မြင်းပြောင်းပြန်စီးခြင်း

>> Tuesday, October 21, 2008



မိသားစုတစုကို ဦးဆောင်ဦးရွက် ဘယ်သူကပြုတယ်ဆိုတာ မိသားစုတစ်စုနဲ့ တစ်စု တူမှာ မဟုတ်ပါဘူး။ ဆိုလိုတာက အိမ်ဦးနတ်က အဖေကြီး ဖြစ်နေပေမယ့်၊ အိမ်ဦးနတ်ကြီးလည်း မီးဖိုချောင်ထဲရောက်နေတတ်တာကို ပြောတာပါ။ အိမ်ထောင်စုတော်တော်များများမှာတော့ အမျိုးသားလုပ်သူက ဦးဆောင်ဦးရွက်လုပ်တတ်တာများပေမယ့် အမျိုးသမီးတွေ ဦးဆောင်ဦးရွက်လုပ်ရတဲ့ မိသားစုတွေလည်း အများကြီးရှိတတ်ပါတယ်။


ကျနော်တို့ အနီးဝန်းကျင်မှာ မိသားစုတခုရှိတယ်။ သူတို့ လင်မယားနှစ်ယောက်မှာ အမျိုးသမီးလုပ်သူက သွက်လက်ဖော်ရွေတော့ အလုပ်အကိုင်ဆိုလည်း သူပဲ ဦးစီးလုပ်ရတယ်၊ ဘယ်ဘယ်ညာညာ လူမှုရေးဆိုတော့လည်း သူပဲ ရောက်အောင်သွားတယ်။ ကူညီညာတာတွေလည်း လုပ်ပေးတယ်ဆိုတော့ သူတို့အိမ်ထောင်စုမှာ ဇနီးလုပ်သူက လူသိများနေတော့တာပေါ့။ ရင်းနှီးတဲ့လူတွေက အလှူအတန်းတခုခုလုပ်လို့ ဖိတ်စာရေးရင်တောင် သူ့အမျိုးသားနာမည်ကို မေ့ပြီး အန်တီ*** ဘယ်သူနှင့် မိသားစု လို့ ဖိတ်တဲ့အဆင့်တောင် ရောက်လာတယ်။ သူ့အမျိုးသား ဦးလေးကြီးကလည်း အဲဒီလောက်ရောက်တော့ စိတ်က သိပ်သည်းမခံနိုင်ဘူးထင်ပါရဲ့ အဲသလိုဖိတ်တဲ့အလှူတွေဆို မသွားဘူး။ သူ့အမျိုးသမီးကိုပဲ အသွားခိုင်းတတ်တယ်။ အဲသလို မိသားစုမျိုးတွေလည်း ရှိနေကြပါတယ်။

ဒီလိုပါပဲ ကျနော်လည်း သူငယ်ချင်းတစုနဲ့ ဘလော့ဂ်ရေးပါတယ်။ နှစ်ပေါက်အောင်ရေးတယ်ပေါ့လေ။ အကြောင်းအမျိုးမျိုးကြောင့်(စာရေးမကောင်းခြင်း၊ မဖော်ရွှေခြင်း.. စသည်စသည်) ကျနော့်ကို လူသိနည်းပါတယ်။ အရင်တုန်းကဆို ဒီဘလော့ဂ်လေးက ခြောက်ကပ်ကပ်လေးပေါ့။ ကိုယ်နဲ့ သူငယ်ချင်းတစုရဲ့ ခြေရာတွေသာ ရှိနေခဲ့တာပါ။ နောက်ပိုင်းရောက်လာတော့ မဇနိက ဘလော့ဂ်ကို ဝင်ကူရေးတယ်။ သူက စာရေးကလည်း ကောင်း၊ သူပြောသလို ပြောရရင် ချစ်မွှေးကလည်းပါတော့ (ဘယ်နားမှာလဲလို့တော့ လာမမေးနဲ့နော် ကျနော်လည်း မသိဘူးဗျ) အချိန်တိုတိုအတွင်းမှာ သူကို လူသိများလာတယ်။ ခင်သူတွေပေါလာတယ်။ အမတွေရလာတယ်၊ အကိုတွေပေါ်လာတယ်၊ ညီမလေးတွေရှိလာသလို၊ မောင်လေးတွေလည်း အများအပြားပဲ။

ကျနော်လည်း ဘလော့ဂ်လျှောက်လည်တော့ သူများဘလော့ဂ်တွေပေါ်မှာ လင့်ချိတ်တာတွေကို သတိထားမိလာတယ်။ အရင်ကတော့ အိုးဝေအဖွဲ့လို့ လင့်ချိတ်သူတွေ ရှိတတ်ပါတယ်။ နောက်ပိုင်းကျတော့ မဇနိ ဆိုပြီး အမျိုးသမီးဘလော့ဂါနေရာမှာ တွေ့လာရတယ်။ အဲဒါတွေ မြင်တော့ ကျနော်က ရီချင်လာတယ်။ ပြီးတော့ ကျနော့်အိမ်က အဖေနဲ့အမေ့ကိုလည်း ပြေးသတိရမိတယ်။ ကျနော်လည်း အဖေနဲ့တော့ တူပြီထင်ပါရဲ့။

ကျနော့်အဖေက အလွန်အေးတာကိုး။ စကားကလည်း အပိုသိပ်မပြောတော့ အဖေ့ပါးစပ်ပေါက်နဲ့က စီးပွားရှာလို့မရပါဘူး။ ဒီတော့ အိမ်ဦးနတ်အဖေက အိမ်မှာ အေးအေးဆေးဆေးနေတယ်။ အိမ်ဦးနတ်ကတော် ကျနော့်အမေက ကျောင်းဆရာမပေမယ့် အလွန်သွက်လက်ချက်ချာတယ်။ စီးပွားရှာတယ်။ ပေါင်းသင်းဆက်ဆံရေး အလွန်ပြေပြစ်တယ်။ အဖေက အမေ့ကို အလွန်သွက်လက်ချက်ချာတဲ့ မယ်မျှင်လို့ ခေါ်တတ်တယ်။

ကျနော်တို့ကလည်း အိမ်ကိုဖုန်းဆက်ရင် အမေနဲ့သာ ဖုန်းပြောလေ့ရှိတယ်။ ဘာလို့လဲဆိုတော့ ကိစ္စတော်တော်များများက အမေနဲ့ပြောလိုက်ရင် ပြီးသွားတာကိုး။ ကိုယ်က "အမေ့နေကောင်းလား" လောက်စလိုက်ရင် အမေက အိမ်ကိစ္စဘာညာသာရကာ အကုန်ပြောသွားတာ။ အဖေနဲ့ဆိုရင်တော့ သားကတလုံးပြောလိုက်မှ အဖေက တလုံးပြန်ထွက်လာတတ်တာ။ အဖေကလည်း ဖုန်းလာကိုင်ရင် "အေး မင်းတို့အမေတော့ အပြင်သွားတယ်ကွ ဘာကိစ္စလဲ နောက်မှ ဆက်ရင်ဆက်လိုက်လေ" လုပ်တတ်တယ်။ သူလည်းလေ လောကီသားပေပဲလေ။ အမေနဲ့ပဲ ဖုန်းပြောတာများတာ ကြာလာတော့ အဖေက ပြောရှာသတဲ့ "ဒီကောင်တွေက သူတို့ကိုများ အဖေမပါဘဲ မွေးလာတယ်ထင်သလား မသိဘူးတဲ့"။

အခုလည်း ဒီဘလော့ဂ်ဆိုရင် မဇနိပဲ သိတဲ့သူက သိပါတယ်။ မဇနိဆိုတာ ကိုဇနိကို 'မ'တပ်လိုက်တာလို့ သိသူ ရှားမယ်ထင်ပါရဲ့။ မဇနိရဲ့ နာမည်ကို 'ကို'တပ်ပြီး ကိုဇနိလို့ ထင်တယ်သူက များတယ် ထင်ပါတယ်။ ထားပါတော့လေ ကျနော့်မယ်မျှင် မဇနိ ရှိလို့ ဒီဘလော့ဂ် ပိုမိုသွက်လက်ရှင်သန်နေတာ ကျနော်ပျော်ပါတယ်။ သူကိုတော့ ကျနော်တခါတလေ စတတ်ပါတယ်။ "ငါနော် မြင်းကို ပြောင်းပြန်စီးပြီး မြို့ထဲ ထွက်လိုက်မှာဗျ" လို့။

အဲဒီ မြင်းပြောင်းပြန်စီးတာလည်း ပြောပြဦးမယ်။ ကျနော်တို့မြို့မှာ အမျိုးသမီးတဦးရှိတယ်။ နာမည်ကို ဒေါ်ဦးလို့ပဲ ထားပါတော့။ သူက စီးပွားရေး လူမှုရေးမှာ အလွန်ရှေ့ရောက်နေတော့ သူ့နာမည်ကိုပဲ လူသိများနေပြီး အမျိုးသားလုပ်သူကို လူသိနည်းနေတာပေါ့။ သူတို့နေနေတဲ့တိုက်ဆိုလည်း "ဒေါ်ဦးတိုက်"။ ဆီစက်ဆိုလည်း "ဒေါ်ဦးဆီစက်"။ ဒီတော့ ယောက်ျားလုပ်သူက ကြာတော့ စိတ်အချဉ်ပေါက်နေရှာမှာပေါ့။ ကဲ ဒီလောက်တောင်ရှိတာ ဒီတခါ ငါ့နာမည်ကို ခေါ်ရအောင် ထူးထူးဆန်းဆန်းလုပ်ဦးမယ်ဆိုပြီး မြင်းကို ပြောင်းပြန်စီးပြီး မြို့ထဲထွက်သတဲ့။ ဒီတော့ ဦးလေးကြီး မြင်းပြောင်းပြန်စီးတာကို မြင်တဲ့သူတွေက အော်ပြီး ပြောလိုက်ကျပုံက "ဒေါ်ဦး ယောက်ျားကြီး မြင်းပြောင်းပြန်စီးနေတယ်ဟေ့" တဲ့။

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP