လက်ဝတ်ရတနာ
>> Tuesday, December 2, 2008
မမဝါက ကိုယ်နှစ်သက်တဲ့ပစ္စည်းလေးတွေ ပြပါလို့ tag လာတော့ စဉ်းစားရတာ ခေါင်းခြောက်သွားတယ်။ ဘာပြောရပါ့။ ခင်လို့မင်လို့ပြောလာတာဆိုတော့ ရေးရမယ်လို့ ရှာကြံပြီး တင်လိုက်ပါတယ်။
မိန်းကလေးရယ်လို့ အဝတ်အစားလည်း မမြင်တတ်၊ မဝတ်တတ်။ အလှပြင်တတ်လားဆိုတော့လည်း ဘာမိတ်ကပ်မှမသိ။ နှုတ်ခမ်းနီလည်း မရှိ။ ခက်တော့နေပြီ။ ကိုယ့်ဟာကိုယ် မိန်းကလေးမပီသတာလားလို့ ပြန်တွေးယူရတော့မလို ဖြစ်နေပြီ။ ဒါဖြင့် ဖိနပ်ရော စိတ်ဝင်စားသလား။ စိတ်မဝင်စားလို့ နေမှာပေါ့။ ဖိနပ်ဆိုလို့ ဆောင်းတွင်းစီးနှစ်ရံ၊ နွေစီး နှစ်ရံ ဒါပဲရှိတယ်။ ဒေါက်မြင့်လာရင်လည်း မစီးရဲ၊ အရောင်တောက်လာရင် ရှောင်၊ အကြိုက်ကလည်းရှားတော့ ဖိနပ်ဆိုင်လိုက်လာရင် အမတွေက စိတ်ညစ်ရတယ်။ နောက်ဆုံး ဒါယူဆိုတဲ့အချိန်မှ ယူလိုက်တယ်။ မြန်မာပြည်မှာတော့ ဒေါက်ဖိနပ်လုံးဝ မရှိပါဘူး။ ကတ္တီပါအပါး၊ ပန်းသီးအပါးလေးတွေ စီးတာများပါတယ်။ နောက်လမှာ Hokkaido ကို သွားမလို့ နှင်းမချော်အောင် ဖိနပ်ဝယ်ရအုံးမယ်။ အဲဒီဖိနပ်လိုချင်လို့ ဆိုင်သွားတာ တနေ့ကပါဆို သုံးခေါက်မြောက်။ အခုထိမဝယ်ရသေးပါဘူး။ မမဝါဆီက သွားယူရမလားစဉ်းစားလိုက်တော့လည်း သူဖက်ရှင်ပျက်ကုန်မှာ အားနာတာနဲ့ မယူချင်ပြန်ဘူး။
ညကလည်း ကိုဇနိရေ ဘယ်လိုလုပ်မတုန်း၊ ဘာရေးရပါ့နဲ့တိုင်ပင်ကြည့်မိတယ်။ ခါတိုင်းလိုမဟုတ်ဘူး သူစာလုပ်နေတော့ ကိုယ့်ကို အကြံမပေးဘူး။ ခုတော့ သူအိပ်သွားပြီ။ အကြံလည်းပေါ်လာပြီ။ မိန်းကလေးတွေစိတ်ဝင်စားတတ်တဲ့ လက်ဝတ်ရတနာလေးတွေတော့ လိုချင်သား။ မက်မက်မောမောလည်း ဝတ်တတ်တယ်။ နားကပ်လည်း အမြဲပန်ချင်တယ်။ ငယ်ငယ်ကတည်းက ကော်လက်ကောက်တွေ အများကြီး တချွင်ချွင်ဖြစ်အောင် ဝတ်ချင်တာ။ အလှူ၊ မင်္ဂလာဆောင်ရှိရင် ရွှေအများကြီးဝတ်ချင်တယ်။ အိမ်နားက အမတွေ ပွဲလမ်းရှိတဲ့အခါ လက်ကောက်တွေ တတောင်ဆစ်ထိဝတ်တာကို အားကျတယ်။ အဖေကတော့ ငယ်ငယ်ကပြောတာပဲ သံကြိုးဆက်ကြီး မထနိုင်အောင်ဆင်မှာ လို့။ ခုထိ ဝယ်မပေးသေးပါဘူး။ အိမ်ပြန်ရောက်မှ လိုချင်တယ်ပြောရမယ်။ ကိုဇနိရေ စိန်နားကပ် အပွင့်သေးသေးလေး ပန်မှာနော်လို့ပြောရင် ဒါဆို အမေဆင်ထားတာနဲ့ လဲမှာလားလို့ မေးတယ်။ လဲမယ် ဝယ်ပေးပါလို့ ပြောထားတာ။ သူလည်း အဖေ့လိုပဲ ပါးစပ်နဲ့ဝယ်ပေးမှာ ထင်ပါတယ်။
ရွှေကိုမက်တာပဲရှိတာ ခဏခဏပျောက်တယ်။ မတည့်ဘူးလား မသိဘူး။ ငယ်ငယ်က အဒေါ်တွေရှိတဲ့ ရွာအလည်သွားတော့ ဆွဲကြိုးလေး ကျပျောက်တယ်။ တအိမ်သားလုံး မနေရဘူး။ ဆွဲကြိုးမတွေ့ရင် အဖေက ကျောင်းထားမှာမဟုတ်ပါဘူးလို့ ငိုနေခဲ့တာ။ အေး ငါတို့ပြန်ဝယ်ပေးမယ်လို့ အကိုတွေ ဝိုင်းချော့ရတယ်။ ခြေတံရှည်နွားစာတဲအောက်မှာ နွားတွေချည်ထားတာ။ ကလေးတသိုက် နွားစာတဲပေါ်ကစားကြရင်း အောက်ကို ပြုတ်ကျလို့ နွားချေးကျူံးတဲ့သူက ပြန်လာပေးတယ်။ မန္တလေးအဆောင်မှာလည်း နားကပ်ပျောက်တယ်။ လက်စွပ်ပျောက်တယ်။ နားကပ်တဖက်ကတော့ ရှာမတွေ့လို့ အသစ်ပြန်လုပ်လိုက်ရတယ်။ အခုတော့ နားကပ်လေးကလွဲရင် ဘာမှမရှိတော့ဘူး။ တချို့တော့လည်း နားပေါက်မဖောက်ကြဘူး။ မဇနိကိုတော့ တစ်လသမီးကတည်းက နားဖောက်ပေးခဲ့လို့ နားကပ်ပန်နေရတယ်။
အခုလောလောဆယ် ကိုဇနိဆင်ထားတဲ့ ပယင်းလည်ဆွဲကို အမြတ်တနိုး ဝတ်နေတယ်။ ပယင်းအရောင်ကို သဘောကျသလို ချစ်သူဆင်ထားတာမလို့ တန်ဖိုးထားတာလည်း ပါတယ်ပေါ့။ သူက ဒါမျိုးတွေ မဝယ်တတ်ဘဲ အမှတ်တရဝယ်လာတာကို ကျေးဇူးတင်ရအုံးမယ်။
ပယင်းဆွဲသီးလေးတော့ ကြိုးသေးသေးလေးနဲ့ ဆွဲတယ်။
သူငယ်ချင်းထိုင်ဝမ်ပြန်လက်ဆောင် လက်ဖြစ်လက်ကောက်လေးလည်း စိတ်ပါတဲ့အခါ ဝတ်တယ်။
မြန်မာပြည်ကပါလာတဲ့ ကျောက်စိမ်းလက်ပတ်လေးလည်း ၀တ်ဖြစ်တယ်ဆိုတော့ ချန်ထားခဲ့လို့ မဖြစ်ဘူး။
စိန်နားကပ်လေးပန်ချင်လို့ ကိုဇနိကို နောက်များတော့ ပိုက်ပိုက်စုခိုင်းရအုံးမယ်။
မဇနိ
0 comments:
Post a Comment