ကြက်မြစ်ကြက်သည်းဟင်း

>> Tuesday, September 30, 2008


မဇနိနဲ့ ကျနော် အခုရက်ပိုင်းလေးမှာ အလုပ်တွေက နည်းနည်းလေးရှုပ်နေတော့ ဘလော့ဂ်ဖက်ကို မလှည့်နိုင်ဖြစ်နေကြပါတယ်။ ပို့စ်အသစ်မရှိတော့ အလည်လာတဲ့ မိတ်ဆွေတွေကို အားလည်းနာမိတယ်၊ အလည်လာလို့ ကျေးဇူးလည်းတင်ပါတယ်။ နောက်ထပ် အားနာရတဲ့သူတစ်ယောက်ကတော့ ကိုအန်ဒီပါ။ သူ့ ဝီရှီမီမှာ ကျနော်တို့ဘလော့အတွက် ရှယ်ယာသုံးနေရာပေးထားတော့ ကိုယ်က အခုအချိန် ပို့စ်မတင်နိုင်သေးတဲ့အချိန်မှာ စိတ်ထဲက အားနာနေတာပါ။ တဆက်တည်းပဲ အကယ်ဒမီပေး(မခင်ဦးမေ စတိုင်နဲ့ပြောတာပါ)တဲ့ ကိုအန်ဒီကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါရစေ။

ဒီလိုနဲ့ ဟိုတစ်နေ့က မဇနိလုပ်စားဖြစ်တဲ့ ဟင်းလေးကို တင်လိုက်ပါတယ်။


ကြက်မြစ်ကြက်သည်းဟင်း

ပထမဆုံး ကြက်မြစ်ကြက်သည်းကို ရေးစင်အောင်ဆေးပါတယ်။ ကြက်မြစ်ကြက်သည်းထဲကို ဂျင်း၊ ကြက်သွန်ဖြူ ထောင်းထားတာရယ်၊ ငံပြာရည် ဆနွင်းမှုန့်အနည်းငယ်ရယ် ထည့်နယ်ပါတယ်။ ပြီးတော့ ရေမြှုပ်လောက်ရုံထည့်ပြုတ်ပါတယ်။ ရေခန်းသွားပြီဆိုရင် မီးဖိုပေါ်က ချထားလိုက်မယ်။ ငရုတ်ပွသီးကို လေးစိပ် စိပ်ထားပါတယ်။ ပဲသီးကို အနေတော်လေးတွေ သင်ထားလိုက်ပါတယ်။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ခရမ်းချဉ်သီးလိပ်အောင် ဆီပူပူမှာ ထည့်လှိမ့်ပါတယ်။ ခရမ်းချဉ်သီးလိပ်ရင် ပြုတ်ထားတဲ့ ကြက်မြစ်ကြက်သည်းကို ထည့်မွှေပါတယ်။ ငရုတ်ပွသီးရယ်၊ ပဲသီးရယ်ကိုထည့်၊ ခပ်ဖွဖွ မွှေပြီး ရေစပ်စပ်လေး ထည့်ချက်လိုက်ပါတယ်။ ရေအတော်အသင့် ခမ်းလို့ ကိုယ့်စိတ်ကြိုက်အနေအထားရရင်၊ နံနံပင်လေးခပ်ပြီး ချလိုက်လို့ရပါပြီ။ ကြက်မြစ်ကြက်သည်းပြုတ်တုန်းက များတယ်ဆိုရင် ဟင်းချက်ဖို့ အတော်အသင့်ခွဲထားပြီး ကျန်တာကို ပါးပါးလေးတွေ လှီးပါတယ်။ ဆီမှာ ထည့်ကြော်ပြီး ကြက်သွန်ဖြူလေးပါအုပ်လိုက်ပါတယ်။ အစပ်ကြိုက်တတ်တဲ့သူတွေကတော့ ငရုတ်သီးအကြမ်းမှုန့်ပါထည့်ပြီး ကြွပ်ကြွပ်လေးကြော်ထားလိုက်ရင် ရက်ရှည်ထားလို့ရပါတယ်။ မနက်အစော ထမင်းပူပူလေးနဲ့ တွဲစားသလို၊ ရေနွေးလေးနဲ့လည်း မြည်းလို့ရပါတယ်။

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP