွေနဲ့ “ဇာတ်ကားလေးကြည့်ချင် ….”၊ “ညက ညနက်ထိ ဘယ်ဇာတ်ကားလေး ဒေါင်းလုပ်လုပ်ထားတယ်၊ “အိပ်ယာနိုးလာလို့ပျင်းရင် ကြည့်ရန်…”လို့ ကိုယ့်ကို သွယ်ဝိုက်တဲ့နည်းနဲ့ သူ့ဆန္ဒလေးဖေါ်ထုတ်လာတယ်။ မရပါဘူး။ ဒီလိုရေးထားတဲ့ notepad ဆို တချက်လေးကြည့်ပြီး စိတ်မဝင်စားတော့ဘူး။ ကျွန်မကို အောင်မြင်စွာဆွဲဆောင်နိုင်တာ ကာတွန်းကားနဲ့ ဆင်လိမ်မာဗွီဒီယိုဖိုင်လောက်ပဲရှိတယ်။ ဆင်မလိမ်မာဗွီဒီယိုဖိုင်ကြည့်မိတာ စိတ်မချမ်းသာလို့ နောက်ဆင်လိမ်မာဗွီဒီယိုဖိုင်ကိုတောင် မကြည့်တော့ဘူး။
သူလည်းအစကတော့ မရိပ်မိဘူး။ အခုနောက်ပိုင်းတော့ သိပ်မတိုက်တွန်းတော့ဘူး။ လက်လျှော့သွားတာလား။ မောသွားတာလား။ သူကိုအလေးမထားလို့များ ဥပက္ခာပြုထားတော့တာလား ကိုဇနိပဲ သိမှာပါ။ သူအချိန်တွေ ပေးခဲ့တာတွေ ကိုယ့်အတွက် ကြိုးပမ်းပေးတာတွေကို အတ္တကြီးကြီးနဲ့ လျစ်လျူရူလိုက်မိတယ်။ အင်္ဂလိပ်စာတိုးတက်စေချင်တဲ့ သူ့စေတနာတွေလည်း သိတော့သိပေမယ့် ကိုယ်သက်သာဖို့က ပိုအရေးကြီးတာကိုး။ ကျောင်းကတမျိုး၊ တယောက်ထဲနေရတာက တဖုံ ဆိုတော့ ဘာမှကို အလေးအနက်မစဉ်းစားချင်ဘူး။ ဇာတ်ကားဆိုလည်း လိုက်စဉ်းစားနေရမှာမျိုးဆို မကြည့်ချင်။ ကြောက်စရာကောင်းတာဆို မကြည့်ရဲ။ အမှန်တော့ အပျင်းထူနေတာနေမယ်။ ကျောင်းပြန်လာလို့ ပင်ပန်းလာရင် ဘလော့ဂ်လေးဖတ်ဖို့လာမပေးပါနဲ့။ “ပင်ပန်းလာတယ် ဘာမှမဖတ်ချင်ဘူးနော် ဘာမှလည်းမကြည့်ဘူး”နဲ့ ညစ်ကျယ်ကျယ်ပြောထားလိုက်တယ်။
အိမ်ကမောင်လေးလာတော့ အမြဲသုံးရတဲ့ အင်တာနက်ကို အားစိုက်သုံးစေချင်တယ်။ ဟိုဟာလေးလည်း လုပ်တတ်စေချင်၊ ဒါလေးလည်း သိစေချင်နဲ့ စိတ်တွေများမောလို့။ သူတို့ကတော့ အေးအေးပဲ။ တခါတလေ ဖြစ်စေချင်လွန်းလို့ စိတ်တိုင်းမကျဖြစ်ရတယ်။ အိမ်ကို တရားခွေတွေထည့်ပေး။ တရားနာဖြစ်သလားမေးတော့လည်း “အေး မီးလာရင် နာပါတယ်” ဆိုတဲ့ ခပ်အေးအေးအဖြေရ။ ကိုယ်ကြားချင်တာက “တရားတွေလည်းနာတယ်” ဆိုတာမျိုး။ အိမ်က အလှူလုပ်တယ်။ ဘယ်သွားတယ်။ ပြန်လာရင် ဓါတ်ပုံကြည့်ချင်ရော။ သူတို့က မရိုက်လာဘူး။ ကင်မရာကိုလည်း သိမ်းထားချင်တာပဲသိတယ်။ ဓါတ်ပုံတွေကြည့်ချင်တဲ့ ကိုဇနိလည်း အိမ်ကို စိတ်တိုင်းမကျဖြစ်တော့တာ။ သူ့ညီအင်တာနက်လာသုံးရင် တောင်းရတဲ့ဓါတ်ပုံ။ တခါမှ မပို့ဘူး။ ကွန်နက်ရှင်မကောင်းတာအကြောင်းပြ လစ်ပြေးကြတာချည်းပဲ။ တကယ်တော့ သူတို့မှ ဒါတွေကို အလေးမထားချင်တာ။ စိတ်မဝင်စားဘူးလေ။
ချစ်လှစွာသော သူငယ်ချင်းမအတွက် ကင်မရာထည့်ပေးလိုက်တယ်။ ဖုန်းဆက်ဖြစ်ကြတော့ စတွေ့တာနဲ့ “ဖိနပ်လေးက ငါနဲ့အတော်ပဲ”၊ “ထီးလေးက ပေါ့ပေါ့လေး ကြိုက်တယ်” ဒါမျိုးလုပ်တော့တာ။ ကိုယ်မျှော်လင့်ထားတာက ကင်မရာကြိုက်တယ်။ ဘယ်တွေသွားလို့ ဘာတွေရိုက်ဖြစ်တယ်။ ကိုယ်လည်း “အင်း အင်း” နဲ့ ဘယ်အချိန်ကင်မရာကြောင်းပြောမလဲ စောင့်နေမိတာပေါ့။ မနေနိုင်တဲ့အဆုံးမှ “နင် ကင်မရာကြိုက်လား” လို့ ဖွင့်မေးရတယ်။ “အေးဟယ် အစမ်းရိုက်တာပဲရှိတာ မသုံးဖြစ်ဘူး၊ မအားတာနဲ့ လှည့်မကြည့်ဖြစ်ဘူး” တဲ့။ ကဲ ဘယ့်နှယ့်ရှိစ မဇနိ။ မျှော်လင့်တာတွေ ဖြစ်မလာတော့ ကိုယ်ကဖုန်းပြောရင်း “အင်း ဟို အော်” နဲ့ ထစ်အထစ်အဖြစ်လာရတယ်။ တကယ်တော့ ဒီသူငယ်ချင်းက စိတ်သဘောထား အတိုက်ဆိုင်ဆုံး။ ကိုယ်ဘာပြောပြော ကိုယ့်ဆန္ဒကို လိုက်လျောအပေးဆုံးပါ။ စိတ်ညစ်တဲ့အခါတိုင်း သူ့ဆီဖုန်းဆက်ဖြစ်တဲ့သူ။။ တဖက်က ကိုဇနိ ကိုယ့်ကိုအံ့သြပြီး “မင်းစကားတွေ အေးစက်စက်ကြီးတဲ့ မင်းသူငယ်ချင်းကို စိတ်တိုင်းမကျဖြစ်နေတာလား” လို့ ပြောလာတယ်။ တဆက်တည်း “မင်းက စိတ်ထဲမှာ တခုခုမကြိုက်သွားရင် ပြောလို့မထွက်တော့တာ သိနေတယ်” နဲ့ သူက မေးရော။ ဟုတ်တယ် အခုစိတ်မပျော်ဘူး။ စိတ်တိုင်းမကျတွေဖြစ်နေတယ်လို့ သူ့ကိုပြောရတော့တာ။
“မင်းနဲ့ငါသာ စိတ်တွေညှိယူလို့ရတာ၊ သူတို့တွေက အေးအေးဆေးဆေးနေတဲ့ဘဝထဲမှာ အသားကျနေပြီ၊ သွားပြီး ဆန္ဒတွေစောမနေနဲ့တော့”၊ “တန်ဖိုးထားတဲ့အရာ စိတ်ဝင်စားတဲ့အရာတွေ မတူတော့ဘူး” လို့ သတိပေးလာပါတယ်။ အဲဒီတော့မှ ကျွန်မလည်း ပြန်စဉ်းမိတယ်။ သတိထားလိုက်မိတဲ့အချိန်မှာ အတော်နောက်ကျနေပါပြီ။ ဒီလို စိတ်တွေလော ဖြစ်စေချင်တာတွေများနေလို့ လိုက်မလုပ်တဲ့ အငယ်တွေကို စိတ်ဆိုးခဲ့ရတာတွေ မနည်းတော့ဘူးလေ။ “သူတို့ကိုလိုက်ပြင်ဖို့ မကြိုးစားနဲ့တော့၊ ကိုယ်စိတ်ကိုယ်သာ ပြင်နိုင်အောင်ကြိုးစားနေ” လို့ ကိုဇနိဆိုလာတော့ သက်ပြင်းတွေ အခါခါချမိနေတော့တယ်။ စိတ်နဲ့လူနဲ့မကပ် ငူငူငိုင်ငိုင်ကြီးဖြစ်နေတုန်း မင်သက်မိစေမည့် စကားတခု ထပ်ဆိုလာပြန်တယ်။ “အခု မင်းဖြစ်နေတာ ဟိုဥပမာလေးနဲ့တူသကွ၊ ငါဇာတ်ကားလေးတွေကြည့်စေချင်တာကို လှည့်မကြည့်တတ်တဲ့မင်းလုပ်ပုံနဲ့လေ” လို့ ဆိုလိုက်တဲ့အခါ ကျွန်မမှာ ပြောစရာစကားဘာမှမရှိတော့သလို ဆွံ့အသွားခဲ့ရပါတယ်။
မဇနိ
0 comments:
Post a Comment