တူတူစားကြမယ်
>> Tuesday, December 9, 2008
အရင်တပတ်က ကျောင်းကို အသစ်ရောက်လာတဲ့ မြန်မာအကိုတွေနဲ့ ခင်မင်ရာ အမများကို အိမ်အလည်ဖိတ်ဖြစ်တယ်။ ကိုယ်က ကလေးလုပ်ပြီး ဟိုအိမ်လိုက်စား ဒီအိမ်လိုက်စားလုပ်နေတာ ကြာပေါ့။ တခါတလေ ထမင်းမစားချင်ဖြစ်နေရင် အမတွေဆီဖုန်းဆက်ပြီး ဘာဟင်းချက်လဲ မေးကြည့်လိုက်။ ဟင်းကြိုက်ရင် သွားစားလိုက်တာ။ ကျွန်မက ဟင်းဂျီးများတော့ သူတို့ခေါ်ကျွေးလည်း စားချင်တာမှ စားတာဆိုတာ သိနေကြတော့တာ။ ဒါနဲ့ ကျွန်မ စားချင်စိတ်ပေါက်လို့ကတော့ အချိန်မရွေး ကျွေးကြပါတယ်။ သူတို့က အမြတ်တနိုး ခေါ်ကျွေးလည်း မြန်မာစာမဟုတ်ရင် ဘာမှမစားချင်လို့ အားတောင်နာရတယ်။ အခုတော့ ကိုယ့်အိမ်ကို မရောက်ဖူးသူတွေလည်းရှိနေလို့ အတူတူစုပြီး အသုပ်စုံသုပ်စားလိုက်တယ်။ ထမင်းနဲ့ဟင်းလည်း ပါတယ်။ အားလုံးပေါင်း (၉)ယောက်တောင်ဆိုတော့ အတော်ပင်ပန်းသွားတာပေါ့။ အသားဟင်းတွေကို ညကတည်းက လုံးထားတာမျိုး၊ ဆီချက်ချက်ထားတာမျိုးလည်း လုပ်ရ။ မနက်လင်းကတည်းကလည်း ဇယ်ဆက်သလို လုပ်ရနဲ့ နောက်တနေ့ထိ လက်တွေနာနေသေးတယ်။ မြန်မာထမင်းနဲ့ ဟင်းဆိုတော့ အညှော်လည်း မိတာပေါ့။ သူတို့မလာခင် နာရီဝက်အလိုဆို အားလုံးအဆင်သင့်ဖြစ်ပြီးသားနေအောင် တယောက်ထဲ သိမ်းကျုံးလုပ်လိုက်တယ်။
အသုပ်ကိုလည်း ပန်းကန်အကြီးနဲ့ အပြီးနယ်ထားလိုက်တာ။ လာခါနီးနယ်ထားလိုက်တော့ ဧည့်သည်တွေရှေ့ မနယ်ရတော့ဘူး။
ပစ္စည်းတွေလည်း မရှုပ်တော့ဘူးပေါ့။
အတော်များများက အသုပ်စုံနဲ့တင် ဗိုက်ပြည့်ကုန်ကြတယ်တဲ့။
တို့ဟူးမမြင်ဖူးတာကြာလို့ဆိုပြီး တို့ဟူးဖတ်ကိုရွေးစားကြတဲ့ အမတွေလည်းရှိသေး။
ငါးပိချက်နဲ့အတို့လည်း တော်တော်စားကြတယ်။ အဲဒါတော့ နောက်နေ့မှ တင်တာပေါ့နော်။
အစုံသုပ်တို့ လက်ဖက်သုပ်တို့ဆိုတာ လူများများနဲ့စားမှ ပိုပျော်စရာကောင်းတာ။ ရှုးရှဲလေးဖြစ်ပြီး စားလို့အရသာပိုရှိသလိုမို့ အခုလည်း တူတူစားကြမယ်လေ။
မဇနိ
0 comments:
Post a Comment