မျှော်လင့်ခြင်းနဲ့ အချိန်ကာလ

>> Sunday, November 23, 2008





ဒီနေ့ အမနုစံဆီက လှပနေတဲ့ လမ်းကလေးကို မြင်တဲ့အခါ စိတ်ထဲမှာ လွမ်းဆွေးသွားတာ အတော်လေး ခံစားလိုက်ရတယ်။ တနေ့က ဈေးဝယ်သွားတော့လည်း ခရစ်စမတ်အလှဆင်တွေ မြင်ခဲ့တော့ စိတ်ထဲမှာ သတိရတယ်။ ဒါနဲ့ ပြန်လာတဲ့အခါ ကိုဇနိရေ အလည်လာပါလားလို့ ပြောကြည့်တော့ သူက မလာနိုင်ဘူး။ မလာနိုင်တာလည်း သိပေမယ့် ခေါ်မိတယ်။ ခေါ်မိတော့လည်း နှစ်ယောက်လုံး စိတ်မကောင်းဖြစ်ကြရတာပါ။

ဟိုးအရင်က ဂျူးရဲ့စောင့်ဆိုင်းခြင်းနိယာမ ဝတ္ထုတိုလေးကို ဖတ်ဖူးပါတယ်။ အဲဒီဇာတ်လမ်းအတိုချုပ်အရဆိုရင် သူ့အမျိုးသားက နိုင်ငံခြားကို အလုပ်သွားတာ နှစ်တွေကြာတော့ သူက တယောက်ထဲနေရတဲ့ အရသာကို တွေ့သွားတယ်။ သူစားချင်တဲ့လမ်းဘေးအစာတွေစား၊ သူသွားချင်ရာတွေသွားရတဲ့ အရသာကို ကြိုက်သွားရင်း ပျော်မွေ့သွားရင်းနဲ့ပဲ သူ့အမျိုးသားပြန်လာခါနီးတဲ့အချိန် ရောက်လာခဲ့တယ်။ သူ့ရုံးက လုပ်ဖော်ကိုင်ဖက်များက အမျိုးသားပြန်လာခါနီးလို့ ပျော်နေပြီလားဆိုရင် သူဘာပြန်ဖြေရမှန်းမသိဖြစ်နေတော့တယ်တဲ့။ တကယ်တော့ သူဟာ အချိန်တွေကြာသွားတော့ သူနေရတဲ့နေရာအခြေအနေလေးပေါ်မှာ နေတတ်သွားတယ်ထင်ပါတယ်။ အဲဒီစာလေးဖတ်လိုက်ရတော့ ကျွန်မရင်ထဲမှာ မကောင်းဘူး။ ဒီလိုသာ ဝေးသွားတာကြာရင် သွေးအေးသွားကြမယ်ဆိုရင် ဘယ်လိုလုပ်ပျော်စရာကောင်းတော့မလဲ။ အမှန်တကယ်တော့ နှစ်ကာလအများကြီးခွဲခွာနေရသူကို မျှော်လင့်တမ်းတမှုတွေနဲ့ ကြိုဆိုနေတာပဲ ဖြစ်သင့်တယ်လို့ တွေးမိခဲ့တယ်။ အခုချိန်ထိ အဲဒီအကြောင်းအရာလေးကို စဉ်းစားမိနေတယ်။

တကယ်တော့ တယောက်နဲ့တယောက် ဆက်သွယ်တယ်ဆိုတာ စိတ်အပေါ်မူတည်ပါတယ်။ ဆက်သွယ်ရတာ လွယ်ကူတယ် ခက်ခဲတယ်ဆိုတာလည်း ရှိတော့ရှိမယ်။ တချို့ခက်ခဲတယ်ထင်တာတွေလည်း အားစိုက်ထုတ်ရင် လွယ်ကူသွားတာပါပဲ။ ကျွန်မနဲ့သူနဲ့ ဝေးကွာနေကြရတာ အခုဆို ခြောက်နှစ်ကျော်နေပြီလို့ ပြောလို့ရတယ်။ ကျွန်မလည်း ရန်ကုန်မှာ နေရတဲ့အခါတွေရှိသလို နယ်တွေရောက်နေတဲ့အခါလည်း ရှိတတ်ပါတယ် အင်တာနက်ရရင်လည်း အင်တာနက်သုံးပေါ့။ မရတော့လည်း ဖုန်းဆက်။ ဖုန်းလည်းမရှိတဲ့နေရာမှာ (၃)လလောက် သွားနေရတယ်။ သူက စာပို့ပေးတော့ ရန်ကုန်ကနေတဆင့် အဆင့်ဆင့်တွေကြောင့် တစ်လကို တစ်စောင်လောက် စာဖတ်ရပါတယ်။ တခါကတော့ ပိုက်ဆံအခက်အခဲကြောင့် ဖုန်းမဆက်တာ တစ်လလောက်ကြာသွားတယ်။ မနက်ခင်းတခုမှာ သူ့ဆီက ဖုန်းလာတာကို မောင်လေးလား ပြောပြောနဲ့ လုပ်မိတဲ့အထိ ကျွန်မခေါင်းထဲမှာ သူဖုန်းခေါ်နိုင်တယ်ဆိုတဲ့အသိ ရောက်မလာခဲ့ပါဘူး။ သူက သူ့အသံကို မမှတ်မိတာ စိတ်ဆိုးချင်သတဲ့။ ကျွန်မကလည်း ဘာလို့အကြာကြီးဖုန်းမဆက်လဲလို့ ငိုလိုက်တော့ သူလည်း နောက်ဆို ဖုန်းအကြာကြီးမဆက်ဘဲ မနေရဲတော့ပါဘူး။

ရန်ကုန်မှာနေစဉ်တုန်းကတော့ နေ့တိုင်းနီးပါး အဆက်အသွယ်ရပါတယ်။ သူကကြိုးစားဆက်သွယ်ရသလို ကျွန်မက အပင်ပန်းခံရတာတွေလည်း ရှိပါတယ်။ နေပူပူမှာ အင်တာနက်ဆိုင်သွားသုံးရတာတွေဟာ နေ့လည်ခင်းအိပ်ချိန်တွေကို ဖဲ့ပေးခဲ့ရတာပါပဲ။ ဒီလိုနဲ့ သူထွက်သွားပြီး အလည်ပြန်လာမယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်မကတော့ ပျော်ရွှင်သွားတာ အမှန်ပါ။ အရင်ကတော့ သူပြန်လာရင်ကောင်းမယ်လို့ မျှော်လင့်ခဲ့တာ မရှိပါဘူး။ မျှော်လင့်လို့ရတဲ့အခြေအနေဆိုရင် မျှော်လင့်မိမယ်ထင်ပါတယ်။ မရနိုင်မှန်းသိတော့ မမျှော်လင့်တော့ဘူးပေါ့။ သူရောက်လာမည့်အရင်ညက အိပ်လို့တော်တော်နဲ့မပျော်ဘူး။ လေဆိပ်ကိုသွားကြိုတော့လည်း မြူတွေဆိုင်းနေလို့ လေယာဉ်က ခေါင်းပေါ်မှာဝဲနေတာနဲ့ နောက်ထပ် နာရီဝက်လောက်စောင့်နေခဲ့ရတယ်။ တကယ့်တကယ်ရောက်လာတဲ့အခါ လူက စိမ်းစိမ်းကြီး။ အရင်ကထက် အနည်းငယ်ပိုဝလာပြီး အသားဖြူဖတ်ဖတ်ဖြစ်နေတဲ့ သူ့လက်ဖြူဖောင်းဖောင်းတွေကမ်းလာတဲ့အခါ တော်တော်နဲ့ လက်ပြန်မကမ်းမိဘူး။ လက်ကမ်းပေးပြီး ဝမ်းသာအားရဖြစ်ရမယ့်အစား မမြင်ဖူးတဲ့ သူစိမ်းတယောက်လက်လို ပြန်ကြည့်မိခဲ့တာ ကျွန်မအလွန်များဖြစ်နေမလား။

ဒီလိုနဲ့ သူ့ကိုကြို၊ နေရမည့်အဆောင်ကို လိုက်ပို့အပြီး ပစ္စည်းတွေချမယ်လုပ်တော့ သူ့ကုပ်အကျီင်္င်္ကမ်းပေးလာတဲ့အခါမှာတော့ အရင်လိုနွေးထွေးမှုပြန်ရလိုက်သလို ခံစားလာရတယ်။ ကျောင်းအတူတက်ခဲ့စဉ်အခါက တနေရာကို ခရီးထွက်ကြရင် ဒါမှမဟုတ် ကျောင်းပိတ်လို့ အိမ်ပြန်ကြရင် သူ့အကျီင်္ သူ့လွယ်အိတ်တွေကို ကျွန်မကိုင်ထားပေးခဲ့ရတာတွေဟာ အနေဝေးသွားတာတွေကို ပြန်နွေးစေခဲ့တဲ့ သတိရစရာတွေဖြစ်ပါတယ်။ အတူစားခဲ့ဖူးတဲ့ ထမင်းဆိုင်ရောက်တော့လည်း စားစရာတွေကို မစားနိုင်ကြဘူး။ စကားလည်း မပြောနိုင်ဘဲ ဘေးက သူငယ်ချင်းတွေ စားခိုင်းမှ သတိတရ စားမိကြတယ်။ မှတ်မှတ်ရရပြောရရင် မှာထားတဲ့ခေါက်ဆွဲသုပ်ပန်းကန်ကို ဇွန်းနဲ့ခေါက်ရင်း ထပြန်လာခဲ့တာပါပဲ။ ပြန်ရောက်စနှစ်ရက်လောက်က အပြင်သွားလည်း စကားတွေတော်တော်နဲ့ မပြောဖြစ်ဘူး။ သူက အရှေ့ဖက်လှည့်ရင် ကိုယ်က အနောက်ဖက်လှည့်ပြီး စိမ်းနေကြတယ်။ ဒါတွေပြန်တွေးမိရင် ကျွန်မနောက်ထပ် သူနဲ့အကြာကြီး ဝေးမနေချင်တော့ပါဘူး။ ဝေးနေတာကြာတဲ့အခါ မျှော်လင့်ရတာတွေ ကြာရှည်လာမယ်။ မျှော်လင့်လို့ဖြစ်မလာတဲ့အခါ အနေစိမ်းသွားမယ်။ အဲဒါတွေကို ကြောက်မိပါတယ်။

မျှော်လင့်လို့ မရနိုင်တာ သိတဲ့အခါ မမျှော်လင့်မိပါဘူး။ လုပ်စရာအလုပ်တွေ လုပ်ရင်း အားလုံးကိုမေ့ထားလိုက်တယ်။ ဒါပေမယ့် တခါတရံတော့ ကျွန်မဆီရောက်လာရင် ကောင်းမယ်လို့ သတိရမိတတ်ပါတယ်။ အချိန်အကြာကြီး ဝေးနေရတာတွေဟာ မျှော်လင့်ချက်ကို လျော့နည်းစေတယ်လို့လည်း တွေးမိလာတယ်။ အဲဒါကြောင့် အချိန်အကြာကြီမျှော်လင့်နေရတာတွေ သတိရနေရတာတွေကို ကုန်စေချင်လှပါပြီ။

မဇနိ

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP