လက်ဖြစ်အာပူလျှာပူ

>> Wednesday, October 22, 2008



မနက်ကပဲ ညီမလေးမေမိုးက ဘာတွေစားနေလဲလို့ လာမေးတယ်။ ဒါနဲ့ သတိတရ ငါးပိထထောင်းတာ။ တကယ်က ဘာမှလဲ မဆိုင်သလိုပဲနော်။ အာပူလျှာပူ ready made ကလည်း မရှိတော့ ကောင်းမယ်ထင်တဲ့အတိုင်း လက်ဖြစ်လေးလုပ်စားမယ် စိတ်ကူးလိုက်ပါတယ်။ အမေပို့ပေးတဲ့ လက်ထောင်းငါးပိလေးကလည်း ရှိနေတော့ အတော်ပေါ့။ ပုဇွန်ခြောက် လေး ငါး ဆယ်ကောင်လောက်ကို ရေးဆေးပြီး ထောင်းလိုက်တယ်။ ကြက်သွန်ဖြူလေးပါထည့်ထောင်းထားပြီး ငရုတ်ကောင်းစေ့လည်း ထည့်လိုက်တယ်။ ငရုတ်သီးစိမ်းလေး မညက်တညက်ပါ ထည့်ထောင်းမယ်။ နောက်ဆုံး ငါးပိလေးပါထည့်လိုက်ပြီး တချက်နှစ်ချက်လောက် ထောင်းထားပြီး ပန်းကန်လုံးလေးထဲထည့်ထားလိုက်တယ်။
ညနေမှ အာပူလျှာပူ ချက်ဖြစ်တာပါ။
ဟင်းရည်မချက်ခင် မုန့်ဖတ်အရင်ပြုတ်ပြီး အအေးခံထားလိုက်တယ်။
ရေနွေးအိုးဆူလာရင် စောစောကထောင်းထားတဲ့ ငါးပိလုံးကို ထည့်ပြုတ်တာပါပဲ။ ဟင်းရည်အသားကျလာရင် မုန့်ဖတ်လေးရယ် မန်ကျည်းမှည့်ရည်လေးရယ် နံနံပင်လေး ကဗျာကယာထည့်ပြီး ပူပူလေးသောက်လို့ရပါပြီ။




မင်းလမ်းမှာ အာပူလျှာပူသောက်ရင် အသုပ်လေးနဲ့ တွဲစားရတာ သတိရတာနဲ့ ကြောင်လျှာပွင့် သုပ်လိုက်သေးတယ်။ ကြောင်လျှာပွင့်ခြောက်ကို (၁) နာရီလောက် ရေစိမ်ထားပြီး ရေနွေးဖျောပါတယ်။ ရေစင်အောင်ညှစ်ပြီး ကပ်ကြေးလေးနဲ့ ခပ်ကြီးကြီး ကိုက်ထားလိုက်တယ်။ ကြောင်လျှာပွင့်က နူးညံ့လို့ နုပ်နုပ်လေးတွေ ကိုက်ရင် အရသာမသိမှာစိုးတာနဲ့ ခပ်ကြီးကြီးညှပ်တာပါ။ မြေပဲဆံထောင်း၊ ကြက်သွန်ဖြူဆီချက်၊ သံပုရာရည်လေးညှစ်ထည့် ပုဇွန်ခြောက်အသေးလေးတွေပါထည့်ပြီး သုပ်လိုက်တာပါ။ ပဲမှုန့်အကျက်လေးပါ ထည့်သုပ်လိုက်တော့ ခပ်ထွေးထွေးလေးနဲ့ စားရတာပေါ့။
အာပူလျှာပူက ပူလိုက်၊ စပ်ရင် အသုပ်လေးတဇွန်းစားလိုက်နဲ့ အလုပ်အတော်ဖြစ်သွားပါတယ်။

မဇနိ

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP