မနက်စာ

>> Monday, September 8, 2008


လက်ဖက်ရည်နဲ့ မုန့်မစားတတ်သူအတွက် မနက်စာက နည်းနည်း အလုပ်ရှုပ်ပါတယ်။ ဒါပေမယ့် ထမင်းလေး စားလိုက်ရမှ နေတတ်တာဆိုတော့ ပြင်ဆင်ရတာပါပဲ။ ကျောင်းတက်တုန်းကဆို မနက်ခင်းအစော ထမင်းပူပူလေးထချက်ရတာ အလုပ်တခုကို ဖြစ်လို့။ မချက်ဖြစ်ရင် တခြားရှိတာလေး စားသွားမယ်ဆို လိုင်းကားမစီးနိုင်တော့ပါဘူး။ အဆောင်ကထွက် သမိုင်းလမ်းဆုံနားရောက်ရင် ခေါင်းတွေမူးနေပြီ။ အခန်းဖော်သူငယ်ချင်းနဲ့လည်း ဆန့်ကျင်ဖက်။ သူက မနက်စာ ထမင်းဆို မုန်းကိုမုန်းတယ်လို့ ပြောပါတယ်။ ကော်ဖီလေးနဲ့ မုန့်စားရမှ သူက ကျေနပ်တတ်တဲ့သူ။ ကိုယ်ကလည်း ထမင်းတွေတပြင်ပြင်။ ဒါနဲ့ပဲ စားပွဲတချပ်မှာ ထမင်းစားသူနဲ့ ကော်ဖီသောက်သူနှစ်ယောက် စကားတွေ လက်ဆုံကျခဲ့ဖူးတယ်။ အဆောင်နားက လက်ဖက်ရည်ဆိုင်မှာ ပဲထမင်းပူပူလေးနဲ့ ကော်ပြန့်ကြော် စားလိုက်ရရင်လည်း သဘောကျမိတယ်။ ထမင်းမှမစားရရင်လည်း မုန့်ဟင်းခါးကို အီကြာကွေးနဲ့ စားချင်တယ်။ တခါတလေလည်း မုန့်ဟင်းခါးသုပ်ပေါ့။


အခုလည်း ကိုယ့်မနက်စာ ကိုယ်တိုင် ပြင်ဆင်လိုက်တယ်။ စားလို့ကောင်းတဲ့အခါရှိသလို မကောင်းတဲ့အခါလည်းရှိတာပေါ့။ သေချာတာတော့ တယောက်ထဲစားရတဲ့ မနက်စာက သူငယ်ချင်းတွေနဲ့ စားခဲ့ရတာလောက် မကောင်းတာအမှန်ပါပဲ။ အဆောင်မှာဆို အဆောင်ရှေ့က အကြော်စုံဝယ်ပြီး ခရမ်းချဉ်သီး ပူစီနံနဲ့ သုပ်လိုက်တယ်။ ရေနွေးကြမ်းလုပ်ပြီး ပဲထမင်းပူပူလေးနဲ့ သူငယ်ချင်းတွေ လုယက်စားခဲ့ရတဲ့ မနက်စာကတော့ ပိုလို့အရသာရှိတာပေါ့။

အမဲသားကြော်၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ကြက်သွန်ဖြူဆီချက်ရယ် မြန်မြန်ဆန်ဆန်သုပ်စားလိုက်တဲ့ မနက်စာတမျိုးပါ။ ချဉ်ပေါင်ဟင်းနဲ့ ငါးသေးသေးအခြောက်ကြော် ထမင်းသုပ်။



ကြက်သွန်ဖြူဆီချက်၊ သံပုရာသီး၊ နံနံပင်၊ မုန့်ကြွပ်၊ ပဲမှုန့်အကျက်၊ ဝက်အူချောင်းနဲ့ မုန့်ဖတ်ကို ချဉ်ငံစပ်သုပ်လိုက်တော့ မုန့်ဖတ်သုပ် မနက်စာတမျိုးရပါတယ်။


ကုလားပဲနဲ့ မုန့်ဟင်းခါးဟင်းချက်ပြီး အရည်ပျော်လုပ်စားဖြစ်တဲ့ မနက်စာပါ။


ကုလားပဲနဲ့ အုန်းနို့မှုန့်ကို အုန်းနို့ခေါက်ဆွဲ ချက်စားလိုက်လည်း မနက်စာရတာပဲ။


အခုရက်ပိုင်း လုပ်စားဖြစ်တဲ့ မနက်စာတွေကို အမှတ်တရ တင်လိုက်ပါတယ်။

မဇနိ

Read more...

ЗВЕРИ - О любви


ဇဗျယ်ရီရဲ့ နောက်ထပ် သီချင်းတပုဒ်ပါ။




ЗВЕРИ - О любви
ဇဗျယ်ရီ - အချစ်အကြောင်း

Молчат осколки льда,
Стеклянная вода.
И можно, как она
Сверкать и не кричать,
И лучше не искать.
Стеклянная тоска
Научит нам молчать,
Научит нас молчать.

နှုတ်ဆိတ်ပြီးနေနေကြတာ
ရေခဲအမွှားအသေးလေးတွေလေ။
ဖန်သားလိုပဲ ကြည်လင်နေတဲ့ရေပေါ့။
အရောင်တဖျတ်ဖျတ်ထွက်နေပေမယ့်
အသံလေးတစက်တောင် မထွက်ကြဘူးလေ။
ဘာလို့လည်းဆိုတာကို လိုက်မရှာတာ ပိုကောင်းမယ်နော်။
ဖန်သားရေခဲလေးတွေလို နှုတ်ဆိတ်ပြီးနေတတ်အောင် သင်ပေးကြပါဦး။
А а о любви,
А а о любви,
А а о любви,
А а о любви.

Однажды поздно всё
Бросаться на ходу,
Стрелять и поджигать
Разбавленный бензин.
Срывает и несёт
По утреннему льду
Тех, кто не мог сказать
И кто не мог спросить.

တစ်နေ့နေ့မှာလေ
ရပ်ပြစ်လိုက်ရအောင်
သိပ်ချစ်နေတော့ အားလုံးက နောက်ကျနေပြီလေ။
အငွေ့ပျံနေတဲ့ ဘင်ဇင်းလိုပဲ
လောင်ကျွမ်းနေပြီဆိုတော့ ရင်ထဲမှာတဆစ်ဆစ်နဲ့ နာကျင်ရတယ်။
ဘာကိုမှလည်း မတောင်ဆိုရဲ၊ မပြောရဲဆိုတော့
နံနက်ခင်းက ရေခဲလေးလိုပဲ
သယ်ဆောင်ရာကိုလိုက်ရင်း
တဖြည်းဖြည်း ကွယ်ပျောက်သွားရတော့တာပေါ့။

А а о любви,
А а о любви,
А а о любви,
А а о любви.

Молчат осколки льда,
Стеклянная вода.
И можно, как она
Сверкать и не кричать,
И лучше не искать.
Стеклянная тоска
Научит нам молчать,
Научит нас молчать.

Read more...

ယောင်ရိပ်မြင်ဟင်း

>> Sunday, September 7, 2008


ချဉ်ပေါင်ချက်ဆို ဘယ်လိုချက်ချက် ဘယ်ချိန်စားရစားရ အကြိုက်စားတတ်တာ အခုတော့ ချဉ်ပေါင်ရွက်ရှားပါးတာနဲ့ ကြုံနေရတယ်။ လူကြုံရှိလို့ အမေထည့်ပေးတဲ့ ချဉ်ပေါင်ကြော်လေးများဆို မတို့ရက်၊ မစားရက် အရိပ်လိုကြည့်နေရတာ။ ချဉ်ပေါင်အခြောက်ကလည်း အစိုချက်လောက်တော့ မကောင်းဘူး။ မရှိသုံးတော့ သူလည်း စားလို့ကောင်းရှာပါတယ်။


အိမ်မှာတော့ ချဉ်ပေါင်ရွက်သင်ရင် ခပ်ရင့်ရင့်ကိုပဲ ယူတယ်။ နုတဲ့အရွက်တွေကျ အမေက ချွဲလို့သိပ်မကြိုက်ဘူးဆိုပြီး ပယ်တယ်။ ကျွန်မက အမေမသိအောင် အနုလေးတွေပါ ခိုးခိုးထည့်တာ နှမြောလို့လေ။ အရိုးနီနီနဲ့ ချဉ်ပေါင်လက်ခြားက စားလို့ပိုအရသာရှိဆိုပဲ။ ကျွန်းထဲက ရွာလေးတွေမှာ ချဉ်ပေါင်ခင်းများ ပေါလွန်းလို့ဆိုတော့ ကျွန်းနဲ့နီးတဲ့ ကျွန်မတို့အတွက် အဆင်ပြေတာပေါ့။ မြို့ဈေးမှာ ချဉ်ပေါင်တစည်း (၅) ကျပ်ဆိုရင် (၅၀) ကျပ်ဖိုးဆို (၁၂) စည်း (၁၃) စည်း ရတာကိုး။ ရွာဖက်က ဆွေမျိုးတွေများလာရင် “ချဉ်ပေါင်ရွက်ပါခဲ့လား” အရင်မေးမိတာပါ။ အဒေါ်တယောက်ကဆို လူကြုံတိုင်း ချဉ်ပေါင်လက်ခြားနဲ့ မျှစ်နုနုလေးတွေတွဲထည့်ပေးတတ်တယ်။ အဆောင်မှာနေတော့လည်း ဈေးဝယ်သွားရင် သူငယ်ချင်းက “ဘာဝယ်မလဲ၊ ဘာချက်ကြမလဲ” မေးရင် အရင်ကောက်ကိုင်မိတာက “ချဉ်ပေါင်စည်း”။ ချဉ်ပေါင်စေ့လေးတွေ ပျိုးထားပြီး အရိပ်ကြည့်ရတာလဲ အမော။ အခုတော့ အရွက်ပေါက်စလေးတွေထွက်နေပြီ။ ရင့်အောင်မစောင့်နိုင်လို့ ဒီနေ့တော့ ချဉ်ပေါင်ဟင်းချက်လိုက်မိတယ်။ အရွက်က ပေါက်စလေးတွေ နဲနဲရတာဆိုတော့ ချဉ်ပေါင်အစပ်ချက်လို့ မဖြစ်နိုင်ဘူး။ ဒါနဲ့ပဲ အရွက်နဲနဲသုံးပြီး အရသာရှိတဲ့ ချဉ်ပေါင်ဟင်းအရည်သောက် ချက်တယ်ပေါ့။

ကျွန်မတို့အိမ်မှာတော့ အဖေက ချဉ်ပေါင်ရွက်နဲနဲလေးနဲ့ အရည်သောက်ကို “ယောင်ရိပ်မြင်ဟင်း” လို့ ခေါ်တတ်တယ်။ အဖေက သူစိတ်လိုလက်ရနေ့ဆို အမေ့ကို ”ယောင်ရိပ်မြင်ဟင်းလေးချက်စမ်းပါ” လို့ ပြောတာကြားဖူးတာပါ။ ကျွန်မက “အဖေ ဘာလို့ ယောင်ရိပ်မြင်ဟင်းခေါ်သလဲ” မေးကြည့်တော့ “ဆီနဲနဲလေးထည့်ရတယ် ချဉ်ပေါင်လေးငါးရွက်လေးနဲ့ဆိုတော့ ဟင်းရည်သောက်တဲ့အခါ ကိုယ့်ခေါင်းပေါ်က ယောင်အရိပ်ကို ပြန်မြင်ရတယ်“ လို့ ပြောပါတယ်။ ဟိုးရှေးရှေးတုန်းကတော့ ယောင်ထုံးကြီးတွေနဲ့ကိုး။ “အခုခေတ်တော့ ယောင်မရှိရင် ဘယ်လိုခေါ်မလဲ အဖေ” လို့ မေးမိတာ အဖေက “ဘိုကေရိပ်မြင်ဟင်း” လို့ ခေါ်ကွာဆိုပြီး ကြံဖန်ဖြေတတ်ပါတယ်။ အဲဒါမှတ်ထားပြီး အမေက ယောင်ရိပ်မြင်ဟင်းချက်တဲ့နေဆို မောင်နှမတတွေ အလုအယက် ကိုယ့်အရိပ်ကိုယ် ဟင်းရည်ပန်းကန်ပေါ်သွားကြည့်ကြပါတယ်။ ဟင်းရည်က ကြဲနေတော့ ကိုယ့်အရိပ်ကိုယ် ပြန်မြင်ရတာပေါ့။ “ဟာ အဖေပြောတာ မှန်လိုက်တာ” ဆိုပြီး ပြောနေကြရင်း အငယ်မောင်လေးက “သားကျတော့ ဘိုကေမမြင်ရပါဘူး” တဲ့။ ဘယ်မြင်ရပါ့မလဲ သူက ကတုံးနဲ့ကိုး။ “ဟား ဟား မင်းက ကတုံးကြီးနဲ့မလို့” ဆိုပြီး သူ့ကိုဟားရင် အဖေကို “သားလဲ ဘိုကေရှိချင်တယ်” လို့ ပူဆာတတ်တယ်။

ယောင်ရိပ်မြင်ဟင်းချက်မယ်ဆိုရင်တော့ လွယ်ပါတယ်။ ခရမ်းချဉ်သီး ခပ်သေးသေးတလုံး၊ ကြက်သွန်နီ၊ ငါးပိနဲနဲ၊ ဆီနဲနဲရယ် ဆားရယ်နဲ့ ချဉ်ပေါင်လေးငါးညွန့်ရှိရင် ဖြစ်ပါတယ်။ ခရမ်းချဉ်သီး ကြက်သွန်နီ၊ ငါးပိ၊ ဆနွင်းမှုန့်ကို ဆီနဲနဲထည့်ပြီး လှိမ့်လိုက်တယ်။ ခဏနေရင် ရေထည့်လိုက်တာပါ။ အချိုမှုန့်မသုံးတော့ ဆားလိုသလောက်ထည့်ပြီး ရေဆူလာရင် ချဉ်ပေါင်ရွက်လေး ကဗျာကယာရေဆေးခပ်လိုက်ပြီး ဟင်းအိုးချလိုက်လို့ ရပါပြီ။ ယောင်ရိပ်မြင်ဟင်းနဲ့တွဲပြီး ငါးရံ့ခြောက်ကြော်လေးရယ် သပွတ်သီးအစပ်ချက်လေးရယ် အမေက ဟင်းအတွဲချက်တတ်တာကို သတိရလို့ ဒီနေ့ချက်စားကြည့်တယ်။ သပွတ်သီးက ဒယ်အိုးထဲခပ်ပြီး မွှေလိုက်ရင် ခဏချင်းအိကျသွားတာမလို့ အတုံးသေးသေးလေးတွေ မတုံးတော့ဘဲ ခပ်ကြီးကြီးတုံးပါတယ်။ သပွတ်သီး၊ ခဝဲသီးဟင်းက ငရုပ်သီးစိမ်းလေးပါမှ ပိုစားကောင်းတယ်ထင်မိတယ်။ ပုဇွန်ခြောက်လေးပါထည့်ချက်လိုက်ရင် အတော်စားကောင်းပါတယ်။ ငရုပ်သီးစပ်လာရင် ယောင်ရိပ်မြင်ဟင်းလေးကို ခပ်သောက်လိုက်တော့ ချဉ်ပြုံးပြုံးအရသာလေးနဲ့ ထမင်းမြိန်လှပါတယ်။

သပွတ်သီးဟင်း အဆင်သင့်ချက်နိုင်အောင် ဒီလိုလေး ပြင်ထားလိုက်တယ်။


သပွတ်သီးအစပ်ချက်


ယောင်ရိပ်မြင်ဟင်းရယ်၊ သပွတ်သီးဟင်းအစပ်ချက်ရယ်၊ ငါးရံ့ခြောက်ကြော်ရယ်...


မဇနိ

Read more...

Treatment for Obstructive Sleep Apnoea

>> Saturday, September 6, 2008


အိပ်ရင်းနှင့် အသက်ရှူရပ်ခြင်း ပြဿနာအတွက် ကုထုံး
(Treatment for Obstructive Sleep Apnoea)



ပုံ (၁)


ပုံ (၂)





'စားတာအသား၊ အိပ်တာအား' တဲ့ အဖွားခဏခဏ ပြောဖူးတဲ့ စကားပါ။ အိပ်ခြင်းဟာ ကျွန်မတို့ အမိဝမ်းထဲကနေ ခုချိန်ထို လုပ်မြဲလုပ်နေတဲ့ အလုပ်တစ်ခုပါ။ အိပ်ခြင်းကို ဘယ်သူမှာ ဥပေက္ခာပြုလို့ မရပါဘူး။ နှစ်ချိုက်စွားအိပ်ပျော်ပြီးလို့ နိုးလာတဲ့ အခါမှာ လန်းဆန်းတတ်ကြွတဲ့ ခံစားချက်မျိုးကို အားလုံးခံစားဖူးမှာပါ။ အဲဒီလိုပဲ ညဖက်ကောင်းစွားအိပ်မပျော်လို့ အိပ်ရေးမဝ မလန်းဆန်း မတတ်ကြွဘဲ နုံးချိတဲ့ ခံစားချက်မျိုးကိုလည်း အားလုံးခံစားဖူးမှာပါ။ ကျွန်မတို့လို ကျောင်းသူကျောင်းသားတွေအတွက်ကတော့ အိပ်ရေးမဝတဲ့ ခံစားချက်ဟာ စာမေးပွဲနီးလေ ပိုဖြစ်တတ်လေပါပဲ။


Obstructive Sleep Apnoea(OSA) ရှိတဲ့လူတွေဟာ အခုလို အိပ်ရေးမဝတဲ့ ခံစားချက်မျိုးကို နေ့စဉ်နဲ့ အမျှ ခံစားနေရတာပါ။ အဲဒါကြောင့် သူတို့အနေနဲ့ ကုသမှုကို အမြန်ဆုံးယူသင့်ပါတယ်။ (OSAန) ရှိတဲ့လူတွေ အတွက် ကုသမှုကို အရေတကြီးယူသင့်တဲ့ အခြားအကြောင်းတွေကတော့ (OSA) ကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေကြောင့်ပါပဲ။ (OSA)ကို မကုသဘဲ ထားမယ်ဆိုရင် ...
၁) သွေးတိုးခြင်း (High Blood Pressure/ Hypertension)
၂) လေဖြတ်ခြင်း (Stroke)
၃) နှလုံးရောဂါများ (Heart Diseases)
၎) ဒေါသထွက်လွယ်ခြင်း (Short Temper)
၅) လိင်ကိစ္စစိတ်မပါခြင်း (Loss of Interest in Sex)
၆) စိတ်ကျခြင်း (Depression)နှင့်
၇) ကားမောင်းစဉ်အိပ်ပျော်ခြင်း (Sleep Driving)ကြောင့် ယာဉ်တိုက်မှုပြဿနာများလည်း ဖြစ်ပွားတတ်ပါတယ်။

(OSA)ရှိတဲ့လူတွေကလည်း ဘဝမှာ ကျန်းကျန်းမာမာ နေလိုတာကြောင့် ကုသမှုကို ခံယူချင်ကြပါတယ်။ သူတို့တွေအတွက် စိတ်မကောင်စရာ အကြောင်းတစ်ခုကတော့ ခုချိန်ထိ (OSA)ကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးသမဟုတ်၊ နည်းလမ်းမရှိသေးတာပါပဲ။ အိပ်စက်တဲ့အခါ အသက်ရှူရပ်ခြင်းကို ကုသတဲ့နည်းဟာ မျက်စိမှုန်သူတွေ မျက်မှန်တပ်သလိုပါပဲ။ မျက်မှန်ကို တစ်နေ့တာတပ်လိုက်လို့ မျက်စိမှုန်တာ ပြန်မကောင်းနိုင်ဘူးဆိုတာကို လူတိုင်းသိပါတယ်။ မျက်စိမြင်ချင်ရင် မျက်မှန်ကို အမြဲတပ်ရပါတယ်။ အဲဒီလိုပါပဲ အိပ်ရေးဝဝ အိပ်ရပြီး အားအင်ပြည့်ဝလာဖို့အတွက် (OSA)ကိုကုသရေးဟာ ညစဉ်တသက်တာလုံး လုပ်ရတဲ့ အလုပ်တစ်ခုပါ။

(OSA)ဟာဆေးထိုးဆေးသောက်လုပ်ပြီး ပျောက်အောင်ကုသလို့ ရတဲ့ ပြဿနာမဟုတ်ပါဘူး။ သက်သာအောင်ပဲ လုပ်လို့ရပါတယ်။ လည်ချောင်းခွဲစိတ်ပြီး အာခေါင်နု(Soft Palate)နဲ့ အာသီး(Tonsil)ကို ဖြတ်ထုတ်တာတွေကလည်း အလွန်အမင်းနာကျင်ပြီး အကျိုးသက်ရောက်မှု မရှိပါဘူး။ သက်သာအောင် ကုသနည်းကတော့ ပြဿနာရဲ့ ဆိုးရွားမှုပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။

(OSA)ပြဿနာအလွန်မဆိုးရွားတဲ့ လူတွေအတွက်ကတော့ ဝိတ်ချခြင်းဟာအဓိကကျပြီး အရေးပါတဲ့ ကုထုံးတစ်ခုပါ။ တချို့တွေက ပက်လက်အိပ်မှ (OSA) ဖြစ်တာတွေရှိပါတယ်။ အဲဒီလူတွေအတွက် ပက်လက်မအိပ်နိုင်အောင် ကျောမှာ တန်းနစ် ဘောလုံကို ကြိုးနဲ့ချည်ပြီး၊ အိပ်တာတွေလည်း လုပ်နိုင်ပါတယ်။ (OSA)ပြဿနာဆိုးရွားတဲ့ လူတွေအတွက်ကတော့ အထိရောက်ဆုံးကုသနည်းဟာ (CPAP)ဆိုတဲ့ စက်ကလေးကို အသုံးပြုပြီး အိပ်ခြင်းပါပဲ။ CPAP ဆိုတာ Continuous Positive Airway Pressure ပါ။ မြန်မာလိုအနီးစပ်ဆုံး ဘာသာပြန်ရရင်တော့ တစ်လမ်းတည်း အဆက်မပြတ် သွားနေတဲ့ လေနှုံးပေးစက်လို့ ပြန်ရမယ်ထင်ပါတယ်။ အဲဒီစက်ကလေးရဲ့ လုပ်ဆောင်ချက်ကတော့ အခန်းထဲမှာရှိတဲ့လေ (Room Air)ကိုယူပြီး လေပိုက်ကတဆင့် လူရဲ့နှာခေါင်းမှာ တပ်ထားတဲ့ နှာခေါင်းဖုံး (Nasal Mask)မှနေ အသက်ရှူလမ်းကြောင်း အထက်ပိုင်းနေရာကို လေအဆက်မပြတ်သွင်းပေးပါတယ်။ လေဟာ လည်ချောင်းထဲကို အဆက်မပြတ်ဝင်နေတာကြောင့် လည်ချောင်းကြွက်သားတွေ ပြိုကျပြီး လည်ချောင်းမှာ ပိတ်ဆို့မနေအောင် တွန်းကန်ပေးထားပါတယ်။

အဲဒီစက်ကလေးကို အိပ်ရာဝင်တဲ့ အချိန်မှာပဲ သုံးရတာပါ။ အသုံးပြုတဲ့လူ အိပ်ရာဝင်ပြီဆိတာနဲ့ နှာခေါင်းဖုန်းကိုတပ် စက်ကိုဖွင့်ပြီး အိပ်ရာဝင်ရပါတယ်။ မျက်နှာပေါ်မှာ ခုလို နှာခေါင်းဖုံး(Mask)ကြီး ရှိနေတာကြောင့် အစပိုင်းမှာတော့ သက်တောင့်သက်သာ မရှိသလို ခံစားရတတ်ပါတယ်။ Nasal Mask ခေါ် နှာခေါင်းဖုံး အသုံးပြုပုံကိုတော့ ပုံ(၁)မှာ မြင်နိုင်ပါတယ်။ ပုံ (၂) ကတော့ (CPAP)မှာပါတဲ့ ပစ္စည်းတွေပါ။ အဲဒါတွေကတော့ Nasal Mask ခေါ် နှာခေါင်းဖုံး၊ လေပိုက်နဲ့ လေပေးစက် ဆိုပြီး (၃)ခုရှိပါတယ်။ လေးပေးစက်က သယ်ဆောင်ရလွယ်ကူအောင် သေးသေးလေးတွေလည်းရှိပါတယ်။ အသက်ရှူလမ်းကြောင်းထဲကို သွင်းပေးတဲ့လေနှုံးဟာ လူတစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ (OSA) ရှိတဲ့လူတစ်ဦးချင်းစီအတွက် လိုအပ်တဲ့လေနှုံးကို ရရှိဖို့ရာ 'Sleep Disorder Unit' မှာ တစ်ညတာအိပ်ပြီး စစ်ဆေးမှု ခံယူရပါတယ်။ သင့်တော်တဲ့ လေနှုံးကိုရရှိပြီး အသုံးပြုမည့်စက်မှာ ချိန်ပြီး အိပ်မယ်ဆိုရင် အဲဒီစက်ကလေးရဲ့ ပထမဆုံး အစွမ်းကတော့ ဟောက်ခြင်းကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဟောက်သံမကြားရတဲ့အတွက် မိမိအမျိုးသမီး(သို့မဟုတ်) အမျိုးသားလည်းပဲ နှစ်ချိုက်စွာ အိပ်ပျော်နိုင်တယ်။ စက်ကိုအသုံးပြုသူမှာလည်း ညဖက်မှာ အိပ်ရေးဝအောင် အိပ်ရတာကြောင့် နေ့ဖက်မှာလည်း လမ်းဆန်းနေပါတယ်။ တချို့ဆိုရင် ခုလိုအိပ်ရေး အိပ်ရေးဝဝမအိပ်ရတာ နှစ်နဲ့ချီပြီဆိုပြီး ပြောကြပါတယ်။ 'အိပ်တာအား' ဆိုတဲ့အတိုင်း ညဖက်မှာ အိပ်ရေးဝဝအိပ်နိုင်တာကြောင့် အိပ်ရာနိုးလာရင် တစ်နေ့တာအလုပ်တွေကို အားအင်အပြည့်နဲ့ ပြန်လည်လုပ်နိုင်လာကြပါတယ်။ တချို့ကျတော့ အခုလို နှာခေါင်းဖုံးကြီးတပ်ပြီး အိပ်ရာဝင်ရတာကို ဘယ်တော့မှအကျင့်မရဘဲ စိတ်ပျက်တဲ့ လူတွေလည်းရှိပါတယ်။ "အရင်ကဆို အိပ်ချင်ပြီဆိုတာနဲ့ အိပ်ရာထဲဝင်ပြီး အိပ်လိုက်ရုံပဲ၊ ခုဆိုအိပ်ရာဝင်ချိန်ရောက်ရင် အလုပ်ကများပြီး သက်တောင့်သက်သာမရှိဘဲ အိပ်ရာဝင်ရတယ်" လို့ညည်းညူကြပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အဲဒီစက်ကလေးကို မသုံးဘဲ အိပ်ရာဝင်မယ်ဆိုရင် ဆိုးရွားတဲ့ ပြဿနာတွေ ဖြစ်နိုင်တာကြောင့် စက်ကို မသုံးချင်ပဲလည်းသုံးကြရပါတယ်။ (OSA)ကို အရှင်းပျောက်အောင် ကုသနိုင်တဲ့နည်း မပေါ်သေးခင်မှာတော့ CPAP စက်လေးကို အသုံးပြုခြင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀) ကျော်ကတည်းကနေ အခုချိန်ထိ အထိရောက်ဆုံးသော ကုထုံးတစ်ခုအဖြစ် နာမည်ကျော်ဆဲပါ။

OSA အကြောင်းရေးခဲ့တဲ့ ပို့စ်အဟောင်းကို ဒီမှာဖတ်ပါ။

(မေစနိုး)

Read more...

အညာကရွာ...(၂)

>> Friday, September 5, 2008

အပိုင်း (၁) ကို ဒီမှာဖတ်ပါ။

ရွာအကြောင်းကို ပြောတော့ စိတ်ထဲမှာ ကုလားပဲဟင်းချို၊ ဗူးရွက်ဟင်းချိုတွေကို ပြေးမြင်ပါတယ်။ ကုလားပဲရွက်ကို ကြော်ပြီးတော့လည်း စားပါတယ်။ ခရမ်းချဉ်သီးငပိချက် ခပ်စပ်စပ်လေးကိုလည်း စိတ်ကူးလိုက်တာနဲ့ သွားရေတွေ ကျလာတတ်ပါတယ်။ အမဲသားကို ငရုတ်သီးစိမ်းတောင့်ရယ်၊ ခရမ်းချဉ်သီးရယ်နဲ့ချက်ထားတဲ့ အမဲသားဟင်း ခပ်စပ်စပ်ဟင်းလေးကိုလည်း သတိရမိပါတယ်။ ကျနော်တို့ရွာတွေမှာက အသားပေါ်တဲ့သူတွေ မရှိပါဘူး။ ကုန်းပေါ်က ရွာတစ်ရွာကတော့ အမဲပေါ်တတ်လို့ သူတို့ လာလာရောင်းတာကို ဝယ်ပြီး စားရပါတယ်။ အဲ ရွာမှာက စီးပွားဖြစ် တံငါလည်း မရှိပါဘူး။ ကျနော် သိသလောက်ကတော့ လှေပေါ်မှာ ပေါင်းမိုးတပ်ပြီး အိပ်လိုလုပ်ကာ တံငါးလုပ်နေတဲ့သူတွေ ရှိပါတယ်။ သူတို့တွေ ရွာထဲကို ဝင်ရောင်းမှသာ စားကြရတာပါ။ သူတို့တွေမှာ အခြေတကျ ကိုယ်ပိုင်ရွာလည်း ရှိတယ်မထင်ပါဘူး။ သူတို့တွေက ရွာထဲကိုလာ ငါးတွေရောင်းလိုက်၊ ရွာထဲ အိမ်ဆိုင်က ဆန်၊ ဆီ၊ ဆား လိုအပ်တာတွေကို ဝယ်သွားတတ်ကြပါတယ်။


နောက်တခု ပြောပြချင်တာက ကျနော်တို့ရွာက ရွာအကြီးကြီး မဟုတ်တော့ ရွာဈေးမရှိပါဘူး။ ရွာမှာ အိမ်ဆိုင်တွေပဲ ရှိတာပါ။ အိမ်ဆိုင်တွေကလည်း မြင်းခြံ၊ ပခုက္ကူမြို့တွေကို သွားပြီး ရောင်းစရာတွေကို ဝယ်ပြီး ပြန်ရောင်းကြတာပါ။ ဒီတော့ ကုန်းဖက်နဲ့လည်းနီး၊ ကျွန်းထဲကနေလည်းမဝေး၊ ရွာလည်းကြီးတဲ့ ကိုရင့်ရွာမှာ ငါးရက်တပတ် ရွာဈေးလေးရှိပါတယ်။ အနီးအနား ရွာပေါင်းစုံက ဈေးသည်တွေ လာကြသလို၊ ကိုယ့်စိုက်ခင်းထွက်ကုန်တွေကို ရောင်းချမယ့် အမြဲတမ်းဈေးသည် မဟုတ်တဲ့ တောင်သူတွေလည်း လာရောင်းတတ်ပါတယ်။ ကုန်းပေါ်ဖက်က ဘာတွေလာရောင်းတတ်သလဲဆိုတော့ ရေပုံးတွေ၊ ကြိုးအမျိုးမျိုးတွေ ရောင်းသလို၊ ထင်းလှည်းတွေလည်း လာရောင်းကြပါတယ်။ ဝါတွေစိုက်ပြီး ယက္ကန်းယက်ကြတဲ့ ရွာတွေဖက်က ချည်ထည်လုံချည်၊ အင်္ကျီ၊ အဝတ်အထည်အမျိုးမျိုးတွေလည်း လာရောင်းကြပါတယ်။ မြို့ပေါ်ကနေပြီး ဝယ်လာပြီး တဆင့်ပြန်ရောင်းတဲ့ ချည်အချောအလှအပ အဝတ်အထည်ရောင်းဆိုင်တွေလည်း ရှိတာပါပဲ။ အဲဒီ ရွာဈေးလေးက အတော်စည်းကားလှပါတယ်။ အခုအသက်ကြီးလာတော့ ဈေးဝိုင်းလေးက သေးတယ်လို့ ထင်မိပေမယ့်၊ ငယ်ငယ်တုန်းကဆို အဲဒီဈေးထဲမှာ မျက်စိလည်ပြီး၊ လမ်းတွေလည်း ပျောက်ခဲ့ဖူးပါတယ်။ ကျနော့်အဒေါ်အပျိုကြီးက ဈေးသည်ဆိုတော့ကာ သူငါးရက်တပတ်ဈေးကို သွားတဲ့နေ့ဆို သူပြန်အလာကို မာလကာပင်ပေါ်ကနေ တက်ပြီး မျှော်ရပါတယ်။ အဒေါ်က ကျနော်တို့ အတွက် စားစရာသွားရေစာ မျိုးစုံကို ဝယ်လာတတ်တာကိုး။ အခုတော့ အဒေါ်ကြီးလည်း အသက် ၈၀-ကျော်လို့ ဘာမှ မလုပ်နိုင်ရှာတော့ဘူး။

ရွာက အိမ်ဝိုင်းထဲမှာက မာလကပင် အကြီးကြီး - ၄ ပင်ရှိပါတယ်။ ကျနော်တို့ မျောက်လောင်းတွေကတော့ ပျင်းနေရင် မာလကာပင်တွေပေါ်တက်ပြီး မာလကာသီးတွေကို ခူးစားကြတာပါပဲ။ အဲ မာလကာပင် တပင်က အတော်ကို မြင့်တော့ ထိပ်ဆုံးထိတပ်ပြီး မျှော်စင်ကြီးလိုပါပဲ။ သူ့ထိပ်ဆုံးကိုတက်ပြီး အဝေးကို ငေးတဲ့အခါငေး၊ အဒေါ်ကို မျှော်တဲ့အခါ မျှော်ပေါ့။ မာလကာပင်က အူနီပင်၊ အူဖြူပင်ဆိုပြီးရှိတာပါ။ အူဖြူပင်က ကိုက်လိုက်ရင် ခပ်ကြွတ်ကြွတ်လေးနဲ့ စားလို့ကောင်းသလို၊ အူနီသီးကကြတော့ မကြွတ်ဆတ်ပေမယ့် ချိုရွဲရွဲလေးစားလို့ကောင်းပါတယ်။ နောက်ပိုင်းကျတော့ အိမ်ဝိုင်းထဲမှာ အဖေက မာလကာပင် ပုပုလေးတွေ ထပ်စိုက်ပါတယ်။ အပင်တွေကသာ ပုတာပါ၊ သူကသီးတဲ့ အသီးက အလုံးကြီးပြီး ခပ်ကြွတ်ကြွတ်စားလို့ အတော်ကောင်းပါတယ်။ အဲ အိမ်းဝိုင်းထဲမှာ သရက်ပင်တွေလည်း ရှိတာပါပဲ။ သရက်သီးများကတော့ အပွင့်ကနေစပြီးတောင် စားကြပါတယ်။ ငံပြာရည်ဖျော်နဲ့ တို့စားတာပါ။ သရက်ကင်းအရွယ်ကျလည်း ဆားရည်စိမ်ရင် စိမ်တယ်၊ မဟုတ်လည်း သူ့အတိုင်းကို အတို့လုပ်စားပါတယ်။ သရက်သီး နည်းနည်းကြီးလာရင် ဓါးနဲ့လှီးပြီး သရက်ချဉ်လုပ်တာပါပဲ။ ကျနော်တို့အိမ်ကတော့ သရက်သီးတွေကို ခူးပြီးမလုပ်ပါဘူး။ လေတိုက်လို့ ကြွေကျလာတဲ့ အသီးမှ လုပ်တာပါ။ များသေားအားဖြင့်ကတော့ အလုံးကြီးအောင် စောင့်ပါတယ်။ အလုံးကြီးလာရင်တော့ ကုက္ကိုရွက်တွေနဲ့ အုံတော့တာပဲ။ သရက်သီးစာရင် အခွံပါတွဲစားရတယ်တဲ့၊ ဝမ်းမလျောအောင်လို့ပါ။ ကျနော်ကတော့ သရက်သီးနဲ့လည်း ထမင်းစားတတ်တာပါပဲ။

နောက်ထပ်အိမ်ဝိုင်းထဲမှာ ရှိတာကတော့ ဆီးပင်(ဇီးပင်)ပါ။ ဆီးသီးတွေကို ဖောသီလောသီစားရပါတယ်။ ပိုတဲ့ဟာဆို အခြောက်လှမ်းထားတတ်တယ်။ ပိုတဲ့ဟာလို့သာ ပြောရတာ သူသီးသမျှကုန်အောင် စားနိုင်တယ် မရှိပါဘူး။ နောက်များ ဆီးသီးရှားတဲ့အချိန်မှာ ရေဆေးပြီး ရေခွက်ထဲမှာ စိမ်ပြီး စားတတ်သလို၊ ထန်းလျက်တွေနဲ့လည်း ကျိုပြီးစားကြပါတယ်။ ဆီးပင်က အကိုင်းတွေများဆို ခုတ်ပြီး ခြံစည်းအဖြစ် ကာတတ်သလို၊ ထင်းအဖြစ်လည်း အသုံးပြုကြပါတယ်။ ထင်းအဖြစ် ကုက္ကိုကိုင်းတွေကိုလည်း ခုတ်ထစ်ပြီး အခြောက်လှမ်း သုံးကြသလို၊ ကုန်းအရပ်က ရောင်းတဲ့ ထင်းလှည်းတွေလည်း ဝယ်ပြီး သုံးရပါတယ်။ ထင်းတွေကို ဝယ်ပြီးလှောက်တာက ဝါဆိုဝါခေါင်ရေဖောင်ဖောင်မှာ သုံးရအောင်လို့ပါ။ ဝါဆို၊ ဝါခေါင်မှာဆိုရင် တရွာလုံးလဲရေတွေနဲ့၊ ရွာပတ်ဝန်းကျင်ကလည်း ရေပြင်တွေကြီးပါပဲ။ ရေတက်တဲ့ကာလတွေမှာ မြစ်ထဲ အထက်ပိုင်းက ထင်းတွေ မြစ်ရေနဲ့ အတူမျောလာတယ်ထင်ပါရဲ့။ ရွာထဲကနေ လှေတွေနဲ့ စီးပွားဖြစ် ထင်းဆယ်တဲ့သူတွေလည်းရှိပါရဲ့။ သူတို့ဆီကနေဝယ်ပြီးလည်း သိမ်းထားတတ်ပါတယ်။ မှတ်မှတ်ရရပြောရရင် မြစ်ရေနဲ့အတူ ဂုံညင်းသီးတွေ ပါလာတတ်လို့ ဆယ်ပြီး သိမ်းထားတတ်ပါတယ်။ ရေကျတဲ့ အချိန်ကျတော့ ကလေးတွေ ဂုံညင်းထိုးတမ်းကစားကြတာပေါ့။ နည်းနည်းအရွယ်ကြီးတဲ့ သူတွေက ပိုက်ဆံကြေး ဂုံညင်းထိုးကြပါတယ်။ ဒီတော့ ဂုံညင်းကို လေးလေးလေး ဖြစ်နေအောင် ဂုံညင်းကို အပေါက်ဖောက်၊ အထဲက အဆံတွေ ထုတ်၊ ပြီးတော့ ခဲ( Lead) တွေကို အရည်ဖျော်ပြီး ထည့်တော့ မာမာလေးဖြစ်သွားတာပေါ့။



စကားစပ်လို့ ပြောဦးမယ်ဗျာ - ကျနော်တို့ရွာမှာ ပြိုင်လှေတွေရှိတယ်ဗျ။ ရွာပိုင်ပေါ့။ ရွာထိပ်က ဘုန်းကြီးကျောင်းမှာ ထားတယ်။ ရေတွေများလာတဲ့ရာသီဆိုရင် ချောင်းရိုးတွေထဲ ရေတွေ ရောက်လာပြီဆိုလောက်ကတည်းကပါပဲ အဲဒီပြိုင်လှေတွေကို ရေချပြီး၊ ရွာကလူငယ်တွေ လှေလှော်ကျင့်ကြတာပေါ့။ ရွာက လှေနာမည်တွေက ဇော်မင်းနဲ့ ဇော်ဝင်းတဲ့။ ပြိုင်လှေဦးက ထောင်နေတဲ့ နေရာမှာ ရွဲလုံးကြီးတွေ အလှတပ်ပြီးလည်း ဘုရားပွဲလှည့်တာတွေလည်းရှိရဲ့။ ပြိုင်လှေက ကိုယ်ထည် အလုံးသေးသေးနဲ့ လူတစ်ယောက်စာ ထိုင်သာယုံလောက်ပါ။ လူတွေက အစီအရီထိုင်ပြီး တစ်ယောက်က လှေရဲ့ညာဖက်မှာ တက်ချပြီးလှော်ရင်၊ နောက်တစ်ယောက်က လှေရဲ့ဘယ်ဖက်ကို တက်ချပြီး လှော်ပါတယ်။ လှေရဲ့ နောက်ဆုံးမှာ တက်မကိုင်ကြီးပေါ့။ ဘုရားပွဲလှည့်တာမျိုးဆို လှေလှော်သားတွေကိုင်တဲ့ တက်မှာ ငွေရောင် အလင်းပြန်တာတွေ သုတ်ထားတာကိုး။ ဒီတော့ လှေအလယ်လောက်မှာ ထိုင်ပြီး စည်တီးတဲ့သူရဲ့ စီးချက်အတိုင်း တက်မတွေကို ညီညီညာညာမြောက်ပြီး အလှလှော်တာများဗျာ ငယ်ငယ်တုန်းက ကြည့်ဖူးတာဆိုပေမယ့် အခုထိ မျက်လုံးထဲက မထွက်ဘူး။ ပြိုင်လှေတွေက ရွာအပြင်ထွက်လှော်တော့ ဘယ်သူတွေ ကြည့်ကြတုန်း မေးချင်ကြမယ်။ အဲ အိမ်တိုင်းနီးနီးမှာ ကိုယ်ပိုင် ရိုးရိုးလှေတွေ ရှိတာပေါ့။ အဲဒါတွေနဲ့ ထွက်ကြည့်ကြတာပေါ့။ ကျနော်တို့ အိမ်မှာဆို လှေကြီး ၂ - စီးရှိတယ်။ တခုက အကြီးကြီး၊ နောက်တခုကတော့ အရွယ်လတ်ပေါ့။ လှေအကြီးကြီးကတော့ ခရီးခပ်လှမ်းလှမ်းသွားလို့ရတယ်လေ။ ရွက်အကြီးကြီးတပ်ပြီးတော့ပေါ့။ ရေမဝင်တဲ့ ရာသီတွေမှာတော့ သူတို့ကို စင်လေးဆောက်ပြီး တင်ထားရတယ်။ ရေစဝင်လာတဲ့ ရာသီမှာ လှေတွေက လှေစင်ပေါ်ကချပြီး ပွန်းညက်တွေနဲ့ လှေပေါက်တွေ၊ လှေစပ်ထားတဲ့ ပျဉ်အစပ်တွေကို ဖာရတယ်။ ပြိုင်လေးသေးသေးလေးတွေက ရွာက လူငယ်တိုင်းဆီလောက်မှာ ရှိတယ်။ သူလည်း လုံးလုံးသေးသေးလေးတွေပဲ။ သူကတော့ တစ်တောင်လောက် အရှည်ပဲရှိတာကိုး။ အလုံးကလည်း လက်တကိုင်စာလောက်ပဲရှိတာလေ။ သူ့ကိုကျတော့ လူတက်လှော်လို့မှ မရတာ။ ပလတ်စတစ်ရွက်တွေတပ်ပြီး ကလေးတွေ လှေပြိုင်တာပါပဲ။ ကျနော့်မှာက သစ်သားစက်လှေလေးရှိတယ်။ အကိုတွေ လုပ်ပေးထားတာ။ သစ်သားကိုထွင်းထားတာပဲ။ စက်လှေအခေါင်းရဲ့နောက်မှာ အပေါက်လေးဖောက်ပြီး ပန်ကာဝန်ရိုးတပ်ထားတယ်။ ပန်ကာကိုကျတော့ ကက်ဆက်ထဲက မော်တာနဲ့ လည်တာလေ။ ဓာတ်ခဲတွေလည်း စက်လှေပေါ်မှာပေါ့။ အဲဒါတွေနဲ့ ကစားရင် ကြီးလာတာပါပဲ။ အခုတော့လည်း နွားရုပ်တွေ၊ နွားရုပ်လှည်းတွေ၊ စက်လှေတွေတောင် ဘယ်ရောက်ကုန်ပြီးလဲ မသိပါဘူး။



ကျနော်တို့က ရွာကအိမ်က ၂-လုံးဗျ။ နှစ်ဆောင်ပြိုင်ခေါ်မယ်ထင်တယ်။ အိမ် နှစ်အိမ် အပြိုင်ဆောက်ထားတာ။ အိမ်အပေါ်ထပ်ကြမ်းပြင်နဲ့ အမြင့်ညီတူမှာ အိမ်၂ လုံးကြား ဝါးစင်ကြီးထိုးထားတာ။ ရေတွေကြီးတဲ့အချိန်မှာ အဲဒီဝါးစင်ကြီးပေါ်မှာ ညဖက်ထွက်နေကြတာပေါ့။ လလေးကသာသာ၊ လူကြီးတွေပေါ် ပိုးလိုးပက်လက်လှဲပြီး၊ သူတို့စားတဲ့ လက်ဖက်သုပ်နှိုက်စားလိုက်၊ ရေနွေးကြမ်းသောက်လိုက်နေတာပါပဲ။ အဲဒီ ၀ါးစင်ကြီးက နွေရာသီကြလည်း အိမ်နှစ်အိမ်ကြားမှာ အမိုးကြီးဖြစ်နေတာပဲ။ နေကြာတွေ ပုတ်တဲ့အခါဖြစ်ဖြစ်၊ မြေပဲတွေ ဆွတ်တဲ့အခါဖြစ်ဖြစ်၊ ပြီး ဆေးတွေကိုင်တဲ့အခါဖြစ်ဖြစ် အဲဒီအောက်မှ လုပ်ကိုင်တတ်ကြတယ်။

ကျနော်တို့က တောမကျ၊ မြို့မကျ ကောင်တွေပါ။ နေတာက မြို့ပေါ်၊ ကျောင်းပိတ်ချိန်ကတော့ ရွာကို ပြန်တယ်။ ရွာမှာ တောင်သူအလုပ်လုပ်ရတာကိုး။ ကလေးဆိုတော့ တောင်သူဦးစီးတော့ ဘယ်ဟုတ်ပါ့မလဲ။ တောက်တိုမယ်ရ လုပ်ရတာပေါ့။ မနက်မိုးလင်းရင် ဘုရားသောက်တော်ရေ၊ လူသောက်ရေ၊ သုံးရေ၊ နွားစာကျင်းရေ ခပ်ရတယ်။ လက်ငင်တွင်းပဲ။ စက်သီးနဲ့ဆွဲလို့လည်းရတယ်။ အဲဒါတွေလုပ်ပြီးရင် နွားချေးကျုံး၊ အမှိုက် အတော်အတန်လှဲရတယ်။ လိုအပ်ရင် တောထဲကို ထမင်းထုပ်လည်း လိုက်ပို့ရတယ်။ ငယ်ငယ်က ထွန်စီးလုပ်တဲ့သူကို သိပ်အားကျတာ။ သူက ဆရာပဲလေ။ ကိုယ်ကတော့ ထွန်နောက်က မြက်ကောက်အဆင့်ပါ။ ထွန်ဦးစီးဆိုတာက ရွာအိမ်မှာက ပညာရှင်လေ။ နည်းနည်းကြီးလာတော့ လုပ်ဖူးတယ်ရှိအောင် ထွန်တက်စီးဖူးတယ်။ ပြီးတော့ ထယ်လည်းထိုးဖူးတယ်။ ငယ်တုန်းက မလုပ်ရဘူး။ နွားခြေပြတ်သွားမှာ စိုးရိမ်လို့။ အကိုင်မတတ်ရင် ထယ်သွားနဲ့ နွားခြေကို လှီးဖြတ်သလို ဖြစ်တတ်တယ်။

ငယ်ငယ်က ရွာမှာတုန်းက ကစားရင် နွားရုပ်လေးတွေနဲ့။ ကစားစရာ လှည်းသေးသေးလေးတွေလည်း ရှိတာပဲ။ ကျနော်က နွားကို အတော်ချစ်တာ။ အိမ်မှာ နွားညိုကြီးရှိတယ်။ သိပ်လှတာ။ နွားက တအားလည်း သွက်တယ်။ နွားပျင်းမဟုတ်ဘူး။ သူ့နားရွက်တွေက အမြဲစွင့်နေတာလေ။ ကြိမ်တံကိုလည်း ကိုင်စရာ သိပ်မလိုဘူး။ သူက ကြိမ်တံ အထိတောင် ခံချင်တဲ့ ကောင် မဟုတ်ဘူးဗျ။ အခုတော့ သူလည်း ဆုံးသွားရှာပါပြီ။ သူက ခြံပေါက်နွားလေ။ သားရေဖင်ထိုင် သုံးတာ။ သဘောက နွားကြီး အိုသွားလို့ဆိုပြီး ထုတ်မရောင်းဘူး။ သေသွားတောင် သူ့သားရေကို ဖင်ထိုင်အဖြစ်သုံးတယ်လို့ ပြောတာ။ ကျနော်က ကလေးဆိုတော့ ညဖက် နွားစာကျွေးတာဝန်လည်း ကျတတ်တယ်။ နွားစာကျတော့ အစင်းမခိုင်းဘူး။ ကလေးဆိုတာကလည်း လူရာအလွန်ဝင်ချင်တာပါ။ လူကြီးက အန္တရာယ်ရှိလို့ မခိုင်းတာကို မကျေနပ်ဘူး။ ဇွတ်လူကြီး ဖြစ်ချင်တော့ လူကြီးလစ်တဲ့အချိန် ခိုးပြီး နွားစာစင်းတော့တာပဲ။ နွားစာစင်းစင်ဆိုတာကို မျက်လုံးထဲ မြင်အောင်ပြောပြမယ်။ လူခါးလောက် အမြင့်ရှိတဲ့ စင်ပါပဲ။ တဖက်ထိပ်မှာတော့ သစ်သားပြားအမာကို အောက်ခုံခုတ်တုံးသဘောမျိုးထားတယ်။ သူ့အပေါ်မှာ ဓားအရှည်တပ်ထားတယ်။ ဓားကို အပေါ်ဖက်က နောက်ကို ကိုင်းပြန်တဲ့ ဝါးကိုင်းကနေ ကြိုးနဲ့ ဆွဲချိတ်ထားသလို၊ နွားစာစင်းစင်အောက်မှာလည်း ဝါးလုံးရှည်တချောင်းရှိတယ်။ သူကိုလည်း ဓားရိုးနဲ့ ချိတ်ထားတယ်။ ဝါးတံကိုခြေထောက်နဲ့ နင်းပြီး ဓားကို အောက် ခုတ်တုံးပေါ်ကျအောင် လုပ်တာပဲ။ ဒီတော့ လက်နှစ်ဖက်နဲ့ ပြောင်းဖူးပင်လို နွားစာစင်းမယ့်ဟာတွေကို ကိုင်ပြီး ဓားအောက်ကိုသွင်း၊ ခြေထောက်ကလည်း အချိန်မှန်မှန်နင်း၊ နွာစာကိုလည်းရှေ့ကို ပုံမှန်လေး တဖြည်းဖြည်းသွင်းပေါ့။ သဘောကတော့ နွားစာကို လက်တဖက်နဲ့ကိုင်ပြီး လက်တဖက်က ဓားကိုင်ပြီး ခုတ်သလိုပါပဲ။ နွားစာစင်းစင်ရှေ့မှာ ခုတ်ပြီးသားနွားစာတွေ ထွက်လာရင် ခံဖို့ နွားစားခြင်းအကြီးကြီးတခုထားတာပေါ့။



ကျနော်တို့အရပ်က ဗမာဆေးစိုက်ကြတာ များတယ်။ ဆေးရွက်ကြီးပေါ့။ ဆေးပင်က တပင်လုံး အသုံးဝင်တယ်။ အမြစ်ကစလို့ သုံးတာပါ။ ဗမာဆေးရွက်ဆိုတာက အရွက်ကြီးတဲ့ အချိန်မှာဆို မုန့်ဆီကြော်တဲ့ ဒယ်ဝိုင်းလောက်တော့ ကြီးတတ်တယ်။ မုန့်ဆီကြော်တဲ့ ဒယ်ဝိုင်းကိုမသိရင် စကောလောက်ဗျာ။ စကောဆိုတာကို မသိသေးရင် လက်နှစ်ဖက်ကိုသာ အချင်းချင်းထိပ်ကကိုင်ပြီး ဝိုင်းကြည့်လိုက်။ ပြီးတော့ နည်းနည်းလေး ကြီးလိုက်။ ဆေးပင်စိုက်တာက ဒီလို။ ပျိုးပင်လေးတွေ ဝယ်စိုက်ရတာ။ ဆေးပင်ကြီးလာရင် အရွက်တွေက ဖားဖားကြီးတွေ ထွက်လာမှာဆိုတော့ တပင်နဲ့ တပင်ကို ခပ်ခွာခွာလေး အကွက်ချစိုက်ရတယ်။ ဆေးပင်ငယ်ငယ်ကလေးကို မြေကြီးထဲ စိုက်သွင်းပြီး နေကွယ်အောင် ခဲလုံးလေးနဲ့ ကာခဲ့ရတယ်။ ဆေးခင်းထဲမှာ ပေါင်းမြက်တွေ မပေါက်အောင်ကလည်း ပေါင်းပင်တွေ ရှင်းရတယ်။ ရေတွေလည်း လောင်းပေးရတတ်တယ်။ အပင်သေးလေးတွေ စောစောစီးစီး သေသွားရင် သူ့နေရာမှာ အစားထိုးပြီးလည်း နောက်တပင် စိုက်ရတယ်။ ဆေးပင် နည်းနည်းကြီးလာလို့ အရွက်တွေလည်း အတော်အသင့်ကြီးလားရင်၊ အောက်လက်ချိုးတယ်ဆိုပြီး၊ အပင်အောက်ခြေက အရွက်တွေကို ခူးပေးရတယ်။ အဲဒီအရွက်တွေကလည်း အခြောက်လှမ်းပြီး ရောင်းလို့ရပါတယ်။ သူ့ဈေးကတော့ သိပ်မကောင်းဘူးပေါ့။ နည်းနည်းကြီးလာရင် ဆေးပင်ထိပ်က အညွှန့်ကို ချိုးပေးရတယ်။ အပင်မြင့်သွားတာ မလိုချင်လို့ပါ။ ဒါမှ ဆေးပင်အပေါ်နားက အရွက်တွေက ဘေးကိုကားပြီး ထွက်လာမှာကိုး။ ပိုးတွေကျတတ်လို့ ပိုးသတ်ဆေးတွေလည်း ဖြန်းပေးရတယ်။ အရွက်တွေလည်း ကြီးလာပြီး ဆေးလည်း ရင့်လာပြီဆိုရင် ဆေးရွက်ခူးတော့တာပါပဲ။ အိမ်တင်လူနဲ့ ဘယ်အဆင်ပြေမလဲ။ ရွာထဲက တောင်သူမကြီးတဲ့သူ၊ အငှားလိုက်တဲ့သူတွေကို ငှားရတာပေါ့။ တစ်မနက်ကို ပိုက်ဆံဘယ်လောက်ပေးရတယ်ဆိုတာတွေတော့ မေ့ကုန်ပြီ။ အခုခေတ်ဈေးတွေလည်း မသိတော့ပါဘူး။ ဆေးရွက်တွေကို လှည်းကြီးနဲ့တင်ပြီး အိမ်ကို ပြန်လာတယ်။

ဆေးရွက်က အစိုတွေဆိုတော့ ဒီတိုင်းကြီးဘယ်ပြီးဦးမလဲ။ ညဖက်မှာ ဘက်ထရီးမီးလေးခပ်မှုန်မှုန်ထွန်းပြီး ဆေးရိုက်ရပါတယ်။ ဆေးရိုက်တယ်ဆိုတာက ဒီလိုပါ။ ဆေးရွက်ကြီးမှာ အလယ်က အရိုးကြီးက စိမ်းပြီး မာနေတာကို ရိုက်ရတာ။ သူကြေသွားမှ နေလှမ်းရင် အခြောက်မြန်မှာကိုး။ ဆေးရိုက်တာက များသောအားဖြင့် ယောက်ျားလေးက ဆေးရိုက်တယ်၊ မိန်းကလေးက ဆေးရွက်ဆွဲရတယ်။ အရှည်၂ -ပေ အနံ ၁-ပေ လောက်ရှိတဲ့ သစ်သားအပြားအထူပေါ်ကို ဘယ်ဖက်မှာ မရိုက်ရသေးတဲ့ ဆေးပုံပေါ်က ဆေးရွက်ကြီးကို ဘယ်ဖက်နဲ့ဆွဲတင်၊ ညာလက်နဲ့ ကိုင်ထားတဲ့ ဆေးရိုက်တက်အပြားနဲ့ ဆေးရွက်ကို ရိုက်ချရတယ်။ ရိုက်ပြီးသားဆေးရွက်ကို ဆေးရိုက်ခံရှေ့မှာ ထိုင်နေတဲ့ မိန်းကလေက ဆွဲပြီး ဖြတ်ကနဲ့ ခြေထောက်နား ပုံလိုက်တယ်။ အရိုက်နဲ့ အဆွဲ တိုင်မင်ကိုက်ရပါတယ်။ မကိုက်လို့ လက်ထုမိတတ်ပါတယ်။ ကျနော်တို့လို ကလေးတွေကတော့ ဆေးလည်း မရိုက်ရပါဘူး၊ ဆေးလည်း မဆွဲရပါဘူး။ မရိုက်ရသေးတဲ့ ဆေးပုံတွေကိုသယ်လိုက်၊ ရိုက်ပြီးသားတွေကို ပို့လိုက်လုပ်ရတာပါ။

ဆေးရွက်တွေရိုက်လို့ပြီးရင် ဆေးလှမ်းရပါတယ်။ ဆေးရွက်တွေကို လှမ်းပြီး သူတို့ခြောက်လာတဲ့အခါ လေတိုက်လို့ လွင့်ပါမသွားအောင် ယင်းတံနဲ့ဖိရပါတယ်။ ယင်းတံဆိုတာက လက်မလောက်တုတ်ပြီး လူတစ်ရပ်လောက်ရှည်တဲ့ တုတ်ချောင်းရှည်ပါ။ ယင်းပင်က ရလို့ ယင်းတံလို့ခေါ်တာများလား အသေအချာမသိပါဘူး။ ယင်းတံချတယ်၊ ကိုင်းတံချတယ်လို့ ကျနော်တို့အရပ်က ခေါ်ပါတယ်။ အိမ်ဝိုင်းအကျယ်ကြီးထဲမှာ ဆေးလှမ်းသလို၊ ကိုယ့်ရွာနားက ရိတ်သိမ်းပြီးလို့ ဘာမှ မရှိတော့တဲ့ အခင်းလွတ်တွေထဲမှာလည်း ဆေးရွက်လှမ်းလေ့ရှိပါတယ်။ တချို့တွေကတော့ ရေမရှိတော့တဲ့ ချောင်းထဲက သဲပြင်ပေါ်မှာလဲ ဆေးရွက်ကြီးလှမ်းပါတယ်။ သဲပြင်ပေါ်လှမ်းရင်တော့ ယင်းတံမချပါဘူး။ ဆေးရွက်တွေပေါ် သဲနဲ့ပက်လိုက်တာပါပဲ။ တောင်သူလုပ်ရတာ အဲသလိုပင်ပန်းပါတယ်။ ဒါက ဆေးလှမ်းတာပဲ ရှိသေးတာပါ။

ဆေးရွက်ကြီးတွေ ခြောက်သွားပြီဆိုရင်ဆိုရင် ဆေးရွက်တွေကို ရုတ်ရပါတယ်။ လှမ်းထားတဲ့ ဆေးရွက်တွေကို ပြန်သိမ်းရတာပါ။ ဆေးရွက်တွေက နေပူလှမ်းထားတာဆိုတော့ အစိမ်းရောင်အရွက်ကနေ အဝါရောင်ကို ပြောင်းနေပါပြီ။ နေပူတော့ ဆေးရွက်တွေက ကြွပ်ဆပ်နေပါတယ်။ ဒီတော့ ရေမွှားမွှားပြန်ဖြန်းရပါသေးတယ်။ ဆေးရွက်တွေကို ကိုင်လို့ရအောင်လို့ပါ။ အဲဒီလို လုပ်နေတဲ့အချိန်မှာ လေငြိမ်နေရင် ကိစ္စမရှိပါဘူး။ လေများတိုက်ရင်တော့ ချထားတဲ့ ယင်းတံရုပ်ရတဲ့သူနဲ့ ဆေးသိမ်းတဲ့သူနဲ့ မဝေးမကွာဖြစ်အောင်လုပ်ရပါတယ်။ တခါတလေများ ဆေးလှမ်းထားတဲ့နေရာကို လေပွေဝင်တိုက်သွားလို့ကတော့ အသည်းကို ကွဲပါရော။ လှမ်းထားတဲ့ဆေးတွေ ကျိုးကြေကုန်။ တစစီလိုက်ကောက်ရတာ။ ဘယ်လိုလုပ်ပြီး ဈေးကောင်းရတော့မလဲ။ ဆေးရွက်တွေ အိမ်ရောက်တော့ အောက်ခြေကို သဲခင်းပြီးဆေးရွက်တွေကို ထပ်ပြီး သိမ်းရပါတယ်။ ဒါတောင် ပုတ်ထဲမထည့်ရသေးပါဘူး။ ဆေးပုတ်ထဲကို ထည့်တာက နောက်ဆေးတွေ အားလုံးသိမ်းပြီးမှပါ။ ဆေးကိုင်တတ်တဲ့သူကို ငှားပြီးမှ ဆေးပုတ်ထဲ ထည့်ရတာပါ။ ဆေးပုတ်ဆိုတာက ဝါးပြားလေးတွေနဲ့ ယက်ထားတဲ့ ခြင်းတောင်းအကြီးကြီးပါ။ ဆေးက ဒါက အရွက်ကိစ္စပဲရှိသေးတာပါ။ အရွက်တွေခူးလိုက်တော့ ကျန်ခဲ့တဲ့ ပင်စည်အရိုးကလည်း အလကားမဖြစ်ပါဘူး။ နှုတ်ပြီး တမိုက်လောက် အဖြတ်လေးတွေ ခုတ်ပြီး နေလှန်းရတာပါပဲ။ နေပူထဲဆေးရိုးတွေကို လှမ်းတော့ ဆေးရိုးလှန်းတယ်ခေါ်တာလေ။ ဆီကို ရေချိုး၊ ဆေးရိုးမီးလှုံဆိုတဲ့ သီချင်းစာသား ကြားဖူးတယ်မိုလား။ မီးရေးထင်းရေးလည်း ဂရုစိုက်ရပါတယ်။ မီးများ ပေါ့ဆလိုက်လို့ကတော့ တစ်နှစ်လုံး ကြိုးစားလုပ်ထားတာလေး မီးထဲပါသွားရင် တောင်သူဆိုတာ ကုန်းကောက်စရာ မကျန်အောင် ဖြစ်သွားတာလေ။

ကျနော်တို့အရပ်မှာ တောင်သူအများစိုက်တာက မြေပဲပါ။ မြေပဲပင်ကို စိုက်တယ်ဆိုတာ မြေပဲဆံကို အမြောင်းလိုက်မြေထဲ မြှုပ်ရတာပါ။ အဲဒီအလုပ်ကို လုပ်ဖို့ရာ အငှားလူခေါ်ရင် ကိုယ့်ဆီမှာ အလုပ်လုပ်တာ များတဲ့သူကို ခေါ်ကြလေ့ရှိတယ်။ ဘာလို့လဲဆိုတော့ မြေပဲတွေကို နှုတ်ကြတော့လည်း သူတို့ကို ပြန်ခေါ်ချင်လို့ပါ။ မြေပဲပင်ကြားထဲမှာ ပြောင်းဖူးပင်တွေကိုလည်း ခပ်ခြားခြားစိုက်လေ့ရှိတယ်။ နေကြာပင်တွေလည်း ကြားညှပ်စိုက်တတ်တယ်။ မြေပဲတွေမှာလည်း ပိုးကျတတ်တယ်။ ပိုးကျတော့လည်း ဆေးဖြန်းပေါ့။ မြေပဲတွေရင့်လာပြီဆိုရင် နှုတ်ရတော့တယ်။ မြေပဲပင်က အပင်ထွားလှ မြေပေါ်တစ်တောင်လောက်ပေါ့။ များသောအားဖြင့်က တမိုက်လောက်ရှိတာပါ။ မြေပဲက မြေကြီးထဲမှာ ဥဥတာပါ။ အမွှာလိုက်တွေ ပြွတ်ခဲနေတာ။ မြေပဲပင်တွေကို လက်နဲ့ပဲ ဆွဲနှုတ် အတန်းလိုက်တွေ အခင်းထဲမှာပဲ အတန်းလိုက်တွေ စီချထားတာပါ။ အဲဒါတွေကို တောထဲမှာ နှုတ်ရင်း နားတဲ့အချိန်မျိုးမှာ ၊ တောထဲမှာ ရတဲ့ ပြောင်းဖူးပင်ခြောက်တို့ ကုလားပဲပင်ခြောက်တို့ကို မီးပုံကြီးလုပ်ပြီး မြေပဲလည်း ဖုတ်စားကြသေးတာပါ။ ကုလားပဲလည်း ဖုတ်စားတာပါပဲ။ မြေပဲဖုတ်စားရတာများ ပါးစပ်တွေများ မဲတူးနေတာပါ။ အဲဒီအချိန် တောင်သူအရှင်က လာပို့တဲ့ ထမင်းပူပူကို ငရုတ်သီးထောင်ရယ်၊ ချဉ်ရည်ရွက်ဟင်းနဲ့ လွေးရတာလောက် အရသာရှိတာ အခြားမှာ ရှိဦးမှာလား။ ပြီးတော့ လက်ဖတ်သုတ်တို့၊ ထန်းလျက်ခဲတို့နဲ့လည်း အစာပိတ်ရသေးတယ်လေ။ လူအများတောထဲမှာ စုစားရတာ အရသာရှိသလို၊ ပျော်စရာလည်း အလွန်ကောင်းတာပါပဲ။

ညနေခင်းလောက်ရောက်တော့ မြေပဲတွေကို လှည်းပေါ်တင်ရတယ်။ အိမ်ဝိုင်းထဲရောက်တော့ တစ်ရက်လောက်ထားရင်ထားသေးတယ်။ မြေပဲ စိုက်တုန်းကလူတွေကိုပဲ မြေပဲအနှုတ်မှာခေါ်သလို၊ မြေပဲနှုတ်တဲ့သူတွေပဲ မြေပဲကို ဆွတ်ရတာပါ။ လက်သွက်တဲ့သူတွေက မြေပဲများများဆွတ်နိုင်တော့ မြေပဲများများရတာပေါ့လေ။ အခင်းရှင်တောင်သူက မြေပဲဆွတ်တဲ့သူတွေကို အခပေးရတာက ပိုက်ဆံမဟုတ်ပါဘူး။ သူတို့ဆွတ်နိုင်တဲ့ မြေပဲတွေကို သူ့အပုံနဲ့သူ ပုံရပါတယ်။ အားလုံးပြီးပြီဆိုတော့ ခွဲတောင်း၊ စိတ်တောင်း စတာတွေနဲ့ အလုပ်လုပ်သူ မြေပဲ ဘယ်လောက် ဆွတ်နိုင်သလဲချိန်ပါတယ်။ ပြီးရင် ၅ ချိုး ၁ ချိုးလောက်ကို အလုပ်လုပ်သူကို ပြန်ပေးတာပါ။ အခြားလုပ်တာနဲ့ စာရင် သူက မြိုးမြိုးမြက်မြက်ရတော့ ကိုယ့်ဆီအမြဲလုပ်နေသူတွေကိုသာ အဲဒီအခွင့်အရေးပိုပေးချင်တာပါ။ လက်မသွက်လို့ နည်းနည်းဆွတ်နိုင်တဲ့သူကိုလည်း အခင်းရှင်က တိုးပေးတာပါပဲ။ ငယ်ငယ်တုန်းက သူများလုပ်တော့ကိုယ်လည်း လိုက်ပြီး မြေပဲဆွတ်တာပါပဲ။ မြေပဲဆွတ်တယ်ဆိုပေမယ့် လူတွေများတော့ ပျော်လွန်းလို့ မြေပဲအပင်ပုံပေါ်ကို တက်တက်ပြီး ဂျွမ်းထိုးသေးတာပါ။ မြေပဲပင်ပုံပေါ်တက်ရတာက တောင်ကြီးပေါ်များတက်ရသလိုပါ။ အဲသူများတွေက မြေပဲကို ဝေပုံကျ ခွဲယူတော့ ကိုယ့်အိမ်အလုပ်ပေမယ့် ကိုယ်လည်း ဝေပုံကျ ရချင်တာပေါ့။ အိမ်က အဒေါ်ကလည်း ပျော်အောင် ခွဲပေးရှာတယ်။ ငါ့တူဘယ်လောက်ရတယ်။ အရီးသိမ်းပေးမယ်နော်ဆိုပြီး သူပဲ ယူသွားတာပါ။ ကိုယ့်မှာသာ ငါ့မှာ မြေပဲ ဘယ်လောက်ရှိနေပြီဆိုတာကို မှတ်လိုက်ရတာ မောလို့ပါ။ ပြီးတော့လည်း ရတာမဟုတ်ပါဘူး။နောက် အရီးကျနော့် မြေပဲဖိုးဘယ်လောက်ရှိတယ်နော်လို့ ပြောလိုက်ရင် အရီးက အေးအေး ငါ့တူ အရီးကိုလည်း ထမင်းဖိုးဘယ်လောက်ပေးရဦးမှာနော်ဆိုပြီး ပြန်စတတ်ပါတယ်။ အဲသလိုဆို သိပ်ချစ်ရတဲ့ ဒေါ်ကြီးကိုတောင် မခေါ်နိုင်မပြောနိုင်တွေ ဖြစ်ရတာပါ။

ကျနော်တို့ အရပ်မှာ တောင်သူတွေ အစိုက်များတာ နောက်တခုက ပဲနီတွေ၊ ပဲကြားတွေ စိုက်ကြတာပါပဲ။ ဘယ်လိုစိုက်သလဲဆိုတာကို အသေအချာ မသိပါဘူး။ ပဲသီးတွေ သီးလာရင်တော့ မရင့်ခင်စပ်ကြား၊ ပဲနှပ်လည်း လုပ်စားလို့ရပါတယ်။ ထားတော့ ပဲသီးတွေ ရင့်လာပြီဆိုရင် ပဲတောင့်တွေက ခြောက်ပြီး ကွဲအက်လာတတ်တယ်။ အဲဒီလိုဆို ပဲတွေကို ရိတ်သင့်ပြီပေါ့။ ပဲရိတ်တော့ တံစဉ်နဲ့ ရိတ်တာပါ။ တံစဉ်ကလည်း မကိုင်တတ်ရင် လက်တွေ ပြတ်တတ်ပါတယ်။ ပဲတွေရိတ်ပြီးရင် အထွေးလိုက်လုံးထားခဲ့ရတာပါ။ အိမ်က နွားလှည်းလာရင် ပဲထွေးကို ခက်ရင်းနဲ့ထိုးပြီး လှည်းပေါ်တင်ရတယ်။ အိမ်ကို ပြန်သယ်ရတာပါပဲ။ အိမ်မှာက ပဲနှယ်ဖို့ တလင်းပြင်ရှိတယ်လေ။ တလင်းပြင်က ကြိုလုပ်ထားရတာပါ။ တလင်းပြင်လုပ်ရတာက ကိုယ့်အိမ်ဝိုင်းအလွတ်ထဲမှာ နေရာလွတ်ခပ်ကျယ်ကျယ်တခုကို မြေမာပြီး မပေါက်မစပ်မရှိအောင် လုပ်ရတာပါ။ တလင်းပြင်လုပ်မယ့် မြေကွက်ကို ရေဖြန်းရတယ်။ ပြီးရင် နွားလှည်းနဲ့ အချိန်တွေ အကြာကြီး ပတ်မောင်းရတာပါ။ တချို့နယ်တွေမှာတော့ လမ်းကြိတ်စက်ဘီးလို ဒလှိမ့်တုံးနဲ့ လုပ်တာလည်း တွေ့ဖူးပါတယ်။ မနက်အစောကြီးထပြီး လှည်းကို မောင်းရတာပါ။ အဲသလို အကြာကြီးမောင်းပြီး တလင်းက မာလာပြီဆိုမှ ရပ်ရတာပါ။

အဲဒီတော့ တောထဲက သယ်လာတဲ့ ပဲနွယ်ထွေးတွေကို တလင်းထဲမှာ တစ်ရက်နှစ်ရက် နေပူခံထားရတယ်။ အပင်က အရွက်စိမ်းနေရင်လည်း ခြောက်သွားအောင် ပဲသီးတွေလည်း နေပူတော့ ပွင့်အန်ထွက်လာအောင်ပေါ့။ ပြီးရင်တော့ နွားတွေနဲ့ ပဲနွယ်တွေပေါ် ပတ်မောင်းရတာပါပဲ။ နေ့လည် ပူပူကြီးမှာ လုပ်ရတာပါ။ ဒါမှလည်း ပဲတွေက ကွဲထွက်လာမှာလေ။နေပူသက်သာအောင် ခမောက်ကြီးကိုဆောင်၊ အင်္ကျီလက်ရှည်ဝတ်ပြီး အလုပ်လုပ်ရတာပါ။ နွားတွေက ပဲနယ်နေတုန်း နွားချီးပါရင် ပဲနွယ်တွေကို လက်ကကိုင်ပြီး နွားချီးတွေကို တလင်းအပြင်ဖက်ကို လွှင့်ပစ်ရပါတယ်။ ဘာလို့လဲဆိုတော့ နောက်တပတ်ပတ်လာရင် နွားချီးတွေပေါ် နွားတွေ ထပ်လျှောက်ရင် ပဲနွယ်တွေ အကုန်လုံး နွားချေးတွေနဲ့ ရောပြီး ကိုင်ရတွယ်ရတာတွေ ရှုပ်ကုန်မှာ မို့ပါ။ ပဲနွယ်တွေနယ်ပြီးတဲ့အခါမှာ ဇကောဇကာတွေနဲ့ ပြာတီးပြီး၊ ပဲနွယ်တွေကြားက ပဲကိုရအောင် ပြာစင်ယူရတာပါ။



နေကြာတွေလည်း စိုက်ပါရဲ့။ နေကြာတောအနေနဲ့ အခင်းတခုလုံးစိုက်သလို၊ စိုက်ခင်းဘေးတလျောက်မှာ စည်းထရံအကာသဘောမျိုးလည်း စိုက်ကြတယ်။ နေကြာပွင့်တွေ ဝါဝါထိန်ပြီး၊ နေကြားရိုးက စိမ်းနေတော့ အပင်က တော်တော်လှပါတယ်။ နေကြာစေ့တွေ ရင့်လာတဲ့အခါမှာတော့ တံစဉ်နဲ့ နေကြာပွင့်တွေကို ရိတ်ပြီး သိမ်းတယ်။ အိမ်ကိုယူလာပြီး၊ ညဖက်အခါမျိုးမှာ နေကြာပွင့်ကို တုတ်နဲ့ ရိုက်ပုတ်ပြီး နေကြာစေ့ထွက်အောင်လုပ်ကြတယ်။ ထွက်လာတဲ့ နေကြာစေ့တွေကို အခြောက်လှမ်းသလို၊ နေကြာစေ့ထွက်သွားလို့ ကျန်ခဲ့တဲ့ နေကြာအပွင့်ကြီးကိုလည်း နေလှမ်းပါတယ်။ နေကြာစေ့ခြောက်တွေကို မြို့ပွဲရုံတွေသွား ရောင်းရင် ရောင်းနိုင်သလို၊ နေကြာဆီလည်း ကြိတ်လို့ရတာပေါ့။ နေကြာပွင့်ခြောက်တွေ နေကြာရိုးခြောက်တွေက အိမ်တွေမှာ လတ်တလော ထင်းဆိုက်စရာဖြစ်တာပေါ့။ မီးခိုးတွေ ထွက်လွန်းလို့ ကျနော်ကတော့ သဘောမကျပါဘူး။ ရွာအိမ်မှာက ဆီကိုဆိုရင် မြေပဲဆီပဲ အသုံးများတာပါ။ မြေပဲဆီရအောင်က ထွန်ဆုံကြီးထဲမှာ မြေပဲဆီကြိတ်တာပါ။ နွားနဲ့ပဲ ဆုံကိုလှည့်ရတာပါ။ ဆီလည်းထွက်လာသလို၊ နှမ်းဖတ်လည်းရပါတယ်။ မြေပဲတွေက အပင်ကနေရတာက အတောင့်တွေပါ။ အတောင့်တွေထဲက အဆံရအောင်က မြေပဲကြိတ်ဆုံရှိတဲ့အိမ်တွေဆီမှာ သွားကျိတ်ရတာ။ အဝိုင်းကျောက်ပြားကြီး ၂ ချပ်ကို မြေပဲတောင့်ဝင်သာရုံကလေးဟထားပြီး ဘေးမှာ သစ်သားတိုင်တွေနဲ့ ထပ်ထားတယ်။ အပေါ်ကနေ လက်ကိုင်ဝါးတံအရှည်ကို တိုးလိုက်ဆုတ်လိုက်လုပ်တဲ့အခါ ကျောက်ဘီးလုံးတွေကလည်သွားရော။ ကျောက်ဝိုင်းပြား၂ ခုကြားကို မြေပဲတောင့်တွေ ရောက်အောင်က သူတို့ ကျောက်ပြား၂ ခုအပေါ်မှာ မြေပဲတောင့် သွန်စရာ သစ်သားဇလားကြီးတပ်ထားတာ။ ကျောက်ဝိုင်းပြား ၂ ချပ်ကြားက မြေပဲဆံတွေရော၊ ကွဲသွားတဲ့ မြေပဲဆံတွေရော ထွက်သွားတော့တာ။ ဇကောဇကာတွေနဲ့ ပြာတီးပြီး မြေပဲတောင့်၊ မြေပဲဆံခွဲယူရတာပေါ့။ မြေပဲခွံတွေကို နွားလည်း ကျွေးလို့ရပါတယ်။



ပြောင်းဖူးပင်တွေကလည်း နွားစာ အိမ်မှာ နွာစာအဖြစ်သုံးပါတယ်။ ကျနော်တို့အရပ်မှာ ပြောင်းဖူးတွေကလည်း စားလို့မှ မကုန်တာ အဖူးလိုက်တွေကို အပေါ်အခွံအလွှာလေးဆွဲလှန်လိုက်ပြီး ပြောင်းဖူးတွေကို တွဲပြီး ဝါးလုံးတန်းအရှည်ပေါ် ခွတင်ထားတာပေါ့။ သူတို့တွေ ခြောက်သွားတဲ့အခါမှာတော့ လုပ်တတ်ကိုင်တတ်တဲ့သူကို ခေါ်ပြီး ပြောင်းဖူးဖတ်လုပ်ပါတယ်။ သူက ဆေးပေါ့လိပ်လုပ်တဲ့နေရာမှာ သုံးတာ။ ငယ်ငယ်တုန်းက အဖွား ပြောင်းဖူးဖတ်ဆေးလိပ် လိပ်တာ မြင်ဖူးတယ်။ အဖွားတင် မဟုတ်ပါဘူး အဒေါ်တွေလည်း ပြောင်းဖူးဖတ်ဆေးလိပ်သောက်ကြတာပဲ။ ကျနော်ငယ်ငယ်တုန်းက အဖွားတို့ဆီက တောင်းပြီးတော့ ပြောင်းဖူးဖက်ဆေးလိပ် သောက်ဖူးတယ်။ ဖင်ဆီခံက အကြီးကြီးနဲ့ သောက်ရတာ မောလိုက်တာ။ ငယ်တုန်းကဆိုတော့ ဘယ်လိုလုပ် အရသာခံတတ်မှာလဲ။ ပြောင်းဖူးစေ့ခြောက်တွေကလည်း ရောင်းစားလို့ရတာပါပဲ။ ငယ်တုန်းက အဖွား(အဖေ့အမေ)ရွာသွားလိုက်၊ အမေ့ရွာ အမေ့အမတွေ(အဒေါ်တွေ)ဆီ သွားလိုက်နေရတာပေါ့။ အဒေါ်တွေကလည်း အဖွားနဲ့ ရွယ်တူတွေပါ။ အမေက မိသားစုကြီးကြီးမှာ အငယ်ဆုံးသမီးဆိုတော့ အဖေ့ဖက်က အဖွားနဲ့ အမေ့ဘက်က အဒေါ်အကြီးဆုံးက ရွယ်တူတွေပါ။ အဖေကတော့ သူ့မိသားစုမှာ အကြီးဆုံးသားလေ။ အမေ့ဘက်မှာ အဒေါ်ကြီးက နှစ်ယောက်ရှိတာ။ အကြီးဆုံးနဲ့ ဒုတိယအကြီးဆုံးပေါ့။ နှစ်ယောက်လုံးက အပျိုကြီးပါ။ ကျနော် တက္ကသိုလ် တတိယနှစ်လောက်မှာ အဖွားဆုံးသွားတယ်။ ၂ ဖက်လုံးက အဖိုးအဖွားတွေထဲမှာ ငယ်ကတည်းက အဲဒီအဖွားတစ်ယောက်ပဲ မှီတာလေ။ သူကလည်း မြေးတွေချစ်လိုက်တာ။ မြေးတွေကလည်း ချစ်လိုက်တာ။ ဟိုတလောက အမေ့အကို ဦးကြီးတစ်ယောက် ဆုံးသွားတယ်လေ။ သူက ရွာမှာ ဆိုင်းဝိုင်းခေါင်းဆောင်။ ဘာမှသာ မတီးတတ်တာ။ သူ့အိမ်မှာ ရွာပိုင် ဆိုင်းဝိုင်းကိုထားတယ်။ ငယ်တုန်းက ဦးကြီးအိမ်ကို သွားပြီး ဆိုင်းဝိုင်းတီးရတယ်။ တကယ်မတီးတတ်ပါဘူး။ ဟိုတီးဒီတီးလုပ်လိုက်ရင် အသံထွက်တော့ ပျော်လို့တီးတာပါ။ ရွာသီချင်းကလည်း ရှိသေးတယ်။ ဘယ်သူစပ်တယ်တော့ မသိဘူး။ အခုတော့ ဦးကြီးက ဆုံးသွားတော့ အဲဒီဆိုင်းဝိုင်းကြီးလည်း ဘယ်ပြောင်းပြီး ထားပြီလဲမသိပါဘူး။

ကျနော် ရွာကို ပြန်မရောက်တာ ၁၃ နှစ်ရှိပါပြီ။ ငယ်တုန်းက တွေ့ကြုံခဲ့တာတွေကို အမှတ်တရ ပြန်ရေးတာပါ။ စကားလုံးအသုံးအနှုန်းတချို့က ကြာတော့ မေ့နေလို့ လွဲနိုင်ပါတယ်။ အိမ်ကို ဖုန်းဆက်ရင် အမေက ရွာမှာ ဘုရားဆွမ်းချလုပ်တဲ့အကြောင်း၊ တရားပွဲလုပ်တဲ့အကြောင်းစသည်ဖြင့် ပြောပြလေ့ရှိတယ်။ အမေပြောတဲ့အထဲမှာ ရွာကလူတွေ တောင်သူလုပ်ရတာ အဆင်မပြေကြကြောင်း၊ လူငယ်တွေကလည်း မလေးရှား၊ ကိုရီးယား စသည်ဖြင့် အလုပ်ထွက်လုပ်ကြတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ လူဆိုတာ ရေကြည်ရာ မြက်နုရာကို ရှာရတာပဲမိုလို့ အပြစ်မတင်မိပါဘူး။ ဒီလောက် ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာတောင် ကျနော်တို့ရွာကလူတွေ ဆင်းရဲတွင်းနက်နေရတာကို မကျေနပ်ပါဘူး။ ခေတ်တွေ စနစ်တွေ အမြန်ပြောင်းပြီး ရွာကလူတွေ ရွှေထီးဆောင်းတဲ့ခေတ်ကို အမြန်ရောက်စေချင်လှပါပြီဗျာ။

ကျနော့်ရွာအကြောင်း ဒီမှာပြီးပါပြီ။ လာရောက်ဖတ်ရှုအားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။

Read more...

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP