သူတို့ဓလေ့

>> Friday, September 26, 2008



မောင်လေးလာရင် ကိုယ်နေရတဲ့အခန်းကျဉ်လေးကို ဘယ်လိုပြောမလဲလို့ စိုးထိတ်မိနေတယ်။ သူကလည်း ရောက်ရောက်ချင်းကိုပြောပါတယ် “မမအခန်းကလည်း ကျဉ်းကျဉ်းလေးနော်” တဲ့။ ဒါတောင် အမေမမြင်သေးလို့။ အမေသာသိရင် “ညည်းတို့အခန်းကလည်း အသက်ရှုကြပ်လိုက်တာအေ”၊ “ငါ့ကို ပြန်ပို့ပါ” လို့ ပြောပေလိမ့်မည်။ အမေက ရန်ကုန်ကို အလည်ခေါ်ရင် သိပ်မလာချင်ဘူး။ “ညည်းတို့ ရန်ကုန်က မျက်စိရှုပ်၊ နားရှုပ်တယ်အေ” လို့ ပြောတတ်တယ်။ ညဆို လေလေးတဖြူးဖြူးနဲ့ အညာက အိမ်လေးမှာပဲ အမေက ပျော်တယ်ထင်ပါ့။ ငယ်ငယ်က မဇနိလည်း အိမ်လေးကို သိပ်ခင်တွယ်တာပါ။ မိသားစုအိပ်ခန်းလေးကိုပဲ ဘယ်တော့မှခွဲမသွားဘူးလို့ ခဏခဏပြောမိတယ်။


ကျွန်မပြောချင်တဲ့ အညာဆိုတာ တကယ့်ကို အညာပိုစစ်ပါတယ်။ အဒေါ်တို့ရွာက အိမ်ဝိုင်းတွေက အကျယ်ကြီးတွေ။ အဲဒီအဒ်ါက ကျွန်မတို့အိမ်ဆို သူ့ညီမကို သတိရပေမယ့် မလာချင်ပါဘူး။ သူကလည်း အသက်ရှုကြပ်တယ်လို့ ပြောပါတယ်။ ကျွန်မတို့မြို့လေးကနေ ကားနဲ့သွားရင် (၁၂)နာရီလောက် သွားရတယ်။ အညာနေကပူတော့ ကားတွေညဖက်ပဲ မောင်းပါတယ်။ ကျွန်မတို့မြို့ကနေ ညနေ(၄)နာရီလောက် စထွက်ရင် အဒေါ်တို့ရွာကို မိုးမလင်းတလင်း ရောက်တယ်။ လမ်းမှာလည်း ထမင်းဆိုင်တွေက ထမင်းသုပ်နာမည်ကြီးတော့ စားကောင်းတယ်။ အကိုတွေက ကားသမားတွေမလို့ ထမင်းဆိုင်တွေမှာ ရှယ်စားရတာပေါ့။ သူတို့ဆီက ထမင်းဆိုင်တွေက ကားပိုင်၊ ကားဒရိုင်ဘာတွေကို ပိုက်ဆံမယူပါဘူး။ စားပွဲဝိုင်းမှာ ဟင်းမျိုးစုံသီးသန့်လုပ်ပေးတဲ့အပြင် ကြက်သားသုပ်ကိုလည်း ရှယ်သုပ်ပေးတာပါ။ ကားသမားဆိုတော့ အမြည်းနေမှာပေါ့။ ကျွန်မတို့ပါလာရင် အကိုက “မြို့က ကျနော့်ညီမ ပါလာတယ်နော်” လို့ ဆိုင်ကို အသိပေးလိုက်တာနဲ့ ကြက်တောင်ပံကြော်ပူပူလေးပါ အဆစ်ပါလာတတ်တယ်။ အဲဒီရွာလေးက ထမင်းဆိုင်တွေ နာမည်သိပ်ကြီးသကိုး။ မြို့ကလူငယ်တွေဆို စာမေးပွဲအောင်စာရင်းထွက်တဲ့ရက်လိုမျိုး ဆိုင်ကယ်တွေနဲ့ အပျော်သွားစားကြတာလည်း အဲဒီဆိုင်လေးတွေဆီပါ။ နာမည်ကြီးဆို ကြက်သားသုပ်က ပူစီနံလတ်လတ်ဆတ်ဆတ်၊ ခရမ်းချဉ်သီးစိမ်းတွေနဲ့ စားလို့အတော်ကောင်းတာ။ အဖေကတော့ အဲဆိုင်တွေမှာ မစားတော့ပါဘူး။ စားတဲ့သူများတော့ တခါတလေ ကြက်တွေက ကိုယ့်ခြေထောက်အောက်ကနေ ထွက်ပြေးနေတာတဲ့။ လိုက်သတ်နေလို့လေ။ အမေအတွက်တော့ ရွာကအပြန်မှာ ကြက်သားသုပ်၊ ဝက်အူချောင်းနဲ့ မုန့်ပျားသလက် မမေ့အောင် ဝယ်သွားရပါတယ်။

ထမင်းစားနားပြီးရင် ကားကိုဆက်မောင်းတာ မနားတမ်းမောင်းမှ မနက်မလင်းခင် ရွာကို ရောက်တာကိုး။ ချောင်းရေများကျနေရင် ကားကူးရတာ ခက်သေးတယ်။ လမ်းဘေးဝဲယာမှာ ခြောက်ကမ်းပါးတွေနဲ့ အသည်းတထိတ်ထိတ်။ ရွာထိပ်က ကားသံကြားရင် အဒေါ်တို့အိမ်က မီးထွန်းပြီးသား ဖြစ်နေပြီ။ မီးစက်မောင်းရတာဆိုတော့ လိုတဲ့အချိန်မှာ စက်နှိုးရတာပါ။ တခါက မှတ်မှတ်ရရ အကိုတွေက ကက်ဆက်အသစ်ကြီးဝယ်လာတာ။ “မေးပါရစေ အမေရေ ဘာမေးချင်လို့လဲ ဘာသိချင်လို့လဲ” ဆိုတဲ့ သံချပ်အခွေပေါ်ကာစ အဲဒီသီချင်းကြီးကို ကက်ဆက်အသစ်နဲ့ အကျယ်ကြီးဖွင့်ပြီး ကားဝင်သွားတာ မနက်မလင်းခင်။ ဘာပြောကောင်းမလဲ ရွာမှာ လူမမာတယောက်ကလည်း ရှိတယ်ဆိုတော့ သူတော့ဆုံးရှာပြီပေါ့။ နောက်နေ့မှာ အကိုတွေ အဆူခံရတော့တာ။ အကိုဝမ်းကွဲတွေ (၆) ယောက်ရှိတယ်။ သူတို့က ကားလည်းရှိတယ်ဆိုတော့ ရွာမှာတော့ စူပါပေါ့။ အကိုတယောက်က အသားဖြူဖြူ၊ ဗီဇကလည်းပါတော့ ရည်းစားတအားများတာ။ “နေညိုချိန်နေ့ကူးရင် မ ဆီက ပြန်စာလေးကို မျှော်နေမယ်နော်” ဆိုတဲ့ အဆုံးသတ်ပါတာ မှတ်မိသေးတယ်။ အဲဒီတပုံစံထဲစာကို ရွာကကောင်မလေး၊ မြို့ကကောင်မလေး၊ နောက်ဆုံး သူ့စာသင်ပေးတဲ့ဆရာမပါမကျန် လိုက်ပေးတတ်တယ်။ တညတည်း ကောင်မလေးနှစ်ယောက်ကို ချိန်းတွေ့တတ်တဲ့ အကို။ သူတို့ရွာနဲ့ သူတို့ဓလေ့တော့ ပျော်စရာကောင်းပါတယ်။

အမဝမ်းကွဲက နှစ်ယောက်ရှိတယ်။ တယောက်က မြို့ကိုလာ ကျောင်းတက်တဲ့ တက္ကသိုလ်ကျောင်းသူ။ တယောက်က အိမ်မှာ စက်ချုပ်တယ်။ သူတို့နှစ်ယောက်ရှိတော့ သင်္ကြန်တွင်းဆို တခြားရွာတွေက ကာလသားတွေပါ ရေလာလောင်းကြတာ။ အဒေါ်တွေ ဥပုသ်စောင့်သွားရင် စကားနည်းပြီး ခပ်အေးအေးနေတဲ့ အကိုတယောက်ကို နှမတွေအစောင့်ထားခဲ့တယ်။ ရေပုံးကိုယ်စီနဲ့ ကာလသားတွေလာရင် ရောက်ရာနေရာကနေ ဝုန်း ဒိုင်းပြေးပြီး ပုန်းရတယ်။ အိမ်အပေါ်ထပ်မှာ ဝါထည့်ထားတဲ့ ယိုင်တွေရှိတော့ အဲဒီထဲ ဝင်နေရပါတယ်။ တချို့ တားမရဘူး အိမ်ပေါ်ထိတက်ရှာတာကိုး။ တက်ရှာလို့မိရင် တွေ့တဲ့နေရာမှာ ရေဝိုင်းလောင်းတာ။ ဝါဂွမ်းပုံထဲဆို လောင်းလို့မရပါဘူး။ တခါတလေ အခန်းကို မင်းတုန်းချထားရင် ဝိုင်းတွန်းကြလို့ မင်းတုန်းတွေလည်း ပျက်ရတယ်။ သူတို့နှစ်ယောက်ကို မတွေ့ရင် တွေ့တဲ့ကျွန်မကို လောင်းသွားတာ။ ကျွန်မက ကလေးဆိုတော့ ညိုမြလုပ်ချင်တာနဲ့ အမြဲမိတာပါပဲ။ အမအကြီးက ဘယ်မှမထွက်ဘဲ မာနလည်းကြီးတော့ ကြောက်ကြတယ်။ အမအငယ်က ကျောင်းသူဆိုတော့ ရွာမှာ စူပါစတား။ သူကစွာတော့ ကြောက်ကြတယ်။ ဥက္ကဌသမီးတွေဆိုတာ ရွာမှာ နာမည်ကြီးကိုး။ အမတွေက အသားအရေဝင်းဝင်းလေးတွေနဲ့ လှကြတယ်။ သူတို့ရွာက ရေခံမြေခံကောင်းလို့ ရွာသူတွေက လှတာလို့ အမေကတော့ ပြောတာပဲ။ ကျွန်မတို့က မြို့သူသာပြောတာ ရွာသွားရင် ရှက်တောင်ရှက်တယ် အသားမဲလို့လေ။

သူတို့ဆီက သင်္ကြန်တွင်းမှာ ဘယ်သူ့ကိုဖြစ်ဖြစ် အိမ်ပေါ်ထိရေတက်လောင်းလို့ ရတယ်။ ညလည်း လောင်းလို့ရတယ်။ အပျိုတွေရှိတဲ့အိမ်တွေမှာ ညဆိုရေလောင်းတွေနဲ့ ဆူညံနေတာ။ စကားနည်းတဲ့အကိုက ရေလောင်းတွေလာရင် အထူးမပြောရအောင် ကိုက်တတ်တဲ့ခွေးကို ကြိုးဖြေပေးထားပြီး သူကအိမ်အောက်မှာ အိပ်ချင်ယောင်ဆောင်နေတတ်တယ်။ ရေလောင်းတွေမှာ အကိုခွေးကြည့်ပေးအုံးလည်း မပြောရဲ၊ အိမ်ပေါ်တက်မယ်ပြင်တော့လည်း ခွေးက ကိုက်မယ်တပြင်ပြင်နဲ့ အတော်ဝရုန်းသုန်းကားနိုင်သလို ပျော်စရာကောင်းလှပါတယ်။ နှစ်ဆန်း (၁) ရက်နေ့မှာ ရွာဦးဘုန်းကြီးကျောင်း ဆွမ်းကြီးလောင်းပွဲရှိပါတယ်။ မိန်းကလေးအားလုံး အလှဆုံးပြင်ဆင်ပြီး ဆွမ်းကြီးလောင်းပွဲကို သွားကြတယ်။ မုန့်ဖက်ထုပ်၊ မီးချစ်ပုံး၊ ထန်းလျက်၊ ဆွမ်း၊ ဟင်းလျာ စတာတွေကို ခြင်းလေးတွေနဲ့ထည့်ပြီး ဆွမ်းကြီးလောင်းပွဲကို သွားကြတာပါ။ ရွာတိုင်းမှာ ဆွမ်းကြီးလောင်းပွဲရှိတော့ ဘယ်ရွာမှာ ဘယ်သူ့သမီးက ချောတယ်ဆိုတာ ကာလသားတွေ စာရင်းလုပ်ထားပါတယ်။ အပျိုချောချောရှိတဲ့ရွာဆို ရွာနီးစပ်က ကာလသားတွေ စုပြုံလာကြတယ်။ ဆွမ်းလောင်းပွဲအပြီးဆိုရင် ဘုန်းကြီးကျောင်းရဲ့ လေးဖက်လေးတန်အပေါက်တွေမှာ လူစုခွဲရေပုံးတွေနဲ့ စောင့်နေကြတာပါ။ ဘယ်အပေါက်ကပြေးပြေး မလွတ်မှန်းသိပေမယ့် ပြေးလိုက်ရမှ အရသာရှိတယ်ထင်တော့ ပြေးကြတာပေါ့။ ကျွန်မနဲ့ အမတွေက ခွေးတိုးပေါက်ကနေ ပြေးကြဖူးတယ်။ တလမ်းလုံးလွတ်လာပေမယ့် အိမ်ရှေ့မှာ အစုလိုက်စောင့်နေကြတာ မလွတ်တော့ပါဘူး။ ရေလောင်းရင် နောက်ကျောကို လက်လေးနဲ့ ဗန်း ဗန်း ဆိုပြီး ပုတ်လောင်းတဲ့ သူတို့အလေ့က မသိရင် စိတ်ဆိုးချင်စရာပါ။

ကျွန်မအဒေါ်က ချမ်းသာသလောက် ကပ်စေးနဲပါတယ်။ မနက်ခင်းဆို (၄) နာရီမထိုးခင်ကတည်းက “ဖိုးကျော်”၊ “ဖိုးမော်” ဘယ်သူဆိုပြီး အကုန်အိပ်မရအောင် နှိုးပါတယ်။ ဒီချိန်ထိအိပ်ရင် ဘာလုပ်ကိုင်စားကြမလဲလို့လည်း ဆူပူပါတယ်။ ညက အလည်လွန်တဲ့အကိုတွေလည်း အိပ်ယာက ကမူးကတူးထပြီး နွားစာကျွေး၊ နွားတပ်၊ တောသွားကြရပါတယ်။ အမနဲ့ ကျွန်မက မီးဖိုခန်းနဲ့ အိမ်မကြီးကြားက လသာခန်းမှာ အိပ်ကြတယ်။ အဒေါ်တက်မလာမချင်း ခိုးအိပ်ကြတာ။ သူကလည်း ပါးနပ်တယ်။ “ဟဲ့ကောင်မလေးတွေ မီးမမွှေးသေးဘူးလား” နဲ့ လုပ်တတ်တယ်။ အဲလောက်အလုပ်ကြိုးစားလို့ သူတို့ယာခင်းက အထွက်နှုန်းတွေက ကောင်းလှပါတယ်။ ပဲကြီးဖြူဆို တင်း(၁၅၀) အသာလေးထွက်တာပါ။ စပါးဆိုတာ စားအိုးကြီးတဲ့အိမ် တနှစ်ပတ်လုံးစားဖို့အပြင် ရောင်းရတာလည်း မနည်းပါဘူး။ ရွာကိုအလည်သွားရင် မီးဖိုခန်းမှာ ကူရတာ ပျော်စရာကောင်းသလို စိတ်လည်း ညစ်ရပါတယ်။ ဦးကြီးအတွက် ဆတ်သားကြော်၊ ငါးကြော်၊ ငါးခြောက်ဖုတ်၊ ကြက်သားကြော် တမျိုးမျိုးနဲ့ ရေနွေးအကြမ်းအိုးက တနေကုန်သူ့ရှေ့မှာ ထားရပါတယ်။ အမကလည်း သူ့အဖေကို ဘုရင်တဆူလို အမြည်းမပြတ်စေရအောင် ဂရုစိုက်တယ်။ အကိုတွေကလည်း အဲဒီအမြည်းမှ စားချင်နေကြတာ။ ကျွန်မက ဘီဒိုသော့ကိုင်ပြီး ဦးကြီးအတွက် အမြည်းတွေ သိမ်းဆည်းရေးလုပ်တယ်။ စားချင်တဲ့အကိုတွေက ကျွန်မနားကပ်တောင်းရတာကိုး။ ကျွန်မချစ်တဲ့အကိုဆိုရင် နဲနဲပေးကျွေးပါတယ်။ မဟုတ်လို့ကတော့ အမရေ ဒီမှာလာတောင်းနေတယ်လို့ အော်တိုင်တယ်။ ခက်တာက တနေကုန် မီးဖိုထဲက မထွက်ရလောက်အောင် ချက်ပြုတ်နေရတာပါ။

မနက်ခင်းဆို ညကချက်ထားတဲ့ ထမင်းကြမ်းတွေ ဒယ်အိုးထဲမှာ ကြော်ရတယ်။ ဆီအိုးဆိုတာ စဥ့်အိုးအကြီးကြီးထဲမှာ ပဲဆီမွှေးမွှေးတွေ။ ဘယ်တော့မှမလျော့ဘူး။ မလျော့ဆို နေ့တိုင်းနီးပါး ဖြည့်နေတာကိုး။ အဒေါ်က ကပ်စေနဲသလောက် ကျွန်မတို့က ဆီသုံးကြမ်းတယ်။ လက်ဖက်သုပ်လေးလည်း ဆီရွှဲလိုက်ရမှ။ ငရုတ်သီးထောင်းဆို ဆီပါမှမွှေးတာနဲ့ပေါ့။ ထမင်းကြမ်းက နှစ်ခါပြန်လောက်ကြော်ရတယ်။ ငရုတ်ဆုံဆိုတာ မန်ကျည်းအမြစ်ဆုံအကြီးကြီး။ မြေကြီးထဲမှာ တဝက်မြှုပ်ထားတယ်။ သံကျည်ပွေ့နဲ့ထောင်းတာများတော့ တခြမ်းခွက်နေပြီ။ ငရုတ်သီးက မိုးမျှော်ငရုတ်သီးအစပ်မျိုးကို ထောင်းရတာ။ ကူလီခေါ်ထားတဲ့အလုပ်သမားက အယောက် (၂ဝ) ကအနည်းဆုံး၊ အိမ်တင်လူက ဆယ်ယောက်လောက်ဆိုတော့ မနက်မနက် ထောင်းလိုက်ရတဲ့ငရုပ်သီး။ ငရုပ်သီးမြင်ရင် စိတ်တောင်နာတယ်။ ငရုပ်သီးက ခြောက်ရင်ထောင်းရလွယ်ပေမယ့် မိုးတွင်းဆို မိုးဓါတ်လေးနဲ့ ထိုင်းနေတော့ ထောင်းရတာ မညက်လွယ်ပါဘူး။ ကျွန်မကို အထောင်းခိုင်းလို့ကတော့ ရေဆွတ်ပြီး ထောင်းတာ။ မြန်မြန်ညက်အောင်လို့။ ကြက်သွန်နီက စကာကုံးနဲ့ တနေ့ကို နှစ်ခါလောက် အိမ်အောက်က ကြက်သွန်လှမ်းထားတဲ့နေရာကို သွားယူရတယ်။ အိမ်အောက်မှာ ယိုင်ပတ်ထားပြီး ဝါးစင်တွေနဲ့ ကြက်သွန်ကိုထားတာ။ အလုံးကြီးပေ့ဆိုတာရွေးယူတာပေါ့။ ကြက်သွန်နီကို ခပ်ကြီးကြီးလှီးပြီး မညက်တညက်ထောင်းရတယ်။ သရက်ချဉ်ပေါ်ချိန်ဆို သရက်ချဉ်တလုံးလောက် တဆုံကိုထည့်ထောင်းတယ်။ ချဉ်ပေါင်နဲ့ မျှစ်ကို မြေအိုးကြီးနဲ့ တအိုးကြီး၊ ငရုပ်သီးကလည်း စပ်ပါပေ့။ ထမင်းကြော်တွေကို ဒန်အိုးနဲ့ခွဲပြီး ထည့်ရတယ်။ လူများတဲ့ယာခင်းအတွက်ဆို ဒန်အိုးကြီးကြီးပေါ့။ လူနည်းတဲ့ယာခင်းဆို ဒန်အိုးငယ်ငယ်နဲ့ အမျိုးမျိုးထည့်ရတယ်။ ဟန်းဂေါချိုင့်လို့ခေါ်တဲ့ နှစ်ဆင့်ချိုင့်ကြီးတွေမှာ အပေါ်ဆင့်ထဲကို ငရုတ်သီးထောင်းထည့်၊ အောက်မှာချဉ်ပေါင်ချက်ထည့်ရတယ်။ ထမင်းမလောက်ရင် အပူကို ဆီ၊ဆားလူးပြီး ထည့်ရသေးတာ။

ရေနွေးအိုးကလည်း ဓါတ်ဗူးလေးငါးဗူးလောက် လက်ဖက်ခြောက်ခပ်ထားတယ်။ ရေနွေးကရားတွေထဲထည့် ချည်ပုဆိုးလေးပတ်ပြီး အဆင်သင့်ဖြစ်ရင် အဒေါ်နဲ့ ဦးကြီးတို့က လှည်းကော့ပြီး ယာထဲသွားပို့ကြပါတယ်။ သူတို့နှစ်ယောက်သွားရင် ကျွန်မတို့က လွတ်လပ်ရေးရပြီဆိုပြီး နေ့လည်စာမချက်သေးဘဲ ငေးမောလေပေါနေကြပါသေးတယ်။ အိမ်လသာဆောင်ကနေ အမက သူငယ်ချင်းတွေနဲ့ လှမ်းစကားပြောလိုက်၊ အိမ်ရှေ့က ဖြတ်သွားတဲ့ ကောင်လေးတွေက အမကို လှမ်းငမ်းသွားရင် “ငါ့များလာကြည့်နေသေးတယ်” ဆိုပြီး လှောင်ရယ်လိုက်ကြနဲ့ ပျော်စရာကောင်းခဲ့တယ်။ ပျော်လို့မဆုံးသေးခင် ဘယ်ယာခင်းမှာ လူထပ်ထည့်လိုက်လို့ ထမင်းကြမ်း (၅) ယောက်စာခူးပေးအုံးဆိုလာပြန်တယ်။ ဒါဆိုရင် ငရုတ်သီးထောင်းပေတော့။ ကျွန်မက မန်ကျည်းပင်သိပ်တက်ချင်တော့ အမက ပေးတက်တယ်။ အစတော့ ကလေးဆိုပြီး စိတ်ပူကြတာပေါ့။ နောက်ပိုင်းတော့ ဒီမန်ကျည်းပင်ပဲ တက်နေရတယ်။ “ကလေးရေ မန်ကျည်းပင်ပေါ်တက်ပေးအုံး” ဆို လွယ်အိတ်လေးနဲ့ တက်ရတာ။ ကိုယ်ကလဲ အိမ်မှာမလုပ်ရတော့ ဘာမဆို လုပ်ချင်တာ အံကိုက်ပဲပေါ့။

တခါတလေ ယာခင်းကို ညီအမနှစ်ယောက်သွား ထမင်းပို့ခိုင်းရင် လမ်းမှာဆော့သွားကြသေးတာ။ သူပြန်မကြိုက်နိုင်တဲ့သူတွေ လယ်ထွန်နေတဲ့ လယ်တဲကို တချက်လောက်ငဲ့ပြီး ကလိချင် ကလိသွားတဲ့အမ။ ဟိုရောက်ရင် လယ်သမားတွေစားဖို့ယူသွားတဲ့ ထမင်းကို ကိုယ်ကပါ စားချင်လာတာ။ တောထဲမှာစားရတဲ့ ထမင်းက ပိုမြိန်သလိုထင်မိတယ်။ ပဲကြီးခင်းထဲက ပဲရွက်နုလေးတွေကို ခူး၊ ရေလေးဆေးပြီး ငရုတ်သီးထောင်းနဲ့ မြုပ်စားရင် အတော်ကောင်း။ အကိုတွေကလည်း စားချင်နေမှန်းသိတော့ ကျွေးပါတယ်။ အမကတော့ အိမ်ရောက်မှစားဆိုပြီး အကိုတွေမသိအောင် လက်နဲ့ဆွဲဆိတ်တယ်။ သူ့ဟာသူဆိတ်ချင်ဆိတ် မသိချင်ယောင်ဆောင် စားတာပဲ။ အပြန်မှာ လယ်ထဲက ပဲရွက်နု၊ ပဲသီးနု၊ ချဉ်ပေါင်ရွက်ခူးကြတယ်။ လမ်းမှာ သူများစိုက်ခင်းက ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်းလည်း ဝင်ခူးလို့ရတယ်။ မြို့မှာမရှိတဲ့ အလေ့တွေဆိုတော့ ကျွန်မက သိပ်ပျော်တာပါ။ မနက်ထမင်းကြမ်းပို့သွားတဲ့ ညီအမနှစ်ယောက်က မွန်းတည့်မှ ပြန်ရောက်ချင်ရောက်တာမို့ အဒေါ်က ဖြစ်နိုင်ရင် ကျွန်မတို့ကို မလွှတ်ချင်ပါဘူး။

ရွာမြောက်ဖက် ခပ်ဝေးဝေးမှာ ယောချောင်းရှိတော့ ချောင်းတလျှောက်ကြက်သွန်စိုက်ကြတယ်။ ချောင်းရေတက်လာရင် ညကြီးအချိန်မတော် သွားနှုတ်ရတာတွေရှိတယ်။ မနှုတ်နိုင်ရင် ရေထဲပါသွားလို့။ အကိုတို့အခင်း ရေတက်လာလို့ ကြက်သွန်သွားနှုတ်မယ်ဆိုပြီး ရရာလူနဲ့ လှည်းတွေနဲ့ ပြေးရတာပေါ့။ ဟိုရောက်တော့ ရေကလည်း တရိပ်ရိပ်တက်နေတာနဲ့ မနားတမ်းကြက်သွန်နှုတ်လိုက်တာ နေ့လည်မွန်းတည့်လည်း မနားကြသေးဘူး။ ကျွန်မက တခါမှမလိုက်ဖူးလို့ လိုက်ကြည့်ချင်လို့ဆိုပြီး လိုက်သွားတာပါ။ နောက်ဆုံးနေကလည်း ပူ၊ ဗိုက်ကလည်းဆာတော့ ထိုင်ငိုပြစ်လိုက်မိတယ်။ အခုထိ အကိုတွေက “ကြက်သွန်နှုတ်လိုက်အုံးမလား” လို့ စကြရင် “တော်ပြီ” လို့ ပြန်ပြောမိအောင် မှတ်သွားတာပါ။ လယ်မရှိဘဲ အခစားလိုက်တဲ့ ကူလီတွေရှိသလို လယ်ပိုင်အချင်းချင်းလိုက်တာလည်း ရှိပါတယ်။ သူ့လယ်ကူ၊ ကိုယ့်လယ်ကူမျိုးကို လက်စားလိုက်တယ်လို့ ခေါ်ပါတယ်။ မနက်ခင်း လယ်ထဲမှာ ပဲရိတ်တာမျိုး၊ ကြက်သွန်နှုတ်မှာမျိုး လူများများလိုလာရင် အမနဲ့နှစ်ယောက် “လက်စား ဘယ်သူလိုက်မလဲ၊ ကူလီဘယ်သူလိုက်မလဲ” လိုက်မေးရပါတယ်။ ကိုယ့်လယ်ကိုလိုက်ထားတဲ့သူဆို သူတို့နေ့လည်း ကိုယ်က မမေ့မလျော့ ပြန်လိုက်ရတယ်။ ကိုယ်တိုင်မလိုက်နိုင်ရင် လူစားထည့်ပေးရပါတယ်။ ကူလီဖြစ်စေ၊ လက်စားဖြစ်စေ အားလုံးအတွက် လယ်ပိုင်ရှင်က ထမင်းပို့ပေးရတာပါ။

ကြက်သွန်အမြိတ်ဖြတ်တဲ့နေ့ဆိုရင် အိမ်ရှေ့တလင်းပြင်မှာ ကလေးတွေတအားပေါပဲ။ ကလေးပေါက်စတွေလည်း လာဖြတ်တာပါ။ ဘယ်သူဖြစ်ဖြစ် တင်းတောင်းတစ်တင်းဖြတ်ရင် တစ်ပြီလက်ခရပါတယ်။ မြန်တဲ့ကလေးတွေက တစ်တင်းခဏနေပြည့်သွားတော့တယ်။ အပြိုင်အဆိုင်ဆိုတော့ ဆူညံပြီး ပျော်စရာကောင်းပါတယ်။ နေ့လည်ဆို ပြောင်းဖူးပြုတ်တွေ ဝေတယ်။ ပြောင်းပင်ကြီးတွေဆိုတာ လူတရပ်မကပါဘူး။ စိမ်းမှောင်နေတဲ့ ပြောင်းခင်းတွေက ဟိုဖက်၊ ဒီဖက် လှမ်းမမြင်နိုင်ပါဘူး။ ကြက်တူရွေအုပ်လိုက်လာလို့ “တဟေး ဟေး” ခြောက်ရသေးတယ်။ ကျွန်မတို့ဆီမှာ ကြက်တူရွေးရှားပါးတော့ ဖမ်းချင်တာ။ ပြောင်းခင်းအောက်ခြေမှာ မြင်းခွာရွက်တွေက နွယ်လိုက်ပေါက်နေတာပါ။ နွယ်တအုပ်လောက် မ လာရင် တခါသုပ်စားလို့ရပါတယ်။ အရွက်တွေကလည်း အကြီးကြီးတွေပါ။ ကျွန်မတို့ဆီမှာ ဝယ်စားရတာဆိုတော့ တမက်တမော စားတာပေါ့လေ။ အကိုတွေစောင့်တဲ့ ပြောင်းခင်းမှာ ပြောင်းဖူးမီးဖုတ်စားရင် မွှေးမွှေးလေးနဲ့ သိပ်ကောင်း။

ကပ်စေးနဲတဲ့အဒေါ်ဆီကို ဈေးသည်လေးတွေ လာရောင်းရင် တအားရယ်ချင်မိတယ်။ ချောင်းထဲကရလာတဲ့ ငါးသည်လေးတွေ အိမ်လာရင် ငါးကို ဖင်ပြန်ခေါင်းပြန်ကြည့်တယ်။ ဈေးသည်လေးတွေကလည်း အဒေါ်တို့က ရွာမှ ဥက္ကဌအချမ်းသာဆုံးဆိုတော့ မှီခိုရတယ်။ သည်းခံပြီး ရောင်းကြရတယ်။ ပြီးရင် ပိုက်ဆံမပေးဘူး “ဆီ ယူမလား ဆန်ကွဲ ယူမလား” မေးပါတယ်။ ဆီယူမယ်ဆိုရင် အနယ်မကျသေးတဲ့ ဆီပေးတယ်။ ဆန်ကွဲယူမယ်ဆို ဖွဲလုံးချင်းနဲ့ ဆန်ကွဲကို ပေးပါတယ်။ ဆီဆိုတာ ပုလင်းအသေးလေးနဲ့ (၂) ကျပ်ခွဲသား၊ (၅) ကျပ်သားပေးရတာပါ။ ငှက်ပျော်ဖက်ပေါ်ပုံထားတဲ့ ငါးတပုံကို ဆီ (၂) ကျပ်ခွဲသားလောက်နဲ့ လှယ်ရတယ်။ ကျွန်မတို့ကို ပုလင်းအပ်လိုက်ရင်တော့ ပိုပိုသာသာထည့်လွှတ်လိုက်တယ်။ အဒေါ်တို့အိမ်မှာ ဆီစက်၊ ဆန်ကြိတ်စက်၊ နွားစာစဉ်းစက်ရှိတယ်။ အင်ဂျင်စက်နဲ့ အတွဲလိုက်ကြီးလည်ရပါတယ်။ တခါတလေလည်း ဆီကြိတ်တာနဲ့ ဆန်ကြိတ်တာတွဲလုပ်ပါတယ်။ ရွာနီးစပ်တွေမှာ သူတို့ဆီစက်ပဲရှိတော့ ဆီလာကြိတ်တဲ့သူတွေက နေ့ညမပြတ်ပါဘူး။ လာမပြတ်တာက အရေးမကြီးပေမယ့် ဆီကြိတ်ရင် ရေနွေးထည့်ကြိတ်ရတော့ ကျွန်မတို့က ရေနွေးမပြတ်တည်နေရတာက ပြဿနာပါ။ နေပူပူမှာ ရွာအဝင်တံခါးက နှမ်းတောင်းကြီးရွက်လာတဲ့သူကို အမုန်းဆုံးပါ။ ရေနွေးတည်ရမှာ ကြောက်လို့၊ နေပူလို့ပါ။ လာသမျှလူကို အဒေါ်က “ထိုင်အေ လက်ဖက်စားအေ” နဲ့ ဧည့်ခံတတ်ပါတယ်။ သူ့လက်ဖက်အုပ်သွားကြည့်ရင် ဆီမပါလို့အရောင်မဲနေတဲ့ လက်ဖက်ကို မြေပဲဆံပိန်ပိန်လေးငါးဆံလောက်နဲ့ နယ်ထားတာ တွေ့ရတယ်။ ဒါလည်း မစားဘူးမထင်ပါနဲ့ လာတဲ့သူတွေက သူ့လောက်မှမစားနိုင်တော့ စားကြတာပါပဲ။ ပါလာတဲ့ကလေးတွေဆို လက်ဖက်စားချင်လို့ လက်တို့တို့တောင်းတာကို အိမ်ပေါ်ကနေ ကျွန်မချောင်းကြည့်ခဲ့ဖူးပါတယ်။

အဒေါ်က နှမြောတာလွန်ပေမယ့် သူ့ဆီစက်က ညရပ်ထားတဲ့အချိန်ကျလာတဲ့ဆီကိုက တနေ့ကို (၅ဝ) သား အနည်းဆုံးရတယ်။ တအိမ်လုံးက အလုပ်များတော့ အဲဒီဆီကို ဘယ်သူမှယူဖို့ သတိမရပေမယ့် ကျွန်မရှိနေချိန်ဆို ဒန်အိုးလေးနဲ့ မမေ့အောင်သွားခံထားတတ်လို့ အကိုတွေပြုံးစိစိလုပ်ကြတယ်။ ဆန်ကြိတ်စက်က ဆန်ကွဲတွေမနည်းရပေမယ့် ဖွဲနဲ့ရောနေတဲ့ ဆန်ကွဲအဖြားကိုမှ ဆင်းရဲသားတွေကို ပေးတတ်တဲ့ အဒေါ်ပါ။ သူတို့ဆီမှာ နောက်စိတ်ဝင်စားမိတာက ကောက်သင်းကောက်တာပါ။ ပဲကြီးဖြူက ဈေးကြီးတော့ ကောက်သင်းကောက်တဲ့သူတွေလည်း အဲဒီအချိန်ဆို မဆိုးဘူးပြောရမယ်။ ကောက်သင်းကောက်တယ်ဆိုတာ အခင်းပိုင်ရှင်က ရိတ်သိမ်းပြီးသွားရင် ကျန်ခဲ့တဲ့ အပင်လေးတွေ၊ ကြွေကျနေတဲ့ပဲတောင့်လေးတွေကို ယူကြတာပါ။ ကြက်သွန်ခင်းဆိုလည်း ကြက်သွန်ကောက်သင်းကောက်တာက တနှစ်စာလောက် စားဖို့ရတတ်ပါတယ်။ ကလေးပိစိတွေလည်း ကောက်သင်းကောက်ကြပါတယ်။

အမအကြီးက အိမ်ထောင်ကျပြီး အိမ်ဆိုင်ရောင်းတော့ ကောက်သင်းကောက်တဲ့ ကလေးတွေ သူတို့ရလာတာကို ဆန်၊ ဆီ၊ မုန့်ပဲသွားရေစာနဲ့ လာလဲကြပါတယ်။ အဲဒီအမကြီးကလည်း တခြားက တဥျီးတည်းသောသားကိုရထားပြီး အတော်ချမ်းသာပါတယ်။ သူတို့နယ်က ထွက်သမျှ ပဲမျိုးစုံ၊ ကြက်သွန်အားလုံး ဝယ်ပါတယ်။ သူတို့ကားနဲ့ပဲ မြို့ကို ကိုယ်တိုင်တက်ရောင်းပါတယ်။ သူတို့ဆိုင်ကို ပဲတောင်းလေးတွေကိုင်လာတဲ့ ကလေးတွေမျက်နှာက အလုပ်ရဖို့ အင်တာဗျူးလာဖြေတဲ့သူမျက်နှာလို မျှော်လင့်ချက်အပြည့်၊ မဝံ့မရဲလေးတွေပါ။ အမက ပဲတောင်းကို လက်နှိုက်ပြီး အထက်အောက်လှန်ကြည့် မကြိုက်ရင် လဲမပေးပါဘူး။ စားစရာနဲ့ အပျော်လာလဲတဲ့ကလေးတွေရှိသလို အိမ်အတွက် ဆန်နဲ့လာလဲတဲ့ကလေးတွေလည်း ပါပါတယ်။ ကောက်သင်းကောက်တာကတော့ အရင်းမစိုက်ရဘဲရလာတဲ့ အမြတ်ကလေးတွေပါ။ အမက သူရောင်းတဲ့ပစ္စည်းဆို ချိန်ခွင်လျှာမသာစေရဘူး။ လာဝယ်တဲ့သူတွေကလည်း သာသာလေးပေးပါလို့ မတောင်းရဲပါဘူး။ သူ့ဆီလာရောင်းတဲ့ ပဲ၊ မန်ကျည်းဆိုရင် ချိန်ခွင်သာသာထိုးထိုးချိန်ယူပါတယ်။ ဒီကြားထဲ အမှိုက်ပါတယ်၊ မသန့်ဘူးဆိုတာက မနားတမ်းပြောသေးတာ။ သူ့လည်ပင်းက ကျောက်စိမ်းဆွဲကြိုးမှ အားမနာပါဘူး။ ဆံပင်လည်း ဝယ်တယ်။ ဆံပင်ဆိုတာ အကြာကြီးစုထားမှ အလေးချိန်နည်းနည်းလေးရတာကို သူက သာသာထိုးထိုးချိန်ယူတယ်။ သူက ပြန်သွင်းရင် “အမလေး မနည်းစုထားရတာ ရွာဖက်မှာ ဒီနှစ်ရှားတယ်တော့” ဒါမျိုးလုပ်တာ။ ဆီပုလင်းကို ပြောင်းဖူးရိုးလေးဆို့ထားပြီး မဲညစ်ညစ်ကလေးလေးတွေ ဆီလာဝယ်တာ မျက်စိထဲမှာ မြင်ယောင်မိနေဆဲပါ။ ကျွန်မက ဈေးကူရောင်းပေးရင် သူမသိအောင် ပိုပိုသာသာလေး ထည့်ပေးလိုက်တာပါ။

ငယ်ငယ်တုန်းက အလည်သွားခဲ့ရတဲ့ တောရွာဓလေ့လေးတွေက ရသမျိုးစုံခံစားခဲ့ရပါတယ်။ တနေ့ကတော့ အဖေနဲ့ဖုန်းပြောရင်း “သမီးရေ အဖေတို့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ မိုးတွေလည်းခေါင်တယ်၊ ရွာတွေမှာလည်း ရှားပါးလိုက်တာ၊ ထမင်းတနပ်ကို အတော်ခက်ခဲနေကြတယ်” လို့ ပြောပြတယ်။ “အဖေ ပြည့်ပြီးသားအိုးကို မဖြည့်နိုင်ချင်နေပါ၊ ဆင်းရဲနေတာတွေကို တတ်နိုင်သလောက်လှူပါ၊ အဖေတို့လည်း တရားလုပ်ပြီး ကုသိုလ်သာလုပ်လိုက်ပါ” လို့ ကျွန်မမှာတော့ ”အေးပါ အဖေတို့လည်း ကိုယ်လက်လှမ်းမှီသလောက် လှူပါတယ်” လို့ ပြောရှာပါတယ်။ အဖေနဲ့ ဖုန်းပြောပြီး အတော်ကြာတဲ့ထိ လူက ငူငူငိုင်ငိုင်နဲ့ ဘာစကားမှမပြောနိုင်ဖြစ်သွားမိပါတယ်။ တောရွာတွေ အရင်တုန်းကလို တောင်သူစာမရကြတာလည်း ကြာပြီထင်ပါတယ်။ ရာသီဥတုက မကောင်း၊ အရင်းအနှီးက မရှိ။ တောင်သူတွေရဲ့ ဘဝက ကြာလေဆိုးလေဖြစ်နေပြီလားလို့ တွေးရင်း စိတ်မကောင်းဖြစ်မိပါတော့တယ်။

မဇနိ

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP