ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားခြင်း (၂)။

>> Thursday, May 29, 2008



သုံးလောက ထိပ်ထား မြတ်စွာဘုရား အဖြစ်ကို ရောက်တော်မူပြီးတဲ့ အခါမှာ မြတ်စွာဘုရားသခင်ဟာ လူ၊ နတ်၊ ဗြဟ္မာတွေကို ချွေချွတ်ဖို့ ကြည့်တော်မူတဲ့အခါမှာ ဘုရားရှင်ရဲ့ ဉာဏ်တော်နဲ့ ၃၁ ဘုံသားတွေရဲ့ ဉာဏ်တော်ဟာ အဆမတန် ကွာခြားနေတာကို တွေ့ရတဲ့အတွက် တရားတော်တွေကို နားလည်နိုင်မှာ မဟုတ်လို့ မချွေချွတ်တော့ရန် စဉ်းစားမိပါသတဲ့။ အဲဒီအခါမှာ ဟုန်ဟုန်က ဗြဟ္မာကြီးက ဘုရားသခင်ရဲ့အကြံကို သိတဲ့အတွက် လာရောက်လျှောက်ထား တောင်းပန်ပါသတဲ့။ အရှင်ဘုရားအတွက်သာဆိုရင် ဒီပင်္ကရာမြတ်စွာဘုရားရှေ့မှောက်မှာကတည်းက ကျွတ်တမ်းဝင်ခဲ့ပြီးပါပြီ။ အရှင်မြတ်ဘုရားက သတ္တဝါအများအတွက် ဘုရားဆုကိုပန်ခဲ့ခြင်းဖြစ်ပါတယ်။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးကာမှ သတ္တဝါအများကို ပစ်ထားတော်မမူပါနဲ့လို့ လျှောက်တင်ပါသတဲ့။ အဲဒီအခါမှာ ရှင်တော်မြတ်ဘုရားက ရှေ့က ဘုရားသခင်များ ဘာလုပ်ခဲ့သလဲ ပြန်ပြီး စဉ်းစားဆင်ခြင်တော်မူတဲ့အခါ တရားဦး ဓမ္မစကြာဟောတော်မူတာကို သိတဲ့အတွက် တရားဦးဟောဖို့ ပြင်ဆင်ပါတော့တယ်။



ဓမ္မစကြာ တရားဦးဟောတော်မူရာနေရာ (သံဝေဇနိယလေးဌာန၊အဝိဇဟိတ လေးဌာန)

တရားဦးဟောဖို့ရာ ဘယ်သူတွေကို ဟောရမလဲ ကြည့်တော်မူတဲ့အခါမှာ ပထမဆုံး ကျေးဇူးရှိဖူးခဲ့တဲ့ ဥရုဝေလတောက ရသေ့ညီနောင်များကို သတိရပါတယ်။ ဒါပေမဲ့ ရသေ့ညီနောင်များဟာ အရှင်မြတ် ဘုရားအဖြစ်ကို ရောက်တော်မမူခင်ကပဲ ပျံလွန်တော်မူသွားကြပြီးဖြစ်ပါတယ်။ ဒီနေရာမှာ ဥရုဝေလတောက ရသေ့ညီနောင်များ အကြောင်းနည်းနည်းပြောပါရစေ။ အဲဒီရသေ့ညီနောင်ထဲက တစ်ပါးဟာ မြတ်စွာဘုရား ဖွားတော်မူစဉ်တုန်းက နိမိတ်ဟောခဲ့ကြတဲ့ ပုဏ္ဏား ၅ ယောက်ထဲက တစ်ယောက်ပါ။ ကျန်တဲ့ ပုဏ္ဏားတွေက လက်ညှိုးနှစ်ချောင်းထောင်ပြီး၊ စကြဝတေးမင်းသော်လည်းကောင်း၊ ဘုရား သော်လည်းကောင်းဖြစ်မယ်လို့ ပြောတဲ့အချိန်မှာ လက်ညှိုးတစ်ချောင်းတည်းထောင်ပြီး၊ ဘုရား စင်စစ် ဧကန်ဖြစ်မယ်လို့ ဟောခဲ့တဲ့သူပါ။ အဲလိုဟောပြီးတဲ့နောက်မှာ သူ့ညီအစ်ကိုတွေကို အဲဒီအကြောင်းပြောပြပြီး လူဝတ်ပယ်ကာ မြတ်စွာဘုရား တောထွက်လာမဲ့အချိန်ကို စောင့်နေခဲ့ပြီး ဘုရားရှင်တောထွက်လာတဲ့ အချိန်မှာ ရေပူ ရေချမ်း ကမ်းလှမ်းခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီကျေးဇူးကြောင့် ဘုရားက သူတို့ကို အရင်ကြည့်တော်မူတာ ဖြစ်ပါတယ်။

နောက်ဆုံးတော့ ပဉ္စဝဂ္ဂီငါးပါးကို ဟောဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါနဲ့ ပဉ္စဝဂ္ဂီငါးပါးရှိရာ မိဂဒါဝုန်တောကို ကြွတော်မူပါတယ်။ လမ်းမှာ သုဇာတာရဲ့ ဖခင် ကုန်သည်ကြီးနဲ့ တွေ့ပါတယ်။ အဲဒီတော့ ကုန်သည်ကြီးက ဘုရားရှင်မရောက်ခင် ပဉ္စဝဂ္ဂီငါးပါးကို အရှင်မြတ် ဘုရားဖြစ်ပြီး ကြွလာတဲ့အကြောင်း ကြိုပြောထားနှင့်ပါတယ်။ ပဉ္စဝဂ္ဂီငါးပါးက မယုံပါဘူး။ သူတို့က ဘုရားရှင် ဒုက္ကရစရိယာ ကျင့်နေရာကနေ မဇ္ဈိမလမ်းစဉ် ကူးပြောင်းသွားတဲ့အခါမှာ ဘုရားမဖြစ်နိုင်တော့ဘူးဆိုပြီး ဘုရားရှင်ကို စွန့်ခွာလာတာ ဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန် လေ့ကျင့်နေတုန်းကတောင် ဘုရားမဖြစ်တာ အခုဘုရားဖြစ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ လာရင် မကြိုကြေးဆိုပြီး တိုင်ပင်ထားကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဘုရားရှင်ကြွလာတဲ့အခါမှာ ဘုရားရှင်ရဲ့ ကျက်သရေတော်ကို မြင်လိုက်တာနဲ့ တိုင်ပင်ထားတာတွေမေ့ ထပ်ညှိနှိုင်းစရာတောင် မလိုဘဲနဲ့ သပိတ်လှမ်းယူတဲ့လူကယူ၊ ခြေဆေးရေကပ်တဲ့လူက ကပ်နဲ့ အရိုအသေပေးမိကြပါတယ်။






ဒီနေရာကတော့ မြတ်စွာဘုရား သခင်ကို ပဉ္စဝဂ္ဂီငါးပါး ဆီးကြိုတဲ့နေရာဖြစ်ပါတယ်။


ဒါပေမဲ့ အခု မြင်နေရတာက အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘုရားကျောင်းပါ။ အောက်ဆုံးတစ်ဆင့်ကပဲ စေတီရဲ့ အုတ်ဖိနပ်ဖြစ်ပါတယ်။ ဖြစ်ရပုံက ဒီလိုပါ။ ပထမဆုံး အသောက မင်းကြီးက စေတီတည်ခဲ့ပါတယ်။ အဲဒါကို ဟိန္ဒူတွေက သူတို့ ဘုရားရဲ့ နေရာပါဆိုပြီး အပေါ်ကနေ သူတို့ ဘုရားကျောင်းဆောက်ပါတယ်။ အဲလိုပဲ နောက်ဆုံး အစ္စလာမ်တွေက အပေါ်ဆုံးကနေပြီး သူတို့ဘုရားဆိုပြီး တည်ထားလို့ပါ။ (ဘယ်လိုဖြစ်လို့လဲ မသိပါဘူး။ ဘုရားရဲ့ တချို့နေရာတွေမှာ ဟိန္ဒူတွေက သူတို့ ဘုရားရဲ့နေရာပါဆိုပြီး အမှတ်အသားထားထားတာ တွေ့ရပါတယ်။ မဟာဗောဓိထဲမှာလဲ Lord Shiva ရဲ့ အထိမ်းအမှတ်တစ်ခု ရှိပါတယ်။)





တရားဦး ဓမ္မစကြာဟောတဲ့ နေရာပါ။

ဟောပြီးတဲ့ အခါမှာ အရှင်ကောဏ္ဍညတစ်ပါးပဲ သောတာပန် အဖြစ်ကို ရောက်ခဲ့ပါတယ်။ ကျန်တဲ့ လေးပါးက သောတာပန်တောင်မှ မဖြစ်ပါဘူး။ အဲဒါနဲ့ ဒုတိယအနေနဲ့ အနတ္တလက္ခနသုတ်ကို ဟောပါတယ်။ အဲဒီသုတ်ကို ဟောပြီးတဲ့ အခါမှာတော့ ငါးပါးစလုံး ရဟန္တာ အဖြစ်ကို ရောက်တော်မူခဲ့ပါတယ်။




အနတ္တလက္ခဏသုတ်ဟောတဲ့နေရာမှာ တည်ထားတဲ့ စေတီပါ။

မှတ်ချက်။ ။မအားတဲ့ကြားကနေ မဇနိ အတင်း နှိုးဆော်နေတာနဲ့ ရေးဖြစ်သွားတာပါ။ မဇနိရေ ကျေးဇူးပါ။ တစ်ခုခု အမှားပါသွားရင်လဲ သည်းခံပြီး ပြင်ပေးကြပါနော။

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP