အုန်းလက်မြင်းစီးခြင်း

>> Friday, October 3, 2008



နယ်ဖက် ရွာဖက်က ကလေးတွေ အုန်းလက်မြင်း စီးတာတွေ့ဖူးကြတယ် မဟုတ်လား။ မတွေ့ဖူးလည်း ပြောပြမယ်။ အုန်းလက်ဆိုမှတော့၊ အုန်းပင်ကရတာပေါ့နော။ အဲဒီအုန်းလက်ရဲ့ အလယ်အရိုးကနေ ဖြာထွက်နေတဲ့ အရွက်တွေကို သင်လိုက်တော့ အလယ်အူရိုးရှည်ကြီးရရော။ အဲဒီ အူရိုးအရှည်ကြီးရဲ့ ထိပ်တစ်ထွာသာသာလောက်ကို ဓါးနဲ့ ပြတ်သွားအောင်မဟုတ်ဘဲ၊ ချိုးချလို့ရယုံ ခုတ်လိုက်၊ ပြီး ချိုးချလိုက်တော့၊ မြင်းခေါင်းကြီးလို ဖြစ်သွားရော။ အုန်းလက်မြင်းကြီးကို စီးချင်ရင် အုန်းလက်ရှည်ကြီးကို ခြေနဲ့ခွလိုက်၊ အုန်းလက်မြင်းကို လက်က အမြဲကိုင်မထားချင်တော့ အုန်းလက်ရှည်ရဲ့ ထိပ်ပိုင်းနဲ့ နောက်ပိုင်းကို ကြိုးနဲ့ခပ်ရှည်ရှည်နဲ့ ချည်လိုက်တော့ ပုခုံးမှာသိုင်းစရာ ကြိုးရတာပေါ့။ အဲဒီ ကြိုးကို ပခုံးမှာ လွယ်တယ်။ တကယ့်မြင်းစီးနေသလို ဖြစ်အောင် မြင်းခေါင်းပုံစံဖြစ်အောင် ရှေ့နားက ခုတ်ထားတဲ့နေရာမှာ ဇက်ကြိုးစတိုင်ကြိုးတစ်ခု လုပ်ပြီးကိုင်ရတာပေါ့။


ကျနော်တို့ နယ်ဖက်က ကလေးတွေမှာ ကစားစရာဆိုပြီး ဘာထူးထူးဆန်းဆန်းမှ ရှိတာမှမဟုတ်တာ။ ခေတ်ပေါ်ပစ္စည်းတွေလည်း မဝယ်နိုင်တော့ မရှိဘူးလေ။ ဒါပေမယ့် ကလေးတိုင်းမှာ အုန်းလက်မြင်းတခုစီတော့ ရှိတာပဲ။ သူကကျတော့ အဆင့်မြင့်နည်းပညာလည်း မလိုဘူး။ အုန်းပင်အမြင့်ပေါ်က အုန်းလက်ကို ချိုင်ချထားလို့ မြင့်တာဆိုလို့ အဲဒီအမြင့်တခုပဲ ပြောစရာရှိတာ။ အိမ်က အဖေ စိတ်ရှည်ရင် ရှည်သလောက် အုန်းလက်မြင်းက လှတာကိုး။ အိမ်က အမေ ချက်တုန်းပြုတ်တုန်း တခုခုလိုလို့၊ ရွာလည်က ဈေးဆိုင်ကို "သား သွားစမ်း ဆီသွားဝယ်လိုက်စမ်း" လို့ အမေက ခိုင်းလိုက်ရင်၊ ကလေးကလည်း မြန်အောင်လို့ အုန်းလက်မြင်းကို ခွစီး၊ ဆီပုလင်းလေးကို ကိုင်ပြီး "ဟဲ့မြင်း" ဆိုပြီး ကိုယ့်ခြေထောက်ကို ကဆုန်ဆိုင်းရတော့တာပါပဲ။ မြင်းမြန်မြန်ပြေးစေချင်လေ၊ ကိုယ့်က အားကုန်ပြေးရတာပေါ့။

ရွာက ကလေးတွေက အုန်းလက်မြင်းစီးလည်း ပြိုင်ကြတယ်။ မြင်းကို လှအောင် ပန်းတွေဘာညာတွေလည်း အလှဆင်ကြတယ်။ ငါ့မြင်းကလှတယ်၊ သူ့မြင်းကလှတယ်နဲ့ ပြောရတာလည်း အမော။ ပြီးတော့ မြင်းစီးပြိုင်ရင် အနိုင်က ရချင်တာကိုး။ ငါ့မြင်းက အပြေးမြန်တယ်လို့ ပြောချင်တော့ မြင်းစီးပြိုင်ရင် အသာကုန်ပြေးရတာ။ အမြန်ပြေးတော့ လမ်းမှာ အဆင်မပြေရင်၊ တခုခုနဲ့တိုက်မိခိုက်မိရင် မှောက်ရက်ကလဲသေးတာကလား။ မှောက်ရက်လဲလို့ကတော့ မျက်နှာမှာ ပေါင်ဒါဖြူးထားသလား ထင်ရအောင်၊ ဖုန့်မုန့်တွေကတင်လို့။ မြေကြီးပေါ် မှောက်ရက်လဲတာ မွှေ့ယာပေါ်မှာ လဲကျတာမှ မဟုတ်တာ လူလည်း နာတာပေါ့။ မြင်းစီးနေတာ မျက်စိနောက်တဲ့ ခွေးက လိုက်ဆွဲလို့ ကုန်းရုန်းပြေးရတာကလည်း ရှိသေး။ ဒါပေမယ့် ပန်းတိုင်ကို အစောဆုံးရောက်လို့ ကိုယ့်မြင်းကနိုင်ရင် ပျော်နေတာပေါ့လေ။ ပြေးမှတော့ မောပေမယ့်၊ ပျော်နေတော့ မမောနိုင်ပါဘူး။ ကလေးတုန်းက အုန်းလက်မြင်း စီးရတာ "မောတော့ မောတာပေါ့ ဒါပေမယ့် မမောဘူး" - ဆိုတဲ့ သီချင်းအတိုင်းပါပဲ။

အပေါ်က စာတွေက ငယ်တုန်းက အုန်းလက်မြင်းစီးပြီး ကစားတာကို သတိရလို့ ရေးလိုက်တာပါ။ အသက်အရွယ်ရလာတော့ အုန်းလက်မြင်းတော့ မစီးတော့ဘူးပေါ့- လို့ ဆက်ရေးမလို့ တွေးနေမိသေးတယ်။ အမလေး ဘယ်ဟုတ်လဲ။ စီးလိုက်ကြတဲ့ အုန်းလက်မြင်းတွေ။ လူတစ်ယောက်ကို အုန်းလက်မြင်း တစီးလောက်ရှိတယ်။ အသက် ၃၀ ကျော် ၄၀ နားနီးတွေရော၊ အသက်၂၅ - ၃၀ တွေရော။ အဲ အသက် ၁၆- ၂၀ - ၂၅ တွေရော။ အသက်အရွယ်ပေါင်းစုံလေ။ ကိုယ်စီးတဲ့ မြင်းကို အလှတွေကလည်း ပြင်ကြသေးတာကလား။ အရောင်တွေချယ်တယ်။ ပန်းကုန်းတွေ ပန်ပေးတယ်။ အသံတွေထွက်အောင်လည်း လုပ်ကြတာပဲ။ နင့်မြင်းလေးက လှလိုက်တာဆို ပျော်နေတာ။ ကိုယ့်မြင်းလေးကလှတော့ လူတွေ ဝိုင်းအုံကြည့်နေရင် ပါးစပ်ကြီးတောင် မစေ့နိုင်ဘူး။ တဟီးဟီးနဲ့ ပျော်နေရတာလေ။

ကျနော်နဲ့ ဘော်ဒါတစု အခုလည်း အုန်းလက်မြင်းလေးကို စီးပြီး ရွာရိုးကိုးပေါက် လျောက်သွားနေတာပါပဲ။ အုန်းလက်မြင်း စီးသူအချင်းချင်း လမ်းမှာတွေ့ရင် နှုတ်ဆက်ကြ။ သူများမြင်းလေးလှရင် ဟယ် နင့်မြင်းလေးက လှလိုက်တာလို့ ပြောလိုက်။ ကိုယ့်မြင်းလေးကိုလည်း လှအောင် ပြင်လိုက်။ ကိုယ့်မြင်းလေးဆီကိုလည်း လူလာများအောင်၊ အမြဲတမ်း ပြင်ဆင်နေရတာပါပဲ။ "မောတော့ မောတာပေါ့၊ ဒါပေမယ့် မမောဘူး"ဆိုသလိုပဲ ကိုယ့်ဘလော့ဂ်မြင်းလေးကို ဘလော့ဂ်ရွာထဲမှာ မမောနိုင် မပန်းနိုင် အပေါင်းအသင်းတွေနဲ့အတူ ဆက်ပြီး စီးလိုက်ဦးမယ်ဗျာ။

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP