ဆောင်း

>> Wednesday, November 19, 2008



ဒီနေ့ အပြင်မှာ လေတဖြူးဖြူးတိုက်လာတော့ အအေးဓါတ်ပိုလာသလိုလို။ စောင်ထဲက တနေကုန်မထွက်ဘဲ ကွေးနေမိတယ်။ အရင်တုန်းက အဖေ့စောင်ထဲမှာ မောင်နှမတွေ ဝင်ရောက်ကွေးနေရတုန်းက ပိုနွေးသလား။ ပြန်တွေးလိုက်တော့ ဆောင်းတွင်းဆို ကိုယ်ပေါ်မှာ ဘယ်လောက်ပဲ စောင်ထူထူ ခဏနေရင် အဖေ့စောင်ခြုံထဲရောက်ရောက်သွားတာ ပိုနွေးလို့ ဖြစ်မှာပါပဲလေ။


အညာမှာ ဆောင်းတွင်း ချမ်းလာပြီဆိုရင် “မြို့တုန်အောင် လမ်းဆုံကသာ ဟစ်ချင်စိတ်ပေါက်တော့တယ်” လို့ ညည်းလိုက်ချင်တယ်။ အခုနေရာဒေသတွေနဲ့ ဘယ်ကပိုအေးသလဲဆို စိတ်ထဲမှာတော့ ကိုယ့်ဆီက ပိုအေးသလိုလို။ အညာဒေသ ချမ်းအေးတယ်ဆိုတာ တကယ်တော့ ရာသီဥတုထက် နေရတဲ့ ပတ်ဝန်းကျင်တွေလည်း ကွာခြားလို့ ဖြစ်ပါလိမ့်မယ်။ လေလုံတဲ့တိုက်ခန်းတွေမှာ အနွေးတွေလွှတ်ထားမယ်ဆို အတော်အတန်အေးတဲ့ ရာသီဥတုကို ကာကွယ်နိုင်ပါလိမ့်မယ်။ ဓနိမိုး ထရံကာအိမ်လေးတွေမှာတော့ အအေးဓါတ်ကို ပိုလို့တိုးလာစေတယ်ထင်မိတယ်။ ထရံကြားက စိမ့်လာတဲ့ လေအေးတွေကို ဘယ်လိုအင်အားနဲ့ တွန်းလှန်နိုင်ပါ့မလဲ။ တိုက်အိမ်တွေမှာလည်း heater သုံးတယ်ဆိုတာ အင်မတန်နည်းပါးသေးတယ်။ သုံးနိုင်တယ်ဆိုထား မီးက လာပါ့မလား။ အိမ်တအိမ်နဲ့တအိမ်က အတန်ကျယ်တဲ့ဝန်းတွေဆိုတော့ ပိုဆိုးတာပေါ့။ ဆင်းရဲလို့ စောင်မလုံလောက်ဘူးဆိုရင် ဘယ်လိုများနေပါ့မလဲ။ ဆောင်းတွင်းဆိုရင် အိမ်ရှေ့ကို လာတောင်းတတ်တဲ့ ကလေးတွေရှိတယ်။ အမေက သူ့တို့ကို အဝတ်လေးတွေ ဂရုတစိုက်ပေးပါတယ်။ အမေတို့ ခြုံစရာစောင်ရှိတဲ့သူတွေ ဒီလောက်ချမ်းနေတာ သူတို့တွေ ပိုဆိုးမယ်လို့ အမေပြောတယ်။

ဘယ်လောက်ပဲချမ်းအေးအေး “မြေပဲပြုတ် ပူပူလေး” “မုန့်ပေါင်း ပူပူလေး” ဆိုတဲ့ အော်သံတွေနဲ့အတူ အညာဆောင်းကို အံတု စီးပွားရှာနေတဲ့ ဈေးသည်လေးတွေ ညနက်သည်အထိရှိပါတယ်။ တကယ်လည်း သူတို့ခေါင်းပေါ်က မြေပဲပြုတ်တောင်းကိုဖွင့်လိုက်ရင် အငွေ့တထောင်းထောင်းထနေတာ မြင်ရမယ်။ ဒါတွေကိုက ဆောင်းအရသာကို ပိုပီပြင်စေသလား။ ကျွန်မကတော့ ကိုယ်နေခဲ့ရတဲ့ မြို့လေးက ဆောင်းကို ချစ်ပါတယ်။ ကျွန်မတို့အဖေက စောင်တွေထူထူကြီးခြုံပြီး ငယ်ငယ်ကကျွန်မကို သူ့ရင်ခွင်ထဲမှာ ထည့်ထားတယ်။ အသက်ရှုမကြပ်အောင်လို့ အဖေလက်တံတောင်တွေ ထောင်ထားပြီး လိုဏ်ခေါင်းလို လုပ်ပေးထားသေးတယ်။ မောင်လေးတွေရလာတော့ အဖေ့စောင်ထဲမှာ တယောက်က တိုးလိုက်၊ တယောက်ခြေထောက်ပေါ်သွားလိုက်၊ ဟာ အဖေ သမီး ခြေထောက်အေးနေပြီ၊ ဒါဆို ကိုယ်က ဝင်လိုက် မောင်လေးတွေအေးလိုက်နဲ့ ပျော်စရာကောင်းလှတယ်။ စိုးရိမ်လွန်တဲ့အမေက ကျွန်မတို့ကို အနွေးထည်အများကြီး ဝတ်ပေးတယ်။ ခြေစွပ်၊ ခေါင်းစွပ်လည်း အမြဲဝတ်ရတယ်။ နေမြင့်လာသည်အထိ အကျီင်္တွေမချွတ်ပေးဘူး။ ကြီးလာတော့ ကျွန်မတို့မောင်နှမတတွေ ချူချာတယ်။ အဲဒါ အမေက အစိုးရိမ်လွန်ပြီး ဂရုစိုက်လွန်းလို့ဖြစ်တာလို့ အဒေါ်ကပြောတယ်။

ဆောင်းကိုဝင်တော့မယ်ဆိုရင် မြို့လေးဆီကို အနီးအနားရွာက ထင်းလှည်းတွေတက်လာတယ်။ လှည်းတစီးမှ သိပ်မပေးရပါဘူး။ အိမ်အတော်များများက ထင်းလှည်း ဝယ်ထားကြတယ်။ တခါတလေဆိုရင် ထင်းလှည်းတန်းကြီးက ကျွန်မတို့တလမ်းထဲထင် ကုန်သွားရော။ ဆောင်းမနက်ခင်းရောက်ရင် ကျွန်မတို့လမ်းမှာ မီးဖိုကြီတွေဖိုထားတယ်။ အရင်အိပ်ယာနိုးတဲ့သူက မီးဖိုထားနှင့်တာ။ မီးဖိုရှိတဲ့ဆီကို အိမ်နီးချင်းတွေ စုဖြစ်တာများပါတယ်။ တချို့တော့လည်း ကိုယ့်အိမ်ထဲမှာတင် မီးဖိုကြတယ်။ ကြုံသလို ထင်းချောင်းဆွဲလာကြတော့ မီးဖိုဘေးမှာ ထင်းတွေပုံလို့။ လူကြီးတွေက စောင်ခြုံတွေလည်း ပါသေးတယ်။ ထန်းပင်မြစ်မီးဖုတ်စားရတာ စားလို့သိပ်ကောင်းပါတယ်။ ဆီနဲ့ဆားကို ပန်းကန်တခုမှာထည့်ထားပြီး အမေက ထန်းပင်မြစ်ကို မီးဖုတ်၊ အခွံနွှာပေးတာနဲ့ တို့စားရတယ်။ အမေအလုပ်မများရင် ငရုတ်ဆုံမှာထောင်းပေးတယ်။ ထန်းပင်မြစ်က စေးကပ်နေတဲ့အခါ ငရုတ်ကျည်ပွေ့ကို မ ရတာ တချက်တချက် အတော်ခက်လှတယ်။ ထန်းပင်မြစ်ထောင်းလေးကို ဆီဆားနဲ့ မီးလှုံရင်း စားကြရတယ်။ ထန်းပင်မြစ်ထဲက အူတံကိုတော့ ယပ်တောင်လေးတွေ ရက်ကြတယ်။ ထန်းပင်မြစ်ပေါတဲ့ဒေသဖြစ်လို့ သေးတာ ပိန်တာဆို မစားချင်ပါဘူး။

နေအတန်မြင့်လာရင် မီးဖိုကိုငြိမ်း နေပူစာလှုံကြတယ်။ မျက်နှာသစ်ရင်လည်း ရေနွေးစပ်သစ်ရတယ်။ အမေက ရေနွေးတွေ တည်ပေးထားပြီး အမြန်အမြန်သစ်ရတာ။ ပါးစပ်တွေဟလိုက်ရင် အငွေ့ထွက်တော့ ကလေးတွေတသိုက် အဲဒါပဲ လုပ်ကြည့်နေကြသေးတာ။ မျက်နှာသစ်ပြီးရင် သနပ်ခါးလေး တချက်နှစ်ချက်သွေး လိမ်းထားလိုက်တာနဲ့ မျက်နှာမှာ ပိုနွေးသလို ခံစားရပြီး စိတ်လည်း ကြည်အေးသွားမိတယ်။ အမေတို့က သနပ်ခါးပေါတဲ့ဒေသဆိုတော့ သိပ်ချေးများတာ။ သုံးထပ်ပွေးမှလိမ်းချင်သလို သနပ်ခါးအဖြူကိုလည်း ရှာဝယ်ရသေးတယ်။ တကယ်ပိုမွှေးတာကလည်း အဖြူလို့ စိတ်မှာထင်မိပါတယ်။ အ၀ါရောင်က နေပူလာရင်လည်း မဲသွားတတ်တော့ မကြိုက်ပါဘူး။ အပွေးကုန်သွားရင် မလိမ်းချင်တော့ဘူး ဖြစ်ရသေးတာ။ အပွေးကုန်သွားတဲ့ သနပ်ခါးအနှစ်တုံးတွေကို စုထားပြီး သနပ်ခါးစက်မှာ သွားကြိတ်ခိုင်းရင် ခြေထောက်တွေလိမ်းဖို့ သနပ်ခါးခဲစစ်စစ်လေးတွေ ရပါတယ်။

အတန်နေထွက်လာရင် အရှေ့ဆီကလာတတ်တဲ့ မုန့်ပေါင်းသည်ကို မျှော်တတ်နေပြီ။ မုန့်ပေါင်းကို မြေအိုးလေးမှာထည့်လာရောင်းတဲ့ ငချိတ်မုန့်ပေါင်းသေးသေးလေးတွေ စားလို့အတော်ကောင်းပါတယ်။ မုန့်ပေါင်းတခုလုံးကို ဆီနစ်အောင်ဆမ်းပြီး ဘယာကြော်လေးနဲ့ တွဲစားရတဲ့အခါလည်းရှိတယ်။ မုန့်ပေါင်းပေါ်မှာပါတဲ့ ပဲလွန်းလေးတွေ မောင်လေးက မကြိုက်တော့ ကျွန်မ ပဲပိုစားရတယ်။ မုန့်ပေါင်းမစားဖြစ်ရင် ငချိတ်ပေါင်းနဲ့ ပဲပြုတ်လည်း စားလို့ရတယ်။ “ဒေါ်မြ ပဲပြုတ်” ဆိုတာ ကျွန်မတို့လမ်းရဲ့ ဖောက်သည်။ တခြားပဲသည်တွေကို ဝယ်စားတယ်လို့ ထုံးစံမရှိပါဘူး။ တခါတလေသူများဆီက ပဲပြုတ်ဝယ်မိရင် ပဲက မနပ်ဘူး၊ အနံ့က တမျိုးလား မသိဘူးနဲ့ ပြောလို့မဆုံးဖြစ်ကြတယ်။ အမေတို့ ပဲပြုတ်ဝယ်ရင် ကျွန်မက ဘေးနားသွားနေတတ်တယ်။ အဲဒါဆို ဒေါ်မြက လက်ဝါးဖြန့်၊ ရော့ ဆိုပြီး ပဲပြုတ်လေးတွေ ထည့်ပေးတယ်။ သူ့ပဲပြုတ်ဒန်အိုးကြီးက ဖွေးလက်နေတာ။ လူကလည်း သနပ်ခါးမွှေးနေအောင်လည်း လိမ်းထားတော့ ၀ယ်စားရသူတွေ စိတ်ချမ်းသာတာပေါ့။

မောင်လေးကတော့ မုန့်ဟင်းခါးအကြိုက်။ မုန့်ဖတ်သေးသေးမျှင်မျှင်လေးတွေကို ဟင်းရည်မှာထည့်၊ ဆီချက်လေးတဇွန်းကို ဇွန်းဖင်လေးနဲ့ ဟင်းရည်ပေါ်ပွတ်၊ ပဲကြော်လေးချေထည့် နံနံပင်လေးထည့်လိုက်တဲ့ မုန့်ဟင်းခါးကို နေ့တိုင်းဝယ်ရတယ်။ ဘာမှထူးထူးတွေထွေမပါပေမည့် မုန့်တွန်းလှည့်ခေါင်မိုးထိမြင့်တဲ့ မုန့်ဖတ်တွေက ခဏချင်းကုန်သွားတာပါ။ ကြက်သွန်နီဥထည့်ပေးပါ၊ ငှက်ပျော်အူမကြိုက်ဘူးလို့ ဟင်းရည်အိုးကြီးကို ခြေဖျားထောက် မမှီ့တမှီချောင်းတတ်တဲ့ မောင်လေးက ပင်တိုင်ပရိသတ်။ သူ့ဖောက်သည်ဦးလေးကြီးရဲ့ မုန့်တွန်းလှည်းကို လမ်းထိပ်ရောက်အောင်လည်း အတူတွန်းပို့သေးတာ။ အဲဒီဦးလေးကြီးက “တပင်တိုင်မုန့်ဟင်းခါး” လို့ အော်ရောင်းပေမည့် ဝယ်နေကျတွေဆိုတော့ သိပ်အော်စရာမလိုဘူး။ အဲတော့ သူကလည်း လေသံလေးနဲ့ “ တပင်တိုင် မုန့်…” ဆိုပြီး နောက်က ဟင်းခါးကို ဖော့အော်တတ်သေးတယ်။ လမ်းထဲက ကလေးတွေလည်း တွန်းလှည်းကူတွန်းရင်း သူ့လိုလိုက်အော်ပေးကြတာလည်း ရှိတယ်။

အဖေကတော့ အများအားဖြင့် ထမင်းကြော်နဲ့ ငါးခြောက်ဖုတ်စားတတ်တယ်။ ရေနွေးကြမ်းကလည်း ဆောင်းတွင်းဆို တနေကုန်မပြတ် တည်ထားရတယ်။ ကြမ်းပြင်တွေ ဖျာတွေက မထိရဲအောင် အေးစက်နေတော့ ကလေးတွေ လူလည်ကျတယ် အဖေ့ပေါင်ပေါ် နေရာဦးကြတာပေါ့။ “နတ်တော် ပြာသို ကြံဖျားချို” တဲ့ သမီးရေ ဆိုပြီး ကြံချောင်းတွေ အဖေ့စက်ဘီးပေါ်တင်လာတတ်တယ်။ စက်ဘီးကယ်ရီယာခုံနဲ့ လက်ကိုင်ပေါ်ကို တင်လာတဲ့ ကြံချောင်းညိုညိုတွေကို မြင်ရင် နေ့လည်ခင်း ကြံစားရတော့မယ်လို့ သိတယ်။ စိတ်ရှည်တဲ့အဖေက ကြံကိုအဆစ်လိုက်ခုတ်၊ အခွံနွှာ၊ လေးခြမ်းခြမ်းပြီး အတုံးအသေးလေးတွေတုံးပေးတယ်။ ပန်းကန်တခုက ကြံတုံးလေးတွေနဲ့ နောက် အခွံထည့်စရာလည်း အဖေက ပေးထားတယ်။ နေ့လည်နေ့ခင်းဆို အဖေကြံခုတ်တဲ့နားမှာ ဇိမ်ကိုကျလို့။ နတ်တော်၊ ပြာသိုလ အေးအေးချမ်းချမ်းမှာ ဘုရားပွဲတွေရှိတော့ ဈေးတန်းမှာ ကြံချောင်းအစည်းလိုက်ရောင်းတာတွေ ရှိပါတယ်။ အဖေက ဘယ်နားရောက်ရောက် ကလေးအတွက် ဝယ်လာတတ်တော့ အဖေပြန်လာရင် ဘာပါလာမလဲ မျှော်နေတော့တာ။ အဖေက အိမ်နားရောက်ရင် စက်ဘီးဘဲလ်တီးတယ်။ ဒါဆို အမေက တံခါးဖွင့်ပြီးသား။ ဆောင်းညနေခင်းတွေဆို ညနေစောင်းနေဝင်မြန်တော့ မှောင်လာရင် အဖေ့ကို မျှော်နေကြတာ။ တခါတလေ စက်ဘီးဘဲလ်သံကြားရင် အမေက တံခါးသွားဖွင့်မယ်လုပ်လို့ အနောက်အိမ်က အစ်ကိုတွေ စကြတယ် စက်ဘီးဘဲလ်သံကြားတိုင်း ဦးလေးဟုတ်ဘူးနော် လို့။ အမေက အဖေ့စက်ဘီးဘဲလ်သံကို သိပေမယ့် တချို့အသံတွေက ဆင်တူတော့ လွဲတဲ့အခါလွဲကုန်တာပေါ့။

အညာဒေသရဲ့ ဆောင်က ချမ်းအေးတယ်။ နွေက ပူပြင်းတယ်ဆိုပေမယ့် ကိုယ်မွေးရပ်ဒေသဆိုတော့ ဘယ်ရောက်ရောက် ချစ်ခင်နေမိတာပါပဲ။ မနှစ်ကဆောင်းတုန်းကလည်း တအားအေးလာရင် အိမ်ကိုပဲ သတိရမိနေတာ။ အခုလည်း အရမ်းအေးလာရင် သတိရမိနေမှာ။ အခုလောက်ဆို အိမ်မှာ အတော်အေးနေပြီလား။ အဖေတို့ အမေတို့လည်း သူတို့ရင်ခွင်မှာ ခိုခဲ့တဲ့ ကလေးငယ်တွေကို လွမ်းနေမလားလို့ တွေးမိရင်း ရင်မှာ ပိုနွေးလာသလို ခံစားမိပါတယ်။

မဇနိ

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP