လမ်းကလေး

>> Tuesday, November 4, 2008



ဒီလမ်းကလေးက တခြားလမ်းတွေနဲ့ မတူဘူး။ ခင်မင်စရာမိတ်ဆွေတွေ ရှိသလို၊ ပျော်စရာကောင်းတဲ့ ဖြူစင်တဲ့အပြုအမူလေးတွေလည်း ရှိတယ်။ လမ်းကလေးနာမည်က “ရာဇပတ” တဲ့။ ငယ်ငယ်ကတော့ အဖေက ပြောတာပဲ “ဒို့လမ်းက နယ်နယ်ရရလမ်းမဟုတ်ဘူး မင်းစိုးရာဇာတွေ နေခဲ့ဖူးတဲ့ လမ်း” တဲ့။ တကယ်လည်း လမ်းဗိုလ်ကြီးတယောက်အဆက်အနွယ်တွေ နေတဲ့ အိမ်ကြီးတလုံးတော့ ခုထိရှိနေသေးတယ်။


ကျွန်မတို့လမ်းကလေးကို အရှေ့ဖက်အိမ်က အပျိုကြီးအမကတော့ “မယက လမ်း” လို့ ခေါ်ချင်လို့တဲ့။ ဘာဖြစ်လို့လဲ သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီလမ်းလေးမှာ နေတဲ့ မိသားစုတွေကပဲ ဒီနာမည်လေးကို အသက်ဝင်စေခဲ့လား။ ဟုတ်မယ်နဲ့တူတယ်။ တခြားလမ်းတွေနဲ့မတူဘူးဆိုတာက လမ်းကလေးရဲ့ တောင်ဖက်ကပ်လျက်လမ်းမှာ ဘေးဘယ်ညာ တိုက်မြင့်ကြီးတွေ ခြံရံထားတယ်။ ပြောရရင် သူဌေးလမ်းပေါ့။ လမ်းကလေးမှာတော့ တိုက်မြင့်ကြီးတွေ မရှိပါဘူး။ ထရံကာ၊ ဝါးကပ်မိုးအိမ်လေးတွေနဲ့ အိမ်ပုလေးတွေရှိတယ်။ ဒါပေမယ့် လမ်းကလေးရဲ့မနက်ခင်းမှာ အိမ်ရှေ့တိုင်း တံမြက်စီးလှည်းနေတဲ့ အမျိုးသားကြီးတွေ။ အိမ်ရှေ့ကို ရေဖျန်းနေတဲ့ အိမ်ဦးနတ်ကြီးတွေ။ ပဲပြုတ်ထွက်ဝယ်နေတဲ့ အိမ်ထောင်ဦးစီးကြီးတွေနဲ့ စည်ကားနေတယ်။ ကျွန်မအဖေအပါအဝင် သူတို့အမျိုးသမီးတွေကို ကူညီလုပ်ကိုင်ပေးနေတဲ့ အမျိုးသားကြီးတွေ ရှိတယ်။ ဒါကြောင့် အိမ်ရှေ့ဖက်က အမက စနောက်ပြောတာပါ “မယက လမ်း” လို့။ တကယ်တော့ သူတို့ကြောက်လို့လုပ်တာမဟုတ်ပါဘူး။ သူတို့တွေက သိပ်ချစ်တတ်ကြတာပါ။

ကျွန်မတို့မျက်စောင်းထိုးအိမ်က ဦးဝင်း။ သူ့အမျိုးသမီးက မချို။ သူတို့မှာ ကလေး (၄) ယောက်ရှိတယ်။ ဦးဝင်းက ကားလေထိုးတဲ့အလုပ် လုပ်တာပါ။ သူ့အိမ်မှာ ကားမျိုးစုံလေထိုးလာတယ်။ တခါတလေ ကားလေထိုးချင်တဲ့သူက သူ့အလုပ်ပြီးအောင် ထိုင်စောင့်ရတယ်။ သူ့အလုပ်က ကလေးထိန်းနေလို့လေ။ မနက်လင်းရင် ကလေးအငယ်ဆုံးလေးကို နောက်ကျောမှာပိုးရင်း တံမြက်စည်းလှည်းနေတာ တွေ့ရတယ်။ ညဆိုရင် “ကိုဝင်းရေ ကလေးက ရေဆာလို့တဲ့ ရေတိုက်လိုက်အုံး”၊ “ရော့ရော့ သားရေသောက် ပြန်အိပ်နော်” ဆိုတဲ့ သူတို့လင်မယားအသံတွေ ကြားနေရတယ်။ နေလေးအတော်မြင့်လာရင် ဂျစ်ကားလေးမောင်းပြီး ကော်ဖီ၊ အီကြာကွေး၊ ထပ်တရာအထုပ်တွေ ပါဆယ်ဆွဲလာတဲ့ ဦးဝင်း။ ကလေးတွေကို မုန့်ခွံ့ကျွေးနေတဲ့ဦးဝင်း။ နေ့လည်နေ့ခင်း အလုပ်လုပ်နေရင်း ကလေးငိုလို့ ထချော့နေတဲ့ဦးဝင်း။ မချိုကတော့ ထမင်းဟင်းလေးချက် သူ့ဟာသူ အလှစားလေးနေတာ။ ဘယ်ကလေးမှ သူက အကပ်မခံဘူး။ မကောင်းတဲ့အလုပ်တော့ တခုမှမလုပ်ပါဘူး။ သူကလည်း အေးကိုအေးတာ။ ဦးဝင်းကတော့ အတော်ချစ်တယ်။ သည်းခံလိုက်တာလဲလွန်ရော။ သူများလို မိန်းမက စီးပွားရှာနေလို့ သူအိမ်အလုပ်တွေ လုပ်နေရတာမဟုတ်ပါဘူး။ သူ့ဟာသူ စီးပွားရှာတယ်။ သူဟာသူ ကလေးထိန်းတယ်။ ချစ်လို့ ကူလုပ်တာလို့ ပြောတယ်။ အဲသလို လမ်းလေးကို အလှဆင်တဲ့ ဦးဝင်းပါ။

နောက်တယောက်ကတော့ ကျွန်မတို့အဖေ။ အဖေကလည်း မနက်ဝေလီဝေလင်းဆို အဝတ်လေးခေါင်းပေါ်တင်ပြီး အိမ်တွင်း၊ အိမ်ပြင်အားလုံး တံမြက်စည်းလှည်းတယ်။ ရေဖျန်းတယ်။ ဘုရားရေချမ်းကပ်လှူတယ်။ ဘုန်းကြီးဆွမ်းလောင်းတယ်။ တခါတလေလည်း မီးဖိုးထဲမှာ အမေ့ကို ဝင်ကူတယ်။ ဒါပေမယ့် ကျွန်မတို့အိမ်မှာလည်း တအိမ်လုံးကို စီးပွားရှာကျွေးနေတာ အဖေပါပဲ။ အမေကနိုင်တယ်တော့ မဟုတ်ပေမယ့် အဖေ့ကို ဆိုးချင်တယ်။ အဖေကလည်း အလိုလိုက်ရတယ်။ “စု သဘော” တော့မဟုတ်ဘူး ကျွန်မတို့အဖေက “အမေ့သဘော”ပါ။ တခါတလေ အပြင်ကပြန်လာတဲ့အဖေက အမေ့ကို ထမင်းခူးကျွေးရတာတွေမြင်ရင် အပျိုကြီးတို့ထုံးစံအတိုင်း “ကဲ ကြည့်လေ ဒို့လမ်းက မယက လမ်း ပါလို့ မပြောဘူးလား” နဲ့ ကျွန်မကို စနောက်တတ်ပါတယ်။ ဒါပေမယ့် အမေက အဖေ့ကို နိုင်နေတာ၊ ရန်ဖြစ်နေတာမရှိဖူးပါဘူး။ အဖေကိုယ်တိုင်က နှစ်သက်စွာကူညီနေတာပါ။

ကျွန်မတို့အိမ်နဲ့ ခပ်လှမ်းလှမ်းမှာနေတဲ့ အဘိုးကြီး အဘွားကြီးစုံတွဲကတော့ နည်းနည်းရယ်စရာကောင်းတယ်။ ပင်စင်စားအဘိုးကြီးဆိုတော့ အလုပ်မရှိအလုပ်ရှာ အမှိုက်လှဲတယ်။ အိမ်လာလည်ရင်လည်း သူ့မိန်းမကို ချီးမွမ်းခန်းတွေထုတ်တယ်။ သူတို့လင်မယားက ရပ်ရေးရွာရေး ကူညီကြလို့ အိမ်နားက လေးစားချစ်ခင်ကြပါတယ်။ တခုပဲပြောစရာရှိတယ်။ အဘိုးကြီးက သူ့အဘွားကြီးဘာလုပ်လုပ် အကောင်းမြင်ပုံတော့ အားလုံးက အူတက်အောင်ရယ်ရတယ်။ အဘွားကြီးက အီးပေါက်တတ်တယ်။ သူ့ကို ကလိသွားထိုးလည်း ယောင်ပြီး အီးပေါက်တာပါ။ သူက အသာပေါက်တာမဟုတ်ဘူး။ အီးမပေါက်ခင် “ဗုဒ္ဓေါ ဂေါတမ မြတ်စွာဘုရား” “အမလေး ဘူ” ဆိုပြီး လုပ်ချတာ။ သူက အဲလိုလုပ်တော့ သူ့အဘိုးကြီးက အကောင်းထင်တာလား၊ သူများမရယ်အောင် ကာကွယ်ပေးတာလားတော့ မသိပါဘူး “သာဓု သာဓု အနိစ္စ မမြဲဘူးပေါ့ကွယ်” နဲ့ ကပ်လျက်အသံထွက်ပြောလေ့ရှိတယ်။ ကျွန်မတို့ကလေးတွေက ဒါကိုပဲ သဘောကျပြီး အဘိုးကြီးအဘွားကြီးစုံတွဲကို ဘယ်ချိန်များ ယောင်မလဲချောင်းနေကြတာ။ သူတို့အဲလိုလုပ်ရင် တခွိခွိရယ်လို့ မဆုံးတော့ဘူး။

လမ်းကလေးရဲ့ထိပ်မှာတော့ လမ်းဗိုလ်ကြီးအိမ်ဆိုတဲ့ အိမ်ကျယ်ကြီးရှိတယ်။ အင်္ဂလိပ်ခေတ်က လမ်းဗိုလ်ကြီးလို့ ပြောတာပဲ။ သူတို့အိမ်သားတွေက အဲဒီအမျိုးအနွယ်တွေတဲ့။ အဖေ၊ အမေနဲ့ ခပ်ချောချောသမီးလေးရယ် သုံးယောက်ပဲရှိတာ။ အိမ်ကျယ်ကြီးမှာနေပြီး ပတ်ဝန်းကျင်နဲ့ အဆက်အဆံမလုပ်ပါဘူး။ သူတို့ကိုလည်း အပြင်ထွက်တာ တွေ့ရခဲပါတယ်။ အိမ်ကြီးထဲကို ရောက်ဖူးတဲ့သူတွေကတော့ အရမ်းခမ်းနားတယ်ပြောတာပဲ။ ကားစုတ်လေးတစီးလည်း သူတို့မှာ ရှိတယ်။ ကျွန်မတို့ငယ်ငယ်က အိမ်နားမှာ ရေတွင်းမရှိတဲ့သူတွေကို ရေအလကားပေးတယ်တဲ့ အမေကပြောဖူးတာပါ။ ရေပေးတယ်ဆိုပေမယ့် အဘွားကြီးက ရပ်ကြည့်နေပြီး “နင်တို့ ရေပုံးက အပေါက်တွေ ရေတွေဖိတ်တယ် နောက်အပေါက်ပါရင် လာမခပ်ပါနဲ့” လို့လည်း ငေါက်တတ်တယ်။ သင်္ကြန်တွင်းဆို သူတို့အိမ်ရှေ့မှာ စည်ပိုင်းကြီးတွေနဲ့ ခေါင်းလျှော်ရည်တော့ အလကားပေးတယ်။ သူတို့က အရင်တုန်းက လေသံတွေ ဝင်နေတော့ အတော်မောက်မာတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် သူတို့အိမ်ရှေ့ပတ်လည်မှာ အဘိုးကြီးနေ့တိုင်းလှည်းကျင်းထားလို့ လမ်းကလေးက သန့်ရှင်းနေတယ်။

ကျွန်မတို့အရှေ့ဖက်မှာနေတဲ့ မိသားစုကလည်း စိတ်ဝင်စားစရာ တမျိုးကောင်းနေပြန်တယ်။ သူတို့က သားအမိနှစ်ယောက်ထဲနေတာ။ ကျွန်မတို့ငယ်ငယ်က သူတို့ထိန်းပေးခဲ့တာပါ။ သူတို့သားအမိက ချမ်းသာတယ်။ ရွှေတွေကို နို့ဆီခွက်တွေနဲ့ ထည့်ပြီး ရေတွက်တာ ငယ်ငယ်က ချောင်းကြည့်ဖူးတယ်။ စေတနာလည်းပါ ချမ်းလည်းချမ်းသာတော့ လမ်းကလေးရဲ့ သာရေးနာရေးမှာ အန်တီမပါလို့ မပြီးအောင် အရေးပါလှတယ်။ သူ့သမီးလေးကို ကျွန်မတို့က မမမျိုးလို့ ခေါ်ကြတယ်။ မမမျိုး အသက် ၂၅ ပတ်ဝန်းကျင်က သိပ်လှတယ်။ မည်းမှောင်ထူထဲတဲ့ ဆံပင်တွေက ဒူးခေါက်ကွေးထိအောင် ရှည်လျားပြီး ခေါင်းလျှော်တဲ့နေ့ဆို အန်တီက ကူလျှော်ပေးတယ်။ မမမျိုးကို ကြိုက်ချင်သူတွေ အိမ်ရှေ့မှာ တဝဲလည်လည်။ တနေ့တော့ မမမျိုးက တခြားမြို့က တက္ကသိုလ်ကို ကျောင်းတက်သွားတယ်။ နေမကောင်းလို့ ပြန်လာခေါ်ခိုင်းရာကစပြီး ဒီနေ့ထိ မမမျိုးဘဝ နေပြန်မကောင်းတော့ပါဘူး။ ထူထဲလှပတဲ့ဆံပင်တွေ ကျွတ်ကုန်ပြီး လှပတဲ့မမမျိုးမှာ မျက်လုံးလေးပဲကျန်လောက်အောင် ပိန်ချုံးသွားတယ်။ တချို့ကလည်း တက္ကသိုလ်က သူ့ကိုမနာလိုတဲ့သူ ပြုစားလိုက်တာတဲ့။ တချို့ကလည်း သူက မာနကြီးလို့ ဖြစ်သွားတာတဲ့။ အမေတို့ကတော့ ပြောတယ် ကံမကောင်းလို့ပေါ့တဲ့။ သူတို့သားအမိရှိတဲ့ စည်းစိမ်တွေကုန်အောင် ဆေးတွေကုပေမယ့် ခုချိန်ထိနေပြန်ကောင်းမလာပါဘူး။ သူတို့ကိုခင်တဲ့သူတွေနဲ့ လမ်းကလေးကတော့ သူတို့အတွက် ဝမ်းနည်းနေကြတာပါ။ ခုတော့ သူတို့က လမ်းကလေးကို ခွဲသွားကြပြီလို့ အိမ်ကပြောပြတယ်။

တခြားအိမ်နားနီးချင်းတွေလည်း တအိမ်တမျိုးနဲ့ ခင်မင်စရာကောင်းပါတယ်။ ကျွန်မတို့တခြားမြို့ကို ခရီးထွက်ရင် အိမ်နားမှာ သော့အပ်ခဲ့တယ်။ အိမ်ကို စောင့်ရှောက်ပေးကြတယ်။ အိမ်နားနီးချင်းအလှူရှိရင် ဝိုင်းကူကြတယ်။ ကုသိုလ်ရေးလည်း တက်ညီလက်ညီပါဝင်ကြတယ်။ ချမ်းအေးလှတဲ့ဆောင်းရာသီမှာ လမ်းကလေးပေါ် နေပူစာလှုံရင်း ရေနွေးကြမ်းသောက်ကြ၊ စကားတွေပြောကြနဲ့ ပျော်စရာမနက်ခင်းလေးတွေ ရှိခဲ့ဖူးတယ်။ ဖုန်ထူထူကိုရေဖျန်းထားလို့ ဖုန်နံ့သင်းသင်းလေးမှာ ထုပ်ဆီးတိုးခဲ့ရင်း လမ်းကလေးနဲ့ ညပေါင်းများစွာ ရင်းနှီးခဲ့ရတယ်။ အခုတော့ ပြောင်းတဲ့အိမ်ကပြောင်း၊ မပြောင်းတဲ့အိမ်ကလည်း စိတ်တွေပြောင်း။ ဘဝအခြေအနေပြောင်းခဲ့လို့ အိမ်နားနီးချင်းတွေ အရင်ကလောက် မနွေးထွေးကြတော့ဘူးလို့ လူကြီးတွေပြောနေကြတယ်။ သေချာတာကတော့ ဖုန်ထူထူလမ်းကလေးလည်း ကတ္တရာလမ်းကို ပြောင်းလဲသွားခဲ့တာပါပဲ။

မဇနိ

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP