သူနဲ့ကျွန်မ

>> Saturday, November 15, 2008




အသက်တွေ တဖြည်းဖြည်း ကြီးလာပြီဆိုတဲ့အကြောင်း ညက ပြောဖြစ်ကြတယ်။ ဘယ်ချိန်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် မနေ့တနေ့ကမှ ဆယ်တန်းအောင်သလို ထင်နေတော့တာ။ ခုမှ သိတဲ့သူအချင်းချင်း တွေ့လိုက်ရင် ကျွန်မက ဘယ်နှစ်က ဆယ်တန်းအောင်တာလေလို့လည်း ပြောတာ အကျင့်ပါနေပြီ။ အရင်တချိန်ုတုန်းကတော့ ဒီလိုပြောလိုက်ရင် “အသက် ငယ်သေးတာပဲ” နဲ့ မှတ်ချက်ပြန်ရခဲ့တာကိုး။ အခုတော့ မဟုတ်တော့ဘူး “ ဟင် သမီးက၂ဝဝ၄ အောင်တာလေ” တဲ့။ သွားပြီဟ ဘယ့်နှယ့်ရှိစနဲ့ ဖြစ်ရတော့တာ။



မြန်မာပြည်မှာ ကျောင်းတက်စဉ်ကတော့ အသက်ငယ်တယ် အပြောခံရပါတယ်။ အခုဒီလည်းရောက်ရော ကိုယ်က ဂျပန်ကလေးတွေနဲ့ အသက်ရွယ်တူထင်မိတာ။ သူတို့က မာစတာကျောင်းသားတွေတောင် အလွန်ဆုံး အသက် ၂၄ များတယ်။ အခုတော့ စိတ်ကို ပြင်ယူပါတယ်။ သူတို့နဲ့စကားပြောတဲ့အခါ ကိုယ်ကအကြီးလိုဖြစ်အောင် ပြောယူရပါတယ်။ အသက် ၃ဝ နားကပ်နေပြီး ကိုယ်က ခလေးလိုသွားလုပ်နေလို့ မဖြစ်သေးပါဘူးလေလို့ ပြင်ယူရတာပေါ့။ တချို့ကျောင်းသားတွေက ၂၁၊ ၂၂။ အသက်တွေကြီးလာတော့လည်း တာဝန်ယူရတဲ့အပိုင်းတွေ ပြောင်းလာတယ်။ အိမ်မှာ လက်ဖြန့်တောင်းလို့ မရတော့ဘူးဆိုတာလည်း နားလည်လာရတာပေါ့။ အိမ်ကလည်း ကိုယ့်ဆုံးဖြတ်တွေကို အလေးထားလာတယ်။ တချို့တာဝန်တွေက အလိုလို ကိုယ့်အပေါ်ကို ပြောင်းလာသလိုလို သတိထားမိပါတယ်။ ဒါတွေ ကိုဇနိကို ပြောပြတော့ အဖြေက အသက်တွေ ကြီးလာတာကိုးတဲ့။ အသက်ကြီးလာလို့လည်း မင်းအိမ်ကို လာလည်တော့ ဘယ်သူ့မှ မကြောက်တော့ဘူးလေလို့ ပြောတယ်။

တကယ်တော့ သူငယ်ချင်းတအုပ်စုကြီး အိမ်ကို ဝင်ထွက်နေတုန်းက အဖေနဲ့အမေ ကိုဇနိကို သိပ်ချစ်တာ။ ဆယ်တန်းအောင်ပြီး ကျောင်းသွားတက်ရတာဆိုတော့ ကျောင်းပိတ်လို့ အိမ်ပြန်ရင် သူငယ်ချင်းတွေအကြောင်းက ပြောလို့မကုန်ဘူး။ အမေလည်း နားထောင်ရတာ မရိုးနိုင်ဘူး။ ကျောင်းမှာလဲ တတွဲတွဲ၊ အိမ်ကို ခဏပြန်တော့လည်း အိမ်လာလည်လိုက်၊ တပြုံကြီး ပုဂံဖက်အလည်တွေသွားလိုက်နဲ့ ခွဲတယ်မရှိဘူး။ ဒါနဲ့ပဲ နောက်ဆုံး ကိုဇနိရဲ့ မာယာကွန်ယက်မှာ ပါသွားတယ်ဆိုပါတော့။ ကျွန်မက အိမ်မှာ အကြီးဆုံးလည်းဖြစ် ဗီဇကိုက လူကြီးလိုနေတာဆိုတော့ သူ့ကို ကျွန်မက ဂရုစိုက်ရတယ်။ တကယ့်တကယ် အရေးကြုံလာရင်တော့ သူက လူကြီးနေရာယူပါတယ်။ သူက ခေါင်းအေးတယ်။ စီမံတတ်တယ်။ ကျွန်မက စိတ်မရှည်ဘူး။ အမြန်ပြီးချင်တယ်။ စိတ်စောတတ်တယ်။

ငယ်ငယ်တုန်းက ရည်းစားထားတယ်ဆိုတဲ့ သူငယ်ချင်းတွေကို အတူမတွဲချင်ဘူး။ ပြောရရင် သမီးလိမ်မာပေါ့။ အိမ်နားက သမီးလေး သိပ်လိမ်မာတယ်လို့ အဖေအမေတို့ကို ချီးမွမ်းခံခဲ့ရဖူးတာ။ ဒါတွေက သူနဲ့ကျွန်မတွေ့တော့ ပြောင်းပြန်ဖြစ်ကုန်ရော။ သူကလည်း အိမ်ကို ခဏခဏ လာလည်ချင်နေတာ။ ကိုယ်ကလည်း သူမလာရင် ပျင်းနေရော။ အမေတို့က ကြာတော့လည်း ရိပ်မိလာမှာပေါ့။ တနေ့တော့ အိမ်နားက ခင်နေတဲ့အမတယောက်က စကားပြောချင်လို့ လှမ်းခေါ်တယ်။ အဲဒီနေ့က ကျွန်မ ဥပုသ်စောင့်ထားခဲ့တာ သူသိနေလို့ ခေါ်မေးတယ်။ ညီမလေး ရည်းစားရှိတယ်ဆို ရာထူးအကြီးကြီး လူအကြီးကြီးဆို တဲ့။ ကျွန်မ သူ့ကို ဟုတ်တယ် မဟုတ်ဘူး အဖြေမပေးခံပါဘူး။ ဥပုသ်စောင့်ထားတာကို အခွင့်ကောင်းယူပြီး လာအစ်ဖို့ ကြိုးစားတာ မအောင်မြင်ရှာဘူး။ ဒါနဲ့ ကိုဇနိကို ပြန်ပြောတော့ “ဟုတ်တယ်လေ လူက ဝတော့ အကြီးကြီးပေါ့” တဲ့ ဟီး ဟီး ရာထူးတော့ ဘယ်ကနေ ကြီးနေသလဲ မသိဘူးဆိုပြီး ရယ်မိကြတယ်။ နောက် အဲဒီအမက ထပ်ပြောလိုက်တာက “သူများတွေဆီက ကြားလို့မေးတာပါ ညီမရည်းစားထားတာ မဖြစ်နိုင်ပါဘူး တကယ်လို့ထားရင်လည်း ရာထူးကြီးတဲ့သူတွေ ဖြစ်မှာပါလို့ အမသိပါတယ်” တဲ့။ ကောင်းကြလေရော့။ ငါ့နှယ်နော် ခက်တော့နေပါပြီလို့။

အခုနောက်ပိုင်း ကိုဇနိအလည်ပြန်လာတော့လည်း အိမ်ကို ခဏခဏလာတယ်။ သူကလည်းပြောတယ် နေ့ခင်းထမင်းစားပြီးရင် ကျွန်မအိမ်ကို လာချင်လို့ တပြင်ပြင်လုပ်နေတာတဲ့။ တခါကလည်း နေမကောင်းဘူးဆိုပြီး ရောက်လာတယ်။ တော်တော်နဲ့မပြန်ဘူး စကားထိုင်ပြောနေတာ။ ကျွန်မလည်း အမေရေ နေမကောင်းလို့တဲ့ ဆိုတော့ အမေက သူ့ကို ဆေးတိုက်လိုက်တယ်။ သူပြန်သွားတော့ နေမကောင်းတာ ဒီလာတော့ နေကောင်းသလား လေတိုက်ရင် ပိုဆိုးမယ်လို့ ရွဲ့ပြောပါတယ်။ အဖေကတော့ သူလာရင် နေကာမျက်မှန်အမဲကိုတပ် အိမ်ကထွက်သွားတယ်။ အတန်ကြာရင် အရှေ့ကနေပြန်လာတယ်။ အိမ်ဖက်ကို မျက်မှန်အောက်ကနေ တချက်လေးလှမ်းကြည့် ရှိသေးလား ရှိသေးရင် အနောက်ကို ဆက်သွားတယ်။ ပြန်မလာသေးဘူး။ သူမပြန်မချင်း အဖေက ပြန်မလာဘူး။ သူပြန်သွားရင်လည်း ကျွန်မကို တနေ့လုံး စကားမပြောပါဘူး။ ကိုဇနိကတော့ အဖေ့ကို ကြိမ်းနေတယ် အိမ်ထောင်ပြုပြီးရင် တွေ့မယ်တဲ့လေ။ တကယ်တော့ အဖေတို့က သူ့ကိုလဲ ချစ်မှာပါ။ သမီးဆိုတော့ နှမြောတာဖြစ်မယ်လို့ နားလည်ပါတယ်။

ကျွန်မက သူ့ထက် အသက်တစ်လတိတိ ကြီးပါတယ်။ မနေ့ညကတော့ မသိချင်ယောင်ပြီး “ကိုဇနိနော် အဖိုးကြီးဖြစ်နေပြီ ကိုယ့်ဟာကိုယ် သိရဲ့လား” နဲ့ ဦးအောင်ပြောလိုက်တာ။ သူကလည်း မရဘူး “အင်းပါ အဖွားကြီးရယ် သိပါတယ်” တဲ့။ ကျွန်မမှာ လုပ်စရာအလုပ်တွေ များလာရင် သူလည်း မနေရဘူး ဝိုင်းကူရပါတယ်။ ကျွန်မက စိတ်ပင်ပန်းနေရင် စာရေးထားတာမျိုးဆို ပြန်မစစ်နိုင်တော့ဘူး။ သူက စိတ်ရှည်တော့ အားလုံး အချောသတ်အောင်လုပ်ပေးတယ်။ ဒါမျိုးလိုချင်တာလေ လို့ ပြောလိုက်ရင် သူက အင်တာနက်မှာ ဟိုရှာဒီရှာ ကြာနေတဲ့အခါ မရသေးဘူးလား ဒါလေးကို ကြလိုက်တာ လို့ ကျွန်မစိတ်တိုမိတတ်တယ်။ သူကလည်း ဘယ်လောက်ဆူဆူ ဘာမှမပြောဘူး။ သည်းခံတယ်။ ကျွန်မစိတ်ညစ်နေတာသူသိတော့ သူဘာမှမပြောရှာပါဘူး။ အဲ ကိစ္စတွေပြီးလို့ အဆင်ပြေသွားပြီ ရာသီဥတုသာယာလာရင်တော့ သူက ဟိုနေ့က ငေါက်လိုက်တာနော် တဲ့။ အာ စိတ်တွေ ညစ်နေလို့ပါ အခုပြန်ချော့မယ်နော်နဲ့ လုပ်လိုက်တော့လည်း ပြေလည်သွားတာပါ။

အသက်ကြီးတဲ့ကျွန်မက ဘယ်လိုကနေဘယ်လို ပြောင်းလဲသွားတယ်မသိဘူး။ သတိထားလိုက်မိတော့ သူ့ကို သမီး သမီးနဲ့ ပြောတာ အကျင့်ပါနေပြီ။ တခါတလေလည်း ငါ့သမီးလေးက ဆိုးလိုက်တာ တာတေလေးတဲ့။ သူပြောချင်ရာပြော ကျွန်မကို အလိုလိုက်နေသမျှ ဆိုးနေအုံးမှာပါပဲ။ ပြီးခဲ့တဲ့သုံးရက်ဆက်တိုက် ကျွန်မစာတွေ သူကူလုပ်ပေးနေရတာ အိပ်ယာနိုးကတည်းက ကျွန်မအိပ်ချိန်ထိ သူမအိပ်ရသေးပါဘူး။ မနေ့ကတော့ အားလုံးပြီးသွားလို့ သူ့ကို ပြန်ချော့ရတယ်။ ဒါနဲ့ သမီးကို ဆိုးလွန်းလို့ လွှင့်ပစ်ချင်နေပြီလား လို့ မေးမိတော့ လွှင့်မပစ်ချင်ပါဘူးတဲ့။ လွှင့်ပစ်လည်း ပြန်ကောက်ရမှာလေ၊ ကြာကြာမှ မပစ်နိုင်တာနော် လို့ ပြောရှာတယ်။ ကိုယ်ကလည်း ကိုယ့်အဆိုးဆိုတော့ သူ့ကို ပြန်ချော့ပါတယ်။ နောက်တပတ်သူစာမေးပွဲရှိတော့ သူ့ကိုဂရုစိုက်ရမည့် အလှည့်ရောက်ပြီပေါ့။

မဇနိ

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP