အီလက်ထရောနစ်မြို့တော် (Akihabara)

>> Wednesday, September 10, 2008



မောင်လေးက ကွန်ပြူတာဝယ်ချင်ပါတယ်လို့ ပြောလာတော့ Akihabara (အကိဟဘရ) အီလက်ထရောနစ်မြို့ကို သွားဖြစ်ခဲ့တယ်။ ဒီမှာက ခရီးစရိတ်က အတော်လေး ဈေးမြင့်ပါတယ်။ တနေရာသွားမယ်ဆို စဉ်းစားနေရတယ်။ အချိန်ကလဲ တရက်ပေးရတော့တာကိုး။ သူငယ်ချင်းတွေလာရင်လည်း မဖြစ်မနေလိုက်ပို့ရတာ အကိဟဘရကိုပါပဲ။ လိုက်မပို့လို့ကလဲ မဖြစ်ပြန်ဘူး။ Training ကျောင်းသားအများစုက တိုကျိုမြို့တ၀ိုက်ကို လာရတာဆိုတော့ ကိုယ်က ဒိုင်ခံလိုက်ပို့ရတယ်။ ရထားခက မိနစ် ၃၀ လောက်ခရီးကို ယန်း ၅၄၀ ပေးရတယ်။ အပြန်အသွားဆို ယန်း ၁၀၀၀ ကျော်ကုန်သွားရော။ အချိန်ကလဲ မနက်ကသွားရင် ဈေးဝယ်တာနဲ့ ညနေမှ ပြန်ရောက်တော့ မထူးပါဘူးလေဆိုပြီး အဲဒီလမ်းကြောဖက်က ၀ယ်စရာတွေ စုဝယ်ရတယ်။



Ueno(အုအဲနို) မှာက ကုလားပဲ၊ နံနံပင်၊ ကန်စွန်းရွက်၊ ငံပြာရည်၊ ဆန်ခေါက်ဆွဲဖတ်၊ တရုတ်အကြော်အလှော်တွေကို အဓိက ၀ယ်လို့ရပါတယ်။ ပုဇွန်တွေလဲ လတ်လတ်ဆတ်ဆတ်ဆိုတော့ ဈေးဝယ်လို့ ကောင်းလှတယ်။ ကျွန်မအတွက်တော့ အဲဒီလမ်းကြောင်းက ပြန်လာရင် စားချင်တဲ့ မြန်မာစာတွေ ကောင်းကောင်းချက်စားလို့ရပါပြီ။ Akihabara နဲ့ Ueno ဆိုရင် ၃ မိနစ်လောက်စီးရပြီး ယန်း ၁၃၀ ပေးရတယ်။ Ueno ကနေ Takadanobaba (တကဒါနိုဘဘ) ကိုလည်း မသွားမဖြစ် သွားရပါတယ်။ ၂၀ မိနစ်လောက်ကြာပြီး ယန်း ၁၉၀ ပေးရပါတယ်။ အဲဒီမှက မြန်မာဆိုင်ရှိတော့ လိုချင်တဲ့ မြန်မာအစားအစာ ၀ယ်ဖို့ သွားရတယ်။ အဓိက ငါးပိဝယ်ချင်လို့ပါ။ စမူဆာ၊ လက်ဖက်စတဲ့ လိုရာဝယ်နိုင်တဲ့အပြင် မြန်မာထမင်း၊ဟင်းကို ကန်စွန်းရွက်နဲ့ မှိုကြော်၊ တို့ဟူးသုပ်လေးပါ စားချင်စားလို့ရသေးတယ်။ ပြီးရင်တော့ ကိုယ့်ဆီပြန်ဖို့ဆို ယန်း ၄၈၀ နဲ့ မိနစ် ၅၀ လောက်ကြာပါတယ်။ စုစုပေါင်း ယန်း ၁၃၄၀ ကုန်ကျမယ့်ခရီးကို အပြန်အသွား one day ticket ဆိုတာနဲ့ သွားလိုက်ရင် ၁၀၅၀ ပေးရပြီး အခေါက်ခေါက်အခါခါ ကြိုက်သလို စီးလို့ရပါတယ်။ Ueno ပဲ အရင်သွားပြီး Akihabara ကို အပြန်ဝင်မလား၊ ၀ယ်စရာမေ့နေရင် ၂ ခေါက်ပြန်စီးမလား အဆင်ပြေလှပါတယ်။ မုန့်စား ဘာညာနဲ့ ခရီးစရိတ်ကတင် ယန်း ၃၀၀၀ လောက် ကုန်ရော။ ဟင်းချက်စရာဝယ်တာ မပါသေးဘူးပေါ့နော်။

Akihabara ကို Electric Town လို့ သတ်မှတ်ရလောက်အောင် ဆိုင်တော်တော်များများက အီလက်ထရောနစ်ပစ္စည်းတွေ ရောင်းချပါတယ်။ အကိဟဘရဘူတာမှာဆင်းပြီး electric town exit ကိုထွက်လိုက်ရင် အီလက်ထရောနစ်ဆိုင်တန်းတွေကို တွေ့နိုင်ပါတယ်။ အလည်လာရောက်ကြတဲ့ နိုင်ငံခြားသားတွေ အဲဒီမှာ တ၀ဲလည်လည် ဈေးဝယ်တာတော့ တနေကုန်တာများပါတယ်။ ကွန်ပြူတာ၊ ကင်မရာနဲ့ အခြားအီလက်ထရောနစ်ပစ္စည်းတွေ အသစ်ဆိုင်တွေပေါသလို second hand ဆိုင်တွေကလဲ အတော်များလှပါတယ်။ lap top second hand ဆိုရင် ယန်း ၃ သောင်းနဲ့ အထက်ရှိပြီး ကြိုက်တာကြည့်ဝယ်ပေတော့။ second hand ဆိုတာကတော့ အသစ်လိုတော့ ဘယ်ကောင်းနိုင်မလဲနော်။ ကျွန်မကို မေးလာရင်တော့ ဖြစ်နိုင်ရင် အသစ်ဝယ်စေချင်တယ်လို့ ပြန်ပြောလေ့ရှိပါတယ်။ မြန်မာလူမျိုးတွေမှ ဒီ second hand တွေ ၀ယ်သုံးတာ မဟုတ်ပါဘူး။ နိုင်ငံခြားသားတော်တော်များများက ၀ယ်ယူနေတာ တွေ့ရပါတယ်။ Tokyo ကို သင်တန်းလာတက်တဲ့ သူငယ်ချင်းတွေလိုက်ပို့တဲ့အခါ သူတို့နဲ့အတူလာကြတဲ့ နိုင်ငံပေါင်းစုံက သင်တန်းသားတွေလည်း Akihabara မှာ ဟိုနေရာ၊ ဒီနေရာမှာ တွေ့နေရပါတယ်။ AKKY(အခိ) I,II,III နဲ့ Yodobashi(ယိုဒိုဘရှိ) ဆိုင်တွေမှာတော့ လိုအပ်တဲ့ အသစ်တွေ ၀ယ်ယူနိုင်ပါတယ်။ AKKY ကတော့ duty free shop ဖြစ်ပြီး English version တွေ ၀ယ်နိုင်တာဖြစ်လို့ အဆင်ပြေလှပါတယ်။ AKKY ဆိုင်ခွဲတွေဟာ main လမ်းမကြီးရဲ့ ဟိုဖက်ခြမ်း၊ ဒီဖက်ခြမ်း မှာ အလွယ်တကူ တွေ့နိုင်ပါတယ်။ ကျွန်မကတော့ AKKY မှာပဲ အ၀ယ်များပါတယ်။ လိုချင်တဲ့ English version ကို တန်းရနိုင်လို့ပါ။




second hand shop တွေမှာတော့ lap top၊ camera စတာတွေဟာ တောင်ပုံရာပုံပေါလှပါတယ်။ လမ်းဘေးမှာ ပလပ်စတစ်ခြင်းတောင်းတွေနဲ့ ပုံရောင်းနေတဲ့ ကင်မရာဆိုင်တွေကလဲ မနည်းပါဘူး။



လမ်းဘေးမှချရောင်းနေတဲ့ ကွန်ပြူတာအဟောင်းဆိုင်တွေပါ။

ကျွန်မ၀ယ်သုံးခဲ့ရတဲ့ ကွန်ပြူတာဟာ တစ်နှစ်အတွင်းမှာ ယန်း (၅) သောင်း ဈေးကျနေတာတွေ့ရတော့ မောင်လေးအတွက် ပျော်ပျော်ကြီး ၀ယ်ပေးနိုင်ခဲ့ပါတယ်။ တကယ်တော့ ကိုယ်ဝယ်တုန်းက ဈေးတွေကြီးနေလို့ နှမြောမိသေး။ USB memory stick တွေကလည်း ဈေးအတော်ပေါနေတယ်။ ကင်မရာတွေလည်း ဈေးချနေတယ်။ canon ယန်း ၃၂၀၀၀ တွေဟာ ယန်း ၂၂၅၀၀ ဖြစ်နေတယ်။

အလကားပေးနေလားထင်ရအောင် အီလက်ထရောနစ်ပစ္စည်းဆိုင်တွေနဲ့ ပြည့်နေတဲ့ အကိဟဘရမြို့တော်က အပြန်မှာတော့ ညအတော်နက်နေပါပြီ။

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP