မိုးနံ့လေးသင်းလာရင်

>> Thursday, September 18, 2008


တကယ်တော့ အညာမှာ မိုးကသိပ်မရွာဘူးဆိုတော့ မိုးရွာမယ်ဆို သိသာတယ်။ မိုးနံ့လေးသင်းလာရင်ကို လူတွေပျော်လာကြတယ်။ ကောင်းကင်မှာ လျှပ်စီးလက်တာကို တမေ့တမောနဲ့ သဘောကျပြီး မိုးမျှော်နေကြတဲ့ ကလေး၊ လူကြီးတွေ အများကြီးပါ။ အိမ်မှာ မိုးရေစိုတဲ့နေရာက ပစ္စည်းတွေဆို အိမ်ထဲသွင်းကြတယ်။ ကလေးတွေကတော့ မိုးနဲ့ ကစားရတော့မယ်ဆိုပြီး ပျော်တယ်။ အဖေလည်း အလုပ်နားရတော့မယ်။ အိမ်က ဟင်းသီးဟင်းရွက်ပင်တွေလည်း စိုစိုရွှဲရွှဲလေး ဖြစ်လာတော့မယ်။ မိုးအမြဲရွာတတ်တဲ့ ရန်ကုန်ကလူတွေကြားရင် ရယ်ချင်ကြမယ်ထင်တယ်။ အညာမှာမိုးဖွဲဖွဲကျလာရင်ကို အပြင်မသွားကြတော့ဘူး။ အကျီင်္လက်ရှည်လေးတွေ ထုတ်ဝတ်တယ်။


မိုးနဲနဲသည်းလာလို့ အိမ်ရှေ့မှာ ရေမြောင်းလေးများပေါ်လာလို့ကတော့ “ချောင်းလာပြီ၊ ချောင်းလာပြီ” လို့အော်ပြီး ပျော်မြူးနေတဲ့ကလေးတွေက လမ်းတိုင်းမှာ အပြည့်။ တခါတလေ ညကြီးမိုးရွာပြီး မနက်ကျတိတ်သွားရင် “ညက မိုးတွေ သည်းချက်တော့ ချောင်းကျတာ ဒို့အိမ်ရှေ့မှာ ဒူးဆစ်လောက် ရောက်တယ်တော့” လို့ ကလေးချင်း ကြွားရတာအမော။ တကယ်တော့ ဒူးဆစ်လောက်ချောင်းကို ကိုယ်လည်းမမြင်ပါဘူး။ အအိပ်ပုပ်နေတာ။ အိမ်ကလူကြီးတွေပြောသံကြားတာနဲ့ ရမ်းရွှီးရတာ ပျော်စရာတော့အကောင်းသား။ ဘောင်းဘီရှည်တွေ ထုတ်ဝတ်တဲ့သူက ဝတ်ကြတယ်။ လမ်းအနိမ့်အမြင့်တွေမှာ တဝေါဝေါစီးလာတဲ့ မိုးရေတွေကို ထီးလေးတွေ ခမောက်လေးတွေဆောင်းပြီး ကြည့်ကြတယ်။ စက္ကူလှေလေးတွေ လွှတ်ကြတယ်။ စက္ကူလှေမရှိတဲ့ကလေးက ပါလာတဲ့ဖော့ဖိနပ်ကို ချွတ်ပြီး လှေလုပ်မျှောတယ်။ မြောသွားရင် လိုက်ဆယ်တယ်။ အိမ်ဖက်တွေဆီက ဟင်းနံ့တွေက တလှိုင်လှိုင်ဆိုတော့ ရေကြည့်ရင် ဗိုက်ထဲက တဂွီဂွီထမြည်လိုက်သေး။ မိုးအုံ့အုံ့မှာ အဖေ့စောင်ထဲ တိုးပြီး ကွေးနေရတာလောက် ပျော်စရာကောင်းတာ မရှိပါဘူး။ အဖေပြောတဲ့ပုံပြင်တွေကလည်း ဘယ်တော့မှ မရိုးဘူး။

အိမ်မှာက အသီးခြောက်၊ အသားခြောက်ဆိုတာ အမြဲဆောင်ထားတာကိုး။ မိုးနံ့လေးသင်းလာရင် အခြောက်အခြမ်းလေးတွေ ချက်စားကြတာ။ အမေသိမ်းထားတဲ့ အသီးခြောက် အသားခြောက်ကလည်း အမျိုးမျိုး၊ စားလို့လည်း ကောင်းတယ်။ နွေရာသီဆိုရင် အိမ်နောက်ဖက်က အဖီပေါ်မှာ အခြောက်လှမ်းထားတာတွေ ပြည့်နေတာ။ ဟော မိုးတွေများစွေနေရင် ဘာမှ ပူစရာမလိုတော့ဘူး။ မိုးရွာရင် ကျွန်မတို့အိမ်နားနီးချင်းတွေက အဖေနဲ့အမေကို ရယ်စရာလုပ်နေကြတာ ။ ကျွန်မအဖေကို အိမ်နားလူတွေက အမေ့ကို တအားချစ်နိုင်၊ စိတ်ရှည်နိုင်လို့ဆိုပြီး ပြောကြပါတယ်။ မိုးရွာရင် ဘာလို့ရယ်ကြသလဲဆို အမေလှမ်းထားတဲ့ အခြောက်အခြမ်းတွေ အဝတ်တွေ အားလုံးမိုးလွတ်အောင် သိမ်းရတယ်။ သိမ်းနေရင်း မိုးများသည်းလာရင် အဖေက “မ..မ..” ဆိုပြီး အမြဲမပြတ်ခေါ်တယ်။ ပြီးတော့ “မ..ရေ ခေါင်းပေါ်မိုးမိမယ် အဝတ်လေးတင်ပြီးမှ အပြင်က ပစ္စည်းတွေသိမ်း” လို့လည်း မိုးသံတွေကြားက အမေကြားအောင် အော်ပြောနေတာ။ အိမ်နားကလူတွေကလည်း ကြားတာပေါ့။ အဖေတို့အကြောင်းသိမထားရင်တော့ ဟိုအိမ်က အိမ်ရှင်မ မိုးရွာထဲ ပစ္စည်းတွေ ထွက်သိမ်းနေရတယ်လို့ ထင်မှာပါပဲ။ တကယ်က မဟုတ်ပါဘူး။ အမေက မိုးလုံလေလုံအိမ်ထဲမှာ ထိုင်နေပြီး အဖေက အဝတ်တွေလဲရုတ်လာတယ်။ အခြောက်အခြမ်းလှမ်းထားတာတွေ ခမောက်ကြီးဆောင်းပြီး လိုက်သိမ်းနေတာပါ။ ဒါကြောင့် ငယ်ငယ်ကဆို ကျွန်မပါရောပြီး အိမ်နားနီးချင်းတွေနဲ့ပေါင်းပြီး အဖေက အမေ့ကို ချစ်တတ်လိုက်တာလို့ တခွိခွိ သဘောကျခဲ့တာပါ။

လက်ပံခေါင်း၊ သရက်သီး၊ ချဉ်ပေါင်ရွက်၊ ချဉ်ပေါင်သီး မျှစ်၊ ခရမ်းသီး စတာတွေကို အခြောက်လှမ်းထားတော့ အရေးအကြောင်းဆို ထုတ်ချက်လို့လည်း ရတယ်။ ငရုပ်သီးမှည့်ပေါ်ချိန်ဆို ကျွန်းထဲက ဈေးသည်တွေ အိမ်ရှေ့ကို တအားလာတာ။ ပုဆိုးကွင်းကို တောင်းထဲမှာထည့်ပြီး ငရုပ်သီးတွေက ပုဆိုးထဲမှာ အပြည့်ရွက်လာတယ်။ အမေတို့က ဈေးတော်လို့ ကြိုက်တယ်ဆိုရင် တတောင်းလုံးဝယ်ထားလိုက်တယ်။ သူတို့က ရောင်းစရာလည်းကုန်တော့ ပါလာတဲ့ထမင်းဗူးလေးတွေ အိမ်ရှေ့က တမာပင်ရိပ်မှာ စားကြတယ်။ ဖက်ဆေးလိပ်သောက်ပြီး တရေးတမောနားပြီးမှ ပြန်ကြတယ်။ ဝယ်ထားတဲ့ငရုပ်သီးမှည့်နီနီတွေကို တလင်းပြင်မှာ လှမ်းထားလိုက်ရင် တနှစ်စာ ငရုပ်သီခြောက်လုံလောက်တယ်။ သရက်သီးလာရောင်းတဲ့သူတွေလည်း ပေါတယ်။ လက်ပံခေါင်းကိုတော့ အခြောက်ဝယ်ရတယ်။ တောင်းကြီးတတောင်းလုံးမှ တစ်ရာလောက်ပေးရတာပါ။ ခရမ်းသီးအစိမ်းသီးတွေက တလုံးကို (၅ဝ) သားလောက်ရှိတယ်။ ပါးပါးလှီးပြီး နေပူလှမ်းထားရင် မိုးတွင်းစာရတယ်ပေါ့။ အိမ်မှာလည်း အမေ့ဟင်းသီးဟင်းရွက်အခြောက်ထုပ်တွေ မနည်းပါဘူး။ မိုးရွာရင် လက်ပံခေါင်း၊ ချဉ်ပေါင်၊ ပုန်းရည်ကြီးတွေနဲ့ ချဉ်ပေါင်းချက်စားရင်လည်း အနံ့လေး သိပ်မွှေးပြီး ထမင်းစားလို့ကောင်းလှတယ်။

အခုလည်း မိုးတွေရွာနေတယ်။ အညာမဟုတ်တော့ မိုးနံ့လည်း မသင်းပါဘူး။ ဒါပေမယ့် အညာသူဆိုတော့ မိုးရွာရင် အိမ်ထဲမှာနေချင်တယ်။ စောင်ခြုံလေးနဲ့ ကွေးချင်တယ်။ ရေနွေးလေးတည်ပြီး ဟင်းပူပူလေးတွေ စားချင်တယ်။ ဒီနေ့ မိုးရွာနေတော့ အမေချက်သလို အမဲသားခြောက်လေး ချက်စားကြည့်ချင်လာတယ်။

အမဲခြောက်ဟင်းချက်မယ်ဆိုတော့ ဘာနဲ့တွဲချက်ရမလဲ စဉ်းစားလိုက်တာ ပဲဟင်းပူပူလေးက တခွက်၊ မျှစ်ကြော်ကတခွက်၊ အသီးအရွက်ကတခွက်ဆိုပြီး ချက်ဖြစ်သွားတယ်။ အမဲခြောက်ကို ရေခဏစိမ်ထားလိုက်တယ်။ ခဏနေတော့ မွမွလေးဖြစ်အောင်ထုထားတယ်။ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ငါးပိကို ခရမ်းချဉ်သီးလိပ်အောင် လှိမ့်လိုက်ပြီး အမဲသားကို ထည့်လိုက်တယ်။ အသားထဲဟင်းအနှစ်စိမ့်ဝင်အောင် မွှေပြီးမှ ရေထည့်ပြီး အဖုံးအုပ်ထားလိုက်တယ်။ (၂)ရေလောက်ခမ်းအောင် ချက်တယ်။ နောက်ဆုံးမှ ရေနည်းနည်းကျန်အောင်ထားတယ်။ ရေနည်းနည်းနဲ့ ဆီပဲကျန်တော့တဲ့အချိန်မှာ ထက်ခြမ်းခွဲထားတဲ့ ရုံးပတီသီးကို ထည့်ပြီး ခဏအဖုံးအုပ်ထားလိုက်တယ်။ ပြီးရင် အမဲခြောက်ဟင်း စားချင့်စဖွယ်လေးရပါပြီ။

ပဲနီလေးကို ကြာဇံနဲ့ ဟင်းချိုခပ်ကျဲကျဲလေးချက်ထားတယ်။

မျှစ်ကို ငါးပိနဲ့ ကြော်ထားတယ်။

အသီးအရွက်ကတော့ မှို၊ ငရုတ်ပွ၊ ပဲသီးရောပြီး အစိမ်းကြော်မစားချင်တာနဲ့ ခရမ်းချဉ်သီးနဲ့ ရေစပ်စပ်လေးနဲ့ချက်လိုက်တယ်။

အင်း ပဲဟင်းပူပူလေးနဲ့ ထမင်းစားလို့တော့ အကောင်းသား။

မဇနိ

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP