ယောင်ရိပ်မြင်ဟင်း
>> Sunday, September 7, 2008
ချဉ်ပေါင်ချက်ဆို ဘယ်လိုချက်ချက် ဘယ်ချိန်စားရစားရ အကြိုက်စားတတ်တာ အခုတော့ ချဉ်ပေါင်ရွက်ရှားပါးတာနဲ့ ကြုံနေရတယ်။ လူကြုံရှိလို့ အမေထည့်ပေးတဲ့ ချဉ်ပေါင်ကြော်လေးများဆို မတို့ရက်၊ မစားရက် အရိပ်လိုကြည့်နေရတာ။ ချဉ်ပေါင်အခြောက်ကလည်း အစိုချက်လောက်တော့ မကောင်းဘူး။ မရှိသုံးတော့ သူလည်း စားလို့ကောင်းရှာပါတယ်။
အိမ်မှာတော့ ချဉ်ပေါင်ရွက်သင်ရင် ခပ်ရင့်ရင့်ကိုပဲ ယူတယ်။ နုတဲ့အရွက်တွေကျ အမေက ချွဲလို့သိပ်မကြိုက်ဘူးဆိုပြီး ပယ်တယ်။ ကျွန်မက အမေမသိအောင် အနုလေးတွေပါ ခိုးခိုးထည့်တာ နှမြောလို့လေ။ အရိုးနီနီနဲ့ ချဉ်ပေါင်လက်ခြားက စားလို့ပိုအရသာရှိဆိုပဲ။ ကျွန်းထဲက ရွာလေးတွေမှာ ချဉ်ပေါင်ခင်းများ ပေါလွန်းလို့ဆိုတော့ ကျွန်းနဲ့နီးတဲ့ ကျွန်မတို့အတွက် အဆင်ပြေတာပေါ့။ မြို့ဈေးမှာ ချဉ်ပေါင်တစည်း (၅) ကျပ်ဆိုရင် (၅၀) ကျပ်ဖိုးဆို (၁၂) စည်း (၁၃) စည်း ရတာကိုး။ ရွာဖက်က ဆွေမျိုးတွေများလာရင် “ချဉ်ပေါင်ရွက်ပါခဲ့လား” အရင်မေးမိတာပါ။ အဒေါ်တယောက်ကဆို လူကြုံတိုင်း ချဉ်ပေါင်လက်ခြားနဲ့ မျှစ်နုနုလေးတွေတွဲထည့်ပေးတတ်တယ်။ အဆောင်မှာနေတော့လည်း ဈေးဝယ်သွားရင် သူငယ်ချင်းက “ဘာဝယ်မလဲ၊ ဘာချက်ကြမလဲ” မေးရင် အရင်ကောက်ကိုင်မိတာက “ချဉ်ပေါင်စည်း”။ ချဉ်ပေါင်စေ့လေးတွေ ပျိုးထားပြီး အရိပ်ကြည့်ရတာလဲ အမော။ အခုတော့ အရွက်ပေါက်စလေးတွေထွက်နေပြီ။ ရင့်အောင်မစောင့်နိုင်လို့ ဒီနေ့တော့ ချဉ်ပေါင်ဟင်းချက်လိုက်မိတယ်။ အရွက်က ပေါက်စလေးတွေ နဲနဲရတာဆိုတော့ ချဉ်ပေါင်အစပ်ချက်လို့ မဖြစ်နိုင်ဘူး။ ဒါနဲ့ပဲ အရွက်နဲနဲသုံးပြီး အရသာရှိတဲ့ ချဉ်ပေါင်ဟင်းအရည်သောက် ချက်တယ်ပေါ့။
ကျွန်မတို့အိမ်မှာတော့ အဖေက ချဉ်ပေါင်ရွက်နဲနဲလေးနဲ့ အရည်သောက်ကို “ယောင်ရိပ်မြင်ဟင်း” လို့ ခေါ်တတ်တယ်။ အဖေက သူစိတ်လိုလက်ရနေ့ဆို အမေ့ကို ”ယောင်ရိပ်မြင်ဟင်းလေးချက်စမ်းပါ” လို့ ပြောတာကြားဖူးတာပါ။ ကျွန်မက “အဖေ ဘာလို့ ယောင်ရိပ်မြင်ဟင်းခေါ်သလဲ” မေးကြည့်တော့ “ဆီနဲနဲလေးထည့်ရတယ် ချဉ်ပေါင်လေးငါးရွက်လေးနဲ့ဆိုတော့ ဟင်းရည်သောက်တဲ့အခါ ကိုယ့်ခေါင်းပေါ်က ယောင်အရိပ်ကို ပြန်မြင်ရတယ်“ လို့ ပြောပါတယ်။ ဟိုးရှေးရှေးတုန်းကတော့ ယောင်ထုံးကြီးတွေနဲ့ကိုး။ “အခုခေတ်တော့ ယောင်မရှိရင် ဘယ်လိုခေါ်မလဲ အဖေ” လို့ မေးမိတာ အဖေက “ဘိုကေရိပ်မြင်ဟင်း” လို့ ခေါ်ကွာဆိုပြီး ကြံဖန်ဖြေတတ်ပါတယ်။ အဲဒါမှတ်ထားပြီး အမေက ယောင်ရိပ်မြင်ဟင်းချက်တဲ့နေဆို မောင်နှမတတွေ အလုအယက် ကိုယ့်အရိပ်ကိုယ် ဟင်းရည်ပန်းကန်ပေါ်သွားကြည့်ကြပါတယ်။ ဟင်းရည်က ကြဲနေတော့ ကိုယ့်အရိပ်ကိုယ် ပြန်မြင်ရတာပေါ့။ “ဟာ အဖေပြောတာ မှန်လိုက်တာ” ဆိုပြီး ပြောနေကြရင်း အငယ်မောင်လေးက “သားကျတော့ ဘိုကေမမြင်ရပါဘူး” တဲ့။ ဘယ်မြင်ရပါ့မလဲ သူက ကတုံးနဲ့ကိုး။ “ဟား ဟား မင်းက ကတုံးကြီးနဲ့မလို့” ဆိုပြီး သူ့ကိုဟားရင် အဖေကို “သားလဲ ဘိုကေရှိချင်တယ်” လို့ ပူဆာတတ်တယ်။
ယောင်ရိပ်မြင်ဟင်းချက်မယ်ဆိုရင်တော့ လွယ်ပါတယ်။ ခရမ်းချဉ်သီး ခပ်သေးသေးတလုံး၊ ကြက်သွန်နီ၊ ငါးပိနဲနဲ၊ ဆီနဲနဲရယ် ဆားရယ်နဲ့ ချဉ်ပေါင်လေးငါးညွန့်ရှိရင် ဖြစ်ပါတယ်။ ခရမ်းချဉ်သီး ကြက်သွန်နီ၊ ငါးပိ၊ ဆနွင်းမှုန့်ကို ဆီနဲနဲထည့်ပြီး လှိမ့်လိုက်တယ်။ ခဏနေရင် ရေထည့်လိုက်တာပါ။ အချိုမှုန့်မသုံးတော့ ဆားလိုသလောက်ထည့်ပြီး ရေဆူလာရင် ချဉ်ပေါင်ရွက်လေး ကဗျာကယာရေဆေးခပ်လိုက်ပြီး ဟင်းအိုးချလိုက်လို့ ရပါပြီ။ ယောင်ရိပ်မြင်ဟင်းနဲ့တွဲပြီး ငါးရံ့ခြောက်ကြော်လေးရယ် သပွတ်သီးအစပ်ချက်လေးရယ် အမေက ဟင်းအတွဲချက်တတ်တာကို သတိရလို့ ဒီနေ့ချက်စားကြည့်တယ်။ သပွတ်သီးက ဒယ်အိုးထဲခပ်ပြီး မွှေလိုက်ရင် ခဏချင်းအိကျသွားတာမလို့ အတုံးသေးသေးလေးတွေ မတုံးတော့ဘဲ ခပ်ကြီးကြီးတုံးပါတယ်။ သပွတ်သီး၊ ခဝဲသီးဟင်းက ငရုပ်သီးစိမ်းလေးပါမှ ပိုစားကောင်းတယ်ထင်မိတယ်။ ပုဇွန်ခြောက်လေးပါထည့်ချက်လိုက်ရင် အတော်စားကောင်းပါတယ်။ ငရုပ်သီးစပ်လာရင် ယောင်ရိပ်မြင်ဟင်းလေးကို ခပ်သောက်လိုက်တော့ ချဉ်ပြုံးပြုံးအရသာလေးနဲ့ ထမင်းမြိန်လှပါတယ်။
သပွတ်သီးဟင်း အဆင်သင့်ချက်နိုင်အောင် ဒီလိုလေး ပြင်ထားလိုက်တယ်။
သပွတ်သီးအစပ်ချက်
ယောင်ရိပ်မြင်ဟင်းရယ်၊ သပွတ်သီးဟင်းအစပ်ချက်ရယ်၊ ငါးရံ့ခြောက်ကြော်ရယ်...
မဇနိ
0 comments:
Post a Comment